Home ဆောင်းပါး ကြောက်တာ ဝမ်းနည်းတာ စိုးရိမ်နေတာမရှိဘူး…. ပြန်မလုပ်လိုက်ရလို့ မျက်ရည်ကျနေတာတော့ရှိတယ်

ကြောက်တာ ဝမ်းနည်းတာ စိုးရိမ်နေတာမရှိဘူး…. ပြန်မလုပ်လိုက်ရလို့ မျက်ရည်ကျနေတာတော့ရှိတယ်

Honest Information (HI)

တပ်မတော်မှ အာဏာသိမ်းမှုကို တော်လှန်ဆန္ဒပြဖို့အတွက် လမ်းပေါ်ရောက်လာတဲ့ မပြည့်ပြည့်(အမည်လွှဲ)ဟာ ဖေဖော် ဝါရီ၂၈ရက် မနက်အစောပိုင်းမှာပဲ ဆက်ပြေးရင် မလွတ်တော့တဲ့အခြေအနေမို့ အဖမ်းခံလိုက်ရပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိတဲ့ မပြည့်ပြည့်ဟာ စစ်အာဏာရှင်ကို အလိုမရှိတဲ့အတွက် နေ့စဉ်ရက်ဆက်လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေသူလည်းဖြစ်ပါတယ်။

အဲ့ဒီနေ့ မနက် ၈ နာရီဝန်းကျင်ခန့်မှာ မပြည့်ပြည့်တို့ အဖွဲ့လူစုနေတုန်းမှာပဲ ဗိုလ်အောင်ကျော်လမ်းဘက်ကနေ အသံဗုံးလို့ ထင်ရတဲ့ ပေါက်ကွဲသံထွက်လာတဲ့အခါ လူစုခွဲပြီး ပြေးကြတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက လမ်းကြားတွေထဲက ဆင်းလာပြီး ဖမ်းဆီးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အင်အားအလုံးအရင်းနဲ့ ဆန္ဒထုတ်ဖော်ဖို့ အားခဲထားတဲ့ မပြည့်ပြည့်ဟာ ပြေးဖို့ အခွင့်အရေးမရှိတော့တာကြောင့် အိမ်က ထွက်လာပြီး နာရီပိုင်းအတွင်းမှာပဲ ရဲတွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရတာပါ။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ နွေဦးတော်လှန်ရေး ပြည်လုံးကျွတ်သပိတ်ကြီးအနေနဲ့ နိုင်ငံတဝှမ်းလုံး ကျင်းပခဲ့တာဖြစ်ပြီး အဖမ်းအဆီးခံရမှု အများဆုံးနဲ့ အသက်ပေးဆပ်ခဲ့ရသူ ၂၀ ဦးထက် မနည်းရှိခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံအနှံ့အပြားမှာရှိတဲ့ ပြည်သူတွေဟာ လမ်း ပေါ် ထွက်လာပြီး နည်းမျိုးစုံနဲ့ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်။ အဲဒီအထဲမှာအမျိုးသမီးတွေလည်း များစွာပါဝင်ပါတယ်။

အနယ်နယ်အရပ်ရပ်ရှိ ဆန္ဒပြပွဲတွေမှာ အင်အားကောင်းလာပြီး ရဲတပ်ဖွဲ့ဝင်တွေဘက်ကလည်း အကြမ်းဖက် ဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်လာကြပါတယ်။ အမျိုးသမီးတွေကိုပါ ကြမ်းတမ်းစွာ ရိုက်နက်ဖမ်းဆီးပြီး ကျည်ဆံအစစ်နဲ့ ပစ်ခတ်တာတွေ ကြောင့် အသက်ဆုံးခဲ့တဲ့ အမျိုးသမီး ခြောက်ဦးထိ ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကနေ မတ်လ ၁၀ ရက်နေ့အထိ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်က အကြမ်းဖက် ပတ်ခတ်ဖြိုခွင်းမှုကြောင့် အသက်ဆုံးရှုံးခဲ့သူ ၆၀ ကျော်ရှိနေပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရတဲ့ လူဦးရေစာရင်းမှာ အမျိုးသမီး အရေအတွက်ပိုများနေတာကိုလည်း AAPP စာရင်းမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁ရက်မှ မတ်လ ၁၀ရက်နေ့အထိ ဖမ်းဆီး၊တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံထားရသူစုစုပေါင်း ၂,၀၀၈ ဦးရှိပါ တယ်။ အဲ့ဒီအထဲမှာ ထောင်ဒဏ်ချမှတ်ခံထားရသူ သုံးဦး၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် တိမ်းရှောင် နေရသူ ၇၃ဦး၊ ပြန်လည်လွတ်မြောက်လာသူ ၃၁၉ ဦးဖြစ်ပြီး လက်ရှိအချိန်ထိ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထား ရသူ ၁,၆၈၉ ဦး ထိရှိတယ်လို့ AAPP စာရင်းမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေကို ဖမ်းဆီးတဲ့အခါမှာလည်း အမျိုးသမီးရဲမေတွေကို အသုံးမပြုတာ၊ ကြမ်းတမ်းစွာရိုက်နှက်ဖမ်းဆီးတာနဲ့ ဆဲဆိုကြိမ်းမောင်းတာတွေ ပြုလုပ်တာကြောင့် အမျိုးသမီးအရေးလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

ဖေဖော်ဝါရီ ၂၈ က အဖမ်းခံရတဲ့ မပြည့်ပြည့်ဆိုရင်လည်း ခြေထောက်ကို ရိုက်နှက်ခံခဲ့ရတာပါ။ သူက ရဲတွေ တက်လာ တဲ့အချိန် ပြေးနေရင်းနဲ့ ရဲတစ်ဦးက နောက်ကနေ ကန်လိုက်တဲ့အတွက် ဟန်ချက်ပျက်ပြီး လဲကျသွားခဲ့တာ ဖြစ်ပါ တယ်။ လဲကျတဲ့အချိန် ခြေထောက်ကိုနံပါတ်တုတ်နဲ့ အရိုက်ခံရပြီး ခေါင်းကိုသေနတ်နဲ့ အချိန်ခံခဲ့ရပါတယ်။

“ ခြေထောက်ကိုလည်း ရိုက်တယ်။ သေနတ်နဲ့လည်း ချိန်ထားတာ။ နင်ပြေးရင်လည်းပစ်မှာပဲဆိုတော့ ကိုယ်လည်း အနာ မခံတော့ဘူးလေ။ ခြေထောက်ကို တစ်ချက်တော့ အရိုက်ခံလိုက်ရတာပေါ့” လို့ မပြည့်ပြည့်က ဆိုပါတယ်။

မပြည့်ပြည့်လဲကျသွားတဲ့အခါ သူနဲ့အတူပြေးနေတဲ့ အမျိုးသမီးကတော့ အရန်သင့်ဖွင့်ထားတဲ့ အိမ်ခြံဝတံခါးအတွင်းကို ရောက်သွားတာဖြစ်တဲ့အတွက် လွတ်မြောက်ခဲ့တယ်လို့ မပြည့်ပြည့်က ပြန်ပြောပြပါတယ်။

အဲ့ဒီနေ့က ရန်ကုန်မြို့မှာ မပြည့်ပြည့်နဲ့အတူ အဖမ်းခံရတဲ့ အမျိုးသမီး ၅၀၀ နီးပါး ရှိခဲ့တယ်လို့လည်း အဖမ်းခံရတဲ့ အမျိုး သမီးတွေရဲ့ အကျမ်းဖျဉ်းတွက်ချက်ထားတဲ့ အရေအတွက်ကို မပြည့်ပြည့်က ပြောပြပါတယ်။

လှိုင်မြို့နယ်မှာ အဖမ်းခံရတဲ့ အသက်၂၆နှစ်အရွယ် မချမ်းမြေ့ (အမည်လွှဲ) ကလည်း “ ၂၈ရက်နေ့ကအဖမ်းခံရ တာ မိန်းကလေးချည်းပဲ ၅၀၀ နီးပါးရှိတယ်။ ညီမတို့အင်းစိန်ကို ည၁၀နာရီခွဲတော့ ရောက်တယ်။ စာရင်းကောက်တာကိုပဲ မနက် ၄ နာရီလောက်မှပြီးတယ်” လို့ ဆိုပါတယ်။

အဲ့ဒီနေ့က မချမ်းမြေ့ဟာ ဆန္ဒပြပြည်သူတွေ ရှိတဲ့နေရာကို သွားဖို့ မနက်၈နာရီကျော်အချိန်မှာ လှိုင်ရဲစခန်းနားကနေ ဖြတ် လျောက်နေတုန်း လမ်းတစ်ဖက်မှာရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြေးလာပြီး လက်ကိုဖမ်းဆွဲကာ ဇွတ်အတင်း ခေါ်ဆောင် တာခံခဲ့ရတယ်လို့ ဆိုပါတယ်။

လှိုင်ရဲစခန်းနားမှာ အဲ့ဒီနေ့အတွက် မချမ်းမြေ့ဟာ ပထမဆုံးဖမ်းခံရသူဖြစ်ပါတယ်။ အချုပ်ကားပေါ်ရောက်ချိန်မှာတော့ ရဲမေ တွေက ပါလာတဲ့ဖုန်းသိမ်းလိုက်ပြီး အချုပ်ကားထဲ တစ်ယောက်တည်းနေရချိန်မှာ သူ့အတွက် မစိုးရိမ်ပေမယ့် အိမ်က မိဘ တွေ စိတ်ပူမှာကိုတော့ စိုးရိမ်မိတယ်လို့ သူကပြောပါတယ်။

နောက်ထပ်ဖမ်းမိတဲ့သူတွေကို မချမ်းမြေ့ရှိတဲ့အချုပ်ကားထဲ လူပြည့်တဲ့အထိထပ်ဖြည့်ပြီး နောက်ပိုင်းရောက်လာတဲ့ အမျိုး သမီး၊ အမျိုးသားအားလုံးနည်းပါးဟာ ရိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့လို့ မချမ်းမြေ့က ပြောပြပါတယ်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတွေကို ဖြိုခွင်းမှုတွေပြုလုပ်တဲ့အခါမှာ ရဲနဲ့စစ်တပ်က မီးခိုးဗုံး၊ အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တွေကို အသုံးပြုပြီး လူစုကိုဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို အင်အားသုံးပြီး လက်နက်မဲ့ပြည်သူကို ဖြိုခွင်းခဲ့တဲ့အတွက် တချို့ဆက်မပြေးနိုင်တော့တဲ့ အမျိုးသမီးတချို့ အဖမ်းခံလိုက်ရတာပါ။

“တချို့မိန်းကလေးတွေဆို မပြေးနိုင်တော့လို့ ဝပ်လိုက်တယ်။ ဝပ်လိုက်တာကို လာဖမ်းတယ်။ အမေးအမြန်းမရှိဘူး ရိုက် တယ်။ သူတို့ရိုက်ပြီဆိုတည်းက အနည်းဆုံးကျင်စက်မိတယ်။ နံပါတ်တုတ်နဲ့ရိုက်တယ်။ ကျင်စက်စာမိတဲ့သူတွေကနေ့တ ပိုင်းလောက်ကတော့ ထိထားတဲ့နေရာကထုံနေကြတာ။ ဒါကရုပ်ပိုင်းဆိုင်ရာအရအနိုင်ကျင့်တာပေါ့နော်” လို့ မချမ်းမြေ့က ပြောပါတယ်။

မချမ်းမြေ့တို့အချုပ်ကားထဲမှာ လူအယောက် ၂၀ကျော်ပါပြီး ကားနဲ့အပြည့်ပါပဲ။ ဒါပေမယ့် အင်းစိန်ထောင်ကို တစ်ခါထဲ မပို့ဘဲ ညနေ ၆ နာရီကျော်မှ ကျိုက်က္ကဆံကွင်းနားက တပ်မတော်မှတ်တမ်းရုံးကို အရင်ပို့ပြီး အဲ့ဒီမှာဖမ်းဆီးခံရတဲ့ လူဦးရေစာရင်းဝင်ပေးရသေးတယ်လို့ ဆိုပါတယ်။

အဲ့ဒီမှတ် တမ်းရုံးမရောက်ခင် လှိုင်ရဲစခန်းမှူးက မှတ်တမ်းရုံးရောက်လို့ တာဝန်ရှိသူတွေက အခြေအနေကိုမေးတဲ့အခါ သမီးတို့ကို ရဲတွေက ဘာမှမလုပ်ဘူးဆိုတာနဲ့ အေးအေးဆေးဆေး ဆက်ဆံတယ်ဆိုတာ ဖြေပေးဖို့ လမ်းမှာ မှာတယ်လို့ မချမ်းမြေ့က ပြောပြပါတယ်။

“ အဲ့ဒီကို မပို့ခင် တနေကုန် ညီမတို့ကားပေါ်မှာပဲနေရတယ်။ ကားရပ်တဲ့နေရာက အမှိုက်ပုံးရှိတဲ့နေရာမှာရပ်တာ။ အမှိုက် နံ့တွေလည်းနံတယ်။ နေကလည်း တနေကုန်တောက်လျောက်ပူတယ်။ နေပူကြီးထဲမှာရပ်ထားတာ”လို့ မချမ်းမြေ့ကဆိုပါ တယ်။

နေ့လည် ထမင်းစားချိန်ရောက်တော့လည်း စခန်းနားက ဝန်ထမ်းလိုင်းခန်းထဲက အမျိုးသမီးတစ်ချို့ ထမင်းလာကျွေးတာကို အချုပ်ကားနားမကပ်ဖို့ ရဲတပ်ဖွဲ့ဝင်တွေက မောင်းထုတ်လိုက်တယ်လို့လည်း အဲ့ဒီနေ့ကအခြေအနေကို မချမ်းမြေ့က ပြောပြပါတယ်။

“ကားနားကို ဘယ်သူမှအကပ်မခံဘူး။ ထမင်းလာကျွေးတဲ့သူတွေကိုလည်းမောင်းထုတ်တာ။ ပြီးတော့မှ ရဲတပ်သားတစ် ယောက်က ရေဗူးနဲ့မုန့်လာပေးတယ် ” လို့ မချမ်းမြေ့က ဆိုပါတယ်။

ဖမ်းဆီးခံအမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာပါ နိုင်ထက်စီးနင်း ပြုမှုဆက်ဆံတာတွေ လည်းရှိတယ်လို့ အဖမ်းဆီးခံ အမျိုးသမီးတစ်ချို့က ပြောပြပါတယ်။

“ စိတ်ပိုင်းဆိုင်ရာအရ သူတို့ဘက်ကပြောတဲ့ စကားတွေက အရမ်းကြမ်းတမ်းလွန်းတယ်။ တချို့မိန်းကလေးတွေကို ဖမ်း တဲ့အချိန်မှာနင်တို့ကိုသတ်ပစ်လိုက်လို့ရတယ်။ နင်တို့လိုချင်တဲ့ဒီမိုကရေစီ တသက်လုံးမရဘူး။ ဒီလိုအချိုးတွေနဲ့ တစ် သက်လုံးရမယ်မထင်နဲ့။ လူကြည့်တော့စောက်သက်တွေက မပြည့်သေးဘဲနဲ့ ဒီလိုမျိုးလမ်းပေါ်လာထွက်နေတယ်။ နင် တို့ကို အကုန်လုံးသတ်လိုက်မယ်။ အဲ့လို စကားတွေ ပြောပြောပြီးတော့မှရိုက်တာ” လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကပဲ သာ ကေတမှာ အဖမ်းဆီးခံလိုက်ရတဲ့ အသက် ၂၃နှစ်အရွယ် မချိုချိုမွှေး (အမည်လွှဲ)က ပြောပြပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ သူတို့လက်ထဲရောက်နေတဲ့ အမျိုးသမီးတွေကို အခုလိုပြောဆိုဆက်ဆံနေတာကို မခံမရပ်နိုင်ဖြစ် လို့ အသားတွေပါ တဆတ်ဆတ်တုန်တဲ့အထိ ခံစားခဲ့ရတယ်လို့ မချိုချိုမွှေးက သူ့ရဲ့ ခံစားချက်ကို ပြောပါတယ်။

အဲ့ဒီနေ့ကဖမ်းဆီးခံရတဲ့ အမျိုးသမီးအားလုံးနည်းပါးဟာ အင်းစိန်ထောင်ထဲမှာ နှစ်ညအိပ်ခဲ့ရပြီး၊ ထောင်ထဲရောက်သွားတဲ့ အချိန်မှာတော့ညှင်းပမ်းနှိပ်စက်တာ၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာတွေမလုပ်တော့ဘဲ ထောင်ထမင်း၊ ထောင်ဟင်းကို အချိန်မှန်ကျွေးပြီး အမျိုးသမီးတွေကို သီးသန့်ထားပေးတယ်လို့လည်း အဖမ်းဆီးခံ အမျိုးသမီးတွေက ပြောပြပါတယ်။

ထောင်ဆိုတဲ့နေရာမျိုးနဲ့ အရမ်းအလှမ်းဝေးနေသေးတဲ့ အသက် ၁၈နှစ်ပြည့်ပြီးစ အမျိုးသမီးငယ်လေးတွေပါ အဲ့ဒီနေ့က ဖမ်းဆီးခံရပြီး ထောင်ထဲရောက်လာခဲ့ပေမယ့် အမျိုးသမီးအကြီးတွေက ကူညီဖေးမမှုရှိသလို အားလုံးဟာညီညီညွှတ် ညွှတ် နဲ့ တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီမှုနဲ့ နှစ်ညတာကို ကျော်ဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ထောင်အခန်းတစ်ခန်းကို လူ ၅၅ ယောက်ဆံ့တဲ့ အခန်းမျိုး ၈ ခန်းကို ကျောချင်းကပ်ဆောက်ထားပြီး အဲ့ဒီနေ့ကတော့ ဖမ်း ဆီးခံရတဲ့ အမျိုးသမီး အရေအတွက်များတဲ့အတွက် တစ်ချို့ အခန်းတွေဆိုရင် အယောက် ၆၀ ကျော်နေရတဲ့သူတွေလည်း ရှိတယ်လို့ သူတို့တွေက ဆိုပါတယ်။

ပုံမှန်ဆို ဖမ်းဆီးခံရတဲ့သူတွေကို ထောင်ထဲမှာ တစ်ရက်ပဲ ထားပေမယ့်လည်း အဲ့ဒီနေ့က ဖမ်းဆီးခံရတဲ့ လူဦးရေများတဲ့အ တွက် အင်းစိန်ထောင်ကို နောက်ကျမှရောက်လာတဲ့ ကားတွေရှိသလို၊ တစ်ယောက်ချင်းစီရဲ့ အချက်အလက်ယူပြီး မေး မြန်းမှုတွေပြုလုပ်နေတဲ့အတွက် ဖမ်းဆီးခံရတဲ့နေ့ မနက် ၃နာရီကျော်မှ စာရင်းကောက်ယူတာ ပြီးပါတယ်။ ထောင်ထဲ နှစ်ညနေခဲ့ရပြီး နောက်ရက် မနက်အစောမှာ ပြန်လွတ်ပေးခဲ့တာ ဖြစ်တယ်လို့ အမျိုးသမီးတစ်ချို့က ပြန်ပြောပါတယ်။

“ ထောင်ထဲမှာ တွေ့ရတဲ့ကိုယ်တွေကပဲ ညီလို့လားမသိဘူး။ ဘယ်သူမှကြောက်တာတို့ ဝမ်းနည်းတာတို့ စိုးရိမ်နေတာ တော့ မတွေ့ရဘူး။ တစ်ခုတော့ရှိတယ်။ သူတို့ကို ပြန်မလုပ်လိုက်ရလို့ မျက်ရည်ကျနေတဲ့သူမျိုးတော့တွေ့တယ်။ ဒီနေ့ လွတ်မယ်ဆိုပြီးမလွတ်လို့ မျက်နှာမကောင်းတဲ့သူရှိတယ်” လို့ မပြည့်ပြည့်က ဆိုပါတယ်။

သူတို့တွေကို ပြန်လွတ်တဲ့အခါ ခံဝန်ထိုးခိုင်းပြီး အဲ့ဒီစာထဲမှာ ပုဒ်မဘာညာ တပ်ထားတာမရှိပေမယ့် “ဆန္ဒပြကျွေးကြော် တာတွေလုပ်ထားပါတယ်” ဆိုတာကိုပဲ လက်မှတ်ထိုးခဲ့ရတယ်လို့ မပြည့်ပြည့် က ပြောပြပါတယ်။

ပြန်မထွက်ခင်မှာ အခုထောင်ထဲရောက်နေတဲ့သူတွေကို နောက်ရက်တွေ အပြင်ထွက်ဆန္ဒမပြဖို့၊ ခေါင်းဆောင်တွေက ဘယ်တော့မှ အပြင်ထွက်လာတာမဟုတ်ဘဲ အဖမ်းခံရရင် ပြည်သူတွေကသာ အဖမ်းခံရပြီး၊ ကားအပေါ်မှာ ကြွေးကြော် သံတွေ၊ သီချင်းသံတွေ မဆိုဖို့အတွက် မှာလိုက်သေးတယ်လို့ မပြည့်ပြည့်က ဆိုပါတယ်။

ဒါပေမယ့် မပြည့်ပြည့်ကတော့ ထောင်ကထွက်လာပြီး နောက်နေ့မှစကာ သပိတ်စစ်ကြောင်းအတွက် တစ်မြို့လုံး ဘယ်နေ ရာမှာ လမ်းပိတ်နေတယ်။ ဘယ်နေရာမှာဖွင့်ထားပြီဆိုတဲ့ အခြေအနေကို ကိုယ့်အဖွဲ့ကို ပြန်ပြီးသတင်းပေးတာမျိုး လုပ်နေ ပါတယ်လို့ ဆိုပါတယ်။

ထောင်ထဲကနေ ပြန်လွတ်လာတဲ့ အမျိုးသမီးအချို့ရဲ့ မိသားစုဝင်တွေက နောက်ရက်တွေမှာ ထပ်ပြီးအဖမ်းခံရမှာ စိုးရိမ် တာကြောင့် အပြင်မထွက်ဖို့ တားမြစ်တာတွေလည်း ရှိတယ်လို့ သူတို့တွေရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

“ ညီမပြန်ရောက်ပြီး သုံးရက်တော့ အိမ်ထဲမှာနေပေးလိုက်တယ်။ အိမ်ကမိဘတွေ စိတ်ဆင်းရဲနေတာ ဖြစ်နေတဲ့အတွက် မိဘတွေအတွက် အိမ်မှာသုံးရက်နေပေးလိုက်တယ်။ ဒီနေ့ကစပြီး ညီမပြန်ထွက်တယ်။ ညီမကတော့ နောက်ဆုတ်မှာ မ ဟုတ်ဘူး။ လုပ်စရာရှိတာဆက်လုပ်မှာပဲ” လို့ မချမ်းမြေ့က ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေဟာ လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင်ချိုး ဖောက်လိုက် တာဖြစ်ပြီး စစ်ရာဇဝတ်မှု ဖြစ်အောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် သင်ပေးလိုက်တဲ့ အင် စတီကျူးရှင်းတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ပညာရပ်တွေ သင်ကြားပေးလိုက်တာလားလို့တောင် မေးခွန်းထုတ်ရမလိုဖြစ် နေတယ်လို့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ ဒေါ်နန်းဖြူဖြူလင်းက ပြောပါတယ်။

“ အမျိုးသမီးကို ဖမ်းမယ်ဆိုရင် ရဲမေကပဲ လက်ထိပ်ခတ်ရမှာလေ။ အခုဟာက ရဲတွေကိုယ်တိုင်က နှိပ်စက်နေတာ။ ကိုယ် သင်ခဲ့ရတဲ့ ပညာရပ်တွေကို မလေးစားဘဲနဲ့လုပ်နေရတာလား။ အဲ့လိုတွေလုပ်နေဦးမယ်ဆိုရင် အဲ့ဒီအင်စတီကျူးရှင်း တွေ က ရှိသင့်သေးလားဆိုတဲ့မေးခွန်းကို ကျွန်မကတော့ မေးချင်ပါတယ်” လို့ AGIPP မှ နည်းပညာအကြံပေးတစ်ဦးလည်း ဖြစ်တဲ့ ဒေါ်နန်းဖြူဖြူလင်းက ဆိုပါတယ်။

ရန်ကုန်မြို့တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း အမျိုးသမီးတွေကို ရဲတပ်ဖွဲ့ဝင်တွေက အခုလို ကြမ်း တမ်းစွာဆက်ဆံတဲ့အပေါ်မှာ လူ့အခွင့်အရေးရှုထောင့်ကကြည့်မယ်ဆိုရင် ဆုံးရှုံးနစ်နာမှုတွေရှိနေတယ်လို့ ပြောပါတယ်။

“ ရဲလက်စွဲအပိုဒ်၁၀၅၆မှာ ပြဌာန်းချက်အရ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် ဘယ်သူ့အပေါ်မှာမှ ငါတို့သည် အရှင်သခင်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ နိုင်လွန်းမင်းထက်မလုပ်ဖို့ကို ပြဌာန်းထားပြီးဖြစ်တယ်” လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဒီလိုအခက်အခဲတွေနဲ့ အသက်သေဆုံးမှုတွေ ရှိနေပေမယ့်လည်း အမျိုးသမီးတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ ပြင်းပြတဲ့ဆန္ဒ တွေဟာ မှေးမှိန်သွားတာမျိုးမရှိပါဘူး။ အခုဆိုရင် လမ်းပေါ်ထွက်တိုက်ပွဲဝင်နေတဲ့ကာလဟာ တစ်လကျော် ကြာမြင့်နေ ပေမယ့် အဲ့ဒီအထဲမှာ အမျိုးသမီးတွေရဲ့ အင်အားကလျော့မသွားခဲ့ပါဘူး။

“ မိဘတွေကလည်း အမှန်တကယ်တော့ တားချင်တာပေါ့နော်။ ဒါက ဒီအတိုင်းထိုင်နေလို့ မပြီးဘူးလေ။ ကိုယ့်ရဲ့ မျိုးဆက် အတွက် ဆက်လက်တိုက်ပွဲ ဝင်သွားဦးမှာ ဖြစ်ပါတယ်” လို့ မပြည့်ပြည့်က ပြောပါတယ်။

Related Articles