ခင်ဘုန်းမို့။ ။
‘ဒီမိုကရေစီရရှိရေး .. ဒို့အရေး .. ဒို့အရေး’ ‘ စစ်အာဏာရှင် .. အလိုမရှိ’ ‘သပိတ် သပိတ် .. မှောက်မှောက်’ ဆိုတဲ့ ကြွေး ကြော်သံတွေနဲ့ ဆန္ဒပြလူအုပ်ကြီးဟာ ရန်ကုန်မြို့ဆူးလေလမ်းမပေါ်မှာ ပျားပန်းခတ်မျှရှိနေပါတယ်။
ဒီလူအုပ်ထဲမှာ အသားဖြူဖြူ ခန္ဓာကိုယ်ပိန်ပိန်သွယ်သွယ်၊ အနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးက လည်း ကြွေးကြော်သံတွေကို အားမာန်အပြည့်နဲ့ ဟစ်ကြွေးနေပါတယ်။ သူကတော့ အသက် ၁၈ နှစ်အရွယ် မဧကရီပဲဖြစ် ပါတယ်။
အာဏာသိမ်းမှုစတင်ဖြစ်ပွားတဲ့ ပထမရက်တွေမှာ အိမ်ထဲကနေ တတ်နိုင်သလောက် အွန်လိုင်းကနေ တွန်းလှန်မှုတွေ လုပ်ခဲ့ပေမယ့် အသက် ၁၆ နှစ်နဲ့ အာဏာရှင်စနစ်အတွက် အသက်ပေးသွားတဲ့ မဝင်းမော်ဦးအကြောင်းကို ဖတ်လိုက် ရပြီး တဲ့ နောက်မှာတော့ အကြောက်တရားကိုဘေးချိတ်ပြီး မဧကရီဟာ ဆန္ဒပြပွဲမှာပါဝင်ဖို့ လမ်းပေါ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“ဆန္ဒထုတ်ဖော်တဲ့အထဲမှာ ညီမတို့အရွယ်တွေလည်းများတယ်။ ညီမတို့လည်းဒီလို ဆန္ဒထုတ်ဖော်ပြမှသာ ညီမတို့ ဖြစ်ချင် တဲ့ အိပ်မက်တွေဖြစ်မယ်။ အဲဒီအတွက်ကြောင့် ကူညီနိုင်တဲ့ဘက်ကနေ ကူညီဖို့လမ်းပေါ်ထွက်လာတာပါ။ အိမ်ကမသိအောင်တော့ ထွက်လာရတယ်” လို့ မဧကရီက ဖွင့်ဟပါတယ်။
မတရားမှုကို လက်မခံနိုင်တဲ့ လူသားထဲက လူသားတွေဖြစ်တဲ့ အမျိုးသမီးတွေဟာလည်း အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ အတွက် လမ်းမပေါ်ကိုထွက်လာကြပါတယ်။ ဆန္ဒပြလူအုပ်တွေထဲမှာ အိမ်ရှင်မတွေ၊ အမျိုးသမီးဝန်ထမ်းတွေ၊ အမျိုးသမီး အလုပ်သမားတွေ၊ ကျောင်းဆရာမတွေ၊ သူနာပြုဆရာမတွေ၊ ဆရာဝန်အမျိုးသမီးတွေ၊ အနုပညာရှင်မင်းသမီးတွေ အလွှာ ပေါင်းစုံက အမျိုးသမီးတွေတင်မကဘဲ၊ ကျောင်းသူအရွယ် အမျိုးသမီးငယ်လေးတွေဟာလည်း တက်ကြွစွာ ပါဝင်နေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ လမ်းခုလပ်မှာပဲ အာဏာရှင်စနစ်အောက်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလရဲ့ ပထမဆုံးနေ့မှာ ပြန်ရောက်ခဲ့ရတာပါ။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီး ၃၃ နှစ်အကြာမှာ အခုလိုအဖြစ်ဆိုးနဲ့ ထပ်မံကြုံတွေ့ခဲ့ရတာပါ။
အာဏာမသိမ်းမီရက်ပိုင်းအလိုက တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ပြောကြားချက်အရ အာဏာ ပြန်သိမ်းနိုင်တယ်ဆိုတဲ့ အကြောင်းတွေ လူထုအကြား ပျံ့နှံ့ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ တတိယအကြိမ် လွှတ်တော် စမယ့်ရက် ဖေဖော်ဝါရီ ၁ မနက်အစောပိုင်းမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် ဝန်ကြီးချုပ်တချို့ကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နောက်ပိုင်းတွေမှာတော့ တိုင်းပြည်အနှံ့ ဆန္ဒပြပွဲတွေ၊ ကြွေးကြော်သံတွေ ညံနေခဲ့ပြီး ညဘက်တွေမှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြတဲ့ သံပုံးတီးလှုပ်ရှားမှုတွေကို ပြည်သူတွေက နေ့စဉ်ဆက်တိုက် ပြုလုပ်ကြပါတော့တယ်။ ဒါ့ အပြင် အာဏာသိမ်းအစိုးရ အောက်မှာ အလုပ်မလုပ်ဘဲ၊ ဆန္ဒသဘောထားထုတ်ဖော်တဲ့ ဝန်ထမ်းများအာဏာဖီဆန် အမိန့်မနာခံ လှုပ်ရှားမှု (CDM) ကိုလည်း ဝန်ကြီးဌာန တော်တော်များများက ဝန်ထမ်းတွေ ပါဝင်လာကြပါတယ်။
“အာဏာသိမ်းတဲ့အတွက်ညီမတို့ ပညာရေးတွေအများကြီးထိခိုက်မယ်။ ပညာရေးတွေဆုံးခန်းမတိုင်ဘဲ တဝက်တပြက်ပဲ ရပ်သွားမလား ဆိုတာ တွေးမိရုံနဲ့ စိတ်တိုတယ်” လို့ ဉပဒေဘာသာရပ် (အဝေးသင်) နဲ့ ပုဂ္ဂိုလိကကျောင်းတစ်ကျောင်းမှာ Business Management ဘာသာရပ်ကိုသင်ယူနေတဲ့ မဧကရီက မခံမရပ်နိုင်စွာ ပြောပြပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင်ဖြစ်ပွားစဉ်ကတည်းက တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေ ပိတ်ထားခဲ့ရတာ ဖြစ်ပြီး ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးဟာ ရပ်တန့်နေခဲ့တာပါ။ ကိုဗစ်ကာကွယ်ဆေးရပြီး ကျောင်းတွေပြန် ဖွင့်နိုင်ဖို့ မျှော်လင့်ချက် ရောင်ခြည်သန်းခါစမှာပဲ ကျောင်းသားကျောင်းသူတွေရဲ့ အနာဂတ်ကို အာဏာသိမ်းခြင်းက ရိုက်ချိုးလိုက်ပါတော့တယ်။
“အခုမှ ကာကွယ်ဆေးတွေရပြီး ကျောင်းတွေပြန်တက်ရဖို့ မျှော်လင့်ချက်လေးပေါ်လာတဲ့ အခါကျမှ ဒီလိုအာဏာသိမ်း တာနဲ့ ကြုံရတော့ ညီမအပါအဝင် ကျောင်းသားတွေ အကုန်လုံးရှေ့ရေးက ဘာမှအာမခံချက်မရှိတော့ပါဘူး။ အခုချိန်မှာ ဒေါသ ထွက်တာကော၊ ခံပြင်းပြီး အတွေးပေါင်းစုံဖြစ်နေပါတယ်” လို့ ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာနမှာ ပညာသင်နေတဲ့ မမေသက်က ပြောပါတယ်။
အဲဒါကြောင့်လည်း သူဟာ အာဏာရှင်ကို တွန်းလှန်ဖို့ လမ်းပေါ်ထွက်လာခဲ့တာပါ။ ဒါပေမယ့် အခုလိုဆန္ဒပြပွဲမှာ ပါဝင်နိုင် ဖို့အတွက် မိဘတွေနဲ့ အတိုက်အခံလုပ်ပြီးထွက်လာရတယ်လို့ သူကဆိုပါတယ်။
“အိမ်ကခွင့်မပြုဘူး။ နှစ်ရက်လောက်အတိုက်အခံလုပ်ပြီး ပြောရတာ။ အိမ်ပေါ်ကတောင်ဆင်းခိုင်းတယ်” လို့ မမမေသက်က အိမ်ကပူပန်နေမှုကို ပြောပြပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေး အကြောင်းတွေကြားဖူးခဲ့တဲ့အတွက် အခုဖြစ်စဉ်မှာ သွေးထွက်သံယို တွေ ထပ်ဖြစ်မှာကို စိုးရိမ်နေတယ်လို့လည်း မမေသက်က ပြောပြပါတယ်။
“ညီမတို့ကျောင်းပြန်ဖွင့်ဖို့ ဘာမှအာမခံချက်မရှိတော့ဘူး။ ကိုဗစ်ကြောင့် ကျောင်းနားထားရတာတစ်နှစ်၊ သူတို့ကြောင့် ကျောင်းထပ်နားရရင် ညီမတို့အလုပ်ခွင်ဝင်ဖို့အရမ်းနောက်ကျသွားပါပြီ။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အရမ်းနည်းသွားမှာ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေမရှိရင်တော့ရင် ထိခိုက်ကြမှာက ညီမတို့ ကျောင်းသား ကျောင်းသူတွေမကဘူး၊ အနာဂတ်ရဲ့ မောင်လေး၊ ညီမလေးတွေပါထိခိုက်မှာပါ” လို့ မမေသက်က ပြောပါတယ်။
အမျိုးသမီးငယ်လေးတွေဟာ ဆန္ဒပြပွဲတွေမှာပါဝင်ဖို့အတွက် မိန်းကလေးဆိုတဲ့ အကြောင်းပြချက်နဲ့ မိဘအသိုင်းအဝိုင်းရဲ့ ခွင့်ပြုချက်ကို လွယ်လွယ်နဲ့ မရခဲ့သူတွေရှိသလို၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အိမ်က ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးကြတာတွေလည်း ရှိတယ်လို့ ဆန္ဒပွဲမှာပါဝင်တဲ့ အမျိုးသမီးငယ် တချို့ကပြောပါတယ်။
“သူငယ်ချင်းတွေကလည်း အကုန်ဆန္ဒပြပွဲတွေမှာ ပါကြတယ်။ တော်လှန်ရေးထဲမှာ ကိုယ်မပါသွားခဲ့ရင် နောင်တရမယ့် ကိစ္စဆိုတော့ ထွက်မှကိုဖြစ်မယ်။ အိမ်က စစချင်းကတော့ ပေးမထွက်ဘူး။ နောက်တော့ ထွက်မှဖြစ်မယ်ဆိုတော့ အိမ်က ခွင့်ပြုခဲ့တယ်” လို့ တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးဖြစ်တဲ့ မမဉ္ဇူလှိုင်က ပြောပါတယ်။
သပိတ်စစ်ကြောင်း တော်တော်များများမှာလည်း အမျိုးသမီးတွေကိုယ်တိုင် ကြွေးကြော်သံတိုင်ပေးနေကြတာကို တွေ့ရ ပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်နိုင်ဖို့အတွက် အိမ်ရဲ့ခွင့်ပြုချက်ကို မရရအောင်တောင်းထားရတယ်လို့ ဆိုသူတစ်ဦးကတော့ အသက်၂၀ အရွယ်မကြည်စင်ပဲဖြစ်ပါတယ်။ နိုင်ငံခြားမှာကျောင်းသွားတက်ဖို့အတွက် ကိုဗစ်ကြောင့် ကြန့်ကြာနေတဲ့ကြားထဲမှာပဲ အာဏာသိမ်းတဲ့ဖြစ်စဉ်ကြောင့် ပညာရေးအိပ်မက်တွေကို စွန့်လွှတ်ရလုနီးပါးဖြစ်နေပြီလို့ မကြည်စင်က ပြောလာပါတယ်။
“မြန်မာဆိုတာနဲ့ နှိမ်ချင်ကြတဲ့ တခြားနိုင်ငံကသူတွေကို တစ်ချိန်မှာ မြန်မာပြည်သူတစ်ယောက်အနေနဲ့ သူတို့ရှေ့မှာ လက်မထောင်ရမယ့် အဖြစ်မျိုးပဲဖြစ်ချင်တယ်။ အဲဒီလိုမျိုးဖြစ်ဖို့အတွက်ကလည်း ညီမတို့ထက်တော်တဲ့၊ ထက်တဲ့၊ စိတ်နှလုံးပြည့်ဝတဲ့၊ ပြည်သူတွေအပေါ်ချစ်ပြီးလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု နောက်ပဲလိုက်ချင်ပါတယ်။ ဘာမဟုတ်တဲ့၊ ကိုယ့်လောက်တောင်ပညာမတော်တဲ့၊ မရှိတဲ့လက်နက်အားကိုးရုံမှ တစ်ပါး ဘာမှမလုပ်တတ်တဲ့ တိုင်းပြည်ခေါင်းဆောင် အောက်မှာမနေချင်ဘူး။ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် နောက်လိုက်ဆိုတာ တော်တဲ့ ခေါင်းဆောင်နောက်လိုက်မှ သူ့ဆီကပညာတွေသင်ယူပြီး တော်လာမှာဖြစ်တယ်။
ကိုယ့်လောက်တောင် ပညာအရည်အချင်းမရှိတဲ့၊ နိမ့်တဲ့သူကို ဘယ်သူကရော ခေါင်းဆောင်တင်နိုင်မလဲ” လို့ ဒဂုံတက္ကသိုလ် (အဝေးသင်) အင်္ဂလိပ်စာဘာသာရပ် တတိယနှစ်နဲ့ ပုဂ္ဂလိက တက္ကသိုလ်က ဒီပလိုမာဘွဲ့ ရရှိထားတဲ့ မကြည်စင်က သူ့အမြင်ကို ထုတ်ဖော်ပြောပြပါတယ်။
အာဏာသိမ်းမှုကိုဆန့်ကျင်ဖို့ လမ်းပေါ်ထွက်လာသူတွေထဲမှာ ရှစ်လေးလုံးအရေးတော်ပုံမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြတဲ့ အမျိုး သမီးတွေလည်း ပါဝင်ပါတယ်။ သမိုင်းမှတ်တိုင်ဆိုးတွေကို ကိုယ်တိုင်ဖြတ်ကျော်ခဲ့ရပေမယ့် မျိုးဆက်သစ်တွေကို အရင်လို စနစ်ဆိုးမျိုး ထပ်မံမကြုံစေချင်တဲ့အတွက် လမ်းပေါ်ထွက်လာရတာဖြစ်တယ်လို့ RIT စက်မှုတက္ကသိုလ် ကျောင်းသူဟောင်း တစ်ဦး ဖြစ်တဲ့ ဒေါ်သိင်္ဂီဦးက ဆိုပါတယ်။
“အရေးအခင်းဖြစ်ပြီးနောက်မှာ အစ်မတို့တွေ အလုပ်တွေမှာလည်း တော်တော်အနှောက်အယှက်ဖြစ်ခဲ့ပါတယ်။ အခုနောက် တစ်ကြိမ်ထပ်ပြီးလုပ်တာ၊ အစ်မတို့နိုင်ငံ တိုးတက်ပြီးအဆင်ပြေတော့မယ်ဆိုတဲ့ အချိန်မှာ အခုလို ထပ်ဖြစ်တဲ့အတွက် စိတ်မကောင်းဘူး။ သားသမီးတွေ မိဘတွေကို ငဲ့နေရသေးပေမယ့် ၈၈ တုန်းက စိတ်ဓာတ်တွေက ရှိနေတော့ ဘယ်လိုမှ မထွက်လို့မရတော့ဘူး။ ဒီလိုသိမ်းသွားပြီးရင် ဒီထက်မကဆိုးဝါးဖို့ပဲရှိတယ်။ အဲဒီအတွက်ဝိုင်းဝန်းမှဖြစ်တော့မယ်” လို့ ဒေါ်သိဂီၤဦးက လမ်းပေါ်ထွက်ဖြစ်တဲ့အကြောင်းကို ရှင်းပြပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် အဖက်ဖက်က ထိခိုက်ဆုံးရှုံးမှုတွေရှိနေတဲ့ကြားမှာ အမျိုးသမီးအခွင့်အရေးတွေ ဖော်ဆောင်ဖို့ အတွက်လည်း လမ်းစပျောက်နေပါတော့တယ်။
အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်နန်းဖြူဖြူလင်းက “ဒီလို အာဏာသိမ်းတဲ့အတွက် လူ့အခွင့်အရေးတွေ၊ နိုင်ငံသား အခွင့်အရေးတွေ အများကြီး ထိခိုက်တယ်။ လူသားထဲကလူသားတွေ ဖြစ်တဲ့ အမျိုးသမီးအခွင့်အရေးတွေ ကတော့ ပြောမနေနဲ့တော့ပေါ့။ အခုလို အမျိုးသမီးငယ်လေးတွေ လမ်းပေါ်ထွက်လာတာ အရမ်းလေးစားတယ်။ အရမ်းဂုဏ်ယူတယ်” လို့ ပြောပါတယ်။
အမျိုးသမီးအခွင့်အရေးတွေ၊ အမျိုးသမီးတွေအပေါ် အကာအကွယ်ပေးတဲ့ ဉပဒေတွေကို ဖော်ဆောင်ဖို့အတွက် ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရနဲ့သာ လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သူကဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်ညိုညိုသင်းကလည်း “အာဏာသိမ်းတဲ့ဖြစ်စဉ် အောင်မြင်မယ် မအောင်မြင်ဘူးကတော့ ပြောလို့မရဘူး။ အခုလိုလူငယ်တွေ အမျိုးသမီးငယ်တွေ အများကြီး ပါလာတဲ့အတွက် ဝမ်းသာတယ်။ ဒါပေမယ့် သူ့တို့ရဲ့ ဘဝတွေ၊ အိပ်မက်တွေကိုတော့ နိုင်ငံရေးကြောင့် အနာတရ မဖြစ်စေချင်ဘူး” လို့ သုံးသပ်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးမျိုးဆက်တွေဖြစ်တဲ့ ၁၉၆၂ မျိုးဆက်၊ ၁၉၈၈ မျိုးဆက်တွေကလည်း အခု မျိုးဆက်ကို ဝိုင်းဝန်းဖေးမ ကူညီသင့်တယ်လို့ သူကအကြံပြုပါတယ်။
အိမ်နဲ့အတိုက်အခံလုပ်ပြီး လမ်းမပေါ်ထွက်လာခဲ့ရတဲ့ မဧကရီကတော့ စစ်အာဏာရှင်တွေကို တတ်နိုင်သလောက် တွန်း လှန်နေမှာဖြစ်ပြီး သူတို့အနာဂတ် အိပ်မက်တွေအတွက် အခုလို တောင်းဆိုပါတယ်။
“ညီမတို့မျိုးဆက်အတွက်လည်း ဒီပညာရေးကကောင်းမွန်မှဖြစ်မယ်။ အဲဒီအတွက်လုပ်ရမယ်။ ခေါင်းဆောင်တွေကို ပြန်လွှတ်စေချင်တယ်။ ဒီမိုကရေစီပြန်ရချင်တယ်။ ညီမတို့ လူငယ်တွေမှာ အိပ်မက်တွေရှိတယ်။ အနာဂတ်တွေရှိတယ်။ ညီမတို့ ရည်မှန်းထားတဲ့ ရည်မှန်းချက်တွေရှိပါတယ်။ ညီမတို့ရဲ့ အိပ်မက်တွေကို အိပ်မက်အဖြစ်နဲ့ပဲ အဆုံးသတ်သွားအောင် မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်”
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021