Home ဆောင်းပါး အာဏာရှင်ကိုတော်လှန်ဖို့ လမ်းမပေါ်ရောက်လာရတဲ့ သားသည်မိခင်တွေ

အာဏာရှင်ကိုတော်လှန်ဖို့ လမ်းမပေါ်ရောက်လာရတဲ့ သားသည်မိခင်တွေ

ခင်ဘုန်းမို့။ ။
မြန်မာ့နွေဦးတော်လှန်ရေးလို့ တင်စားထားတဲ့ မြန်မာနိုင်င်ငံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေဟာ စစ်တပ်က နိုင်ငံ တော်အာဏာကို သိမ်းယူပြီးနောက် ဖေဖော်ဝါရီလအစမှာ စတင်ခဲ့ပြီး တစ်နေ့ထက်တစ်နေ့ အရှိန်မြင့်လာပါတယ်။

နိုင်ငံအနှံ့အလွှာပေါင်းစုံမှ ပြည်သူလူထုက ဆန္ဒပြပွဲတွေမှာပါဝင်လာပြီး နည်းမျိုးစုံနဲ့ အာဏာရှင်စနစ်ကို တွန်းလှန်နေကြ တာပါ။ ထိုစစ်အာဏာရှင်ကျဆုံးရေး ကြွေးကြော်နေတဲ့ ဆန္ဒပြလူထုတွေကြားမှာ ကလေးငယ်တွေရဲ့ အသံတွေနဲ့ ရောပြွန်း ပါဝင် နေတဲ့ သပိတ်စစ်ကြောင်းတစ်ခုက ထူးခြားလို့နေပါတယ်။

“ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး၊ ကလေးတွေကို စစ်ကျွန်ပညာရေး အမွေမပေး ”ဆိုတဲ့ ဆိုင်းဘုတ် တွေနဲ့အတူ ရင်ခွင်ပိုက်ကလေးငယ်တွေကို ချီပိုးထားတဲ့ မိခင်တွေဟာစစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လမ်းပေါ်ကို ထွက်လာ ကြတာပါ။ အာဏာရှင်စနစ်ကို လက်မခံနိုင်လို့ လမ်းပေါ်ထွက်လာတဲ့ လူထုနည်းတူ သားသည်မိခင်တွေ စုပေါင်းပြီး နိုင်ငံ လုံးဆိုင်ရာ မိခင်များသမဂ္ဂအဖြစ် ဖွဲ့စည်းကာ ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မိခင်တွေဟာ လသားအရွယ် ကလေးငယ်တွေကို ချီပိုး၊ အရွယ်ငယ်ငယ်ကလေးငယ်တွေကို လက်ဆွဲပြီး ရာသီဥတုဒဏ် ကို အံတုကာ လမ်းလျှောက်ဆန္ဒပြဖို့ ကိစ္စဟာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီအခက်အခဲတွေ မမှုဘဲ အာဏာရှင်စနစ်တွန်းလှန်မှုမှာ တစ်တပ်တစ်အား ပါဝင်လာကြတာပါ။

မူလက ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် ဆွေးနွေးဖို့ မိခင်တွေစုပေါင်းထားတဲ့ အစုအဖွဲ့ကနေ စစ်အာဏာ သိမ်းတဲ့ ဖြစ်စဉ်မှာတော့ တစ်ထောင့်တစ်နေရာက ပါဝင်ဖို့လိုအပ်တယ်လို့ ယူဆတဲ့အတွက် လမ်းပေါ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြ တယ်လို့ နိုင်ငံလုံးဆိုင်ရာမိခင်များသမဂ္ဂ အဖွဲ့ဝင်တွေကဆိုပါတယ်။

မိခင်တွေအနေနဲ့ ရင်သွေးငယ်တွေကို စစ်ကျွန်ပညာရေး အမွေမပေးလိုတဲ့အတွက် ရင်သွေးငယ်တွေရဲ့ အနာဂတ်အတွက် နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂကို ရန်ကုန်၊မန္တလေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာရှိတဲ့ မိခင်တွေစုပေါင်းပြီး ဖေဖော် ဝါရီလ (၅)ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂ အဖွဲ့ဝင်နှစ်ရာနီးပါး ရှိပြီဖြစ်ပါတယ်။

“ မကောင်းတဲ့စနစ်ဆိုးအမွေဆိုးတွေ ကျွန်မတို့သားသမီးတွေကိုမပေးဖို့အတွက် ကျွန်မတို့ကိုယ်တိုင် လမ်းပေါ်ထွက် ဆန္ဒပြ ရတာဖြစ်တယ်”လို့ နိုင်ငံလုံးဆိုင်ရာမိခင်များသမဂ္ဂရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဟန်နီဦးက ပြောပါတယ်။

မဟန်နီဦးဟာ ၂၀၀၇ ခုနှစ် ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့အပြင် ၂၀၁၅ ခုနှစ်ပညာရေးသပိတ်မှာလည်း ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

“ မိခင်တွေက ကလေးတွေအတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ ကျွန်မတို့ကို ဖမ်းဆီးထိန်းသိမ်းမယ်ဆိုရင်တောင် ကလေးတွေအနာဂတ်အတွက် ရှေ့ဆက်လုပ်ဆောင်ရမယ့်ဟာတွေ လုပ်ဆောင်သွား ဖို့ရှိပါတယ်” လို့ မဟန်နီဦးက ဆိုပါတယ်။

လက်ရှိအချိန်ဟာ ကိုဗစ်-၁၉ ရောဂါက ကူးစက်နေဆဲ ဖြစ်ပြီး ကလေးတွေရဲ့ ကျန်းမာရေးအတွက် မသင့်တော်ပေမယ့် စစ်အာဏာရှင်ကို တိုက်ထုတ်ချင်စိတ်နဲ့သာ လမ်းမပေါ်ကိုထွက်လာရတာဖြစ်တယ်လို့ နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂအဖွဲ့ဝင်တွေက ဖွင့်ဟပါတယ်။

ဖေဖော်ဝါရီလ (၁၁)ရက်နေ့က ကချီတက်ခဲ့တဲ့ သပိတ်စစ်ကြောင်းမှာ Signal mother တွေပါဝင်ခဲ့သလို မိခင်တွေနည်းတူ ဖခင်တွေကလည်း ဘေးကနေဝန်းရံပေးခဲ့ကြပါတယ်။

ကလေးငယ်တွေကို ချီပိုးပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂရဲ့ သပိတ်စစ်ကြောင်းကို မြင်တွေ့ရတဲ့ တခြားဆန္ဒပြ ပြည်သူတွေဟာ လက်ခုပ်တီးအားပေးခဲ့ကြပြီး မိခင်တွေကို ချီးကျူးခဲ့တာကို တွေ့ရပါတယ်။

“ အများစုကတော့ ကလေးတွေရဲ့ ကျန်းမာရေးအတွက် စိတ်ပူကြတယ်။ မိခင်တွေက မသက်သာလို့သာ ဒီလိုမျိုး ထွက် လာရတယ်။ မိခင်တွေရဲ့ခံယူချက်ကို လေးစားတယ်ဆိုတဲ့ပြောလာတာတွေရှိပါတယ်” နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂ အဖွဲ့ ဝင် မမေလင်းခက သူ့အတွေ့အကြုံကိုပြောပြပါတယ်။

Photo: နိုင်ငံလုံးဆိုင်ရာမိခင်များသမဂ္ဂ

ဒီလိုလမ်းပေါ်ထွက်ဖို့အတွက် ကိုဗစ်ရောဂါကူးစက်မှု အန္တရာယ်အပြင် စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို ထည့်သွင်း စဉ်းစားခဲ့ရပြီး စိုးရိမ်မှုတွေ ကြားထဲက စွန့်စားခဲ့ရတယ်လို့ မမေလင်းခက သူ့ရဲ့စိုးရိမ်စိတ်ကိုပြောပြပါတယ်။

“တခြားနိုင်ငံတွေကပါသိပြီးအောင် ဆန္ဒထုတ်ဖော်တာဖြစ်တယ်။ ကလေးတွေပါတဲ့အတွက် လမ်းလျှောက်ဆန္ဒပြတဲ့ အချိန် ကတော့ အကြာကြီးမဟုတ်ဘူး အဓိကရည်ရွယ်ချက်ကိုတော့ သေချာထုတ်ဖော်ပြနိုင်ခဲ့တယ်” လို့မဟန်နီဦးကဆိုပါတယ်။

သားသမီးတွေရဲ့ ဘဝတစ်ခုလုံးအတွက် အကောင်းဆုံးမျှော်လင့်ထားပြီး မိခင်တွေရဲ့ အားသွန်ခွန်စိုက်ပေးဆပ်မှုတွေဟာ စစ်အာဏာသိမ်းမှုကြောင့် ကလေးတွေအနာဂါတ် သဲထဲရေသွန် ဖြစ်တော့မလားဆိုတာ အားလုံးကစိုးရိမ်နေကြပါတယ်။

“ သားသမီးအတွက် အများကြီးမျှော်လင့်ထားတာတွေ စဉ်းစားထားတာတွေအားလုံးက ရိုက်ချိုးခံလိုက်ရတယ်။ ဒီအာဏာ သိမ်းမှုဖြစ်စဉ်ကဘယ်လောက်ကြာမှာလဲ။ အမတို့သိသလောက်တော့ စစ်အာဏာရှင်က ဘယ်တော့မှ ကတိတည်တဲ့ အမျိုးအစားထဲမှာ မပါဘူးဆိုတော့ အမတို့အတွက်က ပန်းတိုင်တစ်ခုလုံး ပြိုကျသွားသလိုခံစားရတယ်” လို့မမေလင်းခက သူ့ခံစားချက်ကို ဖွင့်ဟပါတယ်။

တစ်နိုင်ငံလုံးက မိခင်တွေအနေနဲ့ နိုင်ငံလုံးဆိုင်ရာ မိခင်သမဂ္ဂမှာပါဝင်နိုင်သလို ကလေးတွေနဲ့ လူငယ်တွေရဲ့ အနာဂတ် အတွက် ဝန်ထမ်းတွေကလည်း CDM မှာပိုပြီးပူးပေါင်းပါဝင်ပေးကြဖို့ မဟန်နီဦးက တိုက်တွန်းပါတယ်။

“ လူတိုင်းကတော့ ကြောက်တတ်ကြပါတယ်။ ကြောက်တဲ့ ဒီအာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်မှ ဒီကြောက်တဲ့စိတ်တွေက ကုန်ဆုံးသွားမှာ ဒီဟာတွေကို အမွေဆက်မပေးနိုင်အောင်လို့ကြိုးစားမှာပါ” လို့မဟန်နီဦးက ဆိုပါတယ်။

သားသည်မိခင်တွေအပြင် အမျိုးသမီးဦးရေ(၂၀)နီးပါးရှိပြီး အိမ်ရှင်မတွေစုပေါင်းပါဝင်တဲ့ သပိတ်စစ်ကြောင်းတစ်ခုကိုလည်း ရန်ကုန်မြို့ ဆူးလေလမ်းမပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်။ သူတို့ဟာ ပုံမှန်အချိန်ကာလတွေမှာ အိမ်မှုကိစ္စ တွေ၊ သားသမီးတွေနဲ့ ပုံမှန်လုံးပန်းနေခဲ့ကြပေမယ့် ခုလို အာဏာသိမ်းဖြစ်စဉ်က သူတို့ကို လမ်းမပေါ်တက်လာဖို့တွက် ဆွဲ ခေါ်လိုက်ပါတော့တယ်။

“ ၈၈တုန်းကလည်းလမ်းပေါ်ထွက်ခဲ့တယ်။ အခုက ကျွန်မတို့သားသမီးတွေရဲ့ ပညာရေးအတွက် လမ်းပေါက်ထွက်လာတာ ဖြစ်တယ်။ ရှေ့ဆက်တိုက်ထုတ်သွားမှာပါ။ အမျိုးသမီးတွေကိုလည်း အိမ်ထဲမှာနေတာအပြင် အခုလို ဆန္ဒထုတ်ဖော်ဖို့ လမ်းမပေါ်ကိုထွက်စေချင်တယ်” လို့ သန်လျင်မြို့မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ကြည်လေးက သူ့ဆန္ဒကိုပြောပါ တယ်။

ကိုယ်တိုင်လမ်းပေါ်ထွက်လာတဲ့ မိခင်တွေ၊ သားသမီးတွေနဲ့အတူ လမ်းပေါ်ထွက်လာကြတဲ့ မိခင်တွေရှိသလို သားသမီး တွေ လမ်းပေါ်တက်ဆန္ဒပြနိုင်ဖို့ နောက်ကွယ်ကနေ ခွန်အားပေးခွင့်ပြုထားတဲ့ မိခင်တွေကလည်း မရေတွက်နိုင်ပါဘူး။ လမ်းမပေါ်မထွက်နိုင်ပေမယ့် အာဏာရှင်ကို တွန်းလှန်နေတဲ့ သူတို့ရင်သွေးတွေအတွက် နောက်ကွယ်ကနေတတ်နိုင်သ လောက် ကြိုးစားထောက်ပံ့နေကြတာကို တွေ့ရပါတယ်။

ဆန္ဒပြပွဲသွားမယ့် သားသမီးတွေအတွက် လိုအပ်တာတွေ ပြင်ဆင်ပေးနေတဲ့ မိခင်တွေရဲ့ ပုံရိပ်အချို့က လူမှု ကွန်ရက် စာမျက်နှာတွေပေါ်မှာ မြင်တွေ့ရပါတယ်။

အခု မိခင်အရွယ်ရောက်နေကြတဲ့ အမျိုးသမီးကြီးအများစုက ရှစ်လေးလုံးအရေးအခင်းနဲ့ စစ်အာဏာရှင်စနစ်ကို မီလိုက်သူ တွေဖြစ်တဲ့အတွက် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးကို ကောင်းစွာနားလည်သူတွေဖြစ်ပါတယ်။

“ အမေကတော့ မတားရှာပါဘူး။ သူ့သမီးအတွက် ဂုဏ်ယူနေတယ် အားပေးတယ်။ သူတို့လည်း အာဏာရှင်စနစ် အောက်မှာ တစ်သက်လုံးနေလာခဲ့ရတော့ အဲ့စနစ်ကြီးကိုသူတို့လဲအရမ်းမုန်းနေတယ်။ ကိုယ်ကိုယ်တိုင်လည်းအမေနေရာ ရောက်နေပြီ ဆိုတော့ အမေတွေရဲ့ခံစားချက်ကိုနားလည်တယ်” လို့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ နေထိုင်တဲ့ မယဉ်နွယ်အေး ကဆိုပါတယ်။

ဒါ့အပြင် အာဏာရှင်ကိုတွန်းလှန်နေတဲ့ မိခင်တစ်ယောက်ရဲ့ စိုးရိမ်စိတ်တွေကိုလည်း မယဉ်နွယ်အေးက ယခုလို ဖွင့်ဟ ပါတယ်။

“ ကိုယ့်ကလေးတွေရဲ့အနာဂတ်အတွက် ကိုယ့်ကလေးတွေထပ်ပြီး အကြောက်တရားတွေနဲ့ မကြီးပျင်းစေချင်လို့ ကိုယ် တိုင်လမ်းပေါ်ထွက်တယ်။ ကလေးကိုအိမ်မှာထားခဲ့ရတယ်။ ဘယ်အချိန်ဘာဖြစ်မယ်မှန်းမသိနိုင်ဘူးလေ။ နောက်နေ့ မနက် လမ်းပေါ်မထွက်ခင် ဒီနေ့သမီးလေးကိုတွေ့ရတာနောက်ဆုံးများဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိတယ်”

Related Articles