Home ဆောင်းပါး စစ္စတာအန်းရိုဇားနူးတောင်ရဲ့လူသားဆန်မှုများ

စစ္စတာအန်းရိုဇားနူးတောင်ရဲ့လူသားဆန်မှုများ

ဒေဝီ။ ။

မြန်မာနိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားဟာ စစ်တပ်ရဲ့အာဏာသိမ်းပွဲကို အပြင်းအထန် ဆန့်ကျင်တဲ့ မြို့တွေထဲမှာ တစ်ခုအပါအဝင်ပါ။ လူတွေလမ်းမတွေပေါ်တက်လာကြပြီး ရက်အနည်းငယ် အကြာမှာတော့ ဆန္ဒပြပွဲတွေကိုဖြိုခွင်းဖို့ လက်နက်ကိုင်ထားတဲ့ စစ်သားနဲ့ရဲတွေလည်း ရောက်လာခဲ့ပါတယ်။

အဲ့ဒီနေ့က အာဏာသိမ်းပြီးနောက် တစ်လကျော်အကြာ မတ် ၈ ရက်နေ့ဖြစ်ပါတယ်။ အာဏာသိမ်းတာကိုစွန့်ဖို့တဲ့ ကြွေးကြော်သံတွေနဲ့ သံပြိုင်ချီတက်လာတဲ့ သပိတ်စစ်ကြောင်းဟာသေနတ်သံတွေကြားမှာ ကမ္ဘာပျက်မတတ် ဖြစ်ခဲ့ရပြီး လဲသူကလဲ၊ ဒဏ်ရာရသူကရ ဖြစ်သွားခဲ့ပါတယ်။

လဲကျနေတဲ့သူတွေကို ဖမ်းဆီးဖို့ ရဲတွေကရှေ့တိုးလာတဲ့အချိန်မှာ ဆန္ဒပြလူအုပ်နဲ့ ရဲတွေကြား ခရစ်ယာန်သီလရှင် တစ်ပါးအပြေးအလွှားဝင်ရောက်လာခဲ့ပါတယ်။ စစ္စတာအန်းရိုဇားနူးတောင်ဟာ ရဲတွေရှေ့ ဒူးထောက်လိုက်ပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ ဆက်မလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

အဲ့ဒိအဖြစ်အပျက်အပြီးမှာ စစ္စတာအန်းရိုဇားနူးတောင်ဟာ သူ့အတွက် အသက်အန္တရာယ် ရှိတာကိုတောင် ဂရုမထားဘဲ ဆန္ဒပြပြည်သူတွေရဲ့အသက်ကို ကယ်ခဲ့တဲ့အတွက် “ရဲရင့်တဲ့သီလရှင်” အဖြစ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြခံခဲ့ရပါတယ်။

အဆိုပါအဖြစ်အပျက်အပြီး ငါးလခန့်အကြာမှာတော့ စစ္စတာဟာ သူ့အသက်အန္တရာယ် ရှိနေတဲ့အခြေအနေမှာ တခြားသူတွေ ရှင်သန်ဖို့အတွက် နောက်တကြိမ်ထပ်ပြီး ကယ်တင်နေပါတယ်။ ဆန္ဒပြလူငယ်တွေကို မပစ်ခတ်ဖို့ လမ်းမထက်မှာ ငိုကြွေးတောင်းပန်နေတဲ့ ခရစ်ယာန်သီလရှင်ဟာ အခုတော့ ကိုဗစ်ကြောင့် ကူကယ်ရာမဲ့နေတဲ့လူနာတွေကို ကူညီဖို့ ဘာသာရေးဝတ်စုံအပေါ် PPE ထပ်ဝတ်ဆင်ကာ ကိုဗစ်လူနာတွေကြား ရောက်နေပြီဖြစ်ပါတယ်။

အသက် ၄၆ နှစ်အရွယ် စစ္စတာဟာ မြစ်ကြီးနားမြို့ စိန့်ဖရန်စစ်ဇေးဗီးယား ပလနသီလရှင်ကျောင်းက သီလရှင်တစ်ဦး ဖြစ်သလို “မလိဂင်ဒိုင်” လို့အမည်ပေးထားတဲ့ ပရဟိတဆေးခန်းက တာဝန်ခံလည်း ဖြစ်ပါတယ်။

ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ဖျားနာတဲ့လူနာတွေကို အဓိကထားကုသပေးတဲ့ မလိဂင်ဒိုင်ပရဟိတဆေးခန်းက ဆင်းရဲနွမ်းပါးသူတွေ၊ စစ်ဘေးရှောင်တွေကို အခမဲ့ဖြစ်စေ၊ စရိတ်မျှပေးဖြစ်စေ ကုသပေးပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်က စစ်ဘေးရှောင် စခန်းတွေဆီ သွားရောက်ပြီးလည်း ဆေးဝါးကုသတာ၊ ကိုယ်ဝန်ဆောင် မိခင်တွေကို မီးဖွားပေးတာတွေ ပြုလုပ်ပေးနေတာပါ။

ပထမ နဲ့ ဒုတိယလှိုင်းတွေထက် ပိုမိုပြင်းထန်တဲ့ ကိုဗစ်တတိယလှိုင်း မြန်မာပြည်ကိုရိုက်ခတ်ချိန်မှာတော့ မလိဂင်ဒိုင်ပရဟိတဆေးခန်းကို ဖျားနာတဲ့လူနာတွေ အရင်ကထက်တိုးတိုးပြီး ရောက်လာပါတယ်။

အခြားတဖက်မှာလည်း မြစ်ကြီးနားမြို့နယ်မှာ ကိုဗစ်ကပ်ရောဂါ ခေါင်းထောင်လာချိန် ဆေးရုံဆေးခန်းတွေမှာ ဆရာဝန် သူနာပြုတွေ မလုံလောက်တော့ လူနာတွေအကုန် လက်မခံနိုင်တဲ့အခါ လူနာတွေခမျာ ဘယ်သွား ရမှန်းမသိ ဘဲ ဟိုဆေးရုံပြေး ဒီဆေးခန်းပြေးနဲ့ လမ်းမှာတင် သေဆုံးသွားတာ တွေလည်းရှိလာတယ်။

ကူရာကယ်ရာမဲ့ သေဆုံးရတာတွေကို မြင်ရတော့ စိတ်မကောင်း ဖြစ်ရတယ်လို့ စစ္စတာအန်းရိုဇာနူးတောင် ကဆိုပါတယ်။ ဒါ့အပြင် ဘယ်ဆေးရုံဆေးခန်းကမှ လက်မခံတဲ့ ကိုဗစ်လက္ခဏာရှိတဲ့သူတွေ သူ့ဆေးခန်းကို အားကိုးတကြီး ရောက်လာတဲ့အခါ မျက်နှာမလွှဲနိုင်ဘဲ လူနာတွေကို စောင့်ရှောက်ပေးဖို့ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလိုနဲ့ မလိဂင်ဒိုင်ပရဟိတဆေးခန်းဟာ မြစ်ကြီးနားက ကိုဗစ်လူနာတွေအတွက်အားထားရာ နေရာတစ်ခု ဖြစ်လာပါတော့တယ်။

ဆေးခန်းကိုရောက်လာတဲ့ ကိုဗစ်လူနာတွေကို ဆရာဝန်နဲ့ ချိတ်ဆက်ပြီး ညွှန်ကြားချက်အတိုင်း ကုသပေးတာ၊ ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးပေးတာ၊ ခရစ်ယာန်အသင်းတော်တွေက ဖွင့်လှစ်ထားတဲ့ ကိုဗစ်စင်တာတွေမှာ လူနာတွေကို အောက်ဆီဂျင်ပေးတာ၊ အဖျားတိုင်း၊ သွေးပေါင်ချိန်တိုင်း၊ ဆီးချိုသွေးချို စစ်ဆေးပေးတာ စတာတွေကို စစ္စတာ အန်းရိုဇားနူးတောင်က လုပ်ဆောင်ပေးပါတယ်။

စစ္စတာအန်းရိုဇားနူးတောင်က ဆေးခန်းကိုစီမံခန့်ခွဲတာအပြင် လူတစ်ဦးချင်းစီကို ခေါင်းမော့စေပြီး နှာခေါင်း၊ အာခေါင်တို့ဖတ်ယူပြီး Test Kit နဲ့ကိုဗစ်ရှိမရှိကိုလည်း စစ်ဆေးပေးပါတယ်။

ကူးစက်မြန်ပြီး ပြင်းထန်တဲ့ ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှာ စိုးရိမ်ပေမယ့် ကူရာမဲ့ဖြစ်နေတဲ့လူနာတွေကို နိုင်ရာဝန်ထမ်းပြီး ကူညီလိုတဲ့အတွက် ကြောက်ရွှံ့စိတ်ကိုဖျောက်ပြီး လုပ်ဆောင်ပေးရတယ်လို့သူကဆိုတယ်။

“သေမှာမကြောက်ဘူးလားဆိုပြီး ပြောကြပေမယ့် ကြောက်နေလည်း မဖြစ်တော့ဘူးလေ။ ကိုယ်ကသေရင်သေမှာပဲ။ ဘုရားပြန်ခေါ်လည်းမပြောတတ်ဘူး။ ကြောက်ပြီး ဒီတိုင်းနေမယ်ဆိုလည်း ဘာမှလည်းမလုပ်နိုင်တော့ဘဲ ကိုယ့်ဘဝက အကျိုးမရှိသလိုဖြစ်သွားမှာ” လို့ စစ္စတာအန်းရိုဇားနူးတောင်ကပြောပါတယ်။

ဆေးခန်းကိုရောက်လာတဲ့ ကိုဗစ်လူနာတွေကို လိုအပ်တာတွေလုပ်ဆောင်ပေးသလို၊ ရပ်ကွက်ထဲက ပြည်သူတွေ ကိုဗစ်စစ်ဆေးလိုတာပဲဖြစ်ဖြစ်၊ အောက်ဆီဂျင်ကျလို့ပဲဖြစ်ဖြစ် စစ္စတာကြီးကို အကူအညီတောင်းတဲ့အခါ၊ ဘုန်းတော်ကြီးတွေကလည်း ကူညီဖို့ တောင်းဆိုတဲ့အခါမှာလည်း သွားရောက်ပြီး ကူညီရပါသေးတယ်။

တစ်ခါတစ်ရံ လူနာတွေက ညအချိန် အောက်ဆီဂျင်လိုအပ်တာကြောင့် အကူညီတောင်းပေမယ့် ညမထွက်ရ အမိန့်ကြောင့် မသွားနိုင်တာတွေလည်းရှိပါတယ်။

ကိုဗစ်လူနာတွေကို နေ့စဉ်ထိတွေ့နေရတဲ့အတွက် စစ္စတာနူးတောင်တယောက်တင် PPE ဝတ်စုံ တနေ့သုံးစုံကနေ လေးစုံခန့် ကုန်ကျနေသလို၊ လူတိုင်းကို ကိုဗစ်ရှိမရှိ စစ်ဆေးပေးချင်ပေမဲ့ ကိုဗစ်စစ်တဲ့ကိရိယာတွေ မလုံလောက်တော့ စစ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒီတော့ကိုဗစ်နဲ့ပတ်သတ်တဲ့ ပစ္စည်းတွေ ထောက်ပံ့တာတွေ ပြုလုပ်ပေးစေချင်တယ်လို့ စစ္စတာနူးတောင်က ပြောပါတယ်။

“အခက်အခဲတွေတော့ရှိပေမယ့်လည်းမလုပ်လည်းမဖြစ်ဘူးလေ။ နိုင်သလောက်ကနေ စလုပ်ရတာပဲ” လို့ စစ္စတာ အန်းရိုဇားနူးတောင် ကပြောတယ်။

ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာတွေကို ထိတွေ့လုပ်ကိုင်ပေးရတဲ့အတွက် ကိုယ့်ကိုကိုယ်ရော သူများကိုပါ ထပ်မကူးစက်အောင် ကာကွယ်ရပါသေးတယ်။ Mask နှစ်ထပ်ဝတ်ဆင်ရတာ၊ လက်အိတ်နဲ့ မျက်နှာကာတဲ့ Face Shield တွေဝတ်ဆင်ရတာ၊ လူနာတွေနဲ့ အနီးကပ်ထိတွေ့ချိန်ဆိုလည်း PPE ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ရတာတွေလည်း လုပ်ရတယ်။

PPE ဝတ်စုံဝတ်ပြီး လူနာတွေကို ပြုစုစောင့်ရှောက်ရတာ မလွယ်ကူလှပါဘူး။ နှာခေါင်းစည်းနှစ်ထပ်ဝတ် Face Shield တပ်ပြီး၊ PPE ဝတ်စုံအပြည့်အစုံထပ်ဝတ်ရတော့ အရမ်းပူပြီး နေရထိုင်ရ မသက်မသာဖြစ်မိပေမယ့် လူနာတွေကိုတော့ စိတ်ရှည်ရှည်ထားပြီး လုပ်ကိုင်ပေးနေရတယ်လို့ ဆိုပါတယ်။

“စစ္စတာတို့က သင်္ကန်းက ချွတ်လို့မရဘူး။ ချွတ်ပြီးမှ ဝတ်လို့အဆင်မပြေတော့ အပေါ်ကနေ ထပ်ဝတ်ရတာပေါ့။ ဟိုနေ့ကဆို ရပ်ကွက်တခုမှာစစ်ပေးတာ၊ အယောက် ၆၀ ပြည့်ခါနီး တစ်ယောက်အလိုမှာ အသက်ရှုကြပ်လာတယ်” လို့ စစ္စတာအန်းရိုဇားနူးတောင်ကပြောပါတယ်။

မိုးလင်းကနေမိုးချုပ်အထိ ဆေးခန်းမှာ လူနာတွေကို ကြည့်ရှု့ကူညီရ၊ ကိုဗစ်စင်တာတွေမှာလည်း လူနာတွေကို ပြုစုစောင့်ရှောက်ရ၊ ရပ်ကွက်တွေထဲက ကိုဗစ်လူနာတွေကိုလည်း လိုအပ်တာတွေကူညီပေးရတဲ့အတွက် တစ်ခါတစ်လေ ထမင်းစားချိန်ကျော်သွားတဲ့ ရက်တွေလည်းရှိခဲ့ပါတယ်။

“တစ်ခါတစ်လေလူနာတွေကိုလုပ်ကိုင်ပေးရင်းနဲ့ အချိန်ကျော်မှထမင်းမစားရတော့ အစာအိမ်နာတာဖြစ်ပြီး သေမလားတောင် ထင်ရတယ်။ ကိုဗစ်နဲ့မသေဘဲနဲ့လေ” လို့ စစ္စတာက ရယ်ရင်း ပြောပါတယ်။

မနက်မိုးလင်းဝတ်ပြုဆုတောင်းပြီးတာနဲ့ တနေကုန်နီးပါး ကိုဗစ်လူနာတွေကို ပြုစုစောင့်ရှောက်ရလို့ ပင်ပန်းရတာတွေ ရှိပေမယ့် လူနာတွေ အဆင်ပြေသက်သာလာတာကြည့်ရင်း စိတ်ချမ်းမြေ့ရတယ်လို့ စစ္စတာ အန်းရိုဇားနူးတောင် က ဆိုတယ်။

ဒါ့အပြင် ဘာသာအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း လူနာတွေ ဆင်းရဲနွမ်းပါးသူတွေကို အစာအဟာရမျှဝေတာ၊ အောက်ဆီဂျင်ရအောင်ကူညီပေးတာ၊ ကိုဗစ်လူနာတွေကို ကူညီစောင့်ရှောက် ပေးတာတွေကို လုပ်ဆောင်ပေးလာကြတဲ့ အတွက် အားတက်မိတယ်လို့ ဆက်ပြောပါတယ်။

“ရဟန်းသီလရှင်တွေကလည်းပြည်သူထဲကပြည်သူပဲ။ ထပ်တူထပ်မျှပဲဒုက္ခရောက်တာကြောင့်မလို့ အချင်းချင်းပဲ ကာကွယ်ရတော့မယ်။ ရိုင်းပင်းရတော့မယ်။အားကိုးရတော့မယ်”လို့ စစ္စတာအန်းရိုဇားနူးတောင်က ပြောတယ်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးနဲ့စီးပွားရေး ကစဉ့်ကလျားဖြစ်နေပြီး ကိုဗစ်တတိယလှိုင်းကိုပါ ပြင်းပြင်းထန်ထန် ပြည်သူတွေ ခံစားနေရချိန်မှာ စစ္စတာအန်းရိုဇားနူးတောင်ကဲ့သို့ ဘာသာအသီးသီးက ဘာသာရေးခေါင်းဆောင်တွေဟာ ပြည်သူတွေအတွက် နိုင်တဲ့နေရာကနေ တက်တက်ကြွကြွနဲ့ လုပ်ဆောင် ပေးနေတာကို ဂုဏ်ယူအားတက်မိတယ်လို့ Triangle Women Organization အဖွဲ့ တည်ထောင်သူ မခင်လေးကပြောတယ်။

” မြစ်ကြီးနားက စစ္စတာကြီးက သူ့အကြောင်း စာစီဖွဲ့ ပြောစရာမလိုလောက်အောင် သူ့သတ္တိရှိမှု၊ စွန့်စားမှုတွေကို မြင်ခဲ့ရပြီ။ အခုကိုဗစ်ကာလမှာလည်း ဒီလိုပဲလူနာတွေအပေါ် ကူညီတဲ့သူစွမ်းဆောင်မှုတွေကို လေးစားတယ်။ ချီးကျူးတယ်၊ သူဘေးကင်းဖို့လည်း မေတ္တာပို့တယ်” လို့ မခင်လေးကပြောတယ်။

အများပြည်သူကိုကူညီနေသူတွေထဲ မြစ်ကြီးနားက စစ္စတာနူးတောင်အပါအဝင် အခြားသာသနာနွယ်ဝင် အမျိုးသမီးတွေ ပါဝင်နေခြင်းက အမျိုးသမီးဖြစ်ခြင်း အမျိုးသားဖြစ်ခြင်းဆိုတဲ့ကျားမခွဲခြားမှုအပေါ် အခြေမခံဘဲ နိုင်ငံတွင်းနေထိုင်သူအားလုံးရဲ့ဒုက္ခကို မျှဝေခံစားပြီးတော့ ကူညီပေးတယ်ဆိုတဲ့ လူသားဆန်မှု အပေါ် ပြသရာရောက်တယ်လို့ ဆိုတယ်။

ကိုဗစ်ကပ်ရောဂါက ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ အစိုးရရဲ့စီမံခံခွဲမှုနဲ့ စနစ်တကျလုပ်ဆောင်ခဲ့တဲ့အတွက် အဖိတ်အစဉ်နဲခဲ့ပေမယ့် ကျန်းမာရေးစနစ်ပျက်စီးသွားတဲ့ တတိယလှိုင်းမှာတော့ ပြည်သူတွေမှာ ကိုဗစ်ဒဏ်ကို အလူးအလဲ ခံရပြီး ရောဂါဆိုးကို မကျော်လွှားနိုင်ဘဲ လက်မြှောက်အရှုံးပေးရတဲ့သူတွေလည်း တပုံတပင်ပါ။

ဒီလိုကပ်ဆိုးမျိုးကို ကျော်လွှားဖို့ပြည်သူမှာ ပြည်သူပဲရှိတဲ့သဘော နှလုံးသွင်းပြီး ဘာသာလူမျိုးမခွဲခြားဘဲ ပြည်သူတွေ အချင်းချင်း ပူးပေါင်းဖို့လည်း သူကတိုက်တွန်းပါတယ်။

“ဘာသာလည်းမခွဲခြားဘူး။ လူမျိုးလည်းမခွဲခြားဘူး။ ချစ်ချစ်ခင်ခင်နေမယ်။ တစ်ယောက်နဲ့တစ်ယောက် အားနည်းချက် ရှိရင်လည်း လက်တွဲခေါ်မယ်။ ကိုယ်နိုင်သလောက် စည်းစည်းလုံးလုံးနဲ့ လက်တွဲပြီး ကြိုးစားမှပဲ ဒီကပ်ရောဂါကနေလွတ်မြောက်နိုင်မယ်” လို့ စစ္စတာအန်းရိုဇားနူးတောင်ကပြောပါတယ်။

Related Articles