Home ဆောင်းပါး အမှောင်ခေတ်ထဲ ပြန်ရောက်မှာကြောက်နေတဲ့ တိုင်းရင်းသူတွေရဲ့သောက

အမှောင်ခေတ်ထဲ ပြန်ရောက်မှာကြောက်နေတဲ့ တိုင်းရင်းသူတွေရဲ့သောက


မိုးမိုး ၊ နန်းကြည်ဖြူ
စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတဲ့ သတင်းကြားကြားခြင်းမှာပဲ မွိုးငယ်(အမည်လွှဲ)တစ်ယောက် မယုံနိုင်အောင်ဖြစ်ခဲ့ ရတာနဲ့ တစ်ပြိုင်နက် စိုးရိမ်စိတ်နဲ့ အကြောက်တရားတွေလည်း ချက်ချင်းဝင်လာပါတော့တယ် ။

ဘာလို့လည်းဆိုတော့ သိတတ်စအရွယ်ကတည်း စစ်အာဏာထိန်းချုပ်မှုအောက်မှာ နေခဲ့ရတာကြောင့် စစ်အာဏာသိမ်းမှု ဆိုတဲ့ အသံကိုကြားတာနဲ့တင် ချက်ချင်းအကြောက်တရားတွေ ဝင်လာတာဖြစ်တယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း မဲနယ် တောင်ရွာမှာ သနပ်ဖက်စိုက်ပျိုးကာ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အသက် ၆၀ ကျော်အရွယ် ပအိုဝ်းတိုင်းရင်းသူကြီး မွိုးငယ်က ဆိုပါတယ်။

“ တိုက်ပွဲတွေ ထပ်ဖြစ်မှာအရမ်းကြောက်တယ်။ စားလည်းကြောက်ရတယ် ။ အိပ်လည်းကြောက်ရတယ်။မလိုချင်တော့ဘူး” လို့ မွိုးငယ်ကဆိုပါတယ်။

၁၉၆၂ ဦးနေဝင်းအာဏာသိမ်းတဲ့အချိန်တုန်းက မွိုးငယ် စတုတ္တတန်းကျောင်းတက်နေတုန်းပါ။ အာဏာသိမ်းပြီးနောက် ကျောင်းလည်း ဆက်မတက်နိုင်ခဲ့သလို သူတို့ဒေသမှာ “ သေနတ်သံ မကြားရတဲ့ရက်ဆိုတာမရှိဘူး” လို့ဆိုပါတယ်။

“ အာဏာသိမ်းတဲ့အချိန်ဆိုရင် အမေတို့မှာ ထမင်းစားရင်း တန်းလန်းလည်း ‌တောထဲပြေးရတယ် ။ ထမင်းစားချိန်လား အိပ်ချိန်လားဆိုတာလည်းမသိဘူး။ တောထဲမှာသွားနေနေရတယ် ။ အရမ်းကြောက်နေခဲ့တာ” လို့ အဲဒီအချိန်က ကြုံတွေ့ ခဲ့ရပုံကို မွိုးငယ်ပြန်ပြောပြပါတယ်။

စစ်အာဏာသိမ်းမှုအောက်မှာ မွိုးငယ်တို့ လွတ်လွတ်လပ်လပ် မသွားလာရတဲ့အပြင် တပ်သားတွေ ရွာထဲ ဝင်လာရင်လည်း ကြောက်ပြီး ထွက်ပြေးပုန်းရှောင်နေရတယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်က ကုန်ဈေးနှုန်းတွေလည်း မြှင့်တက်လာတာကြောင့် ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအနှံတွေနဲ့သာ ဝမ်းရေးဖြည့်ခဲ့ရပါတယ်လို့ သူငယ်ငယ်က ကြုံတွေ့ခဲ့ရတဲ့ စစ်အာဏာ သိမ်းစဉ်ကာလက အခြေအနေတွေကို သူကပြန်ပြောပြပါတယ်။

ယနေ့ခေတ် ၂၀၂၁ မှာလည်း စစ်တပ်က ဖေဖော်ဝါရီ ၁ရက် အာရုဏ်ဦးမှာ စစ်တပ်က မဲစာရင်းမှားတယ်လို့ အကြောင်း ပြပြီး ရွေးကောက်ပွဲအနိုင်ရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ လက်ရှိနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးများကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အရပ်သားအစိုးရ ဆီကနေ အာဏာကို အတင်းအဓမ္မလုယူခဲ့ပါတယ်။

ဒါ့ကြောင့် တိုင်းရင်းသားဒေသတွေမှာ ယခင်စစ်အာရှင်လက်ထက်ကလို အချိန်မျိုးတွေ ပြန်ရောက်မှာကို ကြောက်ရွံ့နေ ကြတာပါ။ တပ်မတော်မှ အာဏာသိမ်းမှုကိုလည်း နိုင်ငံတဝန်းက ပြည်သူများက ဖေဖော်ဝါရီ ၆ ရက်နေ့မှ စတင်ကာ ဆန္ဒ ဖော်ထုတ်မှုများပြုလုပ်နေကြပါတယ်။

ကချင်ပြည်နယ်မှာလည်း အရင်လို စစ်အုပ်ချုပ်မှုအောက် ပြန်ရောက်မှာစိုးရိမ်တာနဲ့အတူ အာဏာရှင်စနစ်ကို လက်မခံ တာကြောင့် ကချင်ပြည်သူတွေဟာ နေ့စဉ်ဆန္ဒထုတ်ဖော်နေကြပါတယ်။ မြစ်ကြီးနားမြို့မှာဆိုရင်လည်း ညဘက် သေနတ် နဲ့ပစ်ခတ်တာတွေပြုလုပ်ခဲ့သလို ဆန္ဒပြသူတွေကိုလည်း အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခဲ့ကြပါတယ်။

“ ၂ ရက်နေ့က စပြီး ဒီဘက်မှာပိတ်ဆို့မှုတွေရှိတယ်။ မနေ့ကစပြီးတော့ သူတို့ဘက်က (ရဲဘက်က) လောက်လေးခွနဲ့ ပစ်တာလည်းရှိတယ်။ လူတွေကို လိုက်ဖမ်းတဲ့ ပြဿနာတွေ၊ လိုက်ရိုက်တဲ့ ပြဿနာတွေရှိလာပြီ။ ”လို့ မြစ်ကြီးနားမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဆွတ်ဆိုင်းထွယ်က ဖေဖော်ဝါရီ ၁၉ ရက်က ဆိုပါတယ်။

ဆန္ဒထုတ်ဖော်တဲ့နေရာမှာ မြစ်ကြီးနားမြို့ခံတွေနဲ့အတူ အမျိုးသမီးအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သဘာဝ ပတ် ဝန်းကျင်အရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေအားလုံး ဆန္ဒထုတ်ဖော်နေကြတယ်လို့ ဆွတ်ဆိုင်းထွယ်ကဆိုပါတယ်။

“ ကျမတို့တောင်းဆိုတာက တစ်နိုင်ငံလုံးတူညီတာက အာဏာရှင်ကျရှုံးရေးဖြစ်တယ်။ နိုင်ငံတော်ခေါင်းဆောင်တွေနဲ့အတူ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို အမြန်ဆုံးလွတ်ပေးရေး၊ဝန်ထမ်းတွေ CDM လှုပ်ရှားနေတာ ဖြစ်တဲ့အတွက်ကြောင့် CDM လှုပ်ရှားမှု အောင်မြင်ဖို့အတွက် ဆန္ဒဖော်ထုတ်နေတာ ဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

ကချင်နည်းတူ တောင်ပေါ်ဒေသရှိ ကရင်အမျိုးသမီးအများစုကလည်း တပ်မတော်မှ အာဏာသိမ်းလိုက်တဲ့အတွက် လွန်ခဲ့ တဲ့ ၁၀ နှစ်ကျော်ကမငြိမ်းချမ်းခဲ့တဲ့အချိန်မျိုး ပြန်လည်အသက်ဝင်လာပြီး ပေါ်တာဆွဲတာ၊ စစ်ဖြစ်မှာ ကြောက်ရွံတဲ့ အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“ ကျွန်မအမျိုးသမီးဖြစ်နေတာတောင် ပေါ်တာလိုက်ခဲ့ရတာ။ နောက်တစ်ခါပေါ်တာ မလိုက်ချင်တော့ဘူး။ ငြိမ်းငြိမ်း ချမ်း ချမ်းပဲနေချင်တော့တယ်။ အခုစစ်တပ်က အာဏာပြန်သိမ်းတယ်ဆိုတော့ စိုးရိမ်တာပေါ့ ” လို့ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့ ပြောင်သိုကျေးရွာက ကရင်တိုင်းရင်းသူ နော်ဌေးရီက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၁ရက်က ကျရောက်ခဲ့တဲ့ ၇၃ နှစ်မြောက် ကရင်အမျိုးသားနေ့မှာ တောင်ငူခရိုင်၊ ထောတထူမြို့နယ်နဲ့ ဒေါ်ဖခို မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၈၀၊ ပြည်သူလူထု လေးသောင်းကျော်တို့က တပ်မတော်တပ်စခန်းတည်ရှိရာ နေရာ ၁၄ နေရာမှာ ဗမာ့တပ်မတော်တပ်စခန်းများ ရုတ်သိမ်းပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။

“ ငါတို့ ပြည်သူတွေ ကောင်းကောင်းမွန်မွန်နေနေရတာဆိုပြီး ဝမ်းသာနေတာ။ အခုကျတော့ စစ်အာဏာ ပြန်သိမ်းမယ် ဆိုတဲ့ အခါကျတော့ ငါတို့ပေါ်တာပြန်လိုက်ရမလားမသိဘူး။ ကျွန်မတို့ကစိုးရိမ်တယ်လေ” လို့ အသက် ၄၉ နှစ်အရွယ်ရှိတဲ့ နော်ဌေးရီက ဆိုပါတယ်။

တောင်ပေါ်ဒေသရှိကရင်လူမျိုး အများစုက နိုင်ငံရေးနားမလည်သလို၊ ဥပဒေတွေကိုလည်း နားမလည်ပေမယ့် စစ်အာ ဏာရှင်စနစ်ကိုတော့ လုံးဝမလိုချင်တော့ဘူးလို့ နော်ဌေးရီက ဆိုပါတယ်။

“ စစ်အာဏာသိမ်းတယ်ဆိုတာ တစ်ချို့ဆိုရင် နားမလည်ကြဘူး။ စစ်အာဏာရှင်သိမ်းတယ်ဆိုတာ ဘာလဲတဲ့။ စစ်အာဏာ သိမ်းတယ်ဆိုတာ အရင်တုန်းက ခံစားခဲ့ဖူးတဲ့ ဝေဒနာတွေ ပြန်ခံစားရမလား မသိဘူး။ စစ်အာဏာသိမ်းရင် ငါတို့တွေ ပေါ် တာတွေ ဘာတွေ ပြန်လိုက်ရမှာလား မသိဘူးလို့ ငါတို့တွေ ဒီဘဝကို မလိုချင်တော့ဘူး။ ” လို့ နော်ဌေးရီက ပြောပါတယ်။

သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့မှ အသက် ၇၄ နှစ်အရွယ် ကရင်တိုင်းရင်းသူကြီး နော်ဇူးရီကလည်း စစ်တပ်ပေါ်တာ ပါသွားတဲ့သူတွေမှာ မိုင်းနင်းမိကာ အသက်သေဆုံးသူများရှိသလို ကိုယ်လက်အဂါၤစွန့်လွတ်လိုက်ရတဲ့သူများစွာရှိပြီး တိုက်ပွဲကြောင့်ပြေးလွှားရတဲ့ ဒုက္ခတွေကို ရင်ဆိုင်ခဲ့ရတဲ့အတွက် ထိုအဖြစ်ဆိုးများ ထပ်ကြုံရမှာကို ကြောက်ရွံ့နေတယ် လို့ဆိုပါတယ်။

“ ရွာထဲမှာ ပေါ်တာခေါ်ရင် အမျိုးသားချည်းပဲခေါ်တာမဟုတ်ဘူး။ အမျိုးသမီးလည်းခေါ်တယ်။ သူတို့တခါခေါ်ရင် ၁၅၀ -၂၀၀ ခေါ်တယ်။ တခါတလေ အမျိုးသမီးတွေဆို နည်းနည်းညှာမလားဆိုပြီး အမျိုးသမီးတွေလိုက်တာလည်းရှိတယ်” လို့ နော်ဇူးရီက ပြောပါတယ်။

ဒါပေမယ့် “ ပေါ်တာဆွဲရင်းနဲ့ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတဲ့ ဖြစ်စဉ်တွေလည်း အများကြီးရှိခဲ့တယ်” လို့ နော်ဇူးရီက ပြောပြပါတယ်။

ဘောဂလိမြို့၊ ခူပြောင်ကျေးရွာမှ အသက် ၄၃နှစ်အရွယ် နော်ရှာဖောက တိုက်ပွဲတွေဖြစ်လာရင် ကိုယ့်အိမ်ကိုမနေရဲဘဲ ပြေးလွှားခဲ့ရတဲ့ ဘဝမျိုးကို ပြန်ရောက်မှာ လုံးဝမလိုလားတာကြောင့် ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ပေါ်တာဆွဲတာကိုလည်း မခံချင်တော့ဘူး။ သေနတ်သံလည်း မကြားချင်တော့ဘူး။ ကိုယ့်သားသမီးတွေ ဒီလို ပေါ်တာ နောက် မလိုက်ရအောင် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်” လို့ နော်ရှာဖောကဆိုပါတယ်။

အဘွားနော်ဇူးရီက စစ်အာဏာရှင် လက်အောက်မှာ ကြာမြင့်စွာ နေခဲ့ရတဲ့အတွက် ကြောက်စိတ်တွေ မပျယ်သေးတဲ့ အချိန်မျိုးမှာ အခုလို အာဏာပြန်သိမ်းလိုက်တာကြောင့် အရင်လိုအချိန်တွေ ထပ်ဖြစ်လာမှာကို စိုးရိမ်နေပြီး အအိပ်ပျက်၊ အစားပျက်တဲ့အထိ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးရပြီး ၁၀နှစ်အတွင်းမှာ တောင်ပေါ်ဒေသထွက်ကုန်တွေဖြစ်တဲ့ ဒူးရင်း၊ မင်းဂွတ်၊ ဖာလာ၊ ကွမ်းသီး အစရှိတဲ့ သီးနှံတွေကို အချိန်နဲ့တပြေးညီ ပို့ဆောင်ရောင်းချနိုင်တဲ့အတွက် စီးပွားရေးအဆင်ပြေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ဒါတွေက ကုန်ပုတ်တွေ ဖြစ်တယ်။ ဒါတွေကို အချိန်မီ မပို့နိုင်ရင်လည်း ပုပ်သိုးပြီး အလဟသ ဖြစ်တယ်။ အခုမှ လမ်းပမ်း ပွင့်လို့ စီးပွားရေးက ကောင်းမယ်ရှိသေးတယ် အရင်လို ပြန်ဖြစ်မှာကို အကုန်လုံးစိုးရိမ်နေကြတာ” လို့ အဘွားနော်ဇူးရီက ဆိုပါတယ်။

စစ်အာဏာသိမ်းမူအောက်မှာ ကြီးပြင်းလာခဲ့ပြီး အကြောက်တရားနဲ့ နေခဲ့ရတဲ့အထဲမှာ အဘွားနော်ဇူးရီနဲ့ အသက် မတိမ်း မယိမ်းရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မဲနယ်တောင်ရွာက အသက် ၇၀ ကျော်အရွယ် ပအိုဝ်းတိုင်းရင်းသူကြီး မွိုးအုတ်လည်း အပါအဝင်ပါ။

“ တပ်က အာဏာသိမ်းသွားတော့ အရင်တုန်းကလို စစ်ပွဲတွေ၊ တိုက်ပွဲတွေ ပြန်ဖြစ်ပြီး အမေတို့ ထပ်ပြေးရမှာ ကြောက် တယ်” လို့ သူက စိုးရိမ်စွာပြောပါတယ်။

ဟိုအရင် စစ်တပ်အာဏာသိမ်းချိန်တုန်းက သူ့ရဲ့အမျိုးသား ခြံကနေပြန်လာတာကို စစ်သားတွေက အပြစ်မရှိ အပြစ်ရှာ တုတ်နဲ့ ရိုက်နှက်ခဲ့တဲ့ မြင်ကွင်းကိုလည်း မွိုးအုတ် ယနေ့တိုင် မေ့မရသေးပါဘူး ။

“ အမေ့အမျိုးသားဆိုရင် ဘာအပြစ်မှမရှိဘူး။ ခြံကနေအပြန်လမ်းမှာ သူတို့တုတ်နဲ့ရိုက်တယ် ရွာပြန်ရောက်တော့ ကျေးရွာ လူကြီးတွေလည်း အရိုက်ခံရတော့ ခေါင်းတွေပေါက်ပြီးသွေးတွေထွက်နေတာတွေကိုလည်းမြင်ခဲ့ရတယ် ။ အဲလိုမျိုး ထပ်ဖြစ်မှာ အရမ်းကြောက်တယ်။ ” လို့ သူကဆိုပါတယ်။

ဒါ့အပြင် “ သူတို့ကတော့လက်နက်ကြီးတွေနဲ့ ကိုင်ပြီးအာဏာသိမ်းတယ်။ အမေတို့မှာ လက်နက်မပြောနဲ့ ပညာတောင် မရှိ တော့ အမှားလုပ်မိမှာပဲ စိုးရိမ်နေရတယ်။” လို့ မွိုးအုတ်က ဆိုပါတယ်။

မွိုးအုတ်တို့လို အသက် ၇၀ ကျော်အရွယ်တွေက စစ်တပ်အာဏာသိမ်းမှုကို ထိတ်လန့်ကြောက်ရွံ့ကာ လက်မခံကြသလိုပဲ စစ်အာရှင်အောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မတွေ့ကြုံခဲ့ရတဲ့ လူငယ်တွေကလည်း စစ်အာရှင်စနစ်ကို အလို မရှိကြပါဘူး။

ထိုထဲမှာ နေ့တိုင်းလမ်းပေါ်ထွက်ကာ စစ်အာဏာရှင်ကို ဆန္ဒပြနေတဲ့ နန်းရွေစင်ဦးလည်း အပါအဝင်ပါ။

“ ကျမက ၈၈ နဲ့ ၆၂ ကို မမီခဲ့ပေမယ့်လည်း စစ်အာဏာရှင်သိမ်းလိုက်တဲ့အတွက် အကျိုးဆက်တွေက ပညာရေး၊ ကျန်းမာ ရေး အဘက်ဘက်မှာ ဘာမှတိုးတက်တာမရှိဘူး” လို့ သူ့သဘောထားကိုပြောပါတယ်။

အာဏာရှင်လက်အောက်မှာ လွတ်လပ်ခွင့်တွေ ထုတ်ဖော်ခွင့် ရေးသားခွင့်တွေ အများကြီး ဖိနှိပ်ကန့်သတ်ထားခံရတာတွေ လည်း သူကြားခဲ့ဖူးပြီး လက်ရှိမှာလည်း အင်တာနက်ဖုန်းလိုင်းတွေ ပိတ်ပင်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ လည်း ကြုံနေရတာပါ။

ဒါ့ကြောင့် “ ကျွန်မ စစ်အာဏာရှင်ကို ရှုံ့ချပါတယ် ။ လက်မခံနိုင်ဘူး ။ အဖက်ဖက်က နောက်ကျကျန်နေတဲ့ဟာမျိုးကို ပြန် မလိုချင်ဘူး ။ ဒီမိုကရေစီကိုလိုချင်တယ်။ ဘယ်အာဏာရှင်ကိုမဆို ကျွန်မကတော့ အသက်ရှင်နေသေးတဲ့အထိ တိုက် ထုတ်သွားမယ်” လို့ နန်းရွှေစင်ဦးက ခပ်ပြတ်ပြတ်ပဲ ဆိုပါတယ်။

“ ဒါတွေက ကုန်ပုတ်တွေ ဖြစ်တယ်။ ဒါတွေကို အချိန်မီ မပို့နိုင်ရင်လည်း ပုပ်သိုးပြီး အလဟသ ဖြစ်တယ်။ အခုမှ လမ်းပန်း ပွင့်လို့ စီးပွားရေးက ကောင်းမယ်ရှိသေးတယ် အရင်လို ပြန်ဖြစ်မှာကို အကုန်လုံးစိုးရိမ်နေကြတာ” လို့ အဘွားနော်ဇူးရီက ဆိုပါတယ်။

Related Articles