Home ဆောင်းပါး ရှေးဟောင်းအမွေအနှစ်ကြားက သဟဇာတ ပြယုဂ်

ရှေးဟောင်းအမွေအနှစ်ကြားက သဟဇာတ ပြယုဂ်

‌‌

သန့်ရှင်းထွန်း။ ။

ရခိုင်ဘုရင် မင်းဘာကြီးတည်ထားကိုးကွယ်ခဲ့တဲ့ မြောက်ဦးမြို့ သျှစ်သောင်း (ခေါ်) ရန်အောင်ဇေယျပုထိုးတော်ရဲ့ အနောက်တောင်ဘက်မှာ စစ်ဘေးရှောင်တွေကို ခိုလှုံခွင့်ပေးထားတဲ့ မြတန်ဆောင်းဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ကိုးတန်း၊ ဆယ်တန်းအရွယ်ကျောင်းသူ/သားတွေရဲ့ စာရွတ်သံက ညီညီညာညာထွက်ပေါ်နေပါတယ်။

ကျောင်းသား/သူ နှစ်ဆယ်ခန့်ရှိတဲ့ မြတန်ဆောင်းဘုန်းကြီးကျောင်းရဲ့ စာသင်ဆောင်ထဲမှာ ဦးဆောင်သင်ကြားနေတဲ့ ဆရာကို တပည့်တချို့က နားမလည်တာတွေမေး၊ ဆရာက စာလည်းရှင်းပြ လူမှုပတ်ဝန်းကျင်အကြောင်းလည်း ပြောရင်း ဆရာနှင့် တပည့်တွေကြား အဆင်ပြေချောမွေ့နေကြပါတယ်။

ဆရာက ကျောင်းသားတွေကို စာပြတာဟာ ထူးဆန်းတဲ့အရာတခုမဟုတ်ပေမယ့် မြတန်ဆောင်းဘုန်းကြီးကျောင်းမှာ စာပြနေတဲ့ ဆရာနှင့် ကျောင်းသားတွေကြားထဲ အများနဲ့မတူ တမူထူးခြားတာတွေရှိနေပါတယ်။

အဲဒါကတော့ စာသင်နေတဲ့ ကျောင်းသူ/သားတွေဟာ ဗုဒ္ဓဘာသာဝင် ရခိုင်တွေဖြစ်ပြီးတော့ စာပြနေတဲ့ ဆရာကတော့ အစ္စလာမ်ဘာသာဝင် မွတ်ဆလင် တစ်ဦးဖြစ် နေတာပါ။

အဲဒီဆရာကတော့ ဘာသာပြန်စာရေးဆရာ အလုပ်ကိုလုပ်ရင်း ရခိုင်မှာရှိတဲ့ ဘုန်းကြီးကျောင်းက ကျောင်းသူ/သား တွေကို အင်္ဂလိပ်စာ သင်ပြပေးနေတဲ့ ဦးအောင်ခင်ပဲ ဖြစ်ပါတယ်။

အသက် ၇၀ ကျော်ရှိပြီဖြစ်တဲ့ ဦးအောင်ခင်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဇာတိဖြစ်ပြီးတော့ ရခိုင်နဲ့ မွတ်ဆလင် တွေကြား လူမှုသဟာဇာတဖြစ်ရေးအတွက် လုပ်ဆောင်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

ရခိုင်မှာရှိတဲ့ မွတ်ဆလင်တွေထဲမှာ နှစ်ဖက်လူမှုသဟဇာတဖြစ်ရေးအတွက် လုပ်ဆောင်နေတဲ့သူဟာ လက်ချိုးရေ တွက် လို့ရပါတယ်။ အဲဒီအထဲမှာ ဦးအောင်ခင်နဲ့ သူရဲ့ ဇနီးသည်လည်း ပါဝင်ပါတယ်။

ဦးအောင်ခင်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပေါက် တော မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပြီးတဲ့အချိန်ကစလို့ နှစ်ဘက်လူ့အဖွဲ့အစည်းကြား ပြန် လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းစွာနေထိုင်ရေးကို ဆောင်ရွက်ခဲ့တာလို့ ပြောပြပါတယ်။

“ပြဿနာဖြစ်လိုက်တော့ ကျနော်က စာအုပ်လေးတွေ စထုတ်တယ်။ ရခိုင်နဲ့ မွတ်ဆလင်တွေဟာ ခေတ်အဆက်ဆက် အတူတူနေလာခဲ့ကြတာ ဖြစ်တယ်ဆိုတာကို”လို့ ပထမဆုံး လူမှုသဟဇာတဖြစ်ရေး အလုပ်စတင်ဖြစ်ခဲ့ပုံကို ပြောပါ တယ်။

အဲဒီနောက်မှာတော့ ဦးအောင်ခင်ဟာ ၂၀၁၅ ခုနှစ်မှာ ‘သာအောင်’ ဆိုတဲ့ ဂျာနယ်တစ်စောင်ကို ထုတ်ခဲ့ပြီးတော့ ရခိုင် ပြည်မှာ မွတ်ဆလင်တွေဟာ ခေတ်အဆက်ဆက်နေထိုင်လာခဲ့တဲ့ အကြောင်းအရာတွေကို သမိုင်းအထောက်အထား တွေနဲ့ ရေးသားတင်ပြတာတွေကို ဆက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို လူမှုသဟဇာတ အလုပ်တွေလုပ်နေရင်း သူ့အတွက် စိန်ခေါ်မှုတခုက ပေါ်လာခဲ့ပါတယ်။ အဲဒီစိန်ခေါ်မှုကတော့ အရင် ဗိုလ်ချုပ်အောင်ဆန်းခေတ်တုန်းက ရခိုင်ပြည်ကို ကွင်းဆင်းခဲ့တာ၊ မွတ်ဆလင်တွေ ခေတ်အဆက်ဆက်မှာ ပူး ပေါင်းပါဝင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဓာတ်ပုံတွေပါဝင်တဲ့ ပြက္ခဒိန်တစောင်ထုတ်ဝေတဲ့အခါ မဘသအဖွဲ့ရဲ့ တရားစွဲ ဆိုခြင်းကို ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဦးအောင်ခင်

တရားစွဲခံရချိန် ၂၀၁၅ ခုနှစ်မှာ ဦးအောင်ခင်ဟာ တရုတ်နိုင်ငံ ရွှေလီမြို့ကို တိမ်းရှောင်ခဲ့ပြီး ခြောက်လအကြာမှာ မြန် မာနိုင်ငံကို ပြန်လာတယ်လို့ ပြောပြပါတယ်။

အဲဒီလို မြန်မာနိုင်ငံကို ပြန်လာပြီး သူ့ကိုစွဲဆိုထားတဲ့ အမှုကို ဖြေရှင်းဖို့ကြိုးစားခဲ့ပေမယ့် ဖြေရှင်းမရဘဲ ၂၀၁၈ ခုနှစ်မှာ အဖမ်းခံရပြီးတော့ ထောင်ဒဏ်ငါးလခန့် ကျခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲလိုလုပ်ရင်းနဲ့ ရက္ခိုင့်တပ်တော်က ရခိုင်ပြည်ကိုခြေချလာပြီး ဒေသတွင်းမှာလည်း တည်ငြိမ်အေးချမ်းလာတဲ့ အချိန် မှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစတဲ့ မြို့တွေကိုသွားပြီးတော့ နှစ်ဘက်လူ့အဖွဲ့အစည်းက အထင်ကရ လူတွေနဲ့ တွေ့ဆုံပြီး ပြန်လည်သင့်မြတ်ရေးကိစ္စတွေကို ဆောင်ရွက်ခဲ့တယ်လို့ ဦးအောင်ခင်က ပြောပြပါတယ်။

ရခိုင်ပြည်မှာ ရခိုင်နဲ့ မွတ်ဆလင်တွေကြား ပြဿနာတွေ မကြာခဏဖြစ်ရတဲ့အကြောင်းရင်းက လူ့အဖွဲ့အစည်း နှစ်ခုက မမြင်နိုင်ဘဲ နောက်ကွယ်က ပြဿနာဖန်တီးနေတဲ့သူတွေကြောင့်ဖြစ်ပြီး အများစုကတော့ ၁၉၄၂ ခုနှစ် ပြဿနာကို ညွှန်းဆိုကြတယ်လို့ ဦးအောင်ခင်က ပြောပြပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၂ ခုနှစ်က ရခိုင်ပြည်မှာ ရခိုင်နဲ့ မွတ်ဆလင်တွေအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့မှုတွေကို အချိန်ကာလတခုမှာ အဆုံးမသတ်ကြဘဲ ထပ်ပြီးဆွဲခေါ်လာတာကြောင့် ဖြစ်တယ်လို့ ဦးအောင်ခင်က သုံးသပ်ပါ တယ်။

“ကျနော်ကတော့ ၁၉၄၂ ခုနှစ် ပြဿနာကို မညွှန်းချင်ဘူး။ အဲဒီအချိန်က ရခိုင်မှာ အုပ်ချုပ်ရေးကင်းမဲ့ပြီး မင်းမဲ့တိုင်း ပြည် ဖြစ်နေခဲ့တာ”လို့ သူကဆိုပါတယ်။

ဒါပေမယ့် လက်ရှိအနေအထားမှာ ရခိုင်နဲ့ မွတ်ဆလင်ကြား ပြဿနာဖြစ်နေတာဟာ အဖွဲ့အစည်းတခုခုနဲ့ ပြဿနာ ဖန် တီးချင်တဲ့လူတွေရဲ့ သွေးထိုးလှုံ့ဆော်နေမှုကြောင့် ဖြစ်တယ်လို့ ဦးအောင်ခင်က ဆိုပါတယ်။

“၂၀၁၂ ပြဿနာက ၂၀၁၀ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ သက်ဆိုင်နေတယ်။ ကျောက်ဖြူဂတ်စ်ပိုက်လိုင်း စီမံကိန်း ကြောင့် မြေတွေသိမ်းလို့ ရခိုင်ဒေသခံတွေ မြေတွေအသိမ်းခံရလို့ မကျေနပ်တာတွေဖြစ်လာတယ်။ အဲဒီလို ရခိုင်တွေ က ဆူပူမှုတွေ ဖြစ်လာမယ့်အချိန်မှာ အဲဒါကို အာရုံပြောင်းဖို့အတွက် ၂၀၁၂ ပြဿနာကို ဖန်တီးခဲ့တာပဲ”လို့ ပြောပါ တယ်။

လက်ရှိမှာတော့ ရခိုင်ပြည်မှာ ရခိုင်နဲ့ မွတ်ဆလင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သဟဇာတဖြစ်ဖြစ် နေထိုင်နေချိန်မှာ အဲဒီငြိမ်းချမ်းမှုကို နှစ်ဖက်စလုံးက ဆက်လက်ထိန်းသိမ်းထားရမယ်လို့ ဦးအောင်ခင်က ပြောပါတယ်။

အဲဒီအထဲမှာ မွတ်ဆလင်တွေထဲက ပရဟိတစိတ်ရှိဖို့၊ နိုင်ငံရေးတွင် ပါဝင်ဖို့၊ ရခိုင်နဲ့ မွတ်ဆလင်ချစ်ကြည်ရေးအတွက် ဆောင်ရွက်မယ့်သူတွေ မရှိသလောက် နည်းနေသေးပြီး ရခိုင်ဘက်မှာလည်း ပြဿနာဟောင်းတွေကို လက်ကိုင်ထား တဲ့ သူတချို့ရှိနေသေးတယ်လို့ ဆိုပါတယ်။

“မွတ်ဆလင်တွေက ပူးပေါင်းပါဝင်ဖို့လိုတယ်။ ခေတ်ပညာသင်ဖို့လိုတယ်။ ရခိုင်တွေအပေါ်မှာ ရိုးသားမှုရှိဖို့လိုတယ်” လို့ အကြံပြုပါတယ်။

ဦးအောင်ခင်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကျောက်တော်မြို့ ပီချောင်းဘုန်းကြီးကျောင်းမှာရှိတဲ့ ကျောင်းသူ/သားတွေ ကို အင်္ဂလိပ်စာ သင်ကြားပေးခဲ့ပြီးတော့ ၂၀၂၀ ပြည့်နှစ်မှာ မြောက်ဦးမြို့ မြတန်ဆောင်းဘုန်ကြီးကျောင်းက ကျောင်း သူ/သားတွေကို အင်္ဂလိပ်စာ ပြပေးခဲ့ပါတယ်။

လက်ရှိမှာတော့ နိုင်ငံရေးအခြေနေတွေကြောင့် ခရီးသွားလာရေးတွေ အဆင်မပြေတဲ့အတွက် စာပြတဲ့အလုပ်ကို ရပ် ထားပြီး ခရီးသွားလာရေးအဆင်ပြေတဲ့အချိန်ကျရင် စာပြတဲ့အလုပ်ကို ဆက်လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဦးအောင်ခင်က ပြောပြပါတယ်။

အခုလို ဦးအောင်ခင်ရဲ့ လူမှုသဟဇာတဖြစ်ရေးအလုပ်တွေကို လုပ်နိုင်တာဟာ သူ့ဇနီးသည်ရဲ့ ပံ့ပိုးကူညီမှု အများကြီး ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

“သူ့လုပ်ရပ်တွေကို အားပေးတယ်။ အဒေါ်ကိုယ်တိုင်က မွတ်ဆလင်တစ်ဦးဖြစ်ပြီးတော့ မွတ်ဆလင်စကားကို ကောင်း ကောင်းနားမလည်ဘူး။ ကိုယ်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်က ရခိုင်ပတ်ဝန်းကျင်မှာလေ”လို့ ဦးအောင်ခင်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြိုင်တင် ကပြောပါတယ်။

ခင်ပွန်းဖြစ်သူ အခုလိုအလုပ်တွေ လုပ်နေတဲ့အချိန်မှာ မိသားစုစားဝတ်နေရေး အခက်အခဲကြုံတွေ့ခဲ့ရတာတွေ ရှိခဲ့ပြီး သူမအနေနဲ့ သားသမီးစားဝတ်နေရေးကို ပြေလည်အောင် ဆောင်ရွက်ပေးခဲ့တယ်လို့ ပြောပြပါတယ်။

အခုလို ခင်ပွန်းသည်ရဲ့ လုပ်ရပ်တွေမှာ တဖက်တလမ်းက ကူညီပံ့ပိုးပေးရတာဟာ သူကိုယ်တိုင်လည်း လူမှုသဟဇာ တ ဖြစ်ရေးမှာ ခင်ပွန်းသည်နဲ့အတူ ပူးပေါင်းပါဝင်နေတာဖြစ်တယ်လို့ ပြောပါတယ်။

“တိုင်းပြည်တည်ငြိမ်လို့ရှိရင် အဒေါ်ကိုယ်တိုင် ရခိုင်ကိုသွားပြီးတော့ ရခိုင်နဲ့ မွတ်ဆလင်ကြား သဟဇာတဖြစ်ရေး အလုပ်တွေကို ဆက်လုပ်သွားမှာပါ”လို့ ဒေါ်မြိုင်တင်က ဆက်ပြောပါတယ်။

ဒေါ်မြိုင်တင်အနေနဲ့ မွတ်လဆင်လူမှုအသိုင်းအဝိုင်းမှာ ရှိနေသေးတဲ့ အယူသည်းမှု၊ အစွဲအလန်းကြီးမှုတွေကို လျှော့ချ ဖို့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို နားလည်စေဖို့ စည်းရုံးလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

လက်ရှိ ရခိုင်မှာရရှိထားတဲ့ ရခိုင်နဲ့ မွတ်ဆလင်တွေအကြား ချစ်ကြည်ရင်းနှီးမှုတွေကို ဆက်လက် ထိန်းသိမ်းထားဖို့ အတွက် လူမျိုးပေါင်းစုံဟာ စည်းစည်းလုံးလုံးနဲ့ နေထိုင်ကြဖို့လိုပြီး အယူသည်း၊ အစွဲအလန်းကြီးတာတွေကို လျှော့ချ ဖို့လိုတယ်လို့ ဒေါ်မြိုင်တင်က အကြံပြုပါတယ်။

“ငြိမ်းချမ်းနေတဲ့ လူ့အဖွဲ့အစည်းကို ဆက်ထိန်းဖို့အတွက် အစွဲအလန်းတွေကို ဖျောက်ဖို့လိုပါတယ်”လို့ ဒေါ်မြိုင်တင်က သူအမြင်ကို ပြောပါတယ်။

အခုလို မွတ်ဆလင်တစ်ဦးအနေနဲ့ နှစ်ဖက်လူမှုအသိုင်းဝိုင်းကြားထဲမှာ သဟဇာတဖြစ်ရေး အလုပ်တွေကို လုပ်နိုင်လာ ခဲ့တာဟာ ဇနီးဖြစ်သူ ဒေါ်မြိုင်တင်ရဲ့ အားပေးမှုတွေကြောင့်ဖြစ်တယ်လို့ ဦးအောင်ခင် က သူ့အမျိုးသမီးကို ချီးကျူးပါ တယ်။

Author:

Related Articles