လမ်းသွားလမ်းလာ တစ်ဦးမျှသာမရှိတော့တဲ့ လမ်းမမှာ လက်နှိပ်ဓာတ်မီး၊ သံတုတ်၊ သစ်သား၊ တုတ်တို့ကို ကိုင်ဆောင် ထားတဲ့ အမျိုးသမီးငယ် တချို့ဟာ ဘေးဝဲယာကို သတိထားကြည့်ရင်း လမ်းရဲ့ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ကို ခေါက်တုံ့ ခေါက်ပြန်လမ်း လမ်းလျှောက်နေပါတယ်။
ရပ်ကွက်တချို့မှာတော့ တုတ်ချောင်းတွေကို ဘေးမှာချထားရင်း စုဖွဲ့ထိုင်ကာ စကားပြောနေကြတဲ့ အမျိုးသမီးကြီးတွေ ကိုလည်း မြင်တွေ့ရပါသေးတယ်။
အချိန်က ည ကိုးနာရီစွန်းစွန်းသာ ရှိသေးပေမယ့် ရန်ကုန်ညတွေဟာ ပုံမှန်နဲ့မတူ တိတ်ဆိတ် ခြောက်ကပ်နေပါတော့တယ်။ အကြောင်းကတော့ စစ်တပ်က ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် မြို့နေလူထုရဲ့ အိမ်ပြန်ချိန်တွေဟာ စောခဲ့ရ တာပါ။
စစ်တပ်က အာဏာသိမ်းပြီး ၁၂ ရက်အကြာ ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ အကျဉ်းသားနှစ်သောင်းသုံးထောင်ကျော်ကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ထိုထဲကလူတွေကို ရပ်ကွက်တွေထဲ အဖျက်အမှောင့် လုပ်ငန်းတွေလုပ်ဖို့ လွှတ်လိုက် တယ်ဆိုတဲ့ ကောလာဟလ သတင်းတွေထွက်လာပါတယ်။ အချို့ရပ်ကွက်တွေမှာဆိုရင် ထောင်ထွက်တွေကို ဖမ်းမိခဲ့ပါ တယ်။
ဒါကြောင့် ပြည်သူလူထုဟာ အထိတ်တလန့်ဖြစ်စဉ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြုံတွေ့နေရပါတယ်။ ရပ်ကွက် ထဲကို ဓာတ်ဆီပုလင်းချသွားတာ၊ မီးကွင်းပစ်တာ၊ အဆိပ်ခပ်ဖို့ လာတာဆိုတဲ့ ဖြစ်စဉ်တွေနဲ့ လူတွေရုတ်ရုတ်သဲသဲဖြစ် ကြပါတယ်။
အဲ့လိုဖြစ်ရပ်တွေကြောင့် အမျိုးသမီးငယ်တွေ အိမ်ရှင်မတွေကိုယ်တိုင်လည်း အကာအကွယ်ဖြစ်စေမယ့် ရရာပစ္စည်းဆွဲ ယူပြီး လူစိမ်းဖမ်းဖို့ ညအချိန်မတော်လမ်းပေါ် ထွက်လာရပါတော့တယ်။ အဲ့ဒီနောက် ဈေးဝယ်စင်တာတွေမှာ သစ်သား၊ တုတ်၊လက်နှိပ်ဓာတ်မီး ဝယ်ယူနေကြတဲ့ အိမ်ရှင်မတွေရဲ့ ပုံရိပ်တွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။
နောက်ပိုင်း မသမာသူတချို့ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက် ရပ်ကွက်တိုင်းမှာ လုံခြုံရေးအရ ညဘက်ကင်းစောင့်ရတဲ့ တာဝန်ကို လူငယ်လူကြီးမရွေး အလှည့်ကျ တာဝန်ယူဖို့ အကြောင်းဖန် လာပါတော့တယ်။
မြန်မာတစ်နိုင်ငံလုံးရှိ ရပ်ကွက်ကျေးရွာတွေမှာ ရပ်ကွက်အရေးတာဝန်ယူ ဆောင်ရွက်သူ ရပ်မိရပ်ဖတွေမှာ အမျိုးသား အများဆုံးပါဝင်ပြီး အမျိုးသမီးက နည်းပါးပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ညဘက်ကင်းစောင့်တဲ့ တာဝန်ကို နေရာတော်တော်များများမှာတော့ အမျိုးသားအများစုသာ တာဝန်ယူကြပေမယ့် တချို့နေရာတွေမှာတော့ အမျိုးသမီးတွေ ပါဝင်တာကိုလည်း တွေ့ရပါတယ်။
အဲ့ဒီအထဲမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေထိုင်တဲ့ အသက် ၂၀ ကျော်အရွယ် မအိဟန်တစ်ယောက်လည်း ပါဝင်ပါတယ်။ သူနေထိုင်ရာ ရပ်ကွက်မှာတော့ ညဘက် ကင်းစောင့်ကြသူတွေထဲမှာ အသက်၂၀ကျော်အရွယ် မိန်းကလေးသုံးဦးနဲ့ အသက်ကြီးပိုင်း အမျိုးသမီးကြီးနှစ်ဦးသာပါဝင်ပြီးတော့ ကျန်သူတွေက အမျိုးသားတွေ ဖြစ်ကြပါတယ်။
လုံခြုံရေးတာဝန်တွေဆောင်ရွက်ဖို့ ရပ်ကွက်နေပြည်သူတွေ အစည်းအဝေးထိုင်ကြတဲ့အခါ အမျိုးသမီးတွေ ကင်းစောင့် မယ်လို့ အဆိုပြုတဲ့အပေါ် အများစုက လက်မခံကြဘူးလို့ မအိဟန်ကဆိုပါတယ်။
“ အစည်းအဝေးမှာ ယောကျာ်းလေးတွေကိုတော့ by name တပ်ပြီးဘယ်သူ ဘယ်သူပေါ့ ခေါ်တဲ့အခါ ကျွန်မတို့ကလည်း တောင်းဆိုတယ်။ အမျိုးသမီးတွေလည်းပါသင့်တယ်။ အဲ့လိုပြောပြတဲ့အခါ သဘောမတူတဲ့သူတွေက အများကြီးပဲ…ဘာလို့ လဲဆိုတော့ အမျိုးသမီးတွေပါလာရင် သူတို့လုံခြုံရေးအတွက် ထပ်ပြီးစဉ်းစားရမယ်ဆိုတာတွေဖြစ်ကြတယ်။ တော်တော် လေး အခြေအတင်တော့ ပြောလိုက်ရတယ်” လို့ မအိဟန်ကသူ့အတွေ့အကြုံကို ပြောပြပါတယ်။
လူငယ်တစ်ယောက်အနေနဲ့ ရပ်ကွက်လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်သင့်တယ်လို့ ထင်တဲ့အတွက် ပါဝင်တာဖြစ်ပြီး စိတ်တူကိုယ်တူ အမျိုးသမီးတွေကိုလည်း တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။
“ အရင်က ကိုယ်တွေသူငယ်ချင်းထဲမှာတောင် နိုင်ငံရေးအကြောင်းပြောမယ်ဆို မပြောချင်ကြဘူး။ အရမ်းကို ပျင်းစရာ ကောင်းတဲ့ ကိစ္စလို့ ထင်ကြပေမယ့် အခုချိန်မှာတော့ ကိုယ်တတ်နိုင်တဲ့ဘက်လုပ်လာကြတာကိုတွေ့ရတယ်။ ဒီကာလမှာ ပါရမယ်ဆိုတဲ့အသိက လူတွေအားလုံးစိတ်ထဲကို လှုံ့ဆော်သလိုဖြစ်သွားတယ်။ ညီအမတွေလိုဖြစ်လာတဲ့ခံစားချက် တွေဖြစ်လာတယ်” လို့မအိဟန်က သူ့ခံစားချက်ကိုဖွင့်ဟပါတယ်။
အာဏာသိမ်းပြီးနောက် ပြည်သူလူထုဟာ ရပ်ကွက်လုံခြုံရေးအတွက် တာဝန်ယူတာအပြင် အချိန်နဲ့အမျှ ထူးခြား သတင်း တွေကိုလည်း စောင့်ကြည့်နေကြရပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမှာ နေထိုင်တဲ့ အသက်၂၄နှစ်အရွယ် မခြူးရတနာထွန်းကတော့ ရပ်ကွက်လုံခြုံရေးအတွက် ကင်း စောင့်ရင်း သတင်းတွေ စောင့်ကြည့်တဲ့တာဝန်ကို ယူထားတယ်လို့ဆိုပါတယ်။ သူနေထိုင်ရာ ရပ်ကွက်မှာတော့ အမျိုး သမီးကင်းစောင့်တဲ့အဖွဲ့က လမ်းလယ်မှာ နေရာယူကြပြီး အမျိုးသားတွေပါဝင်တဲ့ အဖွဲ့တွေကတော့ လမ်းထိပ်တစ်ဖက် တစ်ချက်စီမှာ စောင့်ကြတယ်လို့သိရပါတယ်။
“ မိန်းကလေးလူငယ်တွေ ထွက်တာက တခုခုများလမ်းထိပ်မှာ တခြားအဖွဲ့အစည်းကတိုက်ခိုက်တာမျိုးရှိရင် ဒေါသ အလျောက်တုံ့ပြန်တာက ယောကျာ်းလေးအများစုက တုံ့ပြန်တတ်တယ်။ အဲ့လိုမလုပ်ဖြစ်အောင် မိန်းကလေးတွေက ထိန်း တဲ့သဘောမျိုးနဲ့ စောင့်ဖြစ်တာ” လို့မခြူးရတနာထွန်းကရှင်းပြပါတယ်။
ညဘက် ကင်းစောင့်တဲ့လုပ်ငန်းဟာ ရက်ရှည်ဆောင်ရွက်ရမှာဖြစ်တဲ့အပြင် လူကြီးတွေရဲ့ ကျန်းမာရေးကို ငဲ့ကွက်တဲ့ အနေ နဲ့ လူလတ်ပိုင်းနဲ့ လူငယ်တွေက ဦးဆောင်ကြတာကိုတွေ့ရပါတယ်။
ကိုယ့်မိသားစုအတွက် ကိုယ်တိုင်စောင့်ရှောက်တာက ပိုအဆင်ပြေနိုင်မယ်ထင်တဲ့အတွက် ကင်းစောင့်ဖြစ်တယ်လို့ ဆိုသူ ကတော့ တောင်ဉက္ကလာပမြို့နယ်မှာနေထိုင်တဲ့အသက် ၂၅နှစ်အရွယ် မမေဖူးပဲဖြစ်ပါတယ်။ သူနေထိုင်ရာလမ်း အတွင်း မှာတော့ ညဘက်ကင်းစောင့်သူ အမျိုးသမီး သူတစ်ဦးသာရှိတယ်လို့ဆိုပါတယ်။
“ အချို့အိမ်ကယောကျာ်းလေးတွေကမစောင့်ကြဘူး။ အဲ့တော့ တကယ်စောင့်ပေးရတဲ့ ယောကျာ်းလေးတွေက ညတိုင်း သူတို့ချည်းပဲကျ အဆင်မပြေနိုင်ဘူး။ ပင်ပန်းတယ် ဒါကြောင့်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးဖြစ်တာပါ။ ညီမအနေနဲ့လည်း ညဘက်တွေသိပ်မအိပ်တတ်ဘူး အဲ့တော့ အထောက်ကူဖြစ်တဲ့နေရာမှာ ရပ်ကွက်အကျိုးအတွက် ပါဝင်အားဖြည့်ပေးတာ ပါ ” လို့ သူကဆိုပါတယ်။
တချို့မြို့နယ်တွေမှာ လုံခြုံရေးတာဝန်ကြတဲ့အမျိုးသားတွေ စားသောက်ဖို့အတွက် အမျိုးသမီးတွေက အစားအသောက် စီစဉ်ပေးကြတာကိုလည်းတွေ့ရပါတယ်။ ။
ဗဟန်းမြို့နယ် အောင်ချမ်းသာအိမ်ယာမှာလည်း ကင်းစောင့်သူ အမျိုးသမီးကြီးတွေကို တွေ့ရပါတယ်။
တူတွေ သားတွေကို စိတ်မချတဲ့အတွက် အဒေါ်ဖြစ်သူ၊ အမဖြစ်သူ အမေဖြစ်သူနဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေက ပါဝင် စောင့်ကြည့်ပေးတာ ဖြစ်တယ်လို့ ဗဟန်းမြို့နယ် အောင်ချမ်းသာအိမ်ယာမှာ နေထိုင်တဲ့ အသက်၃၆ နှစ်အရွယ် မရွှေ မော်ကဆိုပါတယ်။
“ ယောကျာ်းလေးလူငယ်တွေလည်းပါတယ် လူကြီးတွေလည်းပါတယ်၊ လူငယ်တွေများတဲ့အခါ ကျတော့ သူတို့တွေ တစ်ခုခုဖြစ်တဲ့အခါ အမျိုးသမီးတွေက စကားပြောဆိုတဲ့အခါမှာ အလိမ္မာနဲ့ပြောနိုင်တယ်။ လူငယ်တွေ မဖြစ်သင့်တာမဖြစ် အောင် ထိန်းပေးဖို့စောင့်တဲ့သဘောပေါ့” လို့ သူကဆိုပါတယ်။
ညဘက်လုံခြုံရေး တာဝန်ယူသူတွေထဲမှာ အမျိုးသမီး ၁၀ ဦးနီးပါး ပါဝင်ပြီး ည ၉နာရီ ကနေ ၁နာရီအထိ စောင့်ပေးကြ တယ်လို့ သူကပြောပါတယ်။
ကိုယ့်အိမ်လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ လုံခြုံရေးယူရတဲ့ အဖြစ်မျိုး တွေးမိကြမှာမဟုတ်ပါဘူး။ ပုံမှန်ကာလ ညအချိန် တွေမှာ မိသားစုစကားဝိုင်းဖွဲ့ပြော၊ ရုပ်ရှင်ကြည့်၊ဘုရားရှိခိုး၊ တရားထိုင်နေကြရပင်မယ့် အခုအချိန် မှာတော့ အေးအေး ဆေးဆေး မနေနိုင်တော့ဘူးလို့ ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ အသက်၄၆နှစ်အရွယ် ဒေါ်သီတာလှက ပြောပါတယ်။
“အာဏာသိမ်းပြီးထဲက စားလို့မရ သောက်လို့မရ ရင်တုန်မှုတွေကြီးပဲ ညဘက်ရောက်မှာကို တောင်ကြောက်နေရတယ်”လို့ ဒေါ်သီတာလှက ဝမ်းနည်းစွာပြောပြပါတယ်။
အမျိုးသမီးတွေအနေနဲ့ ညဘက်လုံခြုံရေးယူရတဲ့ အခြေအနေဟာ မလွယ်ကူလှပါဘူး။ အသက်အန္တရာယ်ကိုထိခိုက်နိုင်တဲ့ အခြေအနေတွေကလည်း ရှိနေတာကိုတွေ့ရပါတယ်။ လက်တလောဖြစ်စဉ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိတဲ့ အခြေအနေကနေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ညဘက်လုံခြုံရေးတာဝန်ယူနေကြသူ အမျိုးသမီးတွေအပါအဝင် အားလုံးက ဆန္ဒရှိနေကြတာဖြစ်ပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မခြူးရတနာထွန်းက “ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကတော့ အစ်မ တို့မှာ သံတုတ်တွေနဲ့ နိုင်ရာက ဝင်ရိုက်ဖို့ပဲ၊ မိန်းကလေး လူငယ်အဖွဲ့က တိုင်ပင်ထားတယ် အစ်မတို့ဆီက သံတုတ်တွေက အလေးချိန်ပါတဲ့အတွက် အဝေးက လှမ်းပစ်ရင်တောင်မသေနိုင်ပေမယ့် အနီးလေး လာလုပ်တဲ့သူပြေးရင် ဟန့်နိုင်တဲ့ အနေအထားရနိုင်တယ်။စိတ်ပိုင်းဆိုင်ရာကတော့ အဆုံးထိတွေးထားပြီးသားပါ ဘာလို့ဆို အစ်မတို့က လူမှုကူညီရေးကိစ္စ တွေအပြင် မတရားမှုကို ဆန့်ကျင်တဲ့နေရာတွေမှာပါ ပါနေကြတော့အချိန်မရွေးထိခိုက်နိုင်တာကိုပါ ကြိုတွေးထားကြတယ်” လို့ မခြူးရတနာထွန်းက ဆိုပါတယ်။
“ အကုန်လုံးကို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်တယ်။ ဒီစိတ်နဲ့ပဲ တွန်းလှန်နေကြတာ မိသားစုတွေပျော်ပျော်ရွှင်ရွှင်နဲ့ အေးအေး ဆေးဆေးနေချင်တဲ့အနေအထားကို အမြန်ဆုံးရောက်စေချင်တယ်။ လူငယ်တွေဆိုမျိုးစုံစိတ်ပင်ပန်းကြရတယ်။ အဲ့လိုအနေ အထားကို ပြီးစေချင်ပြီ။ ကင်းစောင့်ရတဲ့နေ့တွေကို အမြန်ဆုံး ပြီးဆုံးချင်ပြီ” လို့ မခြူးရတနာထွန်းက ဆိုပါတော့တယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021