Home မေးမြန်းခန်း နေပြည်တော်ဆန္ဒပြပွဲတွင်ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးများနှင့်မေးမြန်းချက်

နေပြည်တော်ဆန္ဒပြပွဲတွင်ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးများနှင့်မေးမြန်းချက်

HI။ ။
နေပြည်တော်တွင် နှစ်ငါးလုံးလူထုလှုပ်ရှားမှု “နွေဦးတော်လှန်ရေး” ခေါင်းစဉ်ဖြင့် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့် ကျင် ဆန္ဒပြနေသည့် ပြည်သူများကို လုံခြုံရေး ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းဖမ်းဆီးခဲ့ရာတွင် အမျိုးသမီးများအများဆုံး အဖမ်းခံခဲ့ရသည်။ ဖမ်းဆီးရာတွင်လည်း အမျိုးသမီးများ ကာယအိန္ဒြေပျက်ပြားအောင်ဖမ်းဆီးခဲ့ကြသည်။

နောက်ရက်တွင် ဖမ်းခံရသူ ၂၀၀ နီးပါး ပြန်လည်လွတ်မြောက်လာသော်လည်း အမျိုးသားငါးဦးကိုမူ သဘာဝဘေးစီမံခန့် ခွဲမှု ဥပဒေပုဒ်မ၂၅ ဖြင့် ပုဗ္ဗသီရိနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားသည်။

ထို့ကြောင့် ဖမ်းဆီးခံရသူများထဲတွင်ပါဝင်သည့် အမျိုးသမီးများ မည်သို့ကြုံတွေ့ခဲ့ရသည်များနှင့်စိတ်ပိုင်းဆိုင်ရာခံစားချက် များကို HIက မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

မဖြူဖြူ (ဆန္ဒထုတ်ဖော်သူ)
“ စစ်အာဏာရှင်လက်အောက်မှာ မနေနိုင်လို့ ဆန္ဒထွက်ပြတာပါ။ ညီမတို့က ဆိုင်ကယ်နဲ့ပတ်တာ။ ဆိုင်ကယ်အဖွဲ့ထဲမှာပဲ လိုက်တာ။ နှင်းဆီပန်းအဝိုင်းမှာ လူတွေ အရမ်းများနေတော့ ဘောဂသီရိကားကွင်းဘက်ကို လှည့်အထွက်မှာ နောက်က နေပြီးတော့မှ ရဲကားတွေက အသားကုန်လိုက်လာတာ။ ရေကားတွေရော၊ အဲ့ဒီအချိန်မှာ ဆန္ဒပြတဲ့လူအုပ်ကလည်း ဆိုင် ကယ်နဲ့ပြေးကြတယ်။ ညီမတို့ကျ ဆိုင်ကယ်လည်း အကြမ်းမမောင်းနိုင်တော့ နီးစပ်ရာ ကားကွင်းထဲကို ဝင်မယ်အလုပ်မှာ အနောက်က ပြေးလာတဲ့ ဆိုင်ကယ်ကဝင်တိုက်မိတာ။ ဆိုင်ကယ်လဲသွားတဲ့ အချိန်မှာရဲကဆွဲခေါ်သွားတာ။ အဲ့ဒီအချိန် မှာမိသွားတာ။ ဆိုင်ကယ်အပေါ်မှာ သုံးယောက်စီးတာ တစ်ယောက်က ပြေးတော့လွတ်သွားတယ်။ ညမတို့ နှစ်ယောက်ပါ သွားတာပေါ့။ အဲ့ဒီနေ့က ဖမ်းမိတဲ့သူတွေအားလုံး ရဲတပ်ရင်း ၂၀မှာထားတာ။ အဲ့ဒီမှာ တစ်ညအိပ်ခဲ့ရတယ်။ ဟိုမှာ ယောကျာ်းလေးနဲ့ မိန်းကလေးအတူတူတော့မထားဘူး။ ဖမ်းလာတဲ့မိန်းကလေးတွေတော့ အတူတူထားတယ်။ ညီမတို့ မိန်းကလေး အယောက် ၁၀၀ ကျော်တယ်။

အထဲရောက်သွားတော့ အကြမ်းဖက်တာတော့မရှိတော့ဘူး။ စားချိန်လည်းပုံမှန်ကျွေးတယ်။ ထမင်းချိန် ထမင်း၊ ကော်ဖီချိန် ကော်ဖီတော့တိုက်တယ်။ ညီမတို့လွတ်အောင်ဘယ်သူတွေက အပြင်ကနေ လုပ်ပေးတာလဲတော့မသိဘူး။ လွတ်မယ် ဆိုတော့ ညီမတို့ မိန်းကလေးတွေကို အကုန်လုံးထုတ်ပေးတာ။ မိန်းကလေးတွေ ပြီးတော့မှ ယောကျာ်းလေးတွေ ထုတ်ပေး တာဆိုတော့ အထဲမှာ ယောကျာ်းလေးတစ်ချို့လည်း ကျန်တယ်ပြောတယ်။ ဒါပေမယ့် ဘယ်လောက်ကျန်ခဲ့တယ်ဆို တာတော့ အတိအကျမသိဘူး။

ညီမတို့ ဆန္ဒပြတဲ့ အချိန်မှာ သူတို့ သတ်မှတ်ထားတဲ့ စည်းကို ပြည်သူတွေက တစ်ယောက်မှ မကျော်ဘူး။ သူတို့က တဖြေး ဖြေးနဲ့ လူအုပ်ဘက်ကို တိုးလာတာ။ ပြည်သူကလည်း ဖြည်းဖြည်းချင်း နောက်ဆုတ်ပေးတယ်။ ပြီးတော့မှ သူတို့က ကား တွေနဲ့အကြမ်းမောင်းလာတာ။ ပြီးတော့မှ ကားပေါ်က ဆင်းလာပြီး နီးစပ်ရာကို အကုန်လိုက်ဖမ်းတာ။ကိုယ်တွေက ဆဲဆို နေတာလည်း မဟုတ်ဘူး။ အကြမ်းလည်းမဖက်ဘူး။ အဲ့တာကို အကြမ်းဖက်တာတော့ လွန်လွန်းတယ်။ သူတို့ဖမ်းချင်တယ် ဆိုရင် အေးအေးဆေးဆေး ဖမ်းခေါ်ရင် လိုက်ရမှာလေ။ ဘာလို့လဲဆိုတော့ သူတို့က လက်နက်တွေနဲ့ လေ။ အခုလို အကြမ်းဆွဲခေါ်တော့ ညမတို့ ကာအိန္ဒြေပျက်ပြားတယ်။

ညမတို့ အခုလို အဖမ်းခံရလို့ ကြောက်သွားမှာတော့မပါဘူး။ ဒါက ကိုယ်တွေနိုင်အောင်တိုက်မှဖြစ်မှာလေ။ နောင်လာ နောက်သားတွေအတွက် အခုချိန်မှာ ကိုယ်တွေလက်လျော့လိုက်တယ်ဆိုရင် အရင်တုန်းက ဘဝကိုပြန်ရောက်သွားမှာ။ ပညာရေးကအစ ဒီလို ဘဝမျိုးကို ပြန်အရောက်မခံနိုင်လို့ အဆုံးထိလျောက်သွားမှာပါ။”

မနှင်းမြ (တက္ကသိုလ်ကျောင်းသူ)
“ MICC 2 အနီးဆွာလမ်းဆုံနားမှာ ညီမတို့ကိုဖမ်းတာ။ ညီမတို့ကကြောက်တော့ပြေးတာ။ ချောက်ထဲရောက်သွားတာ။ သူတို့က အပေါ်ကနေတက်ခဲ့ ဘာမှမလုပ်ဘူးဆိုပြီးပြန်ခေါ်တာ။ ဒါနဲ့ အပေါ်ပြန်တက်ဆိုတော့တက်လာကြတာ။ အရှေ့ကို သွားဆိုလို့သွားတော့ အရှေ့မှာ ရဲတွေကစောင့်နေပြီး အချုပ်ကားပေါ်တက်ဆိုတော့ အချုပ်ကားပေါ်ကို တက်ရတာ။ညီမတို့ ကားပေါ်တက်တော့ ရဲမေတွေက ပါတာတွေအကုန်သိမ်းတာ။ ညမတို့ဖုန်းတွေလည်း အကုန်သိမ်းတာ။ ဒီဖုန်းတွေ ရုံးကိုေ ပးရမှာဆိုပြီး ပြန်လာတဲ့အထိ ပြန်မပေးဘူး။ တပ်ရင်း ၂၀ကို ခေါ်သွားတာ။ ဟိုရောက်တော့ ညီမတို့နာမည်၊ အဖေ၊ အမေ နာမည်၊ အလုပ်အကိုင်၊ ဖုန်းနံပတ်၊ ရပ်ကွက်တွေမေးတယ်။ ပြီးတော့ ဒီအတိုင်းပဲထားတယ်။ ညပိုင်းရောက်မှ တစ်ယောက် ချင်းဆီ ခေါ်ပြီး ဖမ်းခံရတဲ့ ဖြစ်စဉ်မေးတာ။

ညီမက ပခုက္ကူတက္ကသိုလ်ကဆိုတော့ ပခုက္ကူတက္ကသိုလ်က ကျောင်းသားတွေက CDMမှာ ပါဝင်ပြီး ဆိုင်းဘုတ်တွေ ကိုင် ထားကြတာဆိုတော့ အဲ့ဒီအဖွဲ့ထဲက တစ်ဖွဲ့ထဲလားဆိုပြီးတော့ ခေါင်းဆောင်ဘယ်သူလဲဆိုတာ မရမချင်းကိုမေးတာ။ ညီမ ကလည်းဒီမှာနေတာကြာပြီ။ အဲ့ဒီအဖွဲ့ထဲကမဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းထဲကမှလည်းမဟုတ်ဘူး။ ပြည်သူတစ်ယောက် အနေနဲ့ လက်သုံးချောင်းထောင်ပြီး ဆန္ဒလိုက်ပြတာပါလို့ပဲ ပြန်ဖြေခဲ့တာ။

သူတို့ ညီမပြောတာကို စာလိုက်ရေးတာပဲ။ အဲ့ဒီထဲမှာ မိန်းကလေးတွေ အစုလိုက်နေရတာ။ ငါးယောက်တစ်ဖွဲ့ ၊ ခြောက် ယောက်တစ်ဖွဲ့အိပ်တော့ စောင်၊ ခေါင်းအုံးတော့မပေးဘူး။ ရဲသားတွေ အိပ်တဲ့နေရာထင်တယ်။ အဲ့ဒီမှာ အကုန်လုံး အပြား လိုက် အိပ်ကြရတာ။ ပြန်တော့လက်မှတ်ထိုးခဲ့ရတယ်။ စာရွက်အပေါ်မှာ နာမည်ရယ် ၊ အဖေအမေနာမည်ရယ် အဲ့ဒီဘေး မှာ လက်မှတ်ထိုးခဲ့ရတာ။ တခြားစာတော့ ရေးထားတာမတွေ့ရဘူး။ ပြန်ခါနီးမှာ နင်တို့ဟာ နင်တို့ ဆန္ဒပြချင်လည်း ပြ၊ မပြချင်လည်း နေတဲ့။ ပြလို့လည်းမပြောဘူး။ မပြနဲ့လို့လည်းမပြောဘူးတဲ့။ ကိုယ်ကြိုက်တာကိုယ်လုပ်လို့ရတယ်တဲ့ အဲ့ဒီလို တောင် မှာလိုက်သေးတယ်။

အစပိုင်းမှာ ဖမ်းခံထိတော့ နည်းနည်းကြောက်သွားတယ်။ နောက်ပိုင်းကျတော့ လူတွေအများကြီးပဲ ဆိုတော့ မကြောက် တော့ဘူး။ သူလိုကိုယ်လိုတွေ ချည်းပဲဆိုတော့ မကြောက်တော့ဘူး။ အခုလို အဖမ်းခံရလို့လည်း ဒီတိုက်ပွဲကို နောက်ဆုတ် မှာတော့ မဟုတ်ဘူး ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။ ”

မသက်နှင်း (CDM ဝန်ထမ်းတစ်ဦး)
“ ခေါ်သွားတဲ့ အချိန်ကစပြီး ဖိအားတော့ မပေးဘူး။ မိန်းကလေးနဲ့ယောက်ျားလေးတွေကို သတ်သတ်ဆီထားလိုက်တယ်။ နာမည်တွေတောင်းတယ်။ နေရပ်လိပ်စာတွေတောင်းတယ်။ ကျောင်းသားလား၊ အစိုးရဝန်ထမ်းလား၊ ရိုးရိုးအရပ်သားလား မေးတယ်။ ပြီးတော့ ဓာတ်ပုံ ရိုက်တယ်။ ပြီးတော့လက်မှတ်ထိုးခိုင်းတယ်။ ဘာမှတော့မခိုင်းဘူး။ စားချိန်ကျွေးတယ်။

ညီမတို့ အကုန်အဖမ်းခံရတာ ၂၀၀ နီးပါးပဲ။ သုံးဖွဲ့ကဖမ်းမိတဲ့သူတွေပေ့ါ။ ဆွာမီးပွိုင့်ရယ်၊ ကားကြီးကွင်းနားရယ်၊ နှင်းဆီ ပန်းအဝိုင်းရယ် ဒီနေရာမှာအကုန်စုဖမ်းတာ။ ညီမတို့ ပြန်လွတ်လာတော့ မိန်းကလေးတွေက အကုန်လွတ်တယ်။ ကား ပေါ်မှာ ပြောသံကြားတာက ယောကျ်ားလေး ငါးယောက်လောက်တော့ ကျန်ခဲ့တယ်တဲ့ အမှုဖွင့်မယ်လို့ ကြားတယ်။

စဖမ်းတုန်းအတင်းဆွဲလွဲပြီးဖမ်းတာဆိုတော့ ဒေါသထွက်တာပေါ့။ ဒါကိုတော့ မကျေနပ်ဘူး။ ကောင်းကောင်းမွန်မွန်ဖမ်းပြီး ကားပေါ်တက်ခိုင်းရင်တော်သေးတယ်။ တချို့မိန်းကလေးတွေဆို အင်္ကျီတွေ ပြဲကုန်တာလည်းရှိတယ်။ ဒါမျိုးတွေ မြင်ရ တော့ မခံနိုင်ဘူး။

ညီမတို့ကို အခုလို ဖမ်းလိုက်လို့ ညီမတို့က ရပ်တန့်သွားမှာတော့မဟုတ်ဘူး။ ညတို့ကို အပြင်ပန်းသဏ္ဍာန်ကိုသာ ဖမ်းလို့ ရတာလေ။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကိုတော့ သူတို့ တားလို့ မရပါဘူး။”

Related Articles