Home မေးမြန်းခန်း “(လွှတ်တော်ထဲ) ပါသွားတဲ့ အမျိုးသမီးတွေကလည်း ကိုယ့်ရဲ့ စွမ်းအားကိုပြမှ နောက်လူတွေက ဆက်ပြီးတော့ (အမျိုးသမီးအမတ်တွေကို)ယုံကြည်မှာ”

“(လွှတ်တော်ထဲ) ပါသွားတဲ့ အမျိုးသမီးတွေကလည်း ကိုယ့်ရဲ့ စွမ်းအားကိုပြမှ နောက်လူတွေက ဆက်ပြီးတော့ (အမျိုးသမီးအမတ်တွေကို)ယုံကြည်မှာ”

မိုးမိုး။ ။

၂၀၂၀ ရွေးကောက်ပွဲမှာ တစ်ဦးတည်းသော မသန်စွမ်းအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။သူကတော့ မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါ်ချောစုလှိုင်ဖြစ်ပါတယ်။

အင်အားကြီးနိုင်ငံရေးပါတီမှ ကိုယ်စားလှယ် ၆ဦး နဲ့အတူ မြောက်ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် နေရာအတွက် ဝင်ရွေးခံခဲ့တဲ့ သူမဟာ ရွေးကောက်ပွဲမှာတော့ အနိုင်မရခဲ့ပါဘူး။

ဒါပေမယ့် ယခင်ရွေးကောက်ပွဲတွေထက် အမျိုးသမီးကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်သွားတဲ့အပေါ် သူမက အားကျေနပ်နေခဲ့ပြီး လွှတ်တော်ထဲရောက်အမျိုးသမီးတွေအနေနဲ့ အလုပ်ကြိုးစားပါမှ အနာဂတ်မှာ အမျိုးသမီးအမတ်တွေ ပိုနေရာရလာမယ်လို့လည်း သူမကဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ ရွေးကောက်ပွဲဝင်ရတဲ့အပြင် မသန်စွမ်းတစ်ဦးလည်းဖြစ်တဲ့အတွက် အခြားသူတွေနဲ့ ကွဲပြားတဲ့ သူမရဲ့ရွေးကောက်ပွဲခရီးနဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးလှုပ်ရှားမှုအစီအစဉ်တွေကို မေးမြန်းတင်ဆက်လိုက်ပါတယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားတွေနဲ့ တန်းတူ ဝင်ရောက် အရွေးခံရတဲ့ အချိန်မှာ အဓိက စိန်ခေါ်မှုတွေက ဘာတွေ ရှိပါသလဲ။
ဖြေ ။ ။ ကျမတို့နိုင်ငံမှာဆိုရင် အမျိုးသမီး ပါဝင်ခွင့်ဆိုတာက နေရာပေးမှုတွေက တော်တော်လေးကို လိုအပ်နေတဲ့ အခြေအနေဖြစ်တယ်။ လိုအပ်တဲ့ အကြောင်းကလည်း ယဉ်ကျေးမှုတွေ ခွဲခြားဆက်ဆံမှုတွေ၊ အမျိုးသမီးတွေဆိုရင် အိမ်ထောင်ရှင်မပဲ လုပ်ရမယ်ဆိုတဲ့ အတားအဆီး အမြင်လေးတွေ ရှိတယ်။

အဲ့လို အတားအဆီးတွေ ရှိနေတော့ ယုံကြည်မှုက အဓိက လိုအပ်နေတာပေ့ါ။ အမျိုးသမီးတွေက ဘယ်လောက်ပဲ အရည်အချင်းရှိလို့ လုပ်နိုင်ပေမယ့်လည်း လူအများရဲ့ ယုံကြည်မှုပေါ့နော်။ အဲ့ဒါက ကျမတို့ရဲ့ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ပါတယ်။

လူတော်တော်များ မှတ်ထားကြတာက အမျိုးသားတွေပဲ ဦးဆောင်နိုင်တယ်ဆိုတာမျိုးပေါ့။ အဲ့ဒါမျိုးမှတ်ထားကြတော့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ စိတ်တွေ ယုံကြည်မှုအပြည့်မရတဲ့ စိန်ခေါ်မှုတွေ ကြုံရပါတယ်။ ကျမဆိုရင် မသန်စွမ်းအမျိုးသမီးဖြစ်တယ်ပေါ့နော်။

ကျမတို့ နိုင်ငံမှာက ဖွံ့ဖြိုးတိုးတက်တဲ့ အသိဉာဏ်ပညာရှိတဲ့ လူတွေက လက်ချိုးရေလို့ ရတဲ့ အနေအထားမှာ ရှိနေတယ်။ တော်တော်များက မသန်စွမ်းဆိုရင် ဘာများ လုပ်နိုင်မှာလဲ။ ဘာဖြစ်လို့လုပ်နေတာလဲ။ အိမ်မှာပဲ အေးအေးဆေးဆေး နေပါလား။ ဒါမျိုးအမြင်တွေက ရှိနေတယ်။ နိုင်ငံရေးနယ်ပယ်က ဒီလောက်ကျယ်ပြန့်တာ ဆိုတဲ့ အတွေးအခေါ်တွေကြောင့်မလို့လည်း ကျမဆိုရင် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါတယ်။

“မသန်စွမ်းအမျိုးသမီး ဖြစ်တဲ့ အတွက် အများကြီး Bulling လုပ်တာ ခံရတယ်။ အကျိုးတွေ၊ အကန်းတွေက နိုင်ငံတော်ကို တက်ပြီးတော့မှ ဘာလုပ်ရမှာလဲလို့။ အဲ့လိုမျိုးပေါ့။ နောက်တစ်ခုက ကျမလွှတ်တော်ထဲ ရောက်မယ်ဆိုရင် ကျမ လွှတ်တော် ရောက်ဖို့ အတွက်တောင်မှ ဝှီးချဲ တွေတောင်မှ ဝယ်ပေးရဦးမှာ။ ဝှီးချဲ လမ်းတွေ ထပ်ပြီးမှ အသစ်ဖောက်ပေးရမှာ အကုန်အကျများတာတို့ …ဒါ ကျမ မှတ်မိတာကိုပဲ ပြောပြတာနော်။ ဒါမျိုးတွေ တော့ ကြုံရတာပေါ့နော်။ ”

မေး။ ။ ရွေးကောက်ပွဲမှာ အရွေးမခံရတာ ဘာကြောင့်လဲလို့ သုံးသပ်မိတာ ရှိပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲမှာ အရွေးမခံခြင်းက နံပါတ် ၁ အနေနဲ့တော့ ကျမတို့ရဲ့ ကြိုးစားမှု လိုအပ်သေးတယ်လို့ ကျမ မြင်ပါတယ်။ နိုင်ငံရေး နယ်ပယ်ကို ဝင်ရောက်လာတာက လပိုင်းသား အနေအထားဖြစ်တဲ့ အတွက် ကျမတို့ ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေ လက်ခံအောင် လုပ်ဖို့ လိုအပ်သေးတယ်လို့ ကျမကတော့ ကိုယ့်ကိုကိုယ်ထင်ပါတယ်။

နံပါတ် ၂ က ကျမတို့မှာ အတားအဆီး အကန့်အသတ်တွေ အများကြီးရှိတယ်။ ကိုဗစ်ရောဂါ ပိုး အခြေအနေမှာဆိုရင် တဖက်ကလည်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စည်းကမ်းချက်တွေ ကျမတို့က လိုက်နာရတဲ့ အပိုင်းမှာ ဖြစ်တဲ့အတွက် လူထု ဆီရောက်အောက် သွားလို့ မရတဲ့ အနေအထားတွေ ကြုံရပါတယ်။
နောက်တစ်ခုက A နဲ့ B လောက်ပဲ လူအများစုက အသိအမှတ်ပြုထားကြတယ်။ ကျမတို့ရဲ့ အသစ် အသစ်တွေရဲ့ နိုင်ငံရေး ပါဝင်လာမှုနှုန်း လက်ခံနိုင်မှု အတိုင်းအတာအရ ကျမတို့ရဲ့ ပြည်သူတွေရဲ့ အသိပညာနဲ့ အများကြီး ဆိုင်သေးတယ်လို့ ကျမ အနေနဲ့ ထင်ပါတယ်။

မေး ။ ။ ရွေးကောက်ပွဲ ရလဒ် ထွက်ရှိလာတဲ့ အပေါ်မှာ အမျိုးသမီးတစ်ယောက် အနေနဲ့ စိတ်ဓာတ် ကျသွားတာမျိုးရော ရှိလား။ ကိုယ်ရဲ့ စိတ်အင်အားကို ဘယ်လို မြှင့်တင်ထားပါသလဲ။
ဖြေ ။ ။ အရွေးမခံလို့ စိတ်ဓာတ်ကျတာတော့ မရှိပါဘူး။ ရွေးကောက်ပွဲရဲ့ ဗဟုသုတတွေ တချို့ အရာတွေဆိုရင် အချိန်တိုအတွင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့တာပေါ့နော်။ ဒီအတွေ့အကြုံကနေ ရှေ့ဆက်ပြီး ဘယ်လို လုပ်ဆောင်ရမယ်။ ဘယ်လို ပြင်ဆင်ရမယ်ဆိုတာကို ကျမတို့က မြင်လာတော့ အများကြီး ကြိုးစားလို့ ရသေးတယ်ဆိုတာကို လမ်းဖွင့်ပေးလိုက်တယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ ကိုယ်ကိုတိုင် ရွေးကောက်ပွဲမှာ အရွေးမခံ ရပေမယ့် အမျိုးသမီးရေးနဲ့နိုင်ငံရေးတွေကို ဘယ်လိုဆက်လက် လုပ်ဆောင်သွားမယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ ။ ။ ရှိပါတယ်။ နိုင်ငံရေးဆိုတာက လွှတ်တော်အတွင်း နိုင်ငံရေးရှိသလို လွှတ်တော် ပြင်ပနိုင်ငံရေးဆိုပြီး နှစ်ရပ် ရှိပါတယ်။ ကျမတို့ လွှတ်တော်အတွင်းကို မဝင်ရပေမယ့်လည်း လွှတ်တော်ပြင်ပ နိုင်ငံရေး အနေနဲ့ ကျမတို့ ဝိုင်းဝန်း ပံ့ပိုးပြီးတော့ ဦးဆောင်ရမယ့် အပိုင်းတွေ၊ လွှတ်တော် ပြင်ပ နိုင်ငံရေးမှာ ဦးဆောင်ရမယ့် လုပ်ငန်းတွေ အများကြီး ရှိပါ တယ်။ လွှတ်တော် အတွင်းနဲ့ လွှတ်တော် ပြင်ပ ဟန်ချက်ညီညီ သွားဖို့ ကျမတို့ ရည်ရွယ်ထားပါတယ်။

မေး ။ ။ အမျိုးသမီးတွေက အမျိုးသားတွေလောက် အလုပ် မလုပ်နိုင်ဘူး။ ရင်ဘောင် မတန်းနိုင်တဲ့ အမြင်တွေ ရှိနေ တော့ ကိုယ်စားလှယ်လောင်း ရွေးချယ်သွားတဲ့ အပေါ်မှာရော ဒီအချက်က သက်ရောက်မှု ရှိတယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ကျမပွင့်ပွင့်လင်းလင်းပြောရရင် အခု အမျိုးသမီးတွေ များသောအားဖြင့် အမျိုးသမီး ပါဝင်မှုနှုန်းကို အမျိုးသားများက လက်ခံလာကြတယ်။ သို့ပေမယ့် နိုင်ငံရေး အနေအထားရ ကြည့်မယ်ဆိုရင် အစောက ပြောသလို ပြည်သူတွေက A မှ A , B မှ B ဒါမျိုး အစွဲတွေ ရှိနေသမျှ ကာလပတ်လုံး အမျိုးသမီးပဲ ဖြစ်ဖြစ်၊ အမျိုးသားပဲ ဖြစ်ဖြစ် ကျမတို့ရဲ့ စိန်ခေါ်မှုက အမျိုးသမီးရယ်၊ အမျိုးသားရယ် မဟုတ်ဘဲနဲ့ ကျမတို့ အမျိုးသမီးတွေ အထူးသဖြင့် ကြားညှပ်ပါသွားတယ်လို့ပဲ ပြောရမှာပေါ့။

“နိုင်ငံရေး နယ်ပယ်ကို ဝင်ရောက်လာတာက လပိုင်းသား အနေအထားဖြစ်တဲ့ အတွက် ကျမတို့ ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေ လက်ခံအောင် လုပ်ဖို့ လိုအပ်သေးတယ်လို့ ကျမကတော့ ကိုယ့်ကိုကိုယ်ထင်ပါတယ်။ A နဲ့ B လောက်ပဲ လူအများစုက အသိအမှတ်ပြုထားကြတယ်။ ကျမတို့ရဲ့ အသစ် အသစ်တွေရဲ့ နိုင်ငံရေး ပါဝင်လာမှုနှုန်း လက်ခံနိုင်မှု အတိုင်းအတာအရ ကျမတို့ရဲ့ ပြည်သူတွေရဲ့ အသိပညာနဲ့ အများကြီး ဆိုင်သေးတယ်လို့ ကျမ အနေနဲ့ ထင်ပါတယ်။”

မေး ။ ။ အခုရွေးကောက်ပွဲက နိုင်တာ ရှုံးတာ အဓိက မဟုတ်ဘဲ ဖြတ်သန်းမှု တစ်ခုကို အတွေ့အကြုံယူတယ်လို့ သဘောထားမယ်ဆိုရင် အမ အနေနဲ့ ကိုယ့်အတွက် မှတ်မှတ်ရရ ရှိစေမယ့် ဘယ်လို အတွေ့အကြုံ ရခဲ့ပါသလဲ။
ဖြေ ။ ။ ကျမက မသန်စွမ်း အမျိုးသမီးဖြစ်တယ်ပေါ့နော်။ အတွေ့အကြုံဆိုရင် နောက်လာမယ့် အနာဂတ်မှာ ကျမတို့ ပြင်ဆင်စရာ အတွေ့အကြုံတွေ အများကြီး ရတယ်။ ဘာလို့လဲ ဆိုတော့ ကျမတို့ မသန်စွမ်းတွေ အားလုံးမှာ မဲပေးပိုင်ခွင့် ဆိုတာ နိုင်ငံသားတိုင်းမှာ ရှိတယ်ပေါ့နော်။

မသန်စွမ်းတွေ အားလုံးက လည်းမဲပေးချင်တယ်။ သို့ပေမယ့် မဲပေးရုံတွေက ပြင်ဆင်ထားတာက အခုဆိုရင် ကိုဗစ်ရောဂါ ပိုးနဲ့ ဖြစ်နေတာ ဖြစ်တဲ့ အတွက် အစားထိုး မဲရုံတွေဆိုတာ ပေါ်လာတယ်။ အစားထိုး မဲရုံတွေက တစ်ချို့ အထပ် အမြင့်ကြီး မှာ အဆောက် အဦး အမြင့်ကြီးတွေမှာ ကျမတို့ တက်ပြီး မဲပေးရတာ အဆင်မပြေဘူးပေါ့နော်။

မဲပေးရရင် ပြီးရောပေါ့နော်။ ကျမတို့ကို အောက်ကိုဆင်းပြီးတော့ မဲပေးရမယ့် အနေအထားမျိုးတွေ ရှိမယ်ဆိုရင်လည်း ကျမ တို့က လွတ်လပ်ပြီး လုံခြုံတဲ့ မဲပေးရတာမျိုးကို ကျမတို့ မရဘူးဆိုတာ မြင်ရတယ်။ ဘာကြောင့်လဲဆိုရင် ကျမတို့ (ဥပမာ) ဆိုရင် A B C D စသည်ဖြင့် ရှိတယ်ပေါ့။ ကျမတို့က A ကိုပေးလိုက်တယ်ထားပါတော့ B သမားက ကျမတို့ကို မကျေနပ်ရင် ရန်ရှာတဲ့ ပုံစံမျိုးတွေ ဖြစ်တတ်တယ်။

ဒါကြောင့် မဲပေးတဲ့ အခါမှာ လွတ်လပ်ပြီးတော့ လုံခြုံတဲ့ မဲပေးစနစ်ကိုလည်း ကျမက မြင်တွေ့ရတယ်။ ဒါမျိုးပြင်ဆင်ဖို့ ပေါ့နော်။ နောက်တစ်ခုက ကျမတို့ရဲ့ မသန်စွမ်း နယ်ပယ်တင် မဟုတ်ဘဲ တိုင်းရင်းသား မဲတွေ ဆိုရင် တိုင်းရင်းသား တွေကို မဲပေးမယ်။ ဘာလူမျိုးပါလဲ တိုင်းရင်းသား ဆိုရင် တိုင်းရင်းသားမဲတွေ ပေးလို့ ရပါတယ်ဆိုတဲ့ ဒီဆော်သြမှုမျိုးတွေ ကျမတို့ မတွေ့တဲ့ အခါမှာ တိုင်းရင်းသားမဲပုံးတွေက ခြောက်ကပ်ပြီးတော့ မဲ တစ်ခုမှ မရတာတွေလည်း ကျမတို့ တွေ့ကြုံ ရတယ်။ ဒါက လက်တွေ့ မြေပြင် အခြေအနေပေါ့နော်။

ဒါတွေကလည်း လာမည့် အနာဂတ်မှာ ပြည်သူတွေ အသိပညာ အပိုင်းတွေ အနေနဲ့ ပြင်ဆင်ရမယ့် အပိုင်းတွေ အများ ကြီး တွေ့ရပါတယ်။ တစ်ချို့ အရာတွေပါ ပြောရမယ်ဆိုရင် အများကြီး ကျန်ပါသေးတယ်။

မေး ။ ရွေးကောက်ပွဲ မကျင်းပခင် မဲဆွယ်ကာလမှာကို အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို တချို့ အွန် လိုင်းပေါ်က ဖြစ်စေ လှောင်ပြောင်တာတွေ တွေ့ရပါတယ်။ ဒါမျိုးနဲ့ရော တွေ့ကြုံခဲ့ရပါသလား။
ဖြေ။ ။ ရှိတာပေါ့။ ကျမဆို အများဆုံးခံရတာပေါ့။ ကျမတို့ဆို မသန်စွမ်းအမျိုးသမီး ဖြစ်တဲ့ အတွက် အများကြီး Bulling လုပ်တာ ခံရတယ်။ ကျမကတော့ ဒါကို ဖြစ်ရိုး ဖြစ်စဉ်လို့ပဲ သဘောထားပြီးတော့ ဒီအတိုင်းပဲ ထားရတာပေါ့။

အကျိုးတွေ၊ အကန်းတွေက နိုင်ငံတော်ကို တက်ပြီးတော့မှ ဘာလုပ်ရမှာလဲလို့။ အဲ့လိုမျိုးပေါ့။ နောက်တစ်ခုက ကျမလွှတ်တော်ထဲ ရောက်မယ်ဆိုရင် ကျမ လွှတ်တော် ရောက်ဖို့ အတွက်တောင်မှ ဝှီးချဲ တွေတောင်မှ ဝယ်ပေးရဦးမှာ။ ဝှီးချဲ လမ်းတွေ ထပ်ပြီးမှ အသစ်ဖောက်ပေးရမှာ အကုန်အကျများတာတို့… ဒါ ကျမ မှတ်မိတာကိုပဲ ပြောပြတာနော်။ ဒါမျိုးတွေ တော့ ကြုံရတာပေါ့နော်။

မေး ။ ။ ဒီနှစ်မှာ အမျိုးသမီး အမတ်တွေ ဝင်ပြိုင်တာ ရွေးချယ်ခံရတာ များလာတဲ့ အပေါ်ကိုရော ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ ကျမကတော့ အရင်ကထက်စာရင် အများကြီးပဲ အားရ ကျေနပ်ပါတယ်။ အမျိုးသမီး ပါဝင်မှုနှုန်းကို မြှင့်တက်အောင် လုပ်သလို တကယ်လို့ ပါသွားတဲ့ အမျိုးသမီးတွေကလည်း ကိုယ့်ရဲ့ စွမ်းအားကို ပြမှ နောက်လူတွေက ဆက်ပြီး တော့ ယုံကြည်မှာပေါ့နော်။

ဒါကြောင့် စပြီး ဝင်သွားတဲ့ အမျိုးသမီးတွေကို လေးစားတယ်။ အားလည်း အားကျတယ်။ အတုလည်း ယူတယ်။ အဲ့ဒီနေရာကို ဝင်သွားရုံနဲ့ မပြီးဘဲနဲ့ အမျိုးသမီးတွေ အနေနဲ့က စွမ်းစွမ်းတမံ ပြည်သူတွေကို အမျိုးသမီးတွေ ဘယ်လောက် အရည်အချင်းရှိတယ်ဆိုတာ လုပ်ပြရင် နောက်လာမယ့် အနာဂတ် မျိုးဆက်သစ်တွေအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဖြည့်စွက် ပြောချင်တာရှိရင်လည်း ပြောပေးပါဦးရှင့်။
ဖြေ ။ ။ အမျိုးသမီးနဲ့ နိုင်ငံရေးဆိုတာက ကျမတို့ အမျိုးသမီးတွေက အခုမှ နိုင်ငံရေးကို ဦးဆောင် ရမှာ ဆိုတော့ ဒီလို လုပ်ဆောင် ရမယ့် အပိုင်းမှာတော့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ရှေ့က စီနီယာ အမတွေက ဘာပဲပြောပြော စိတ်ဓာတ် မကျဘဲ ဆက်ပြီးတော့ လုပ်ပါပေါ့။ ကျမတို့ မျိုးဆက်သစ် အမျိုးသမီးတွေကိုလည်း လမ်းဖွင့်ပြီးတော့ လက်တွဲခေါ်ဖို့ လိုအပ်ပါတယ်ဆိုတဲ့ အကြောင်းကို ကျမ ပြောချင်ပါတယ်။

Related Articles