Home ဆောင်းပါး ကုစားဖို့ အခြေအနေမပေးသေးတဲ့ စစ်ဘေးသင့်ဒေသက အမျိုးသမီးတွေရဲ့ ဝေဒနာများ

ကုစားဖို့ အခြေအနေမပေးသေးတဲ့ စစ်ဘေးသင့်ဒေသက အမျိုးသမီးတွေရဲ့ ဝေဒနာများ

ယာမုံထုံ။ ။
၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၃၁ မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ အမျိုးသမီးအရေး၊ လုံခြုံရေး နဲ့ငြိမ်းချမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။

၁၃၂၅ ဟာ လုံခြုံရေးကောင်စီမှ ချမှတ်ခဲ့ဖူးသော ဆုံးဖြတ်ချက်များထဲမှာ စစ်ပွဲများကြောင့် အမျိုးသမီးများအပေါ် ထိခိုက်နစ်နာမှု၊ ပဋိပက္ခ ဖြေရှင်းရေးတွင် အမျိုးသမီးများရဲ့အရေးပါမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့နဲ့ စပ်လျဉ်းသည့် အထူးအလေးထားဆုံးဖြတ်ခဲ့တဲ့ ပထမဦးဆုံးသော ဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅(UN1325) လို့လူသိများတဲ့ ဒီဆုံးဖြတ်ချက်ဟာ အနှစ်(၂၀)တိုင်ခဲ့ပါပြီ။ မြန်မာနိုင်ငံက အမျိုးသမီးတွေဘဝကရော ဒီဆုံးဖြတ်ချက်ထဲကအတိုင်း အမှန်တကယ် လုံခြုံမှုတွေရရှိနေပြီလား။

ရှမ်းပြည်နယ် မြောက်ပိုင်းမှ တအာင်း အမျိုးသမီး တက်ကြွလှုပ်ရှားသူ လိုည်းပိုးငယ်ကတော့ ဒီမေးခွန်းကို အခုလိုအဖြေပေးပါတယ်။

“ကျွန်မ လူမှန်းစသိတတ်ကတည်းက ရွာမှာ တိုက်ပွဲဖြစ်လို့ ထွက်ပြေးနေကြရတာ။ ခု ကျွန်မ အသက် ၃၀ ကျော်လာပြီ ရွာမှာ တိုက်ပွဲက ဖြစ်နေတုန်းပါပဲ။ ရွာသူရွာသားတွေလည်း ပြေးနေကြရတုန်းပါပဲ။ ဒီတော့ စစ်ပွဲရဲ့ ဒဏ်ကို ခံစားကြရတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကတော့ ဒီစစ်ပွဲနဲ့အတူပဲ ကြီးပြင်းရင်း ကျင်လည် နေကြရတုန်းပဲ”

သူမက အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူအဖြစ် လူ့အခွင့်အရေးလုပ်ဆောင်မှုဆု တစ်ခုဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် ရှုုးမန်းဆု ကို ရရှိထားသူဖြစ်ပြီး ဒီနေ့ ဒီအချိန်အထိ ပဋိပက္ခဒေသက အမျိုးသမီးတွေအတွက် တရားမျှတတဲ့ အမှန်တရား ယန္တယားနဲ့ အကြမ်းဖက်မှုကို အမှန်တကယ် ကာကွယ်ပေးနိုင်တဲ့ ဥပဒေမြန်မာနိုင်ငံ မှာ မရှိသေးဘူးလို့ တထစ်ချ လက်ခံထားတဲ့ အမျိုးသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

နှစ်ပေါင်း ၆၀ ကျော်သည်အထိ ကြာရှည်နေဆဲ တောက်လောင်နေဆဲဖြစ်တဲ့ ပြည်တွင်းစစ်မီးကြားမှာ ဒေသခံခြင်းတူနေရင်တောင် အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုထိခိုက်ခံစားကြရပြီး အဲဒီလို ထိခိုက်မှု အကြောင်း ပြန်လည်ဆွေးနွေးတင်ပြတဲ့နေရာမှာတော့ ခံစားရသူအမျိုးသမီးတွေရဲ့ အသံကို လျစ်လျုရှုခံ ထားရဆဲ ဖြစ်ကြောင်း လိုည်းပိုးငယ်က စိတ်ခံစားချက်အပြည့်နဲ့ ဖွင့်ဟလာပါတယ်။

“အဓိက ကတော့ ဒီ ပြည်တွင်းစစ်ကို ဦးဆောင်တိုက်ပွဲဝင်နေကြတဲ့ လမ်းညွှန်နေကြတဲ့ အမျိုးသားခေါင်းဆောင် တွေက ကျား-မရေးရာတန်းတူညီမျှမှုဆိုတဲ့ Gender Equality ကိုအပြည့်အဝနားမလည်ကြဘူး၊ ပြီးတော့ ကောင်းကောင်းလက်မခံနိုင်ကြဘူး။ အမျိုးသမီးအရေးဟာ အမျိုးသမီးတွေအတွက်ပဲလို့ ထင်ကြတယ်။ စစ်ပွဲထဲက မြေဇာပင်ချင်းအတူတူဆိုရင်တောင် အမျိုးသားနဲ့အမျိုးသမီးဆိုတာ ခြေလက်အစုံပါတဲ့ လူတစ်ယောက်နဲ့ ခြေတစ်ဖက်ကျိုးနေတဲ့ လူတစ်ယောက်လိုပဲ..အရမ်းကွာပါတယ်။ အနဲဆုံး တိုက်ပွဲကြောင့် မသေလို့ ဒုက္ခသည်စခန်း ပို့ခံရတယ်ဆိုရင်တောင် မုဒိန်းကျင့်ခံရမှာတော့ ယောက်ျားတွေက စိုးရိမ်စရာမလိုဘူးလေ” လို့ လိုည်းပိုးငယ်က ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ချခဲ့တာ နှစ် ၂၀ ကြာပြီဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ပြည်တွင်းစစ်က လောင်ကျွမ်းမြဲ၊ ပဋိပက္ခ ဒေသက အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ ထိပါးစော်ကား ခံရမှုတွေဟာလည်း လျစ်လျုရှုခံရမြဲလို့ မြန်မာနိုင်ငံအတွင်း အမျိုးသမီးအခွင့်အရေးများ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တညီတညွတ်တည်း ပြောလာကြပါတယ်။

“၁၃၂၅ မှာ ပဲ ပါပါ၊ CEDAW မှာပဲ လက်မှတ်ထိုးထိုး ကိုယ့်နိုင်ငံထဲက ဥပဒေတွေက ကာကွယ်ပေးနိုင်တဲ့ အခြေ အနေမရှိသ၍ကတော့ မြေပြင်အခြေအနေမှာ အမျိုးသမီးတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ပါတယ်လို့ ပြောလို့မရပါဘူး။ လေးနှစ်တစ်ကြိမ် ကုလသမဂ္ဂမှာ ဒီနိုင်ငံတွေရဲ့ အခြေအနေတွေကို သွားရောက်တင်ပြ နေလည်း တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအပါအဝင် ညှင်းပန်း နှိပ်စက် ခံရမှုတွေက ရေတွက်လို့တောင် မရနိုင်သေးဘူး” လို့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း( SWAN ) ရဲ့ ညွှန်ကြားရေးမှုုး နန်းမွန်းကိန်က HI ကို ပြောပါတယ်။

SWAN အနေနဲ့ စစ်ပွဲဒဏ်နဲ့ ကိုဗစ်ရောဂါ ခြိမ်းခြောက်မှုဒဏ်ကို ခံနေရတဲ့ ပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ငဲ့ညှာတဲ့အနေနဲ့ တိုက်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်ရေးအရ ထိုးစစ်ဆင်မှုများရပ်တန့်ပြီး အကြမ်းမဖက်တဲ့နည်းနဲ့ နိုင်ငံရေးအဖြေရှာဖို့ တောင်းဆိုတဲ့ ထုတ်ပြန်ချက်တစ်ခုကို အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တပ်မတော်နဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ်ရေးထိုး ထားပြီးဖြစ်တဲ့ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး ကောင်စီနဲ့ ရှမ်းတပ်မတော်တို့ကြား စက်တင်ဘာ ၃၀ ရက်နေ့က စပြီး အောက်တိုဘာလလယ်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကျောက်မဲ မြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း ၈ ခုမှာ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော် ခိုလှုံနေကြရပါတယ်။ အဲဒီ ထဲက ၇၀ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပြီး မီးဖွားကာစ မိခင်တွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။

“ကျွန်မတို့ လက်လှမ်းမီသလောက် စစ်ဘေးရှောင်စခန်း(၃) ခုကိုရောက်ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေ အတွက် စားဝတ်နေရေးအတွက် တတ်နိုင်သမျှ ကူညီခဲ့တာတောင် ကိုယ်ဝန်ဆောင် အမျိုးသမီးက ၆ ယောက်တွေ့ခဲ့ရတယ်။ မီးဖွားပြီးစ မိခင်တွေလည်း အခုလလယ်အထိ တပ်မတော်က လူစုတာတွေ လက်နက်စုတာတွေထပ်လုပ်နေတော့ စိတ်ခြောက်ခြားမှုတွေ ခံစားနေရတာပါ။ အစကတည်းက ဆေးရုံဆေးခန်း အလှမ်းဝေးလွန်းလို့ ကိုယ်ဝန်လွယ်ထားရရင်တောင် မွေးမှ ဆေးရုံပြေးကြရတဲ့ အခြေအနေမှာ ခုလို စိတ်ရောလူပါ မလုံခြုံတဲ့ ထပ်ဆင့်အပူတွေနဲ့ အမျိုးသမီးတွေပါ” လို့ နန်းမွန်းကိန်က ပြောပါတယ်။

အမျိုးသမီး အရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပဋိပက္ခဒေသက ဓါးစာခံ အမျိုးသမီးတွေကို ထိရောက်တဲ့ ပံ့ပိုးကူညီမှု မပေးနိုင်တာဟာ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

လက်ရှိ ပြည်တွင်းစစ် ဖြစ်ပွားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေလိုပဲ တခြားဒေသတွေမှာလည်း တိုက်ပွဲသံ မကြားရတာသာရှိပြီး တကယ်တမ်းတော့ ပြည်သူတွေအနေနဲ့ စိတ်အေးချမ်းလုံခြုံမှု အပြည့်အ၀ မရကြသေးဘူးလို့ အရင်က ထိုင်းနိုင်ငံနယ်စပ်မှာ အခြေစိုက်ခဲ့ပြီး နောက်ပိုင်း ပြည်တွင်းကိုပြောင်းရွှေ့လာတဲ့ ပအို့ဝ် အမျိုးသမီးသမဂ္ဂ ရဲ့ အမှုဆောင်ဒါရိုက်တာ နန်းဇင်နွယ်က ပြောပါတယ်။

“ကျွန်မတို့ရဲ့ အဓိက အခက်အခဲက ခံနေရတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကို ရေရှည်မထောက်ပံ့နိုင်တာပါ၊ အရေးပေါ် ကူညီပေးကြတဲ့ အခြေအနေကနေ ခုထိ ရှေ့မတက်နိုင်တာကလည်း နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ ဒီ စစ်ပွဲတွေကြောင့်ပါပဲ။ ယူအန်န် နဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီကြတာတွေရှိနေပေ မယ့်လည်း တကယ်အရေးကြီးတဲ့ ကိုယ့်နိုင်ငံအစိုးရရဲ့ ထောက်ပံ့ငဲ့ညှာမှု မရှိပဲ ကျွန်မတို့ ဘယ်လိုမှ ပြည့်ဝတဲ့ ကူညီမှုပေးနိုင်မှာမဟုတ်ပါဘူး။ လမ်းပန်းဆက်သွယ်ရေးကအစပေါ့” လို့ နန်းဇင်နွယ်က ဆိုပါတယ်။

စစ်ပွဲကြောင့် ထိခိုက်မှုတွေရှိသူတွေထဲကမှ အမျိုးသမီးတွေကို အဓိက အလေးပေးကူညီကြဖို့ တောင်းဆိုထား တဲ့ ၁၃၂၅ မှာ ထည့်သွင်းစဉ်းစားထားတဲ့ အချက်တွေက ကျား-မ ကွာခြားမှုတွေဖြစ်တဲ့ ခန္ဓာဗေဒအပြင် စိတ်ပိုင်းဆိုင်ရာ မတူညီမှုတွေပါ ရည်ညွှန်းခဲ့တာပါ။

ပဋိပက္ခလွန် ကာလ အပါ အဝင် ပဋိပက္ခအတွင်းရှိ အမျိုးသမီးများကို ကာကွယ်ရန် နှင့် ပြစ်မှုကျူးလွန်ခြင်း ခံခဲ့ရသူများအတွက် ပြန်လည် ကုစားပေးခြင်းများကို ဆောင်ရွက်ပေးရန်မှာ အစိုးရတို့၏ တာဝန်ဝတ္တရားများ ဖြစ်တယ်လို့အဓိပ္ပါယ်ဖွင့်ဆို ခဲ့သော်လည်း လက်ရှိအခြေအနေတွင် ပဋိပက္ခ နှင့် ပဋိပက္ခလွန်ဒေသမှ စစ်ဘေးသင့် အမျိုးသမီးများအတွက်ကတော့ ကျန်းမာရေးမှ အစ အခြားသောအခြေခံလိုအပ်ချက်များကိုပင် ပြည့်ဝသည့် ပံ့ပိုးမှုမျိုးရရှိဖို့အကန့်အသတ်များစွာရှိနေပါသေးတယ်။

“ကျန်းမာရေး၊လုံခြုံရေး၊ စားဝတ်နေရေး၊ ပညာရေး ဆိုပြီး ထောက်ပံ့ဖို့ လိုအပ်နေတဲ့ အဓိက အချက်တွေရှိပေ မယ့် ခုထိတော့ စားဝတ်နေရေးအတွက်ပဲ အပြေးအလွှား လုပ်ပေးနေရတုန်းပါပဲ။ ကျန်းမာရေးအတွက် backpack အဖွဲ့အစည်းတွေရဲ့ အကူအညီရနေရင်တောင် ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ဘယ်လိုမှ ကျွန်မတို့ မထောက်ပံ့ပေးနိုင်ပါဘူး။ စစ်ပွဲတွေ မချုပ်ငြိမ်းသေးသမျှတော့ စိတ်ပိုင်းဆိုင်ရာနစ်နာမှုတွေ ကို ဘယ်လိုကုစားပေးနိုင်မှာလဲ” လို့ နန်းဇင်နွယ်က ပြောပါတယ်။

နိုင်ငံတကာအဆင့် ကတိကဝတ်တွေ ဘယ်လိုပဲ ပြုလုပ်ထားပါစေ လက်တွေ့ကျင့်သုံးမှုမရှိပဲ အစိုးရကိုယ်တိုင် ဘယ်သဘောတူညီချက်က ဘယ်အရာကို ကာကွယ်ပေးနေတယ်ဆိုတာ နားမလည်သ၍၊ အမျိုးသမီးအရေးဆိုတာ နိုင်ငံရေးပြသနာလို့ မမြင်သ၍တော့ စစ်ဘေးသင့်အမျိုးသမီးတွေအတွက် အခွင့်အရေးဆိုတာလည်း လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ၂၀၁၃-၂၀၂၂ (NSPAW) ကို ချမှတ်ခဲ့ပြီး ယခု (၈)နှစ်တာ သက်တမ်းသို့ဝင်ရောက်ခဲ့ပေမယ့်လည်း အစိုးရအနေဖြင့် ထိရောက်သော လုပ်ငန်းအကောင်အထည်ဖော်မှုအတွက် လိုအပ်သော လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်တွေ ရေးဆွဲမှု အကောင်အထည်ဖော်မှုများ ရှင်းလင်းမှုမရှိနေသေးတဲ့အတွက် ပြောင်းလဲမှု မရှိသေးပါလို့ အမျိုးသမီးအဖွဲ့အစည်းများက ထောက်ပြကြပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူးနော်ဆဲဆဲကလည်း ပဋိပက္ခနေရာများရှိ အမျိုးသမီးများအတွက် အစိုးရရဲ့လုပ်ဆောင်ချက်တွေဟာ နိုင်ငံတကာရဲ့ဖိအားပေးမှုတွေ လိုအပ်နေပြီလို့ ဆိုပါတယ်။

“အစိုးရဘက်က ခုချိန်ထိ ကျွန်မတို့ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေကို အသုံးပြုမှုလည်းမရှိ၊ ဆွေးနွေးမှု၊ ပရောဂျက်တစ်ခုခုချမှတ်မှုလည်း မရှိပါဘူး။ ဘယ်လောက်ပဲ သူတို့ကြားအောင်ပြောနေပါစေ ဘယ်လို မီဒီယာမှာပဲ ထည့်ပြောနေပါစေ၊ အစိုးရနဲ့ နီးနီးကပ်ကပ်အဖွဲ့အစည်းတွေကနေ ဘယ်လိုပဲ နားဝင်အောင်ပြောပါစေ မသိဘူး မကြားဘူးဆိုတာတော့ ကျွန်မတို့လည်း မယုံတော့ပါဘူး” လို့ နော်ဆဲဆဲက ပြောပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ တရားမျှတမှု မရှိဘူးလို့ ခံစားနေရပြီး လက်နက်စွဲကိုင်တိုက်ပွဲဝင်နေခဲ့တာကြောင့် ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး အဲ့ဒီလက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ မှာ အမျိုးသမီးတွေ ပိုမို ပါဝင်လာနိုင်ရေးတွေဟာလည်း အလွန်အရေးပါနေပါတယ်။

“ခုပဲ ၁၃၂၅ က နှစ် ၂၀ ပြည့်ပြီလေ၊ ဘယ်လိုပဲ အမျိုးသားအဆင့်အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်မှာပဲ လက်မှတ်ထိုးထိုး တကယ်စစ်ပွဲတွေ မရပ်သေးသရွေ့၊ ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ အမျိုးသမီးတွေ မပါဝင် နိုင်သရွေ့၊ နိုင်ငံရေးပြသနာလို့ မမြင်သရွေ့တော့ ဘယ်လောက်ပဲ အမျိုးသမီးအခွင့်အရေးလှုံ့ဆော်မှုတွေ လုပ်လုပ် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုကအစ ဆက်ဖြစ်နေမှာပါပဲ။ဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကိုရော တပ်မတော်ဘက်ကိုရော နှစ်ဖက်စလုံးကို ဖြစ်သင့်တာ လုပ်သင့်တာ ထည့်တွေးသင့်တာ တွေကို လိုက်ပြောနေရမှာပါပဲ” လို့ နော်ဆဲဆဲက ဆိုပါတယ်။

SWAN အဖွဲ့ရဲ့ ညွှန်ကြားရေးမှုုး နန်းမွန်းကိန်ကလည်း “ကျွန်မတို့ ဘယ်လိုပဲ ညှိနှိုင်းမှုတွေလုပ်လုပ် ခုထိ မြေပြင်အခြေအနေမှာတော့ မုဒိမ်းမှုတွေတောင် ရေတွက်လို့ မရနိုင်အောင်ဖြစ်နေဆဲပါပဲ၊ ပြီးတော့ ထိရောက်တဲ့ တာဝန်ယူ တာဝန်ခံမှုမရှိသေးသရွေ့လည်း ဘယ်လိုပဲ စစ်တက္ကသိုလ်တွေ စစ်သင်တန်းတွေမှာ ကျား-မ တန်းတူညီမျှမှုတို့ စစ်ဘေးသင့်ဒေသက အမျိုးသမီးတွေ အတွက် စာနာနားလည်မှုတို့ သင်ပေးနေတယ်ပြောပြော မြေပြင်ကို မထိရောက်ရင် အလကားပါပဲ။ ဒီအတွက်လည်းတစ်နိုင်ငံလုံးမှာ တာဝန်အရှိဆုံး တပ်မတော်က တာဝန်အပြည့်အဝယူသင့်တာပါ” လို့ဆိုပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ရွေးကောက်ပွဲကနေ ထပ်ထွက်လာမယ့် အစိုးရသစ်ကိုတော့ လူထုအတွက် ကိုယ်ကျိုးစွန့်ရပ်တည်ပေးနိုင်ပြီး အာဏာရှင်စနစ် မကျင့်သုံးတဲ့၊ လူထုရဲ့ နာကျင်မှုကို သိရှိခံစားနိုင်ပြီး သဟဇာတဖြစ်အောင်စီမံပေးနိုင်တဲ့၊ လူ့အခွင့်အရေးကို နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးနိုင်တဲ့ အစိုးရသစ်တစ်ရပ်လိုအပ်ကြောင်း နော်ဆဲဆဲက ပြောပါတယ်။

တအာင်းအမျိုးသမီးတက်ကြွလှုပ်ရှားသူ လိုည်းပိုးငယ်ကတော့ အမျိုးသမီးအရေးကို အမျိုးသမီးတွေကိုယ်တိုင် ဆုံးဖြတ်ချက်မချနိုင်သေးသရွေ့တော့ အမျိုးသမီးတွေအတွက် ဘယ်လိုထုတ်ပြန်ချက် သဘောတူညီချက်တွေပဲ ရှိနေပါစေ အလှမ်းဝေးနေမှာပဲလို့ ဆိုလိုက်ပါတယ်။

Related Articles