Home ဆောင်းပါးသတင်းဆောင်းပါး မိုက်ခရိုဖုန်းအစား ပြည်သူ့အိပ်မက်တွေကိုပြောင်းလဲကိုင်ဆောင်ခဲ့သူ

မိုက်ခရိုဖုန်းအစား ပြည်သူ့အိပ်မက်တွေကိုပြောင်းလဲကိုင်ဆောင်ခဲ့သူ

ဒေဝီ။ ။

ငယ်စဉ်ကလေးဘဝတုန်းက အတာဟာ ကြမ်းကြမ်းတမ်းတမ်း ကစားနည်းတွေကိုမကြိုက်သူ၊ အရုပ်သေနတ်ထက် ဘိုမအရုပ်ကိုပိုစိတ်ဝင်စားသူပါ။ လက်ရှိမှာတော့ သူငယ်ငယ်ကသဘောမခဲ့ကျတဲ့ သေနတ်ကိုလွယ်ရင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ တပ်ဦးကနေ ပါဝင်နေပါတယ်။

အတာက အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်ဆင်နေထိုင်တဲ့ Transgender ဖြစ်ပြီး LGBTIQ တစ်ဦးဖြစ်ပါတယ်။ သူ့အတွက် အနာဂတ်မျိုးဆက်ဆိုတာ မရှိနိုင်သော်လည်းဘဲ အခြားသူတွေက မွေးဖွားလာမယ့် မျိုးဆက်တွေ၊ LGBT မျိုးဆက်သစ်တွေ စစ်အာဏာရှင်စနစ်ဆိုးနဲ့မကြုံရအောင် တော်လှန်ရေးမှာ ပါဝင်ဖို့ဆုံးဖြတ်ခဲ့တာလို့ အသက်၂၉နှစ်အရွယ် အတာကပြောပါတယ်။

ငယ်စဉ်ကတည်းက မိန်းကလေးလို သိမ်သိမ်မွေ့မွေ့ နေချင်ခဲ့တဲ့ အတာက အရွယ်ရောက်ချိန်မှာလည်း အမျိုးသမီး လိုဝတ်စားနေထိုင်ခဲ့တဲ့သူပါ။ ဒါပေမယ့်လည်း အာဏာရှင်ကို တော်လှန်ချင်တဲ့စိတ်နဲ့ ယခုအချိန်မှာ သူဟာ အမျိုးသမီးအသွင်သဏ္ဍန်စွန့်လို့  ခက်ခဲကြမ်းတမ်းတဲ့ လက်နက်ကိုင် လမ်းစဉ်ကိုရွေးခဲ့ပြီး တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။

ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက် အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေက နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။ ဒီလိုတော်လှန်ကြသူတွေထဲ LGBTIQတွေလည်း အပါအဝင်ဖြစ်ပြီး     ဆန္ဒပြလှုပ်ရှားမှုတွေမှာ နောက်မတွန့်ဘဲ ပါဝင်ခဲ့သလို ထောက်ပံ့ရေးနဲ့လက်နက်ကိုင် တော်လှန်ရေးတွေမှာလည်း အင်တိုက်အားတိုက်ပါဝင်နေကြတယ်။

အာဏာရှင်ကို  နည်းလမ်းပေါင်းစုံနဲ့တော်လှန်နေတဲ့   LGBTIQ အများအပြားရှိတဲ့အနက် Transgender လို့ခံယူပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ LGBTIQ ကတော့ လက်ချိုးရေလို့ရပြီး၊ ယင်းအနက်  အတာ လည်းအပါအဝင်ပါ။

ပြည်တွင်း မီဒီယာတစ်ခုမှာ အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်ခဲ့တဲ့ အတာက အာဏာသိမ်းတဲ့နေ့မရောက်ခင်အထိ သူနှစ်သက်တဲ့ အမျိုးသမီးတစ်ယောက်လို လှလှပပဝတ်စားနေထိုင်ပြီး ပုံမှန်ဘဝလေး မှာပဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေသူပါ။

အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ပြည်သူတွေရဲ့ ဆန္ဒပြ အုံကြွမှုတွေစလာတဲ့အခါ အများနည်းတူ LGBTတွေ လည်းပါဝင်မှ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့မန္တလေးမြို့ကဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။

နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ရင်း စစ်ကောင်စီက ပြည်သူတွေကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်း တာတွေပြုလုပ်လာတယ်။ ဒီလိုဖြိုခွင်းတဲ့အခါ ပြည်သူအများအပြားသွေးထွက်သံယိုနဲ့ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေကို တွေ့မြင်လာရသလို၊ အပေါင်းအသင်းမိတ်ဆွေတွေပါ ဖမ်းဆီးခံရ ၊ထိခိုက်ဒဏ်ရာတာတွေရှိလာတဲ့အခါ  ဆန္ဒပြကြွေးကြော်ရုံနဲ့ မရတော့ဘူးဆိုတာ သဘောပေါက်လာခဲ့တယ်။

စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့LGBTIQ အနည်းဆုံးလူ ၁၂ ဦးရှိပြီး အခြား ၇၃ ဦးဟာလည်း ဖမ်းဆီးခံရတာ (ဒါမှမဟုတ်) အမှုဖွင့်တရားစွဲဆိုခံထားရကြောင်း  အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က မေလကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ဒီအတွက်  လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး  စစ်ပညာ သင်ကြားဖို့ သူငယ်ချင်းတချို့နဲ့တိုင်ပင်ကာ လွတ်မြောက်နယ်မြေတနေရာမှာ စစ်ပညာသင်တန်း တက်ရောက်ခဲ့တယ်။

အာဏာရှင်ကို တော်လှန်လိုတဲ့စိတ်နဲ့ လက်နက်ကိုင်တောခိုဖို့ဆုံးဖြတ်ခဲ့ပေမယ့် သာမန်ပညာရပ် သင်တန်းတခု တက်ရောက်သလိုပဲ သဘောထားပြီး စစ်သင်တန်းတက်ရောက်ဖို့သွားခဲ့တဲ့အခါ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲခဲ့ပါတယ်။   

“ကိုယ်က တော်လှန်ရေးအတွက် စိတ်အားထက်သန်တာမျိုးပဲရှိတယ်။ လက်နက်ကိုင်ခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်း ဆိုင်ရာ ပင်ပန်းတာမျိုးတွေကို တွေးထားခြင်းမရှိဘူး။ ကွန်ပြူတာသင်တန်းလို အင်္ဂလိပ်စာ သင်တန်းလိုမျိုး တက်မြောက်သွားမယ်လို့တွေးထားခဲ့တာ တကယ်တမ်းရောက်သွားတဲ့အခါမှာ မျက်ရည်နဲ့မျက်ခွက်ပဲ “လို့ အတာကဆိုပါတယ်။

စစ်သင်တန်းကိုရောက်တဲ့အခါ အမျိုးသမီးကဲ့သို့နေထိုင်တဲ့ ပုံစံကနေပြောင်းလဲခဲ့တယ်။ ဆံပင်ရှည်တွေ၊ လက်သည်းရှည်တွေ၊ မိန်းကလေးအဝတ်အစားတွေ လှလှပပနေလာတဲ့ အပြင်အဆင်တွေကို စွန့်လို့ တီရှပ်နဲ့ ပုဆိုးဝတ်ကာ ယောကျာ်လေး အသွင်ပုံစံနေခဲ့ရတယ်။ 

“တော်လှန်ရေးကို Transgender အနေနဲ့ ပါဝင်လို့မရဘူးလားဆို ရပါတယ်။ဒါပေမယ့် ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှု တွေကြောင့်မလို့ အဆင်မပြေတာတွေရှိလာနိုင်တယ်၊ Gay လို ပြန်ဝတ်တယ်ပေါ့” လို့ အတာကပြောပါတယ်။

စစ်ပညာသင်တန်းမှာ ကြမ်းကြမ်းတမ်းတမ်းလေ့ကျင့်ရေးတွေလုပ်ရတဲ့အခါ နူးနူးညံ့ညံ့ နေလာတဲ့ အတာ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ မိုင်ပေါင်းများစွာ ပြေးလွှား၊လမ်းလျှောက်ရတာ၊ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက် လေ့ကျင့်ရတာတွေကို အများနည်းတူ မလိုက်နိုင်တာ ၊ အပင်ပန်းမခံနိုင်တာတွေကြား တကယ်ကို ခက်ခဲတဲ့ အခြေအနေကိုကြုံတွေ့ရ တယ်လို့ဆိုပါတယ်။

သင်တန်းမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်ရတဲ့အခါ  အပင်ပန်းမခံနိုင်၊ အလှကြိုက်တဲ့ သူ့အတွက် ဒဏ်ရာရပြီး အမာရွတ်တွေကျန်ခဲ့မှာစိုးရိမ်ရ၊ ခွဲခြားဆက်ဆံမှုတစ်ချို့ကြောင့် စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်ခံစားရနဲ့ မလွယ်ကူတဲ့နေ့ တွေဖြစ်ခဲ့တယ်လို့အတာကဆက်ပြောပါတယ်။

“Transgender ဖြစ်တဲ့အတွက် ခွန်အားပိုင်းဆိုရင် အခြားယောကျာ်းတွေနဲ့စာရင် အားပျော့တယ်လို့ပြောရမယ် ကိုယ်ကိုယ်တိုင်ကလည်းခိုင်မာတဲ့ ကိုယ်ခန္ဒာအချိုးအစားမရှိဘူး ၊တချို့ဟာတွေဆို ကိုယ်ကလိုက်မလုပ်နိုင်ဘူး အားကတော့တင်းတယ်။ မလုပ်နိုင်ဘူးဆိုရင် လူတွေက  ‘မင်းအခြောက်မလို့ မလုပ်နိုင်တာလား’ ဆိုပြီး ပြောကြလိမ့်မယ်လို့ တွေးမိ တယ်ပေါ့။တကယ်လည်း အပြောခံရခဲ့ပါတယ်” လို့ အတာကပြောပါတယ်။

စစ်သင်တန်းတက်ရောက်ဖို့လာသူတွေထဲတစ်ချို့က LGBTIQ တွေနဲ့ပတ်သတ်ပြီး လေ့လာသိရှိမှုအားနည်းတော့ ကိုယ်ခန္ဓာနွဲ့နွှဲနှောင်းနှောင်းပုံစံလိုဖြစ်နေတဲ့ အတာအပေါ် လှောင်ပြောင်နှိမ့်ချတာ၊ သွေးတိုးစမ်းတဲ့အသုံးအနှုန်းတွေ  သုံးတာမျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးအသွင်သဏ္ဍန် စွန့်လို့ အမျိုးသား အဖြစ်ပြောင်းလဲနေထိုင်ခဲ့ပေမယ့် ယခင်အချိန်တုန်းက အမျိုးသမီး အသွင်ပီပြင်စေဖို့ ဟော်မုန်းဆေးဝါးတွေ သုံးစွဲခဲ့ရတာရှိတယ်။ စစ်သင်တန်းတက်ရောက်တဲ့အခါ ဟော်မုန်းဆေး ဝါးတွေ သုံးစွဲတာရပ်လိုက်ပေမယ့် အမျိုးသမီးသဏ္ဍန်ဖွံ့ဖြိုးမှု တစ်ချို့က ကျန်ရှိတာတွေရှိတော့ အမျိုးသားတွေနဲ့ အတူတကွ နေထိုင်ရ၊ တန်းတူအိပ်စက်ရ၊ရေချိုးရတဲ့အခါ အတာ့အတွက် စိတ်ညစ်စရာဖြစ်ခဲ့ရတယ်။

” ကိုယ့်ကိုယ်ကို အမျိုးသမီးလို့ပဲ သတ်မှတ်ထားတော့ ယောကျာ်းတွေကြားမှာ အရမ်းဒုက္ခရောက်တယ်၊ ပုဆိုးကြီးလျိုပြီး ရင်သားတွေ မပေါ်အောင် လဲဖို့ဆိုတာလည်း အဆင်မပြေနိုင်ဘူး။ ယောကျာ်းလေးတွေ တရုံးရုံးနဲ့  အကာအကွယ်မရှိတဲ့ ရေချိုးခန်းမှာ ချိုးဖို့ဆိုတာလည်း အဆင်မပြေနိုင်ဘူး၊ အစပိုင်းမှာ ရေချိုးဖို့ စောင့်ရင်းစောင့်ရင်းနဲ့ မိုးချုပ်သွားတဲ့ ညတွေ လည်း ရှိတယ်။” လို့ အတာကဆိုပါတယ်။

ဒီလိုအခက်အခဲတွေကို စစ်ပညာသင်တန်း အတူတူ တက်ရောက်နေတဲ့ အမျိုးသမီးတွေက သိတဲ့အခါ အတာကို အမျိုးသမီးရေချိုးခန်း အသုံးပြုနိုင်အောင်၊ အမျိုးသမီးအဆောင်မှာပဲ နေထိုင်၊အိပ်စက်ခွင့်ရအောင်၊ ကူညီတောင်းဆိုပေးခဲ့ ကြပါတယ်။

ဒီလိုပင်ပန်းဆင်ရဲတာတွေ အခက်အခဲတွေအပြင် LGBTIQ ဖြစ်တဲ့အတွက် ခွဲခြားဆက်ဆံသူတစ်ချို့လည်း ကြုံခဲ့ရပါ သေးတယ်။ LGBT ဆိုတာနဲ့ အခြောက်၊HIV ရောဂါဖြန့်သူအဖြစ်ထင်မြင်ယူဆပြီး နှိမ်ချဆက်ဆံတာ မျိုးတွေရှိခဲ့တယ် လို့ဆို တယ်။

စစ်သင်တန်းမှာ သင်တန်းသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့အခါ အတာက ဟော်မုန်းဆေးဝါးတွေသုံးစွဲခဲ့ဖူးတဲ့သူဖြစ်တော့ ကိုဗစ်ကာကွယ်ဆေးထိုးသင့်၊မသင့်ကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခဲ့ရတယ်။ စစ်သင်တန်းမတက် ရောက်ခင် အချိန်ကာလတုန်းက ဟော်မုန်းကုသမှု လုပ်ဆောင်ခဲ့တာရှိတော့ ဆရာဝန်ကကာကွယ်ဆေး မထိုးသင့်ဘူးလို့ အကြံပြုတဲ့အတွက် ဆေးမထိုးခဲ့ဘူး။

ကာကွယ်ဆေးမထိုးရတဲ့ အကြောင်းအရင်း မသိတဲ့သူတွေက HIV ရောဂါရှိနေတဲ့အတွက် ဆေးမထိုးဖြစ်တာလို့ ထင်မြင် လှောင်ပြောင်တဲ့သူတွေကြောင့် စိတ်ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဆွေးနွေးတဲ့ counselling ခန်းကို သူတို့မသိတော့ အခြောက်မ မလို့ HIV နဲ့ပတ်သတ်တဲ့ကိစ္စတွေရှိလို့  သူ့ကို မထိုးပေးတာပဲ ဆိုပြီး Harassment ပုံစံစကားလုံးတွေနဲ့ တိုက်ခိုက်မှုဆန်ဆန်ဖြစ် သွားတဲ့အခါ  ဒီလောက်တော်လှန်ရေး လုပ်နေတဲ့သူအချင်းချင်း ဒီလိုအတွေးတွေရှိနေတာ တကယ်ကို စိတ်မကောင်းဘူး။ ချုံးပွဲချငိုတယ်ပေါ့” လို့အတာ ကပြောပါတယ်။

အမျိုးသမီးအသွင်အပြင်ပီသစေဖို့ အသုံးပြုခဲ့ရတဲ့ ဟော်မုန်းဆေးတွေကိုလည်း စစ်သင်တန်းတက်ရောက်စဉ်ကတည်းကနေ ယနေ့အချိန်ထိ အသုံးမပြုဘဲနေခဲ့ရတယ်လို့ဆိုပါတယ်။

“ဟော်မုန်းလုပ်ရတာဖြစ်တော့ မလုပ်တဲ့အတွက် အများကြီးခံစားရတာပေါ့။ တခုခုဆို ကျန်းမာရေးချူချာတာမျိုးတွေ။ ဟော်မုန်းဆေးကလည်း အမြဲသုံးနေရတာမျိုးတွေဆိုတော့ အကုန်ရပ်ထားရတယ်” လို့ အတာကပြောပါတယ်။

ဒီလိုခွဲခြားဆက်ဆံခံရတာတွေက စစ်သင်တန်းမှာတင်မက စစ်သင်တန်းတက်ရောက်ဖို့ ကြိုးပမ်းစဉ်ကတည်း ကြားထဲက ချိတ်ဆက်ပေးသူက သူ့ပုံပန်းအသွင်အပြင်သဏ္ဍန်ကြောင့်  သင်တန်းမှာအဆင်ပြေနိုင်မှာမဟုတ် ဘူးဆိုပြီးပြောဆိုတာ တွေရှိခဲ့တယ်လို့ဆက်ပြောပါတယ်။

သင်တန်းတက်ရောက်တဲ့အခါမှာလည်း LGBTIQဖြစ်တဲ့အတွက် လေ့ကျင့်ရေးတွေ ဖြစ်မြောက်အောင် မလုပ်နိုင်မှာ သင်တန်းသားတွေကြား နာမည်ပျက်စေမဲ့ ကိစ္စရပ်တွေလုပ်မလားဆိုတဲ့   အမြင်နဲ့စောင့်ကြည့်ကြတာတွေရှိပေမယ့် ဒါတွေကို အဆင်ပြေပြေနဲ့ ဖြတ်သန်းနိုင်ခဲ့တယ်လို့ အတာကဆိုပါတယ်။

“စိတ်တော့မကောင်းဘူးပေါ့။ တော်လှန်ရေးထဲ စိတ်ပါဝင်စားလို့ ရောက်လာတဲ့ သူတယောက်ကို သူ့ရဲ့ ပုံပန်းသဏ္ဍန်ကြောင့် သူသည်မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူး တွေးနေတဲ့သူမျိုးတွေက ဘာလို့ဒီလို တွေးတာလဲဆိုတာ အဖြေရှာလို့မရဘူး”လို့ အတာကပြောပါတယ်။

သင်တန်းရောက်ခါစအချိန်မှာ ပင်ပန်းခက်ခဲမှုတွေ၊ လှောင်ပြောင်မှုတွေကြောင့် အချင်းချင်းယုံကြည်ရင်းနှီးမှုရအောင် ကြိုးစားနေထိုင်ခဲ့ရတယ်လို့လည်း သူကပြောပါတယ်။ အတာက စက်ချုပ်တတ်သူဖြစ်တဲ့အတွက် အပ်နဲ့အပ်ချည်ဝယ်ပြီး သင်တန်းသားတွေရဲ့ ဟောင်းနွမ်းပေါက်ပြဲနေတဲ့ အဝတ်အစားတွေကို ပြန်ချုပ်ပေးတာ၊ ပုံမကျတဲ့ ယူနီဖောင်းတွေကို ပြန်ပြုပြင်ပေးတာတွေကို ပြုလုပ်ပေးတဲ့အခါ သင်တန်းသားတွေက အတာ့ဆီ အကူညီတောင်းလာတာတွေကနေ ရင်းနှီးမှုရလာတယ်လို့ဆိုပါတယ်။

ဒါ့အပြင် သင်တန်းဖော်အမျိုးသမီးတွေရဲ့ ကူညီဖေးမမှုတွေကနေတစ်ဆင့် အထက်ပိုင်းလူကြီးတွေလည်း သူ့အကြောင်းသိရှိပြီး ကူညီတာတွေကြောင့် သင်တန်းကာလတစ်ဝက်မှာ အဆင်ပြေပြေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

တစ်လကျော်အကြာ စစ်သင်တန်းတက်ပြီးနောက် မြို့ပြလှုပ်ရှားမှုနဲ့ ထောက်ပံ့ရေး တွေလုပ်ဆောင်ဖို့ သူ့နေရပ်ဆီ ပြန်လာခဲ့ပါတယ်။ မြို့ပြလှုပ်ရှားမှုတွေလုပ်ဆောင်ရင်း ကိုယ့်အနီးဝန်းကျင်ကသူတွေ အဖမ်းအဆီးခံခဲ့ရကာ စစ်ကောင်စီကလည်းသူ့ကို ပုဒ်မ-၅၀၅နဲ့ဝရမ်းထုတ်ဖမ်းဆီးလာတာကြောင့် လွတ်မြောက်နယ်မြေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ ပြန်သွားခဲ့တယ်။

ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် ပါဝင်လှုပ်ရှားတဲ့အခါ တိုက်ပွဲတွေနဲ့လည်း ရင်ဆိုင်ရပါတယ်။ ပထမဆုံးအကြိမ်တိုက်ပွဲတုန်းက ထိတ်လန့်ရသလို ရဲဘော်ရဲဘက်တွေရဲ့ စာနာစိတ်ကိုလည်း တွေ့မြင်ရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုတွေကြား သေနတ်သံတွေ ဗုံးသံတွေ လက်နက်ကြီးသံတွေနဲ့ ကတုတ်ကျင်းထဲမှာ ကြောက်လန့်မှုတွေနဲ့ဘာမှ မလှုပ်ရှားနိုင်ဘဲထိတ်လန့်နေတဲ့သူ့ကို  ကူညီစောင့်ရှောက်ပေးခဲ့တာက ဘဝတူရဲဘော်တွေပဲလို့ ဆိုပါတယ်။

“သေနတ်ကြီးပိုက်ပြီး မိုးရေထဲကတုတ်ကျင်းထဲမှာ ကြောင်နေတာဘာမှမလုပ်နိုင်ဘဲ။သူတို့က အရှေ့ကတက်လာတဲ့ ရန်သူကိုရင်ဆိုင်နေတာတပိုင်း ကိုယ့်ကိုထိခိုက်မှာဆိုးတဲ့အတွက် အကာကွယ်ပေးနေတာ” လို့ အတာကပြောပါတယ်။

လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ဖို့ရောက်စက ကြမ်းတမ်းတဲ့လေ့ကျင့်မှုတွေကြောင့် ပင်ပန်းမှုတွေ ၊LGBTIQတွေ အပေါ်အထင်အမြင်သေးမှုတွေ၊ တော်လှန်ရေးမှာပါဝင်ခဲ့တဲ့အတွက် ကိုယ်နှစ်သက်တဲ့ အလုပ်အကိုင်တွေ၊ နေထိုင်မှုတွေကို စွန့်လွတ်ရတာ၊ကိုယ့်ကြောင့် မိသားစုဝင်တွေပါထိခိုက်လာမှုတွေကြောင့် ရွေးချယ်ခဲ့တဲ့လမ်းအပေါ် မှားယွင်းပြီလားလို့ တွေးမိပေမယ့် အာဏာရှင်ကို မတိုက်ထုတ်နိုင်ရင် ဒီထက်ဆိုးတဲ့အခြေအနေကို ကြုံတွေ့ရမှာဖြစ်တော့ နောက်မဆုတ်ပဲ ပါဝင်တာလို့ အတာကပြောပါတယ်။ 

“ကျနော်လျှောက်ခဲ့တဲ့ လမ်းကြောင့် ကျနော့မိသားစုမှာလည်း ဒုက္ခတွေရောက်ခဲ့ရတယ်။ ကိုယ်တိုင်လည်း သာသာယာယာလေးမနေရဘူး။ လှလှပပဝတ်စားတာမျိုးလည်း မနေရဘူး။ တွေးမိတယ် ငါမှားသွားပြီလားပေါ့၊ ဒါပေမယ့်ငါတို့သာ တကယ်တမ်း မတိုက်ထုတ်နိုင်ဘူးဆိုရင် နောင်ပိုဆိုးလာမယ်။ LGBT တွေရဲ့ ဖိနှိပ်ခံရမှုတွေက ပိုဆိုးလာမယ်” လို့ အတာက ဆိုပါတယ်။

ဒီလိုခက်ခဲကြမ်းတမ်းတဲ့လမ်းကို ရွေးချယ်ခဲ့ရာမှာ ဘဝအတွက် စံနမူနာထားတဲ့ ပုဂ္ဂိုလ်နှစ်ဦးကြောင့် အားယူပြီး ရှေ့ဆက်နိုင်ခဲ့တာလို့ အတာကဆက်ပြောပါတယ်။ သူတို့ကအတာ့ရဲ့မိခင်နဲ့ နောက်တစ်ဦးကတော့  လူ့အခွင့်အရေးလှုပ်ရှားသူလို့ လူသိများပြီး၊ လက်ရှိမှာအမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းပါ။

LGBTIQ တစ်ဦးဖြစ်ပြီး  ၈၈ အရေးတော်ပုံမှာလည်း လက်နက်ကိုင်တော်လှန်ခဲ့သူ၊ နောက်ပိုင်းကာလမှာလည်း လူ့အခွင့်အရေး ၊LGBTIQ အခွင့်အရေးတွေကို တိုက်ပွဲဝင်ခဲ့တဲ့ ဦးအောင်မျိုးမင်းရဲ့ နိုင်ငံရေး ဖြတ်သန်းမှု အတွေ့အကြုံတွေကို ဆယ်ကျော်သက်အရွယ်ကတည်းက သိရှိနားထောင်ခဲ့ရပြီး လေးစားအားကြားခဲ့ရသလို ယခုအခါမှာလည်း သူ့လမ်းစဉ် အတိုင်း လျှောက်လှမ်းနေရတာ ဂုဏ်ယူကျေနပ်တယ်လို့ဆိုပါတယ်။

” တော်လှန်ရေးထဲရောက်တာက သူ့ကြောင့် (ဦးအောင်မျိုးမင်းကြောင့်) အများကြီးသက်ဆိုင်တယ်၊ နောက်တစ်ဦးကတော့အမေပေါ့၊ အဆင်မပြေတဲ့ မိသားစုအသိုင်းအဝိုင်းလေးမှာ သူရဲကောင်းတယောက်အနေနဲ့ ရပ်တည်တာ” လို့ အတာကပြောပါတယ်။

အတာရဲ့မိခင်ဖြစ်သူကလည်း ပုံမှန်ဝင်ငွေ၊ ပင်စင်လစာတွေကို မမျှော်မှန်းဘဲနဲ့ CDM လုပ်ဆောင်ရင်း အဆင်မပြေတဲ့ မိသားစုကို တစ်ဖက်ကစောင့်ရှောက်နေတဲ့ စံပြုထိုက်သူတစ်ဦးဖြစ်ပြီး သူတို့ရဲ့လမ်းညွှန်မှုမပါရင် ဒီလိုမဖြစ်နိုင်ဘူး လို့ဆိုပါတယ်။

လက်ရှိမှာ အတာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ စီမံရေးပိုင်းမှာ တာဝန်ထမ်းဆောင်နေသလို တိုက်ပွဲတွေမှာ လည်း တစ်တပ်တစ်အားပါဝင်နေပါတယ်။

ငယ်စဉ်ကလေးဘဝမှာ ပုရွတ်ဆိတ်ကို သတ်ရမှာကိုတောင်မနှစ်မြို့ဘဲ ကစားစရာသေနတ်ကိုတောင် မကြိုက်ခဲ့ပေမယ့် လက်ရှိမှာတော့ မတရားမှုတွေကို တော်လှန်ဖို့ သေနတ်ပစ်ရမှာလည်းမကြောက်သလို တိုက်ပွဲဝင်ရမှာကိုလည်း မကြောက် တော့ဘူးလို့ ဆိုပါတယ်။

“မတရားမှုတွေကို ငြိမ်ခံနေဖို့အတွက် သည်းခံမှု အတိုင်းအတာတွေက ကျော်လွန်သွားပြီ။ ကျနော်တို့တွေ ယောကျာ်း၊ မိန်းမ ၊LGBTတွေ ငြိမ်းချမ်းရေးရဖို့ ဒီတော်လှန်ရေးကြီးက အောင်မြင်မှကိုဖြစ်မယ်” လို့ အတာက ဆိုပါတယ်။

စစ်သင်တန်းတက်ချိန်က အခက်အခဲတွေခွဲခြားဆက်ဆံမှုကြုံတွေ့ခဲ့သလောက် လက်ရှိမှာတော့ အတာဆိုတဲ့အမည် လူသိများလာသလို၊ ချစ်ခင်နှစ်သက်သူတွေလည်း ရှိလာတဲ့အတွက် အဆင်ပြေပြေနေထိုင်လာနိုင်တယ်လို့ ပြောပါတယ်။

“အဲ့လို ဖြစ်လာဖို့လည်း အရမ်းရင်းနှီးပြီးတော့ ကိုယ်ကို၌ သူများယောကျာ်းလေးတွေလုပ်တဲ့ဟာ ကိုယ်မလုပ်နိုင်လို့ရှိရင် တခြားအလုပ်မှာ နှစ်ဆ သုံးဆ လုပ်ပြရတယ်ပေ့ါ အဲ့အတွက်လည်း နောင်တမရဘူး”လို့ အတာကဆိုပါတယ်။

အတာရဲ့မျှော်မှန်းချက်ကတော့တော်လှန်ရေးအောင်မြင်ပြီး အာဏာရှင်စနစ် အပြီးသတ်တိုက်ဖျက်နိုင်ဖို့ပါ။ တော်လှန်ရေးအောင်မြင်တဲ့တစ်နေ့ခွဲ ခြားမှုတွေကင်းစင်းပြီး တနိုင်ငံလုံးညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနေထိုင်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ် လာဖို့ မျှော်မှန်းတယ်လို့ဆိုပါတယ်။

ဒါ့အပြင်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး တိုင်းပြည်အေးချမ်းမှသာ တိုင်းရင်းသားဒေသတွေမှာ နှစ်ခြောက်ဆယ်ကျော် ခံစား လာရတဲ့ ဘေးဒုက္ခဆိုးတွေ ချုပ်ငြိမ်းပြီး ကောင်းမွန်တဲ့ဘဝကိုရဖို့ မျှော်မှန်းတယ်လို့ ဆိုပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင် နေရာက သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ ကလေးတွေက ဗုံးသံတွေကြားမှာ မအိပ်ရတော့ဘူး။ စစ်ဖြစ်တော့မယ်ဟေ့ဆိုတဲ့ အသံကြားတိုင်း ပြေးပြီးတောတွေထဲမှာ အဆင်ပြေပြေအိပ်နေရတဲ့ အဖြစ်တွေ မရှိတော့ဘူး။ သူတို့တွေ ညဘက်တွေ ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ပြီး အိမ်မက်လှလှတွေ မက်စေချင်တယ်။”လို့ အတာကပြောပါတယ်။

Transgender တစ်ဦးဖြစ်တဲ့ အတာက အမျိုးသမီးဘဝကို နှစ်သက်မြတ်နိုးပြီး အမျိုးသမီးလိုပဲ ဝတ်စားဆင်ယင် နေထိုင်တာကို ကြိုက်နှစ်သက်သူတစ်ဦးပါ။ ဒီလို အသွင်အပြင်တွေကို စွန့်လွတ်ပြီး လက်ရှိအချိန်မှာ PDFတစ်ဦး အဖြစ် လက်နက်ကိုင် တော်လှန်နေပေမယ့် အားလုံးပြီးဆုံးချိန်မှာ ပုံမှန်ဘဝလေးအတိုင်း ပြန်ရဖို့ကြိုးစားမယ်လို့အတာကဆိုပါတယ်။

” သူတို့တွေရဲ့ မကောင်းမှုတွေကို ဖယ်ရှားပေးပြီးရင်  ကိုယ့်ရဲ့ ပုံမှန်ဘဝလေးပြန်ရဖို့ ကြိုးစားချင်တယ်။ အေးအေးချမ်းချမ်းနေချင်တယ်။”

Author:

Related Articles