ခင်စုကြည် ။ ။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ အများဆုံးဝင်ရောက်ယှဉ်ပြိုင်တာကတော့ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေထဲက လေးပုံတစ်ပုံက အမျိုးသမီးတွေဖြစ်ပါတယ်။
ဒုတိယအများဆုံးဝင်ရောက်ယှဉ်ပြိုင်တာကတော့ ကယား နဲ့ မွန် ပြည်နယ်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းအရေအတွက်ရဲ့ ၂၂ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေဖြစ်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ PACE က ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ အကြိုစစ်တမ်းရဲ့ အချက်အလက်တွေကဆိုပါတယ်။
ကယားပြည်နယ်မှာ အမျိုးသမီးအမတ်လောင်းတွေ တိုးလာတာဟာ ကယားပြည်နယ်လွှတ်တော်ထဲမှာ အမျိုးသမီးကိုယ်စားလှယ် မရှိခဲ့ဘဲ အမျိုးသားများသာကြီးစိုးထားတဲ့ အစဉ်အလာကို ပယ်ဖျက်နိုင်ဖို့ အခွင့်အရေးကောင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် နေပြည်တော်က ပြည်ထောင်စုအဆင့် လွှတ်တော်တွေထဲ အမျိုးသမီးတွေ ပိုမိုရောက်လာမလားဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ အများအပြားဝင်ရောက်ယှဉ်ပြိုင်လာကြပြီး ဒေသခံတိုင်းရင်းသားပါတီတွေကနေ ပါဝင်လာကြတာကို တွေ့ရပါတယ်။
အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေကြတဲ့ လူငယ်အမျိုးသမီးတွေဟာ နိုင်ငံရေးနယ်ပယ်ထဲကို ဝင်ရောက်လာပြီး လွှတ်တော်ထဲကို ဝင်ရောက်ဖို့ ကြိုးစားလာနေကြတာဖြစ်ပါတယ်။
“အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဦးဆောင်မှုတွေမှာ၊ လွှတ်တော်တွေမှာ၊ အခန်းကဏ္ဍတွေမှာ ပါလာမယ်ဆိုရင် ဒါကတော့ ကရင်နီပြည်နယ်အတွက် အရမ်းကို ကောင်းတယ်။ အပြောင်းအလဲတခုခုလည်း ဖြစ်သွားနိုင်တယ်” လို့ ကရင်နီ အမျိုးသမီးအစည်းအရုံးရဲ့ ဥက္ကဌဖြစ်သူ မမီးမီးကပြောပါတယ်။
ကရင်နီ အမျိုးသမီးအစည်းအရုံးအနေနဲ့ အရင်က ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်မရရှိခဲ့တဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပြီး အနိုင်မရခဲ့ခြင်းရဲ့ အကြောင်းအရင်းကို အဖြေရှာဖို့ ကြိုးစားခဲ့ကြပါတယ်။
အမျိုးသမီးကိုယ်စားလှယ်တွေဟာ ကျေးရွာလူထုနဲ့ အနီးစပ်ဆုံးထိတွေ့မှုတွေရှိခဲ့ပြီး လူထုအနေနဲ့လည်း သူတို့ကို သဘောကျနှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးကို ဦးဆောင်ဖို့ ရွေးချယ်ရာမှာတော့ အမျိုးသမီးထက် အမျိုးသားကိုသာ ဒေသခံတွေက ဦးစားပေး ရွေးချယ်ခဲ့ကြတာတွေ့ခဲ့ရတယ်လို့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေရဲ့ အတွေ့အကြုံကို မမီးမီးကပြောပါတယ်။
“… သူတို့ပြောတာက ဆရာမတို့က အမျိုးသမီးဖြစ်နေတာကိုတဲ့။ ကျနော်တို့က အမျိုးသားကိုပဲ မဲထည့်တာပေါ့တဲ့။ ဆိုတော့ လူထုတွေရဲ့ စိတ်ထဲမှာက အမျိုးသမီးဆိုရင် ဦးဆောင်မှုအခန်းကဏ္ဍမှာ မရှိသင့်ဘူးဆိုတဲ့ဟာက အစဉ်အဆက်မှာ တွေးလာတာမျိုးကိုပဲ သူတို့နားလည်ထားတယ်… ” လို့ သူမကဆိုပါတယ်။
၂၀၁၅ တုန်းကထက် အခု ၂၀၂၀ မှာတော့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေအပေါ် လူထုရဲ့ ယုံကြည်မှု ပိုမိုရရှိလာတယ်ဆိုပေမယ့် အားနည်းနေဆဲပဲဖြစ်ပါတယ်။
ရိုးရာဓလေ့ထုံးတမ်းနဲ့ အစဉ်အလာတွေအောက်မှာ နေထိုင်ခဲ့ရသူတွေဖြစ်သလို ကျေးရွာလူထုကို ဦးဆောင်ကြသူတွေ ကလည်း အမျိုးသားတွေသာဖြစ်တာကြောင့် အမျိုးသမီးတွေအပေါ် ယုံကြည်မှု အားနည်းနေဆဲဖြစ်ပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ အတွက် အဟန့်အတားတွေဖြစ်လာစေတာပါ။
“အမျိုးသမီးတစ်ယောက်အနေနဲ့ နိုင်ငံရေးလုပ်တဲ့အချိန်မှာတော့ အခြေအနေအမျိုးမျိုးပေါ်မူတည်ပြီး အခက်အခဲ အမျိုးမျိုးရယ်လို့ရှိကြမယ်ပေါ့နော်။ ကျွန်မတို့လူ့အသိုင်းအဝိုင်းမှာ အမျိုးသားကြီးစိုးရေးတွေက နေရာတကာမှာကို ရှိနေတုန်းပဲ” လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖရူဆိုမြို့နယ်ကနေ ဝင်ရောက်ပြိုင်မယ့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အယ်ဗလင်းက ပြောပါတယ်။
“ယောက်ျားတွေနဲ့အတူတူ ရင်ဘောင်တန်းဖို့က တချိန်လုံး ဓလေ့ထုံးစံတွေ ဘာသာတရားတွေ လူ့ပတ်ဝန်းကျင်တွေရဲ့ ကြားမှာ အမြဲတမ်းရှိနေတာဆိုတော့ နယ်ပယ်အမျိုုးမျိုးကနေ ရပ်တည်နေရတဲ့ အမျိုးသမီးတွေ အတွက် စိန်ခေါ်မှုတွေကတော့ နေရာပေါ်မှုတည်ပြီးရှိနေသေးတယ်လို့ ကျမသုံးသပ်လို့ရပါတယ်” လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကနေ ရွေးကောက်ပွဲဝင်မယ့် အယ်ဗလင်းက ပြောပါတယ်။
ဒါ့အပြင် ဒေသခံတိုင်းရင်းသားပါတီတွေကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်လောင်းတွေရဲ့ နောက်ထပ် စိန်ခေါ်မှုကတော့ အနိုင်ရရှိခဲ့ရင်တောင် အစိုးရမဖွဲ့နိုင်တဲ့အတွက် အပြောင်းအလဲ ကြီးကြီးမားမား တစ်စုံတစ်ရာ မရှိနိုင်ဘူးလို့ လူထုတွေက ခံယူထားကြပါတယ်။
ဒါကြောင့် တိုင်းရင်းသားပါတီတွေကိုမဲပေးဖို့ထက် အနိုင်ရပါတီကြီးတွေကိုသာ အာရုံစိုက်ခြင်းခံနေရတဲ့ နိုင်ငံရေး အခြေအနေတွေကလည်း တိုင်းရင်းသားပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေအပေါ် ဖိအားတွေပိုရှိလာနေတာပါ။
“ အစိုးရဖွဲ့နိုင်ခြင်း မဖွဲ့နိုင်ခြင်းနဲ့ပဲ ကိုင်ပြီးပြောနေကြတယ်။ ကျမပြောချင်တာက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်ပါတယ်ဆိုတဲ့ လူတစ်စုနဲ့ တိုင်းရင်းသားတွေပေါင်းပြီး မပြင်နိုင်စရာ ဘာအကြောင်းမှမရှိဘူး။ ပြင်တဲ့အခါမှာ တကယ်လို့များ တိုင်းရင်သားတွေပါလာတဲ့အခါမှာ တိုင်းရင်းသားအခွင့်အရေးတွေအတွက်ပါ ထည့်သွင်းစဉ်းစားမှာကြောက်လို့ပဲ တိုင်းရင်းသားပါတီတွေ လွှတ်တော်ထဲ မရောက်လာအောင် လုပ်ဆောင်နေသလားလို့တောင် အောင့်မေ့ရတယ်” လို့ မယ်စဲ့မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ခရစ္စတီးနား(ခ) မူဂလိုရီယာက ပြောပါတယ်။
မူဂလိုရီယာကတော့ ကယန်းအမျိုးသားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လူငယ်နဲ့ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ရွေးကောက်ပွဲကိုဝင်ရောက်တာလို့လည်း သူမက ဆိုပါတယ်။
အင်အားကြီးပါတီတွေကို ဝန်းရံကြသူတွေကတော့ တိုင်းရင်းသားပါတီငယ်တွေအနေနဲ့ အခုချိန်မှာ တိုင်းရင်းသားအရေး အရာကိစ္စတွေကို တောင်းဆိုဖို့ဆိုတာ စောလွန်းနေသေးတယ်လို့ တုန့်ပြန့်ပြောဆိုတာမျိုးတွေလည်းရှိနေပါတယ်။
“ပါတီကြီးတွေကို အားပေးတဲ့သူတွေအများစုကတော့ တိုင်းရင်းသားပါတီတွေက အစိုးရလည်းမဖွဲ့နိုင်ပဲနဲ့ ဘာလို့ ပါတီကြီးတွေနဲ့ မပူးပေါင်းရတာလဲ ဆိုတဲ့ ဒေသခံတွေရဲ့ မေးခွန်းတွေကိုလည်း ကျမတို့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သင်တန်းတွေပေးတဲ့အခါ ကြားရပါတယ်။ တိုင်းရင်းသားအရေးတွေကို တောင်းဆိုဖို့စောနေသေးတယ် အာဏာရပါတီနဲ့ပေါင်းဖို့ ပြောကြတယ်။ ပါတီငယ်လေးတွေက အနိုင်ရလဲ ဘာလုပ်ပေးနိုင်မှာလဲဆိုတဲ့ မေးခွန်းမျိုးတွေလည်း ပြန်ကြားရတယ်” လို့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သင်တန်းပေးရာမှာ ဒေသခံတွေရဲ့ အမြင်ကို မြန်မာ့အမျိုးသမီးသမဂ္ဂက စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းစဉ်ရဲ့ တာဝန်ခံတစ်ယောက်ဖြစ်တဲ့ မဇူဇူးက ပြောပါတယ်။
အရင်ကထက် တိုးတက်ပြောင်းလဲလာတာကတော့ ဒေသခံလူထုက နိုင်ငံရေးကို စိတ်ပါဝင်စားမှုပိုရှိလာပြီး မဲပေးဖို့လည်း အာရုံစိုက်လာကြနေတာပဲဖြစ်ပါတယ်။
တိုင်းရင်းသားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေရဲ့ ခံယူချက်ကတော့ အစိုးရမဖွဲ့နိုင်ပေမယ့်လည်း ကိုယ့်ပြည်နယ်ရဲ့ လွှတ်တော်ထဲကနေတဆင့် ပြည်နယ်ရဲ့ လိုအပ်ချက်တွေကိုထောက်ပြရင် ဒေသခံတွေရဲ့ အသံကို လွှတ်တော်အတွင်း ပါဝင်လာအောင် လုပ်ဆောင်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။
အခုပါဝင်ယှဉ်ပြိုင်တဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေဟာလည်း ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်ပေးဖို့ ရည်မှန်းထားသူတွေဖြစ်ပြီး ၂၀၁၅ ခုနစ်ရွေးကောက်ပွဲတုန်းဆို အခုလို မျှော်လင့်ချက်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံအားပေးခဲ့သူတွေလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၅နှစ်တာ ကာလမှာ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒေသခံအချို့အကြား သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီထဲက ထင်ရှားတဲ့ပြဿနာတွေကတော့ လွိုင်ကော်မြို့လယ်မှာ စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ် နဲ့ နောက်ဆက်တွဲကန့်ကွက်မှုဘဲဖြစ်ပါတယ်။ ဒါ့အပြင် လယ်မြေအသိမ်းခံရတာကို ကန့်ကွက်တဲ့ ဒေသခံတွေ ဖမ်းဆီးထိန်းသိမ်းခံရတာကြောင့်လဲ တင်းမာမှုတွေဖြစ်ခဲ့ပါသေးတယ်။
“နောက်ပိုင်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ အမျိုးသမီး လူငယ်တွေက သင်ခန်းစာ အနေနဲ့ ရလိုက်တာကတော့ ကိုယ့်ပြည်နယ်ရဲ့ တိုင်းရင်းသားပါတီကသာ ရခဲ့မယ်ဆိုရင် ကိုယ်ပြောရတာလွယ်မယ်။ ကိုယ်တောင်းဆိုရတာလွယ်မယ်။ ဗဟိုချုပ်ကိုင်မှုတွေ လျော့နည်းမယ်” လို့ မမီမီးက သုံးသပ်ထားပါတယ်။
အမျိုးသမီးကိုယ်စားလှယ်လောင်းတွေအပေါ် ယုံကြည်မှုရှိလာဖို့ဆိုရင် မဲဆွယ်ကာလမှာ စည်းရုံးရေးဆင်းဖို့ထက် နှစ်ရှည်လများ လူထုနဲ့ ရင်းနှီးအောင်ကြိုးစားမှုတွေလုပ်ဆောင်ရသလို တဖက်ကလည်း အရပ်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ အသိပညာပေး လှုံဆော်ရေးတွေကိုလည်း တပြိုင်နက် လုပ်ဆောင်ပေးနေရပါတယ်။
ကယားပြည်နယ်မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအနိုင်ရခဲ့မယ်ဆိုရင် အမျိုးသမီးနဲ့ ကလေးသူငယ် အရေးဦးစားပေးပြီး အလုပ်အကိုင် အခွင့်အလမ်းတွေရှိလာအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဝင် အမျိုးသမီးတွေရဲ့ ကတိကိုလည်း တည်စေချင်တယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ မမေရီ ကပြောပါတယ်။
နောက်ထပ် ကယား ဒေသခံတစ်ဦးဖြစ်တဲ့ ခင်သန်းထွေးကတော့ “ရွာတွေအတွက် လမ်းတွေ မီးတွေ တောင်းဆိုချင်တယ်။ ကိုယ်ဝန်ဆောင်တွေအတွက် အခုလည်းထောက်ပံ့နေတာတွေရှိတယ်။ အဲ့လိုမျိုးတွေ ဆက်ပြီးလုပ်ပေးစေချင်တယ်” လို့ဆိုပါတယ်။
ဒေသခံအမျိုးသားတစ်ယောက်ဖြစ်တဲ့ ကိုနိုင်လင်းသူကတော့ “အမျိုးသမီးတွေက ထက်မြက်တယ်။ အနိုင်ရမယ်လို့လည်း ထင်ပါတယ်။ မိခင်စိတ်ရှိတယ်ဆိုတော့ ပြည်သူတွေအတွက် ပိုကောင်းမယ်ထင်တယ်။ အမျိုးသမီးတွေဆိုတော့ အလှအပ ကြိုက်တော့ကိုယ့်ဒေသလည်း လှပလာမယ်လို့ထင်တယ်။ ကလေးတွေအတွက်တောင်းဆိုချင်တယ်။ ကလေးတွေအတွက် ကစားကွင်းတွေရှိစေချင်တယ်။ ကလေးတွေက ကျောင်းတက် ကျူရှင်တက် စာကျက် ဒါနဲ့ပဲဆိုတော့ ကလေးတွေအတွက် လူငယ်တွေအတွက် သီးသန့် ကစားကွင်း အားကစားတွေလုပ်ပေးစေချင်တယ် ” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွက်လျှပ်စစ်ဓာတ်အား အဓိကထုတ်လုပ်ပေးနေတဲ့ လောပိတရေအားလျှပ်စစ်စက်ရုံဟာ ကယားပြည်နယ်မှာ ရှိပေမယ့် ကယားပြည်နယ်အတွင်းက ဝေးလံတဲ့ဒေသတွေနဲ့ တောင်ပေါ်ဒေသက ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။
ကယားပြည်နယ်က ပြည်သူလူထုကတော့ ဒီအချက်တွေကို ထောက်ပြသွားပြီး ပြည်နယ် သာယာလှပစေဖို့အတွက် သူတို့ရဲ့ စိတ်ကူးတွေကိုလည်း ပြောပြသွားခဲ့တာဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ အချက်ကလည်း မဲဆွယ်စည်းရုံးတဲ့အခါ အခက်အခဲတစ်ခုဖြစ်လာခဲ့လို အခုလို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အရင်ဆက်ဆက်က တာဝန်ယူထားကြသူတွေ မလုပ်ဆောင်နိင်ခဲ့တာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ အယ်ဗလင်းကသူမ ဝင်ရောက်ရွေးချယ်မယ့် ပြည်နယ်က အခြေအနေတွေကိုပြောပါတယ်။
” တချို့နေရာတွေဆို ကားနဲ့သွားလို့မရတာ ဆိုင်ကယ်နဲ့ သွားလို့မရတာ လမ်းလျှောက်ပြီးသွားရမှာတွေရှိတယ်” လို့ သူမကဆိုပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်မှာတော့ အာဏာရပါတီကို ထောက်ခံတာလည်းရှိသလို တိုင်းရင်းသားပါတီတွေအပေါ် ယုံကြည်မျှော်လင့်ပြီး အားပေးတဲ့ လူထုလည်းရှိနေတယ်လို့ မဇူဇူးက ဆိုပါတယ်။
ဒ့ါအပြင် နိုင်ငံရေးကို စိတ်ဝင်စားသူတွေကတော့ တိုင်းရင်းသားပါတီက အမျိုးသမီးကိုယ်စားလှယ်လောင်းတွေအနေနဲ့ အနိုင်ရရပြီးရင် ဆက်လက်လုပ်ဆောင်သွားမယ့် အပိုင်းကိုလည်း လူထုက ပိုမိုအာရုံစိုက်ပြီးစောင့်ကြည့်နေတာမျိုးလည်း ရှိနေပါတယ်။
“အမျိုးသမီးတွေရဲ့ အကြပ်အတည်းတွေ အခက်အခဲတွေကိုနားလည်တဲ့ အမျိုးသမီးခေါင်းဆောင်တွေပါလာတာ တွေ့ရတဲ့ အတွက် ကြိုဆိုရမှာ ဖြစ်တယ်။ သူတို့လုပ်နိုင်မယ့် အပြောင်းအလဲတွေကိုလည်း ကျမစိတ်ဝင်စားတယ်” လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက မဇူဇူးက ဆိုပါတယ်။
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်ခဲ့ရင် အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တာတွေ၊ အထူးသဖြင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် ဥပဒေရေးရာတွေမှာ ပိုပြီး အသက်ဝင်လာမယ်လို့ ယုံကြည်ပြီး ဝန်းရံသူတွေလည်းရှိတယ်လို့လည်း သူမကဆိုပါတယ်။
ရွေးကောက်ပွဲ စဖို့က ရက်ပိုင်းသာလိုတော့တာဖြစ်ပြီး ဝင်ပြိုင်ကြမယ့် အမျိုးသမီးတွေကို စိတ်ဝင်တစားစောင့်ကြည့် နေကြတဲ့သူတွေလည်းရှိပါတယ်။
သူတို့ထဲက ဘယ်သူကများ ကယားပြည်နယ်လွှတ်တော်အတွက် ပထမဆုံးသော အမျိုးသမီးအမတ်ဖြစ်လာမလဲဆိုတာ ရွေးကောက်ပွဲရလဒ်က အဖြေရှာပေးသွားမှာပဲဖြစ်ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021