Home သတင်း စိုက်ပျိုးထုတ်ကုန်တွေ ပုပ်လို့ ဝမ်းရေးအခက်တွေ့နေရတဲ့ ပအိုဝ်းအမျိုးသမီးများ

စိုက်ပျိုးထုတ်ကုန်တွေ ပုပ်လို့ ဝမ်းရေးအခက်တွေ့နေရတဲ့ ပအိုဝ်းအမျိုးသမီးများ

ကြည်ဖြူ။ ။

ရေနံစေးသုတ်ထားသည့် ဝါးထရံ ခြေတံရှည်အိမ်ထဲကို ဝင်လိုက်သည်နှင့် သနပ်ဖက်တွေ အထပ်လိုက်၊ အပုံလိုက် ထောင်လျှက်သား တွေ့ရသည်။

အမှန်ဆိုလျှင် ယခုလို ကာလတွင် ပအိုဝ်းလူမျိုးအများစု၏ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်သည့် သနပ်စိုက်ပျိုးရေး၊ ပြောင်းစိုက်ပျိုးရေး၊ အာလူးစိုက်ပျိုးရေးမှ ထွက်ရှိသည့် ထုတ်ကုန်များကို ရောင်းချနေရမည့် အချိန်ပင်။

သို့သော် ယခုနှစ်တွင်တော့ ယခင်နှင့် မတူတော့ပေ။

“မရောင်းရဘူး အိမ်မှာ သိုလှောင်ထားသလိုဖြစ်နေတယ်”

အိမ်ထဲတွင် ထောင်ထားသည့် သနပ်ဖက်ပုံကိုကြည့်ပြီး ပအိုဝ်းတောင်သူ အမျိုးသမီး မွိုးဗဲ့မှ ပြောသည်။ ပအိုဝ်းဘာသာစကားအရ “မွိုး” ဆိုသည်မှာ မြန်မာလို “အမေ” ကို ဆိုလိုခြင်းဖြစ်သည်။

မွိုးဗဲ့သည် ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ရှိ ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်သည်။

ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် အသွားအလာ ကန့်သတ်မှုများနှင့် အရောင်းအဝယ် နည်းပါးမှုများကြောင့် သူမတို့ ခြံထွက် သနပ်ဖက်များကို ခူးကာ အိမ်တွင်းသာ သိုလှောင်ထားနေရပါသည်။

“အမေတို့က သနပ်ဖက်တွေ စိုက်တယ် ရောဂါမလာခင်ကဆိုရင် အမေတို့ သနပ်ဖက်နဲ့ အေးဆေးလုပ်စားလို့ရတယ် ခံသာတယ်လေ”ဟု မဲနယ်တောင်ခြေတွင် သနပ်ဖက်စိုက်ပျိုးသူ မွိုးဗဲ့က ပြောပါသည်။

သနပ်ဖက်စိုက်ပျိုးရေးကို တစ်နှစ်ပတ်လုံး ကြိုးစားခဲ့သမျှ ရရှိလာသော ထွက်ကုန်ကြမ်းများ မရောင်းရသည့်အတွက် မွိုးဗဲ့တို့ မိသားစုတွေ စားဝတ်နေရေး အခက်ကြုံနေကြရသည်။ အဝေးမှာရှိသည့် ဆွေမျိုးမိသားစုထံ အကူအညီတောင်းရန်မှာလည်း သွားလာရေး ကန့်သတ်မှုတွေကြောင့် သူမတို့ အခက်တွေ့နေရသည်။

“ရောဂါကာလမှာက ဆွေမျိုးတွေကို သွားလည်တာတောင် မရဲဘူး ပြီးတော့ အရင်ကဆိုရင် အမေတို့က စားစရာဆန်မရှိတော့ဘူးဆိုရင် အမျိုးတွေနားက သွားပြီး ချေးငှားတာတွေ လုပ်လို့ရသေးတယ် အခုကျတော့ စားစရာဆန်လည်း မရှိ ဈေးသုံးဖို့ ပိုက်ဆံတောင်မရှိဘူး”ဟု မွိုးဗဲ့မှ ဆိုသည်။

ယခုချိန်မှာတော့ ခူးထားသည့် သနပ်ဖက်များကို အိမ်တွင်းပုံထားလျှက် ရောက်လို့ရမည့်အချိန်ကို မွိုးဗဲ့တို့ လင်မယား တစ်ရက်ပြီးတစ်ရက် စောင့်မျှော်နေကြသည်။ ဝင်ငွေမရှိတော့သည့်အတွက် ခြံမှထွက်သော ရှိသမျှ အသီးအရွက်များကိုသာ ခူးကာ နေ့တဓူ၀ သူမတို့ ချက်ပြုတ်စားသောက်နေကြရပါတယ်။

အခြောက်ခံထားသည့် သနပ်ဖက်များ (ဓါတ်ပုံ – ကြည်ဖြူ – HI)

အသားငါး‌တွေ စားချင်ရင်တောင် မစားရဘူး။ စိုက်ထားတဲ့ အသီးအနှံတွေဘဲ စားနေရတာ တခါတလေတော့ အပြောင်းလဲစားချင်မိတာပေါ့” ဟု သူမ ညည်းတွားပြောသည်။

ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း စိုက်ပျိုးထွက်ကုန် ရောင်းမထွက်သည့်အတွက် ဒုက္ခရောက်နေရသည်မှာ မွိုးဗဲ့တို့ မိသားစုချည်းသာ မဟုတ်ပေ။ ပင်လောင်းမြို့နယ်က သားသမီး ၄ ယောက် မိခင်ဖြစ်သူ မွိုးသန်းရွှေလည်း အပါအဝင်ပင်။

မွိုးသန်းရွှေသည် ကျောင်းပညာတပိုင်းတစ ထွက်ခဲ့သည့် သမီးအကြီးဆုံးနှစ်ယောက်နှင့်အတူ အာလူးစိုက်ပျိုးရေးကို လုပ်ကိုင်စားသောက်ကြပြီး သားအငယ်နှစ်ယောက်ပညာရေးကို ထောက်ပံ့ပေးနေရသူဖြစ်သည်။

ယခင်ကာလတွင် သူမတို့ အာလူးစိုက်ခင်းမှ တနှစ်လျှင် ကျပ် သိန်း (၁၀၀) ဝင်ငွေရှိသည့်အတွက် စားဝတ်နေရေးအပြင် သားသမီး ပညာရေး ကျန်းမာရေးအတွက် အတော်အသင့် ဖူလုံခဲ့ရသည်။ သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အာလူးပွဲစားရုံများ ပိတ်ထားလိုက်ရမှုကြောင့် သူမတို့ စိုက်ခင်းထွက်ကုန်အတွက် အကြီးအကျယ် အခက်တွေ့ခဲ့ရသည်။

“အာလူးကို စိုက်ပြီး အိမ်မှာ ထားထားတာကြာတော့ အာလူးက ပုတ်ကုန်တယ်” ဟု မွိုးသန်းရွှေမှ ပြောသည်။

သူမသည် အားလူးစိုက်ခင်းအတွက် လိုအပ်သည့် အရင်းအနှီးကို အခြားသူများထံမှ အတိုးဖြင့်ချေးကာ စိုက်ပျိုးခဲ့ရသူလည်းဖြစ်သည်။ ထို့ကြောင့် ချေးထားသည် ပိုက်ဆံနှင့် အတိုး ပြန်လည်ပေးဆပ်နိုင်ရန်အတွက် ရင်းနှီးစရိတ်နှင့် ရောင်းအား မမျှသော်လည်း ရသလောက်ဈေးဖြင့် ရောင်းချခဲ့သည်။

“ပုတ်သွားတာထက်စာရင် ရောင်းရင်ပိုကောင်းတယ်လို့ စဉ်းစားပြီးရောင်းလိုက်တာ။ ဒီနှစ်မှာဆိုရင် အာလူး ရောင်းလို့ရတဲ့ ပိုက်ဆံက အမေတို့ အာလူးစိုက်ဖို့ သူများဆီက ချေးထားတဲ့အကြွေးတွေကို ပြန်ပေးလိုက်တာနဲ့တင် ကုန်သွားပြီ။ စားဖို့က မရှိတော့ဘူး” ဟု မွိုးသန်းရွှေမှ ဆိုသည်။

ဤကဲ့သို့ ရောဂါကာလအတွင်း အသွားအလာကန့်သတ်မှုနှင့် အရောင်းအဝယ်များ ရပ်ဆိုင်းနေခြင်းကြောင့် တောင်ယာစိုက်ပျိုးရေးကို အမှီပြုကာ အသက်မွေးဝမ်းကျောင်းပြုနေကြသူ ပအိုဝ်းတောင်သူ အမျိုးသမီးအများစုမှာ နေ့တဓူ၀ စားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ဓါတ်ပုံ – ကြည်ဖြူ (HI)

ကိုဗစ်ကာလအတွင်း ပြည်သူများ စားဝတ်နေရေးပြေလည်စေရန်အတွက် ငွေကြေးအချို့နှင့် စားသောက်ကုန်ကြမ်းအချို့ ထောက်ပံ့မှုကို အစိုးရအနေဖြင့် လုပ်ဆောင်မှုရှိခဲ့သော်လည်း လကြာရှည် ကိုဗစ်ဒဏ်ခံနေရသည့် လက်လုပ်လက်စား ဆင်းရဲသားအများစုအတွက် ပြောပလောက်သည့် အကူအညီ မဖြစ်ခဲ့ပေ။ ထို့ပြင် အစိုးရပေးအပ်သည့် အကူအညီများ မရရှိသူများလည်း ရှိခဲ့သည်။

တဖန် စိုက်ပျိုးရေးလုပ်ဆောင်နေသော တောင်သူများအတွက် အစိုးရမှ ကူညီသောအားဖြင့် မျိုးစေ့များ ထောက်ပံ့မှုရှိသော်လည်း ပအိုဝ်းဒေသအတွင်းတွင် တောင်သူတိုင်း လက်ခံရရှိမှု မရှိသေးပေ။

“အစိုးရဘက်က မျိုးစေ့ထောက်ပံ့တာတို့ ဘာတို့ကတော့ မကြားဖူးဘူး ရလည်း မရဖူးဘူး ရရင် အမေကတော့ ပျော်တာပေါ”ဟု အားလူးစိုက်တောင်သူဖြစ်သူ မွိုးသန်းရွှေမှ ဆိုသည်။

အစိုးရမှ ထောက်ပံ့သည့် မျိုးစေ့သည် မိသားစုနည်းသော အိမ်ထောင်များအတွက်သာ အဆင်ပြေပြီး မိသားစုလူဦးရေများသော အိမ်ထောင်စုအတွက်မှု အခက်အခဲရှိနေကြောင်း ဒေသခံအချို့က ဆိုသည်။

မျိုးစေ့တွေက မိသားစုလေးငါးယောက်လောက်တော့ စားလိုလောက်ပေမဲ့ ‌ရောင်းတာမျိုးတွေလုပ်လို့တော့ မရဘူး တချို့မိသားစုတွေက များတော့ မလောက်တဲ့သူလည်းရှိတယ် အစိုးရမျိုးစေ့ထောက်ပံ့တာက နို့ဆီဗူး တစ်ဗူးမပြည့်တပြည်လောက်ဘဲရှိတယ်”ဟု အမည်မဖော်လိုသူ မဲနယ်တောင်ဒေသရှိ ကျေးရွာသူကြီးတစ်ဦးမှ ဆိုသည်။

အစိုးရမှ မျိုးစေ့ထောက်ပံ့မှုသည် တောင်သူတဦးချင်းစီ လွမ်းခြုံနိုင်ရန် ခက်ခဲကြောင်း ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်မှူးဖြစ်သူ ဦးဇော်ဝမ်းမှ ပြောသည်။

“အကုန်လုံးတော့ မရနိုင်ဘူး ကျွန်တော်တို့ မြေပိုမြေလျှံရှိတဲ့ သူ စိုက်ချင်ပျိုးချင်တဲ့သူကို ပိုပေးတယ် တချို့ကျတော့ မလိုချင်ဘူး သွားသွားဆိုတဲ့ အိမ်ထောင်စုတွေလည်း ရှိတယ် ကျွန်တော်တို ကိုယ်တိုင်ကြုံခဲ့ရတယ်” ဟု ဦးဇော်ဝမ်းမှ အစိုးရ၏ လုပ်ဆောင်ရသည့် အနေအထားကို ပြောပြခဲ့သည်။

ထွက်ကုန်ရောင်းမရမှုကြောင့် နေ့တဓူ၀ ဝမ်းရေးဒုက္ခများအပြင် ပေးဆပ်ရမည့် နှစ်စဉ် စိုက်ပျိုးရေး ကြွေးမြီများ၊ သားသမီးပညာရေးနှင့် ကျန်းမာရေးစရိတ်များအတွက် ပူပင်သောက ရောက်နေကြသည့် တောင်သူအမျိုးသမီးအချို့ကမူ မျိုးစေ့ထောက်ပံ့ခြင်းသည် ၎င်းတို့၏ လိုအပ်ချက်နှင့် လက်ရှိတွင် ကိုက်မှု မရှိနေကြောင်း ဆိုကြသည်။

ယခုလို အရောင်းအဝယ်မကောင်းသည့်ကာလတွင် မျိုးစေ့ထောက်ပံ့ခြင်းထက် တောင်သူမိသားစုများ လုံးဝပြတ်လပ်နေသည့် ဆန်၊ ဆီ၊ ဆား ကို ထောက်ပံ့ခြင်းသည် အမျိုးသမီးများအတွက် လက်တွေ့ပိုကျပြီး ပိုအသုံးဝင်မည့်အကြောင်း ပြောင်းနှင့် သနပ်ဖက်စိုက်ပျိုးသည့် တောင်သူအမျိုးသမီးတစ်ဦးဖြစ်သူ နန်းဌေးက ပြောပါသည်။

“မျိုးစေ့ထောက်ပံ့တာက ကောင်းပါတယ်။ ဒါပေမဲ့ အစိုးရက ပေးတဲ့ မျိုးစေ့ကို စိုက်ပြီး ရောင်းရင်လည်းမရ ဈေးတွေလည်းပိတ်ထားတယ်ဆိုတော့ ဟင်းရှိပြီး ထမင်းမရှိရင်လည်း အဆင်မပြေဘူးလေနော်။”

တောင်သူအမျိုးသမီးများအနေဖြင့် ယခုကာလအတွင်း အစိုးရ၏ လုံလောက်သော ကူညီထောက်ပံ့မှုများကို မျှော်လင့်နေကြသော်လည်း တနိုင်ငံလုံး လွှမ်းခြုံပြည့်ဝသည့် အကူအညီပေးရန်မှာ ဆင်းရဲသည့် မြန်မာနိုင်ငံ အစိုးရအဖို့ ကြီးမားသည့် စိန်ခေါ်မှုတရပ် ဖြစ်နေမည်မှာ မလွဲပေ။ ထို့ကြောင့် ပအိုဝ်းတောင်သူအမျိုးသမီးများကဲ့သို့သော လက်လုပ်လက်စား အခြေခံလူတန်းစားများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မှုမှာလည်း ကိုဗစ်ကပ်ရောဂါမပြီးဆုံးသရွေ့ မရေရာသည့် မျှော်လင့်ချက်တစ်ခုအဖြစ် ဆက်လက်ရှိနေဦးမည်သာ ဖြစ်ပေသည်။

Related Articles