Home သတင်း လိင်အကြမ်းဖက်ခံရသည့် အမျိုးသမီးငယ်များ ပညာဆက်လက်သင်ကြားနိုင်ရန် ဆောင်ရွက်မည်ဟု လူကယ်ပြန် ဒုဝန်ကြီးဆို

လိင်အကြမ်းဖက်ခံရသည့် အမျိုးသမီးငယ်များ ပညာဆက်လက်သင်ကြားနိုင်ရန် ဆောင်ရွက်မည်ဟု လူကယ်ပြန် ဒုဝန်ကြီးဆို

မိုးမိုး

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် ကျောင်းနေအရွယ် အမျိုးသမီးငယ်များကို ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ ပညာဆက် လက်သင်ကြားနိုင်ရန်အတွက် ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု လွှတ်တော်အတွင်း ဆွေးနွေးမှု တရပ် မနေ့က ပြုလုပ်ခဲ့သည်။

“သက်ဆိုင်ရာ ဝန်ထမ်းများ အနေနဲ့ မိမိတို့ အနေနဲ့ အသိများ ပြုပြင်ပြောင်းလဲနိုင်မှုရယ်၊ ဥပဒေများကို ကြေကြေလည်လည် သိရှိနိုင်ဖို့အတွက် ပညာရေးဝန်ကြီးဌာနကို ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (လူကယ်ပြန်) ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။

ပြီးခဲ့သည့် ကာလအတွင်း မုဒိမ်းမှု ကျူးလွန်ခံရသည့် ၉ တန်းကျောင်းသူတစ်ဦးကို အားပေးနှစ်သိမ့်ပြီး ကျောင်းပြန်ပို့သည့် အခါ ကျောင်းမှ လက်မခံသည့်အတွက် တိုင်းပညာရေးမှူးအဆင့်ထိ ဆက်သွယ်ဆွေးနွေးသော်လည်း ဆွေးနွေးမှု မအောင်မြင်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသဖြင့် လွှတ်တော်တွင် ထိုကဲ့သို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လိင်အကြမ်းဖက်ခံရသူ၊ လိင်အတွေ့အကြုံ (Sex Experience) ရှိပြီးသားသူများကို ကျောင်းစည်းကမ်းအရ လက်ခံ၍ မရသလို၊ သူ၏ အတွေ့အကြုံများကို အခြားကလေးများအား ပြန်လည်မျှဝေမည်ကို စိုးရိမ်သဖြင့် ကျောင်းများမှ လက် မခံသည့် ဖြစ်စဉ်များလည်းရှိနေခြင်း ဖြစ်သည်။

ထိုသို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အမျိုးသမီးငယ်များကို အချို့စာသင်ကျောင်းများက လက်မခံသည့် ဖြစ်စဉ်များ ရှိနေသဖြင့် ဇူလိုင် ၂၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်က လိင်အကြမ်းဖက်ကျူးလွန်ခံရသော အမျိုးသမီးငယ်များ တပြေးညီ ပညာဆက်လက် သင်ကြားခွင့်ရရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနချင်း ချိတ်ဆက်ညှိနှိုင်း၍ တိကျသော မူဝါဒများချမှတ်ပြီး ညွှန်ကြားချက်များ ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် လူကယ်ပြန် ဒုဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အကြမ်းဖက်ခံရသည့် ကလေးသူငယ်များ ပညာဆက်လက် သင်ကြားနိုင်ရန်အတွက် ယင်းပြဿကို ဒွိဟ မဖြစ်စေရန်အတွက် အဓိက အရေးကြီးသည်မှာ ကျောင်းဆရာမများနှင့် ကျောင်းအုပ်များသာ ဖြစ်သည့်အတွက် ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောပါသည်။

ဒေါက်တာဒေါ်ကြည်မို့မို့လွင်က “အသက် ၁၆ နှစ်အောက် ကာယကံရှင် သဘောတူရင်တောင်မှ ဒါဟာ Rape Case ဖြစ်ပါ တယ်။ ဆရာ/ ဆရာမတွေက ဒီလို Case တွေမှာ ဒွိဟ ဖြစ်စေပါတယ်။ ဒီဟာ အလိုတူ အလိုပါဆိုပြီး သတ်မှတ်တာ၊ ဖြေ ရှင်းရခက်တာရှိပါတယ်။ ဒီလို ဒွိဟ မဖြစ်အောင် ဘယ်လို ညွှန်ကြားပေးမယ်ဆိုတာ သိရှိလိုပါတယ်”ဟု လွှတ်တော်သို့ မေးခွန်းထုတ်ခဲ့သည်။

မြို့ပေါ်နေ ကျောင်းများမှာ ခွဲခြားမှုများရှိနေသည်မှာ လက်တွေ့ဖြစ်နေသဖြင့် ခွဲခြားဆက်ဆက်ခြင်းမရှိစေရန် တိတိကျကျ ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် လိင်အကြမ်းဖက်ခံရသည့် ကလေးငယ်ကို ခွဲခြားဆက်ဆံမှု မလုပ်ရန် အလွန်အရေးကြီးသည့် ကိစ္စဖြစ်ကြောင်းလည်း အမျိုးသမီးများအရေးဆောင်ရွက်နေသည့် အရှိုအမျိုးသမီးများအဖွဲ့အစည်း တည်ထောင်သူလည်းဖြစ်၊ အဖွဲ့ဒါရိုက်တာလည်းဖြစ်သည့် မိုင်သန့်စီဦးက ဆိုပါသည်

မိုင်သန့်စင်ဦးက “တောင်တွင်းကြီး မြို့ပေါ်မှာ ဖြစ်သွားတဲ့ ကိစ္စတစ်ခုဆိုရင် သက်ငယ်မုဒိမ်းလို ဖြစ်သွားတဲ့ဟာကို ဒီကျောင်းက အရေးမယူဘဲ တံခါးပိတ်ဆွေးနွေးပြီးမှ ကလေးက ကျောင်းက ထွက်သွားရတဲ့ အခြေအနေဖြစ်သွားတယ်။ ဒါက ခွဲခြားဆက်ဆံလိုက်တာပဲ။ ဒီကလေးက အခုထိ ကျောင်းဆက်မတက်ရဘဲ ပညာ တပိုင်းတစနဲ့ရှိတဲ့ ဖြစ်စဉ် ရှိတယ်”ဟု ပြောသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၄၆ ပုဒ်မခွဲ(က)ပါ ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်း မရှိ စေရန် ပညာသင်ယူမှုဆိုင်ရာ အခွင့်အရေးများ ရရှိစေရမည်ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ သက်ငယ်မုဒိမ်းမှုကျူးလွန်ခံ ရသော မိန်းကလေးငယ်များ ပညာသင်ယူမှုအခွင့်အရေး မဆုံးရှုံးစေရန် ဆောင်ရွက်လျက်ရှိသည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။

၂၀၁၇-၁၈ ပညာသင်နှစ်မှစ၍ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ သက်ငယ် မုဒိမ်းကျူးလွန်ခံရသော အတန်းပညာ ဆက်လက် သင်ယူလိုသည့် အမျိုးသမီးငယ်စုစုပေါင်း ၂၂၅ ဦးကို ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ဟု ဒုဝန်ကြီးက လွှတ်တော်သို့ ပြန်လည် ရှင်းပြခဲ့သည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ်တွင် အကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများ ကြုံတွေ့လာရပါက တိုင်ကြားရန်အတွက် Help Line ဖုန်းနံပါတ် ၀၆၇-၄၀၄၂၂၂ နှင့် ၀၆၇-၄၀၄၉၉၉ တို့ကို တိုင်ကြား နိုင်သည်ဟု သတင်းထုတ်ပြန်ထားကြောင်းသိရသည်။

Author: Moe Moe

Related Articles