Home သတင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအချင်းချင်းဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ရန် အထူးတိုက်တွန်းလိုက်သည့် SWAN

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအချင်းချင်းဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ရန် အထူးတိုက်တွန်းလိုက်သည့် SWAN

Photo Credit : Nang Kham Awn

နန်းဆိုင်နွမ်။               ။

SWAN (Shan Women Action Network) ခေါ် ရှမ်းအမျိုးသမီးများဆက်သွယ်လှုပ်ရှားရေးအသင်း၏ နှစ် (၂၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုဌာနတွင် ပြုလုပ်ပြီး နိုင်ငံရေးအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ တက်ရောက်ဂုဏ်ပြုအားပေးကြသည်။

SWAN မှ လက်လှမ်းမီသည့် ရှမ်းပြည်သူလူထု၏ လူနေမှုဘဝများ ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်နိုင်ခဲ့ သော်လည်း ယနေ့မိမိတို့ရှမ်းအမျိုးသမီးများနှင့် ကလေးသူငယ်အများစု၏ဘဝများမှာ လုံခြုံမှု ကင်းမဲ့နေဆဲဖြစ်ပြီး တိုးတက်ကောင်းမွန်လာရန် နှောင့်နှေးနေဆဲ ဖြစ်သည်ဟု အနှစ်(၂၀)ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ရေး သားဖော်ပြထားသည်။

“ ယခုလက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့  စစ်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာနေရတဲ့သူ၊ စစ်ဘေးရှောင်နေရတဲ့ သူတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ကလေးတွေရဲ့ ဘဝလုံခြုံရေးကင်းမဲ့နေသေးတဲ့အတွက်ကြောင့် SWAN အနေနဲ့ ပိုပြီးတော့မှ စိတ်မကောင်းဖြစ်ရတယ်။ ကျမတို့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုလဲ ဆက်လက်ကြိုးစားလုပ်ဆောင် သွားရဦးမယ်”  ဟု ပြန်ကြားရေးတာဝန်ခံ နန်းမွေနွမ်ဟွမ်က ပြောသည်။

Photo Credit: Nang Kham Awn

SWAN အသင်းအနေဖြင့် ကျား၊ မတန်းတူရေးနှင့် တရားမျှတရေးအတွက် လူမှုရေး၊ နိုင်ငံရေး၊ ပြုပြင်ပြောင်းလဲ ရေးကို အပြည့်အဝ မဖော်ဆောင်နိုင်သရွေ့  ရှေ့ဆက်လုပ်ဆောင်ရမည့် အလုပ်များစွာ ရှိနေသေးကြောင်းလည်း နန်းမွေနွမ်ဟွမ်ကဆိုသည်။

လက်ရှိ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပဋိပက္ခများ၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းအချင်းချင်းကြားဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့် ရန်လည်း SWAN မှ တိုက်တွန်းပြောဆိုလိုက်သည်။

Photo Credit: Nang Kham Awn

စစ်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ၊ စစ်ပြေးရှောင်ဒုက္ခသည်များနှင့် ရပ်တန့်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေ၊ အမျိုးသမီးများနှင့် ဘဝလုံခြုံရေးတို့ကိုလည်း အနှစ် (၂၀)ပြည့်အကြို ရှမ်းအမျိုးသမီးများ နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးသုံးသပ်ခဲ့သည်။

ရှမ်းအမျိုးသမီးများ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) သည် ၁၉၉၉ ခုနှစ်၊ မတ် (၂၈) ရက်နေ့မှ စပြီး ကျားမတန်းတူရေးနှင့် တရားမျှတရေးတို့အတွက် လူမှုရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ လှုပ်ရှားမှုများ တွင် တက်ကြွစွာဆောင်ရွက်ခဲ့ပြီး မြန်မာ့တပ်မတော်မှကျူးလွန်သော တိုင်းရင်းသားဒေသမှ အမျိုးသမီးများအပါ် ချိုးဖောက်ခြင်းများကို တင်ပြခဲ့သည့် မုဒိန်းကျင့်ခွင့်လိုင်စင်အစီရင်ခံစာဖြင့် နိုင်ငံတကာတွင် လူသိများခဲ့သော အဖွဲ့အစည်းလည်းဖြစ်ကာ ၂၀၁၉ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် နှစ် (၂၀)တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။

Related Articles