Home သတင်း အမျိုးသမီးများကို လူသားအဖြစ် ဥပဒေအရ အသိအမှတ်ပြုလာစေသူ အင်မလီမာဖီ(၁၈၆၈-၁၉၃၃ )

အမျိုးသမီးများကို လူသားအဖြစ် ဥပဒေအရ အသိအမှတ်ပြုလာစေသူ အင်မလီမာဖီ(၁၈၆၈-၁၉၃၃ )

ပျိုး-ဘာသာပြန်သည်။

(မြန်မာ့အမျိုးသမီးသမဂမှ ထိုင်းမြန်မာနယ်စပ်တွင် ထုတ်ဝေဖြန့်ချီခဲ့သော ချိုးလင်းပြာအမျိုးသမီးစာစောင်၊ အမှတ် ၃/၂၀၀၇ ခုနှစ်၊ မတ်လ Volume (42) March, 2007 မှ ပြန်လည်ထုတ်ယူတင်ပြခြင်းဖြစ်ပါသည်။)

“ သမီးမိန်းကလေးတစ်ယောက်လို နေထိုင်တတ်ဖို့ သင်ရမယ်နော် “ ဆိုတဲ့စကားကို အင်မလီမာဖီ ဖာဂူဆန်အရွယ်ရောက်လာချိန်မှာ သူ့မိခင်ဆီက နေ့တိုင်းကြားခဲ့ရပေမဲ့ သူကတော့ လိုက်နာဖို့ မကြိုးစားခဲ့ပါဘူး။ အမျိုးသမီးဖြစ်ရခြင်းရဲ့အဓိပ္ပါယ်က ကျောက်ရုပ်တစ်ရုပ်လို တိတ်တိတ်ဆိတ်ဆိတ်လေးထိုင်နေဖို့ဆိုရင် အင်မလီ က ဒါကိုလက်ခံမှာ မဟုတ်ပါဘူး။ ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတဲ့စကားတွေကို သူက သိပ်မုန်းပါတယ်။ ဒါ ကြောင့် သူယုံကြည်တဲ့အတိုင်း ကြီးကျယ်မြင့်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ရမယ်လို့ သူက ဆုံးဖြတ်ခဲ့ပါ တယ်။

အင်မလီကို ၁၈၆၈ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှာ မွေးဖွားခဲ့ပြီး အစ်ကိုလေးယောက်နဲ့ ညီမတစ် ယောက်ရှိပါတယ်။ သူတို့မောင်နှမတွေဟာ သိပ်အဆော့သန်ကြပါတယ်။ သူတို့ဟာ မြို့ထဲမှာ မြင်းရထားကို အရှိန် ပြင်းပြင်းနဲ့ မောင်းလေ့ရှိတယ်။ ဒါကြောင့် သူတို့ကို “မကောင်းဆိုးဝါးလေး” တွေလို့ခေါ်ဝေါ်ကြတယ်။ အင်မလီ ယာ စန္ဒယားတီးဖို့ ဘယ်ခါကမှ စိတ်မဝင်စားခဲ့ပါဘူး၊၊ ခုံပေါ်ကနေ ဂျွမ်းပစ်ချလို့၊ အိမ်နီးချင်းတွေဆီက ပန်းသီး ခိုးလို့ အမြဲတမ်းအဆူခံရတတ်ပါတယ်။ တစ်ယောက်တည်းရှိတဲ့အခါ မှန်ရှေ့မှာရပ်ပြီး နာမည်ကြီးရုပ်ရှင် မင်းသမီး ရေချယ်ရဲ့ ဟန်ပန်တွေကို အတုခိုးလိုက်လုပ်တတ်ပါတယ်။

ကလေးတွေဆိုးတယ်ဆိုတာက မိဘတွေဖြစ်တဲ့ အစ်ဆတ်နဲ့ အာလီတို့က စည်းကမ်းသိပ်ကြီးတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူတို့က အရေးပါတဲ့ ဧည့်သည်တွေလာရင် လက်ဖက်ရည်ကို ခွက်လှလှလေး တွေနဲ့ ဧည့်ခံတတ်ကြတယ်။ အစ်ဆတ်က အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သားတွေကို ရှေ့နေတို့ နိုင်ငံရေးသမားတို့လို အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့ ရည်မှန်းထားတယ်။ အင်မလီကိုလည်း သူ့အစ်ကို တွေလိုပဲ ဆက်ဆံတယ်။ သူမဟာ ထင်းရှာရတယ်၊ နောက် အိမ်အလုပ်တွေလုပ်ရတယ်။ ဒါပေမဲ့ အင်မလီကို အိမ် ထောင်ချပေးပြီး ကလေးတွေမွေးဖို့ပဲ မျှော်လင့်ထားတယ်။ အဲဒီအချိန်က အမျိုးသမီးတွေအတွက် ဥပဒေနဲ့ နိုင်ငံ ရေး နယ်ပယ်မှာ နေရာမရှိပါဘူး။

အင်မလီကို အသက်မွေးဝမ်းကျောင်းပညာ သင်ပေးဖို့ မရည်ရွယ်ပေမဲ့ အဖေက သူ့ကိုပညာကောင်း ကောင်းသင်ပေးခဲ့ပါတယ်။ အင်မလီဟာ သူမမွေးရပ်မြေ အိုတာရီယိုက ကွတ်စ်တောင်းမြို့မှာ ကျောင်းစနေတယ်။ နောက်တိုရန်တိုက ဘုန်းတော်ကြီးစထရန်ချန်းရဲ့ ပုဂ္ဂလိကကျောင်းကို ပြောင်းတက်ခဲ့တယ်။ အစောပိုင်းလတွေ မှာတော့ အင်မလီက အိမ်ကိုလွမ်းတာကြောင့် ညတိုင်းငိုခဲ့တယ်။ နောက်တော့ ကျောင်းမှာ နေသားကျလာတယ်။ သူ့အစ်ကိုတွေဖြစ်တဲ့ တွမ်နဲ့ ဂိုဝမ်တို့က စနေ၊ တနင်္ဂနွေဆို အပြင်ကိုခေါ်လည်ကြတယ်။ အင်မလီက အစ်ကို တွေကို တင်းနစ်ကစားဖို့နဲ့ အပင်စိုက်ဖို့ လေ့လာချင်ကြောင်းပြောတယ်။ နောက်ဆရာမက သူ့ကို မှတ်ဉာဏ် ကောင်းကြောင်း၊ ကဗျာတစ်ပုဒ်လုံးကို အလွတ်ရွတ်နိုင်ကြောင်း ချီးကျူးစကားပြောတယ်။

ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်ဖို့ ရည်မှန်းချက်ထားတဲ့ အသာမာဖီဆိုသူက အင်မလီကို စိတ်ဝင်စား တယ်။ သူတို့တွေဟာ အပြင်ကို တစ်ရက်ခရီးအတူသွားကြတယ်။ အင်မလီက သူ့ဆီစာရေးတဲအခါတိုင်း ပုံနှိပ် ထားတဲ့ ပန်းပွင့်လေး အမြဲပါတတ်တယ်။ အစ်ကိုဖြစ်သူတွေက သူတို့အကြောင်းကို လျှို့ဝှက်ပေးကြတယ်။ အာ သာက အင်မလီထက် (၁၁) နှစ်ကြီးတာကြောင့် မိဘတွေက သဘောမတူကြဘူး။ “နင်မြန်မြန်အရွယ်ရောက်လာ အောင်လုပ် ဒါမှ ငါနင့်ကိုလက်ထပ်လို့ရမှာ “ လို့ အာသာက ရယ်စရာအဖြစ် ပြောတတ်ပါတယ်။ အင်မလီအသက် ၁၉ နှစ်ပြည့်ပြီး ၅ လအကြာ ၁၈၈၇ ခုနှစ်၊ ဩဂုတ် ၂၃ ရက်နေ့မှာ သူတို့တကယ်ပဲ လက်ထပ်ဖြစ်ကြတယ်။

ကျောင်းသူဘဝကနေ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ဇနီးဖြစ်ရတာကတော့ သိပ်မလွယ်လှပါဘူး။ သူမရဲ့ အခန်းကဏ္ဍအသစ်မှာ လူတွေကအတုယူစရာဖြစ်အောင် အင်မလီဟာ အရာရာကို အလေးအနက်ထားပြီး လူကြီး တစ်ယောက်လို နေထိုင်ခဲ့ရတယ်။ သူဟာ အကောင်းဆုံးကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ သမ္မာကျမ်းစာကို လေ့ လာတယ်၊ ဘုရားကျောင်းမှာ အော်ဂင်တီးတယ်။ အမျိုးသမီးအသင်းကိုဝင်ခဲ့တယ်။ ဒါပေမဲ့ အင်မလီက ကိုယ့် ကိုယ်ကို အမြဲတမ်းစည်းကြီးကမ်းကြီးဖြစ်အောင် မလုပ်ခဲ့ဘူး။ သူဟာ ရယ်မောရတာကို နှစ်သက်ပြီး အကြောင်း အရာသေးသေးလေးတွေကအစ သူ့ကိုရယ်မောပျော်ရွှင်စေခဲ့တယ်။ တခါမှာတော့ အာသာက တရားဟောနေချိန် မှာ ရယ်စရာဟာသတစ်ခု တွေးမိတာကြောင့် အင်မလီဟာ မထိန်းနိုင်ဘဲ ရယ်ခဲ့မိတယ်။

မာဖီမိသားစုမှာ သမီးသုံးယောက်ရှိပြီး ပျော်ရွှင်ချမ်းမြေ့ပါတယ်။ အင်မလီဟာ အလုပ်တွေများနေ ပေမဲ့ နေ့စဉ် ဒိုင်ယာရီ ရေးလေ့ရှိတယ်။ အာသာရဲ့အလုပ်ကြောင့် မိသားစုဟာ တနေရာကနေ တနေရာ အမြဲ တမ်းပြောင်းရွှေ့ရပြီး ဒီလိုစာရေးသားမှုက ငြိမ်းအေးမှုကို ဖြစ်စေတယ်။ ပြောင်းရွှေ့တဲ့အခါတိုင်းမှာလည်း အစ ကနေပြန်ပြန်ပြီးစကြရတယ်။ ၁၈၉၈ ခုနှစ် သူတို့အင်္ဂလန်ကို ပြောင်းတဲ့အခါမှာ အင်မလီဟာ သူမရဲ့ ပထမဆုံး စာအုပ်ဖြစ်တဲ့ ပြည်ပရောက် ဂျနေကနတ်ရဲ့ ထင်မြင်ချက်ဆိုတဲ့စာအုပ်ကိုရေးခဲ့ပါတယ်။ ဒီစာအုပ်က ဗြိတိသျှ လူ့ အဖွဲ့အစည်းကို သရော်ပြီး ဟာသဆန်ဆန်ရေးထားတာပါ။

နောက်တစ်နှစ်အကြာ သူတို့မိသားစု တိုရန်တိုကို ပြန်လာကြတော့ အင်မလီဟာ စာရေးဆရာမ အဖြစ် ဇောက်ချလုပ်ခဲ့ပါတယ်။ သူမဟာ အမျိုးသမီးရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ မဂ္ဂဇင်းဆောင်းပါးတွေကို သုံးသပ်ဝေဖန်ပါတယ်။ ဂျနေကနတ်စာအုပ်ကို ၁၉၀၁ မှာ ထုတ်ဝေဖြစ်တယ်။ အာသာက တိုက်ဖွိုက်ဖြစ်ပြီးဖျား နေတဲ့အခါမှာ အင်မလီက စာရေးပြီး မိသားစုကို ထောက်ပံ့ပါတယ်။ သူမရဲ့ အငယ်ဆုံးသမီး ဒေါရစ် ဆုံဆို့နာ ဖြစ်ပြီးကွယ်လွန်သွားတဲ့အခါ စာရေးသားတာက သူမရဲ့ ကြေကွဲမှုကိုကုစားပေးပါတယ်။

ဒေါရစ်ကြောင့် ဝမ်းနည်းပူဆွေးနေရတာကနေ မိသားစုဟာ ရုန်းထွက်ဖို့ လိုလာပါတယ်။ ဒါနဲ့ သူတို့ မိသားစုက ဆွမ်းမြစ်အနောက်ဖက်ရှိ မနီတိုဘာကို ပြောင်းခဲ့ကြတယ်။ တိုရန်တိုမှာနေပြီးနောက် အဲဒီမြို့လေး ဘယ်လောက်တောင်သေးတယ်ဆိုတာကို သူတို့ မယုံနိုင်အောင်ဖြစ်ခဲ့ကြတယ်။ အဲဒီမှာ ဆေးရုံတောင်မရှိဘူး။ အင်မလီဟာ အကြီးအကျယ် ဒေါသဖြစ်ခဲ့တယ်။ ဒီဆွမ်းမြစ်ကမ်းအိမ်မှာ သူတို့ ဖျားနာရင် ဘယ်လိုလုပ်ကြမလဲ။ မကြာခင်ကပဲ သူမယောက်ျား အသည်းအသန်ဖျားတာနဲ့ ကလေးတစ်ယောက်ဆုံးပါးခဲ့တာကို မြင်ခဲ့ရပြီ။ ဒါ ကြောင့် သူမဟာ ဒီအတိုင်း ဆက်မနေနိုင်ခဲ့ဘူး။ အစိုးရဆီကို စာတွတစ်စောင်ပြီးတစ်စောင်ရေးတော့ ဆေးရုံဆောက်ဖို့ဖြစ်လာတယ်။ နောက်ဆေးရုံဆောက်တဲ့အခါမှာ အင်မလီဟာ ဆေးရုံကြီးကြပ်ရေးအဖွဲ့မှာ ဥက္ကဌဖြစ်လာတယ်။ တစ်လအတွင်း သူမဟာ ဝင်နီပက်ဂ် မဂ္ဂဇင်းအတွက် စာအုပ် ၂၀ ကျော်ကို သုံးသပ်ချက် ရေးခဲ့တယ်။ အနောက်ပိုင်းရောက်ဂျနေကနတ်အမည်နဲ့ နောက် စာအုပ်တအုပ်ထပ်ရေးတယ်။

နောက်သူတို့မိသားစုဟာ အက်ဒ်မွန်တန်ကို ထပ်ပြောင်းကြတယ်။ ဂျနေကနတ်ရဲ့ စွန့်စားခန်း စာအုပ်တွေကြောင့် အဲဒီမြို့မှာ အင်မလီဟာ လူသိများထင်ရှားနေပြီ။ အင်မလီကို ပါတီပွဲတွေ၊ နေ့လည်စာ စားပွဲ တွေ တက်ရောက်ဖို့ ဖိတ်ကြားကြတယ်။ ဒါပေမဲ့ အင်မလီအနှစ်သက်ဆုံးအရာက လယ်တောတွေထဲက အမျိုး သမီးတွေဆီကို သွားရောက်လည်ပါတ်ရခြင်းပါပဲ။ သူတို့ရဲ့ဘဝ အစိတ်အပိုင်းတိုင်းကို သူတို့ယောက်ျားတွေက ထိန်းချုပ်ထားတယ်။ ငွေကြေးပိုင်ဆိုင်ခွင့်ကနေ တရားဝင်ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့် အဆုံးပါ။ အဲဒီ အမျိုးသမီးတွေနဲ့ စကားလက်ဆုံကျခဲ့တာကြောင့် တောပိုင်းဒေသက အမျိုးသမီးတွေရဲ့ မညီမျှတဲ့ဘဝတွေကို အင်မလီ နားလည်လာခဲ့တယ်။

အင်မလီက ဥပဒေရေးရာကို သုတေသနလုပ်ပြီး အစိုးရက ဘယ်လိုလုပ်နိုင်မလဲဆိုတာကို လေ့လာ ခဲ့တယ်။ နောက်ဥပဒေပြုကောင်စီ အစည်းအဝေးတွေကို စောင့်ကြည့်လေ့လာပြီး ဒီအရေးကို ဘယ်လိုဆောင်ရွက် ရမလဲဆိုတာ ပြင်ဆင်တယ်။ လမ်းမှားနိုင်ငံရေးသမားတွေကိုတားပြီး အိမ်ထောင်ရှင် မိန်းမတွေကို ကူညီနိုင်မယ့် ဥပဒေမူကြမ်းဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးတယ်။

၁၉၁၀ မှာ အင်မလီဟာ အောက်လွှတ်တော်မှာ ပထမဆုံးစကားပြောခွင့်ရခဲ့ပေမဲ့ သူ့ရဲ့တောင်းဆိုမှု ဟာ ပယ်ချခံခဲ့ရတယ်။ ဒါပေမဲ့ ဒီသတင်းက ပျံ့နှံ့သွားပြီး သူမရဲ့မိတ်ဆွေ စာရေးဆရာတွေနဲ့ စာနယ်ဇင်းသမား တွေက သူမကိုထောက်ခံတဲ့ ဆောင်းပါးတွေရေးကြတယ်။ ဒီအရေးက သတင်းကြီးသတင်းတစ်ခုဖြစ်လာပြီး ၁၉၁၁ ခုနှစ်မှာ ဒိုဝါဥပဒေ ခေါ်တဲ့ ဥပဒေသစ်တရပ်ပြဌာန်းခဲ့ကြတယ်။ ဒီဥပဒေအရ အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ဟာ သူ့ခင်ပွန်းပိုင်ဆိုင်မှုရဲ့ သုံးပုံတစ်ပုံကို ခံစားပိုင်ခွင့်အရေးကို စတင်တက်လှမ်းစေခဲ့တယ်။ အဲဒီ နောက်မှာ အမျိုးသားနိုင်ငံရေးသမားတွေက အင်မလီလာတာမြင်ရင် ပြဿနာကောင်လာပြီလို့ ပြောလေ့ရှိတယ်။ သူတို့က အင်မလီကို ဆန့်ကျင်တော်လှန်ရဲသူအဖြစ်သိလာကြတယ်။

အောင်မြင်မှုတစ်ခုရပြီးတဲ့နောက်မှာ အမျိုး သမီးတွေ ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကို သိမြင်လာပြီး တခြားကိစ္စရပ်တွေအတွက်လည်း လုပ်ကိုင်ခဲ့တယ်။ သူက အမျိုးသမီးနဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုလားခဲ့တယ်။ နောက်အကျဉ်းသားတွေနဲ့ စိတ်ရောဂါ သည်တွေကိုလည်း သိက္ခာရှိရှိ ဆက်ဆံစေချင်ခဲ့ပါတယ်။ နောက် သူမရဲ့စာပေဟာ အရေးပါလာတာကြောင့် စာ အုပ်နှစ်အုပ် ထပ်ထုတ်ဖြစ်ပါတယ်။ ၁၉၁၂ ခုနှစ်မှာ လွတ်လပ်သော တရားစီရင်မှုနဲ့ ၁၉၁၄ မှာ ထင်းရူးစေ့များ ဆိုတဲ့ စာအုပ်တွေ ထုတ်ဝေခဲ့ပါတယ်။

အင်မလီဟာ အမျိုးသမီးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ပြောင်းလဲမှုတွေကို ဖန်တီးလိုကြတဲ့သူတွေနဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီသူတွေထဲမှာ နာမည်ကြီးစာရေးဆရာမနဲ့ အမျိုးသမီးများမဲပေးခွင့်ရရှိရေးလှုပ်ရှားသူ နီးလ်လီ မက်ကလန်လည်း ပါဝင်ခဲ့တယ်။ သူတို့ဟာ အယ်ဘာတာအမျိုးသမီးများ မဲပေးခွင့်ရရှိရေးအတွက် အပြင်းအထန် ဆောင်ရွက်ခဲ့ကြတယ်။ တောင်းဆိုစာတွေ တင်သွင်းခဲ့ကြပြီး အပြင်းအထန်ကြိုးစားခဲ့ကြတယ်။ ၁၉၁၆ ခုနှစ်၊ ဖေ ဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ အယ်ဘာတာအမျိုးသမီးတွေဟာ တရားဝင်မဲပေးခွင့်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရခဲ့ကြတယ်။

နောက်ခက်ခဲ့တဲ့ အကြောင်းအရာတခုက အမျိုးသမီးတွေကို ပြည့်တန်ဆာအဖြစ် သံသယဖြစ်ပြီး ရုံး တင်စစ်ဆေးတဲ့အခါ ဆက်ဆံတဲ့နည်းလမ်းပါ။ ရှေ့နေတွေ၊ တရားသူကြီးတွေ၊ ဂျူရီလူကြီးတွေဟာ အားလုံး အမျိုးသားတွေချည်းဖြစ်ပြီး သူတို့တွေက အမှုပါအချက်အလက်အားလုံးကို အမျိုးသမီးတွေနားထောင်ဖို့ မသင့် ဘူးလို့ စဉ်းစားကြတယ်။ တခါတရံ ရှေ့နေတွေဟာ အရေးကြီးတဲ့ကိစ္စရပ်တွေကို မိန်းမတွေပါတဲ့ လူအုပ်ရှေ့မှာ မစစ်ဆေးချင်ဘူးဆိုပြီး အမှုစစ်ဆေးတာကို စောင့်ဆိုင်းနားထောင်နေတဲ့ အမျိုးသမီးတွေကို မောင်းထုတ်တတ် ပါတယ်။ ဒေသခံ အမျိုးသမီးကောင်စီအဖွဲ့က အင်မလီကို ဘယ်လိုဆောင်ရွက်ကြရင်ကောင်းမလဲလို့ မေးကြ တယ်။ အင်မလီမှာ ဘယ်လိုအကောင်းဆုံး ကိုင်တွယ်မလဲဆိုတဲ့ နည်းလမ်းတွေရှိနေတယ်။ ဒါက အမျိုးသမီးတွေ အတွက် ဘာလို့သီးသန့်တရားရုံးမထားနိုင်ရတာလဲ ဆိုတာပါ။ အဲဒီကစပြီး တရားစီရင်ရေးစနစ်ဟာ အကြီး အကျယ် ပြောင်းလဲလာခဲ့တယ်။ အဲဒီအခါက တရားသူကြီးတွေအားလုံးဟာ အမျိုးသားတွေချည်းဖြစ်ပါတယ်။ ဗြိတိသျှအင်ပါယာတစ်ခုလုံးမှာ အမျိုးသမီးတရားသူကြီးဆိုတာ လုံးဝမရှိခဲ့ပါဘူး။

ဒါဟာ အချိန်အများကြီးပေးပြီး လှုပ်ရှားရမယ့် တိုက်ပွဲတခုဖြစ်လိမ့်မယ်ဆိုတာ သိသိကြီးနဲ့ အင်မလီက အယ်ဘာတာက တရားသူကြီးချုပ် ချားလ်ခရော့စ်ဆီမှာ သူမအယူအဆကို ရှင်းပြခဲ့တယ်။ သူမ ပြောတာဆုံးသွားတဲ့အခါ ချားလ်ခရော့စ်က ဒီအစီအစဉ်ကို ဘယ်တော့လောက်စနိုင်မလဲလို့ ပြန်မေးလိုက်တော့ သူမဟာ အံအားသင့်သွားခဲ့တယ်။ အဲဒီအချိန်က တရားသူကြီးတစ်ယောက်ဟာ အခုခေတ်မှာလို တက္ကသိုလ်ဘွဲ့ရ ဖြစ်ဖို့နဲ့ အတွေ့အကြုံရှိဖို့ မလိုအပ်ပါဘူး။ အင်မလီဟာ ဥပဒေရေးရာမှာ နှံ့နှံ့စပ်စပ်သိထားတာကြောင့် ၁၉၁၆ ခုနှစ်မှာ အင်မလီဟာ ဗြိတိသျှအင်ပါယာအတွင်းမှာ ပထမဆုံးအမျိုးသမီးတရားသူကြီးအဖြစ် ကျမ်းသစ္စာကျိန် ဆိုခဲ့ပါတယ်။

ဒီအလုပ်က စိန်ခေါ်မှုတွေနဲ့ပြည့်နေပေမဲ့ အင်မလီဟာ ဘာလမ်းညွှန်မှုမှမပါဘဲ အမြန်ဆုံးစတင် ဆောင်ရွက်ပါတယ်။ အမျိုးသမီးတရားသူကြီးကို ဘယ်လိုခေါ်ရမလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ တချို့ လူ တွေက မင်းကြီး ဒါမှမဟုတ် ဆရာလို့ခေါ်ကြတယ်။ လူတွေအားလုံးမှာ လေ့လာစရာတွေ အများကြီးရှိခဲ့ပါတယ်။

တနေ့ သူအမှုစစ်ဆေးကြားနာခါနီးမှာ တရာခံရှေ့နေက သူ့ကို ကန့်ကွက်ပါတယ်။ သူက မြောက် အမေရိကတိုက်ဆိုင်ရာ ဗြိတိသျှဥပဒေအရ အင်မလီဟာ တရားသူကြီးအဖြစ်ဆောင်ရွက်ဖို့ အခွင့်အာဏာ မရှိဘူး။ ဒီဥပဒေက အမျိုးသမီးတွေကို လူပုဂ္ဂိုလ်တွေ(Persons) အဖြစ်သတ်မှတ် မထားဘူး။ တရားသူကြီးဟာ လူပုဂ္ဂိုလ် အဖြစ် သတ်မှတ်သူ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အရင်က အင်မလီဟာ ဒါကို မကြားဖူးခဲ့ဘူး။ ဒါကြောင့် သူမဟာ အဲဒီအလုပ်ကိုဆက်လုပ်ရင်း ရှေ့နေရဲ့ တင်ပြမှုကို စုံစမ်းဖို့ ဆုံးဖြတ်ခဲ့တယ်။

မကြာခင် ဒီရှေ့နေရဲ့ ကန့်ကွက်မှုဟာ လုပ်ထုံးလုပ်နည်းကို အခြေခံထားတယ်ဆိုတာကို သိခဲ့ရ တယ်။ မြောက်အမေရိကတိုက်ဆိုင်ရာ ဗြိတိသျှ ဥပဒေမှာ ပြည်သူတွေကို လူပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းထားတယ်။ လူအများစုကတော့ သူ(He)ဆိုတဲ့ စကားဟာ အမျိုးသားကိုရော အမျိုးသမီးကိုပါ ရည်ညွှန်းထားကြောင်း နား လည်ကြတယ်။ ဒါပေမဲ့ တချို့က စာစကားအတိုင်း အဓိပ္ပါယ်ကောက်ယူလိုကြတယ်။

ဒီမေးခွန်းက အယ်ဘာတာ ဗဟိုတရားရုံးအထိရောက်သွားတယ်။ ၁၉၁၇ ခုမှာ အပြုသဘောဆောင် တဲ့ တရားရုံးချုပ်ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို အမျိုးသမီးတွေ ကြိုဆိုခဲ့ကြတယ်။ ဥပဒေဟာလည်း လူ့အဖွဲ့ အစည်းတစ်ရပ်လို ပြောင်းလဲနေပါတယ်။ တကယ်လို့ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ အခွင့်အရေးအတိုင်း တဖြည်းဖြည်းရလာရင် ဥပဒေအရ သူတို့ဟာလည်း လူပုဂ္ဂိုလ်တွေပဲ အမှန်တကယ် ဖြစ်လာမှာဖြစ်ပါတယ်။ ဒါဟာကောင်းမွန်တဲ့ အစတစ်ခုဖြစ်ပေမဲ့ သိပ်တော့လုံလောက်မှုမရှိပါဘူး။ ဥပဒေက အယ်ဘာတာ အမျိုးသမီးတွေ ကို အသိအမှတ်ပြုသလို ကနေဒီယန် အမျိုးသမီးတွေကိုလည်း လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။

နောက်ပိုင်းမှာ အင်မလီဟာ အထက်လွှတ်တော်မှာ အမျိုးသမီးကိုယ်စားလှယ်တွေ ခန့်အပ်ဖို့ ဆက် လက်လှုပ်ရှားခဲ့ပါတယ်။ အရင်က ဒီလိုတခါမှာမရှိခဲ့ပါဘူး။ မြောက်အမေရိကတိုက်ဆိုင်ရာ ဗြိတိသျှဥပဒေက အထက်လွှတ်တော်အမတ်တွေဟာ အရည်အချင်းပြည့်သူတွေဖြစ်ရမယ်လို့ ဆိုထားပါတယ်။ တကယ်လို့ ပြည် ထောင်စုအစိုးရက အမျိုးသမီးတွေကို လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုရင် သူတို့ဟာ အထက်လွှတ်တော် အမတ် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာတဲ့တိုင်အောင် အထက်လွှတ်တော်မှာ နေရာအလွတ်ရှိတဲ့အခါတိုင်း ယောက်ျားတွေပဲ အရွေးခံကြပါတယ်။

နောက်တဆင့်မှာတော့ အမျိုးသမီးတွေ စုစည်းပြီး ကနေဒါတရားရုံးချုပ်ကို တင်ပြခဲ့ကြတယ်။ အဲဒီအမျိုးသမီးအဖွဲ့ကို ထင်ရှားတဲ့ ၅ ဦးအဖွဲ့လို့ သမိုင်းမှာ မှတ်တမ်းတင်ခဲ့တယ်။ သူတို့ကတော့အမျိုးသမီးအခွင့် အရေးကို ယုံကြည်ကြတဲ့ အင်မလီမာဖီ၊ နေလ်လီမက်ကလန်း၊ အီရင်နီပါလ်ဘီ၊ လူဝစ္စမက်ကင်နေနဲ့ ဝက်စ်လေ ရိုးဝဲလ်တို့ ဖြစ်ပါတယ်။ သူတို့ရဲ့ ရှေ့နေတွေက အမျိုးသမီးအခွင့်အရေးကို ယုံကြည်တဲ့ နယူတန်ဝက်စလေရိုးဝဲလ် ဖြစ်ပါတယ်။ ဒီစကားအခြေအတင်ဆွေးနွေးပွဲဟာ (၅)ပါတ်တိတိ ကြာမြင့်ခဲ့ပါတယ်။ တရားသူကြီးတွေရဲ့ ဆုံးဖြတ် ချက်ဟာ မူလဥပဒေအတိုင်းရပ်တည်လိုက်တော့ သူတို့တွေအားလုံးအံအားသင့်သွားကြတယ်။ အဲဒီအချိန်က ပြည် ထောင်စု ဥပဒေမှာ အမျိုးသမီးတွေကို လူပုဂ္ဂိုလ်အဖြစ်အသိအမှတ်ပြုခြင်းမရှိကြောင်း ရေးသားထားပါတယ်။ တရားသူကြီးတွေ ဒီလိုဆုံးဖြတ်ခဲ့တဲ့အတိုင်း ဒီဥပဒေဟာ နောက်နှစ်(၅၀)ကြာတဲ့တိုင်အောင် မပြောင်းလဲခဲ့ပါဘူး။

အမျိုးသမီးတွေဟာ တရားရုံးမှာ တင်ပြရင်ဆိုင်ရတာ အလုပ်မဖြစ်ဘူးလို့ တွေးခဲ့ကြတယ်။ အမျိုးသမီးတွေလည်း လူပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒါကြောင့် အမျိုးသားတွေလို သွားလာပြောဆို လုပ်ကိုင်ကြတယ်။ တရားဥပဒေက ဘာကြောင့်သူတို့ကို ကွဲပြားတယ်လို့ ဆိုထားရသလဲဆိုတာကို မေးခွန်းထုတ်ကြတယ်။

ဒါပေမဲ့ သူတို့အရှုံးမပေးခဲ့ကြဘူး။ အထူးသဖြင့် အင်မလီဟာ ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။ အမျိုးသမီးအဖွဲ့ဟာ သူတို့ရဲ့အမှုကို အင်္ဂလန်နိုင်ငံက အမြင့်ဆုံးတရားရုံးအထိ ဆက်လက်တင်ပြခဲ့တယ်။ နောက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ကြတယ်။ ၁၉၂၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မနက် သတင်းစာမျက်နှာဖုံး မှာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီး ကနေဒီယန် အမျိုးသမီးတွေကို လူပုဂ္ဂိုလ်အဖြစ် စဉ်းစား ကြောင်းဖော်ပြထားတယ်။ သူတို့ အောင်နိုင်လိုက်တာဖြစ်ပါတယ်။ ၁၉၃၁ ခုနှစ်မှာ အင်မလီ အငြိမ်းစားယူခဲ့ တယ်။ သူမဟာ အသက်(၆၃)နှစ်ရှိနေပြီး ဘဝတလျှောက်လုံး အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ခဲ့ရပါတယ်။

သူမဟာ ဆီးချိုရောဂါလည်း ခံစားနေရပြီး ကုသဖို့ ခက်ခဲနေခဲ့တယ်။ ဒါပေမဲ့ သူမဟာ ၁၉၃၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ ကွယ်လွန်ချိန်အထိ စာတွေရေးသားသွားခဲ့တယ်။

အင်မလီဟာ ကလေးဘဝတည်းက အမျိုးသမီးတစ်ယောက်လိုနေထိုင်ကျင့်ကြံရမယ်ဆိုတာကို မုန်း တီးခဲ့တယ်။ အမျိုးသမီးလို နေထိုင်တယ်ဆိုတာဟာ ထုံးတမ်းစဉ်လာက အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကနေ ဖယ်ထုတ်လိုက်တာ ဖြစ်တယ်လို့ တွေးခဲ့တယ်။ ဒီအတွက် သူတိုက်ပွဲဝင်ခဲ့တယ်။ သူဟာ ခိုင်မာသူတစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ ဈာပနမှာ အခေါင်းကို နောက်ဆုံးမပိတ်ခင် သူကူညီခဲ့ဖူးတဲ့ ပြည့်တန်ဆာနှစ်ယောက်က သူ့အပေါ်ကို နှင်းဆီပွင့်တစ်ပွင့် တင်ပေးခဲ့ကြတယ်။

အဲဒီနှင်းဆီပွင့်ကို အခေါင်းထဲမှာထည့်ပြီး ပိတ်လိုက်ကြတယ်။ ဒီကနေ့အချိန်မှာတော့ အင်မလီမာဖီ ဟာ ကနေဒါနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ဘဝနဲ့ဆက်စပ်နေခဲ့ပါတယ်။ သူတို့တွေဟာ ဇနီးသည်တွေ၊ အိမ် ထောင်ကွဲနေသူ၊ ကျောင်းသူ၊ စက်ရုံအလုပ်သမနဲ့ စီးပွားရေးလုပ်ကိုင်သူအားလုံး ဘာပဲလုပ်လုပ်၊ ဘယ်သူ ဘယ်သူ တွေဖြစ်ဖြစ်ပေါ့။ ဥပဒေက အမျိုးသမီးတွေကို လူသားတစ်ယောက်အဖြစ် တရားဝင်လေးစား အသိအမှတ် ပြုလာ တဲ့ အတွေက် အင်မလီမာဖီရဲ့ ရဲစွမ်းသတ္တိအပေါ် ကျေးဇူးတင်မိပါတယ်။

(Heather Ball ရေးသားသော Great Women Leaders မှ Emily Murphy ကို ဘာသာပြန်ဆိုသည်။)

Author: Pyo Pyo

Related Articles