Home ဆောင်းပါးအတွေးအမြင် ဘာသာတရားနှင့် လူမှုလက်တွေ့

ဘာသာတရားနှင့် လူမှုလက်တွေ့

ရဲနိုင်။ ။
(ဤဆောင်းပါးကို ချိုးလင်းပြာအမျိုးသမီးစာစောင်၊ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလထုတ် Volume (36) December, 2005 မှ ပြန်လည်ကူးယူဖော်ပြပါသည်။ လွန်ခဲ့သော(၁၅)နှစ်ခန့်က ဖော်ပြခဲ့သော ဆောင်း ပါးဖြစ်သော်လည်း ယနေ့ခေတ်ကာလ လူကြီးလူငယ်များအတွက် အတွေးအမြင်အသစ်များကိုပေး နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။)

ကျွန်တော့်ထံသို့ ချိုးလင်းပြာအမျိုးသမီးမဂ္ဂဇင်း တခါတလေရောက်လေ့ရှိပါသည်။ ထိုအထဲတွင် ဘာ သာရေးနှင့်ပါတ်သက်၍ အမျိုးသမီးရှုထောင့်မှ ဝေဖန်ရေးသားသော ဆောင်းပါးများကို ဖတ်ရပါသည်။ အကြောင်းအရာ (ဝါ) အချက်အလက်အပေါ်မှာ လက်ခံသင့်၊ မခံသင့်ထက် တော်လှန်သော အတွေး အမြင်များပါရှိပြီး သမားရိုးကျ (ဒါန၊ သီလ၊ ဘာဝနာ) ဘာသာရေးဆောင်းပါးများ မဟုတ်ပါ။ မြန်မာ နိုင်ငံတွင် ဘာသာရေး၏ အဆင်မပြေမှုများကို ဝေဖန်ထောက်ပြသော ဆောင်းပါးများဖတ်ရလေ့ မရှိပါ။ ဖတ်ရသော ဘာသာရေးဝေဖန်ဆောင်းပါးများသည်လည်း ဘာသာရေးကို အမွှမ်းတင် အထောက်အကူ ပြုဆောင်းပါးများသာဖြစ်သည်။ အထူးသဖြင့် ပိဋကတ်သုံးပုံ၊ သမ္မာကျမ်းစာ၊ ကုရ်အာန်ကျမ်းဆိုပါ တော့။

စာရေးဆရာမဟာဆွေ(ဈေးချိုသူဝတ္တုဟုထင်ပါသည်၊ အတိအကျမမှတ်တော့ပါ)၊ ဆရာသိန်းဖေ မြင့်က “တက်ခေတ်ဘုန်းကြီး”ဝတ္တုဖြင့် ဘုန်းကြီးတချို့၏ ကမောက်ကမ လုပ်ရပ်များအား ဝေဖန်၊ သရော်၍ရေးဖူး၏။ အိန္ဒိယနိုင်ငံရောက်နေ၍ သက်သာခဲ့သော်လည်း၊ မဟာဆွေကား မန္တလေးဘုန်း ကြီးများ၏ ပြဿနာရှာမှုကို အကြီးအကျယ်ခံခဲ့ရကြောင်း ဖတ်ရဖူးသည်။ ယနေ့ ချိုးလင်းပြာ မဂ္ဂဇင်းပါ ဘာသာရေး ဝေဖန်မှုဆောင်းပါးမျိုးသည် (မြန်မာပြည်တွင်းမှာဆိုပါက) အယ်ဒီတာအဖွဲ့နှင့် ဆောင်းပါး ရေးသူများအား ဘာသာမဲ့၊ တရားမဲ့၊ ကွန်မြူနစ်တွေ၊ မိစ္ဆာဒိဌိများဟုဆိုကာ မဂ္ဂဇင်းတိုက်ကို ဖြိုဖျက်၍ လူတွေကိုအမှုံ့ကြိတ်ပစ်ပြီး အိုးအိမ်များကိုလည်း မီးလောင်တိုက်သွင်းနိုင်ပါသည်။

ခေတ်နှင့် မလျော် ကန်သော (ဥပမာ) အကောင်မပေါက်သော ဓါတ်ကြက်ဥသည်လည်း သက်သတ်မလွတ်၊ ဖယောင်းတိုင် နှင့် မီးပူဇော်ခြင်းသည် လျှပ်စစ်မီးဖြင့် ပူဇော်ခြင်းထက် ပို၍ဒါနမြောက်သည်၊ ဘုန်းကြီးများ ဆောင်း တွင်း၌ ခေါင်းစွပ်မဆောင်းကောင်း၊ မိုးတွင်း၌ ခေါက်ထီးမသုံးကောင်း၊ ဘာသာရေးသမား တယူသန် တွေက အများအပြားရှိနေသည် မဟုတ်ပါလား။ ကျွန်တော်ကတော့ ခေတ်နှင့်တပြေးညီ အတွေးအခေါ် ဟူသမျှကို အမြဲတမ်း စောင့်ကြို၍ဖတ်ပါသည်။

လွန်ခဲ့သော ၂၀-နှစ်ခန့်က မန္တလေးမြို့၌ ဘာသာရေးနှင့်ပါတ်သက်၍ စိတ်မကောင်းစရာ များ ကြုံခဲ့၏။ ထိုအချိန်က မဟာမြတ်မုနိ ဘုရားပွဲတွင် ဖွင့်သော ကိုသင်းနိုင် စာအုပ်အဟောင်းဆိုင်တွင် ကျွန်တော်နှင့် မြိုနယ်ကောင်စီလူကြီးပြုတ်တစ်ဦးသည် အရောင်းအကူများဖြစ်ကြ၏။ ထိုအချိန်က ကြုံခဲ့ရသော မန္တလေးရဟန်းတချို့နှင့် ပါတ်သက်၍ ဖြစ်ပါသည်။ တခုကား အလွန်ဆင်းရဲပြီး နေစရာ စားစရာ ခက်ခဲ့သော မိသားစုတစ်စုသည် ဘုန်းကြီးကျောင်းဝန်းတစ်ခုတွင်ကပ်၍ နေထိုင်စဉ် ထိုမိသားစု တွင် ၁၅ နှစ်ကျော်ခန့် သမီးပျိုတယောက်လည်းရှိ၏။ တနေ့တွင် ထိုမိန်းမပျိုအား ရဟန်းပျို ၂ ပါးက အခန်းရှင်းခိုင်းပါသည်။

ထိုမိန်းမပျိုမှာ ရဟန်းက ရှင်းခိုင်း၍လည်းကောင်း၊ ကျောင်းဝန်းအတွင်းကပ် နေရခြင်းကြောင့်လည်းကောင်း ရဟန်းများခိုင်းပါက မငြင်းသာပဲ ခိုင်းသမျှလုပ်ပေးရမည့်ဘဝ အခြေ အနေရှိနေပါသည်။ ထိုနေ့တွင် ရဟန်းပျို ၂ ပါးက အခန်းကိုရှင်းခိုင်းပြီး၊ အခန်းထဲကို အတင်းဆွဲသွင်း ကာ စော်ကားလိုက်ပါသည်။ နောက်ပိုင်းတွင် မိန်းမပျို၏ အဖေလည်းသိသွားပါသည်။ သူလည်းသိ ကြောင်း၊ ဘာမှမတတ်နိုင်ခဲ့ကြောင်း မြို့နယ်ကောင်စီလူကြီးပြုတ်က ပြောပြပါသည်။ ထိုအချိန်က သူသာ အဖေဆိုလျှင် ဖြစ်ချင်တာဖြစ် ထိုရဟန်းပျို ၂ ပါးအား ဓါးနှင့်ခုတ်သတ်ပစ်မည်ဟူ၍ မခံချိမခံသာ ပြောပြပါသေးသည်။

နောက်တစ်ခုကဖြင့် ဗြောင်ကျလွန်းလှပါသည်။ ဈေးထဲတွင် ဈေးရောင်းနေသော (၁၈) နှစ်ခန့် ကုန်စိမ်းသည် မိန်းမပျိုတဦးအား ရဟန်းပျိုတဦးက ရဟန်းဝတ်နှင့် ရည်းစားစကားပြော၍ စာပေးပါသည်။ ထိုအခါ မိန်းမပျိုက ဈေးသည်ပီပီ အသံကျယ်ကျယ်နှင့် “ ဦးဇင်းဝတ်ကြီးနဲ့ ရည်းစား စကားပြောတာ ကောင်းသလား၊ ဈေးထဲ…..လူလယ်ခေါင်မှာ စာပေးတာကောင်းသလား’’ စသဖြင့် ဆို၏။ စာကိုဆုတ်ဖြဲပစ်လိုက်သည်။ ဘေးလူများလည်းကြားသည်။ မြင်သည်။ လက်ဖက်ရည်ထွက် သောက်ရင်း ဈေးထဲသို့ လမ်းလျှောက်ကြည့်နေသော ကျွန်တော်လည်းကြားသည်၊ မြင်လည်းမြင်ပါ သည်။ ရဟန်းပျိုသည် ဘာမှမပြောပဲ ပြန်ကြွသွားသည်။ (၁၅) မိနစ်ခန့်အကြာတွင် အခြားရဟန်းပျို (၆) ပါးနှင့်ပြန်ရောက်ရှိလာပြီး သူရည်းစားစာပေးသော မိန်းမပျိုအား “ သာသနာကိုစော်ကားတယ်၊ ရဟန်း သံဃာကိုစော်ကားတယ်” ဆို၍ ကြိမ်လုံး၊ လိပ်ကျောက်မြီးများနှင့် ဝိုင်းရိုက်သည်မှာ ဈေးလယ်ခေါင်၊ လမ်းလယ်ခေါင်မှာ ကုန်စိမ်းတွေ အကုန်ပြန့်ကျဲပြီး ဈေးရောင်းထားသောငွေများလည်း အကုန်ပြန့် ကျဲကုန်ပါသည်။

ဈေးသည် မိန်းမပျို မှာလည်း သူမ၏ ကုန်စိမ်းနှင့်ငွေများပေါ်တွင် လူးလိမ့်နေပြီး ထမီနဲ့ အင်္ကျီမှာလည်း သူတို့၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်တော့ပါ။ လူတွေအားလုံးကလည်း ဝိုင်းကြည့်နေကြပြီး “” အရှင်ဘုရားတို့ တော်လောက်ပါပြီ”” ဆိုသည့်စကားမှလွဲ၍ မိန်းမပျိုအား ဘာမျှမကူညီရဲကြပါ။ ရဟန်းပျိုများက “မဆိုင်ရင်ကိုယ့်ဖာသာနေကြ၊ ဝင်ရှုပ်ရင် အကုန်လုံး အရိုက်ခံ ရမယ်” စသဖြင့် ဟိန်းဟောက်ထားမှုကြောင့် သူတို့ကိုယ်တိုင်လည်း ကြောက်ရွံ့နေကြပါသည်။ လူလူ ချင်းကူညီရမည်တို့၊ လူသားချင်းစာနာရမည်တို့၊ အမှန်တရားဘက်မှ မားမားမတ်မတ် ရပ်တည်ရမည်တို့၊ မေတ္တာထားရမည်တို့ စသည့်စကားများသည်လည်း အမိုက်တရားကြီးမားနေပါက တန်ဖိုးကင်းမဲ့လှပါ သည်။

သာသနာအရေခြုံထားသော လူဆိုး၊ လူမိုက်များအကြား ပိုမိုပြီးတန်ဖိုးမဲ့လှသည်။ ထိုအမှုကို ရဲဌာနသို့ တိုင်တန်း၍ အမှုဖွင့်ပါသလား၊ သင်္ကန်းခြုံထားသော လူဆိုး၊ လူမိုက်များသည် မည်သည့် တရားဥပဒေကိုမဆို ချိုးဖောက်ခွင့် ရှိပါသလောဆိုသည်မှာ စဉ်းစားစရာ ဖြစ်သွားပါသည်။ ထိုအဖြစ် မျိုးသည် (တော်လှန်ရေးကောင်စီခေါ် ဗိုလ်နေဝင်းစစ်အာဏာရှင်) ခေတ်၊ ၁၉၆၂ ခုနှစ်က မန္တလေး ဈေးချိုအတွင်း၌ ဖြစ်ခဲ့သေးကြောင်းကို စာရေးဆရာကြီးတဦးကပြောပါသည်။

ဆိုင်ကိုပြန်ရောက်တော့ ဆိုင်ပိုင်ရှင် ကိုသင်းနိုင်၊ ကောင်စီလူကြီးပြုတ်နှင့် ကျွန်တော် ဈေးထဲမှာ တွေ့ကြုံခဲ့ရခြင်းနှင့် ပတ်သက်၍ အချီအချ ပြောဆိုခဲ့ကြပါသည်။ ယင်းကဲ့သို့ သော အရေခြုံ အချောင်သမားသင်္ကန်းဝတ်များ၏ အပြုအမူကိုသာ နိုင်ငံခြားသားနှင့် ဘာသာကွဲများ တွေ့မြင်သွားခဲ့ပါ လျှင် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များအပေါ်၌ မည်မျှ အထင်သေးဖွယ်ရာ ဖြစ်သွားတော့မည်ဟူ၍ လည်းကောင်း၊ (မဆလ)၏ တရားဥပဒေများသည် ထိုသို့အရေခြုံသင်္ကန်းဝတ် လူစားများ၏ အန္တရာယ်မှ လူထုကို မကာကွယ်နိုင်သလားဟူ၍လည်းကောင်း၊ စိတ်မချမ်းသာစွာ တွေးမိပါသည်။

ထို့အပြင် ဘာသာတရားကို ကြောင်းပြု၍ တိုင်းပြည်နှင့် ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုးပိနေသင့်ပါသလား စသဖြင့်အတွေးခြေဆန့်သွားပါသည်။ ကုန်စိမ်းသည် မိန်းမပျိုကား ထိုနေ့မှစ၍ ထိုဈေးထဲတွင် မတွေ့ ရတော့ပါ။ ကျွန်တော်ကား နေ့တိုင်းလိုလို ဈေးထဲတွင် ထိုမိန်းမကို ရှာမိ၏။ ဘုရားပွဲပြီး၍ ဆိုင်ပိတ်၊ ဆိုင်ဖျက်ပြီး ရန်ကုန်ပြန်လာသည့်အထိ အရိပ်အယောင်ပင် မတွေ့ရတော့ပါ။ ရှက်ရှာပေမည်။ မိဘများ က မလွှတ်တော့ကြောင့် ဈေးပြောင်းသွားကြောင်း၊ ရဟန်းများအား စိတ်နာကြည်းသွားသည်ဟူ၍ တဆင့်စကား တဆင့်ကြားခဲ့ရသည်။

ထို့အတူပင် အခြားဘာသာများ၌လည်း သက်ဆိုင်ရာ ပြည်သူလူထုအတွက် ဝန်ထုပ် ဝန်ပိုးဖြစ်ရခြင်းများရှိပါသည်။ မကြာသေးခင်ကပင် အစ္စလာမ် တာလီဘန် အစိုးရလက်ထက် အာဖဂန် နစ္စတန်နိုင်ငံရှိ အမျိုးသမီးများသည် ပြည်သူတို့၏ဘဝ၌ ပါဝင်လှုပ်ခွင့်မရ၊ ပညာသင်ခွင့်မရ၊ ဝတ်စား ဆင်ယင်မှုမှာလည်း ခေါင်းမှသည် ခြေမျက်စိအထိခြုံ၍ ဝတ်ဆင်ခဲ့ရပြီးလူဖြစ်ရှုံးခဲ့ကြရသည်မှာ ကြာမြင့် ကြရပြီဖြစ်ပါသည်။ အမေရိကန်စစ်တပ်များဝင်လာပြီး တာလီဘန်တို့ပြုတ်သွားချိန်ကျမှ အမျိုးသမီးများ ခေါင်းမြီးခြုံကိုခွာ၍ အမျိုးသားများက မုတ်ဆိတ်များရိတ်ခဲ့ကြသည်ကို သတင်းများမှ တဆင့် သိရှိရပါ သည်။

မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် မူဆလင်အမျိုးသမီးမှာမူ၊ အာဖဂန်နစ္စတန်နိုင်ငံမှ အစ္စလာမ်ဘာသာဝင် အမျိုးသမီးများကဲ့သို့ ခေါင်းမြီးခြုံဝတ်ဆင်ရခြင်း၊ ကျောင်းမနေရခြင်းများ မရှိပေ။ လူမှုဘဝများ၌ ပါဝင်ခွင့်များလည်း ရှိကြပါသည်။ ထို့အတူ ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဩစတြေးလျ နိုင်ငံ စသဖြင့်၊ အာဖဂန်နစ္စတန်နိုင်ငံမှ အစ္စလာမ်ဘာသာဝင် အမျိုးသမီးများကဲ့သို့ တရားလွန် ဖိနှိပ် ချုပ်ချယ်မှုခံခြင်းများကို မကြားမိပါ။ ဤနေရာ၌ အစ္စလာမ်ဘာသာဝင်ချင်း တူပါလျက် ဒေသ (ဝါ) နိုင်ငံ ကွာခြားမှုကြောင့် ဘာသာရေးအယူအဆများ၊ ယုံကြည်ကိုးကွယ်မှု စည်းမျဉ်းဥပဒေများ ကွာခြားနေခြင်း သည် အစ္စလာမ်ဘာသာ၌ အလ္လာဟ်အရှင်မြတ် မြောက်များစွာရှိနေခြင်းကြောင့်လားဟူ၍ စဉ်းစားစရာ ဖြစ်လာပါသည်။

တစ်ပါးတည်းသော ဘုရားသခင်ဟုဆိုပါလျှင် အဘယ်ကြောင့် အစ္စလာမ်ဘာသာဝင် ချင်း တူပါလျက် ( ရာသီဥတု၊ သဘာဝ အစားအသောက်နှင့် မဆိုင်သော) ဘာသာရေးဓလေ့ထုံးစံများ ကွဲပြားနေရပါသနည်း ဆိုသည့်အချက်ကို ဘာသာဝင်တိုင်းလေ့လာ၍ ဒီမိုကရေစီနည်းကျကျ မူဆလင် အမျိုးသမီးများအားလုံး၏ ဆန္ဒကို ရယူသင့်ပေသည်။ ထို့အတူ အခြားသော ဘာသာများ အသီးသီး ၌လည်း မိမိတို့ဘာဝင်ချင်းတူပါလျက် ဒေသ (ဝါ ) နိုင်ငံကွာခြားမှုကြောင့် ဘာသာရေးအယူအဆ ယုံ ကြည်ကိုးကွယ်မှု စည်းမျဉ်းဥပဒေများ ကွာခြားနေခြင်းရှိပါက လေ့လာ၍ အားလုံး၏ဆန္ဒကို ရယူသင့်ပေသည်။

သမိုင်း၌ အာဖဂန်အမျိုးသမီးများသည်၊ အမေရိကန် အမျိုးသမီးများထက်ပင် တနှစ်စော၍ ၁၉၁၉ ခုနှစ်ကတည်းက မဲပေးခွင့်ရှိခဲ့ကြောင်းဆိုပါသည်။ ဘုရင်တကာတို့၏ ဘုရင်၊ အရှင်တကာတို့၏အရှင် တစ်ပါးတည်းသော ဘုရားသခင်ဆိုပြီး ဓမ္မသစ်၊ ဓမ္မဟောင်း သမ္မာကျမ်းစာကို ကိုင်ပြီး ကွဲပြားနေသော ခရစ်ယာန်များနှင့် ဗုဒ္ဓဘာသာဝင်ချင်းတူပါလျက် ထေရဝါဒနှင့် မဟာယဏ ကွဲပြားနေရုံမျှမက ထေရဝါဒ ဗုဒ္ဓဘာသာများထဲ၌ပင်လျှင် ( ရွှေကျင်၊ သုဓမ္မာ၊ ကံ၊ ဒွါရ ) စသည် ဘုရားရှင်၏ အလိုတော်ကျဖြစ်ပါသလောဆိုသည်မှာ စဉ်းစားဖွယ်ရာ ဖြစ်လာပါသည်။

ဘာသာတရားသည် တရားဟောဆရာများ၏ ပါးစပ်ထဲမှလည်းကောင်း၊ ကျမ်းပြု ပုဂ္ဂိုလ်များ၏ လက်ထဲမှလည်းကောင်း အယူအဆအတွေးအမြင်များ မဖြစ်သင့်ဘဲ (၁)ဘုရားဟော မူရင်းကျမ်းဂန် စာပေများနှင့်လည်းကောင်း ( ၂ ) မျက်မှောက်ခေတ် အခြေအနေများနှင့်လည်းကောင်း (၃) အုပ်ချုပ်သူလူတန်းစားတို့၏ အလိုကျ အမိန့်အာဏာအရမဟုတ်ဘဲ၊ ဘာသာတရား၏ အစစ်အမှန် အတိုင်းသာ ဖြစ်သင့်သည်ကိုလည်းကောင်း၊ အထူးသဖြင့် ဘာသာတရားအစစ်အမှန်ကို (တရားတော်ကို မထိခိုက်ဘဲနှင့် ဥပမာ ပြောင်းလဲလာသော ပထဝီအနေအထားနှင့် အပ်မိသောအချက်များသာဖြစ် သင့် သည်ကိုလည်းကောင်း၊ ဘာသာတရားနှင့် အသက်မွေးဝမ်းကျောင်းပြုသူ တရားဟောဆရာများ၊ စီးပွား ရှာသူများနှင့် မင်းအလိုလိုက် မင်းကြိုက်ဆောင် ရဟန်းများ၊ ပုပ်ရဟန်းများ၊ ပုရောဟိတ်များ၊ အာဏာရှိ သူကို ဒူးထောက်ခစား၊ အလိုက်သင့်အကြိုက်ပင့်၍ လျှောက်ထားနေကြသော ပညာရှင်ဆိုသူများ သတိ ထားရမည့် အချက်ဖြစ်ပါသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် အာဖဂန်နစ္စတန်နိုင်ငံ၏ ပထမဆုံးအကြိမ်ဖြစ် သော သမ္မတရွေးကောက်ပွဲ မတိုင်ခင်တွင် ကဗျာဆရာ ‘အဘ်ဒူလ်လာတပီဒရန်မ်’က “အမျိုးသမီးများ ၏ ရပိုင်ခွင့်” တစ်ခုဖြစ်သော လင်မယားကွာရှင်းခွင့်တောင်းဆိုနိုင်ရေး စကားရည်လုပွဲတစ်ရပ် ကျင်းပရန် အဆိုပြုဆွေးနွေးလှုံ့ဆော်ခဲ့ခြင်းကို အကြောင်းပြု၍ မိရိုးဖလာ တယူသန်များနှင့် ခေတ်နှင့် မလျော်ညီတော့သော ရှေးရိုးစဉ်လာ ဘာသာရေးကျင့်စဉ်ကိုသာ ခံကတုတ်ပြုလိုသူများက ၎င်းမိန့်ခွန်း ပြီးလျှင်ပြီးချင်း ပီဒရန်မ်အား တရားစွဲဆိုရန် တရားသူကြီးချုပ်ထံသို့ စိတ်ဆိုးမာန်ဆိုးနှင့် တောင်းဆိုကြ ကြောင်းလည်းကြားသိရပါသည်။

သူက ‘မိန်းမမြောက်များစွာ ယူသူတွေကို ရာဇဝတ်ကောင် ‘ဟုသတ်မှတ်သင့်ကြောင်း လည်းဆိုသေး၏။ ထိုအဆိုကား မိန်းမမည်ကဲ့သို့ယူခဲ့သနည်းဆိုသူများအပေါ်၌ မူတည်ပေလိမ့်မည်။ ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံကျိုး တွေ့ပြီးယူထားခြင်း၊ သွားမပါလျှင်နေ ကားပါလျှင်တော် ပြီနှင့် အချစ်ဆိုတာ ကုန်သွားသည့်အရာမှမဟုတ်တာ ဆိုသောသူများအဖို့ ကဗျာဆရာ ပီဒရန်မ်၏ အဆို ကို အလိုကျလိမ့်မည်မဟုတ်ပေ။

“ မိန်းမ ၄ ယောက်ကို ယောက်ျားတစ်ယောက်က ဘယ်လိုမှ ပျော်အောင် မထားနိုင်ကြောင်း” ကိုဖြင့် ထောက်ခံသင့်သည်။ သဘာဝအရ မိန်းမသည် ယောက်ျားထက် ကာမစိတ် ပြင်းထန်၏။ ကာမဆက်ဆံရေးတွင် ယောက်ျားထက် အကြိမ်ကြိမ်ခံစားနိုင်စွမ်းရှိ၏ဟု ကမ္ဘာကျော် သျှတ္တရကျမ်းများက ဆိုထားပါသည်။ ထို့ကြောင့် ယောက်ျားများက မိန်းမများစွာယူ၍ ကာမကိစ္စများ၌ သူတစ်ဦးတည်း သူ့အလိုကျခံစား၊ စံစားနေခြင်းသည် အမျိုးသမီးများအပေါ် မတရားရာကျနေပေသည်။ အသက်အရွယ်နှင့် လိင်ကွဲပြားမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝတရား၏ သွေးသား ကိစ္စအပေါ် ၌လည်း ဘိန်းစားချင်း အတူတူ တစ်လုံးပိုရှုသည့် ပမာဖြစ်နေပါသည်။ တဖက်သတ် အသာစီးယူခြင်းဟု သတ်မှတ်ချင်ပါသည်။

ကာမနှင့်ပါတ်သက်၍ အမျိုးသမီးအား ဂျပန်ခေတ်က ယိုဒယား-မြန်မာချွေး တပ်သားများကဲ့သို့ မဝရေစာ ကျွေးထားခြင်းမျိုးဖြစ်နေပါသည်။ ကဗျာဆရာ ပီဒရန်မ်သည် ပြည်နှင်ဒဏ် ဘဝမှ ပြန်လည် ရောက်ရှိလာသူ၊ ပြင်သစ်ဘာသာစကားတတ်ပြီး လွန်စွာခေတ်မှီရုံမက (ထိုအချိန်က) သမ္မတအဖြစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အရွေးခံမည့်သူဖြစ်ပါသည်။ သို့သော် နိုင်ငံတော် တရားရုံး ချုပ်မှ သူ့အား ဘာသာတရား မလေးစားသူအဖြစ် စွပ်စွဲပြီး ၂၀၀၄ ခု အောက်တို့ဘာလ ၉ ရက်နေ့ သမ္မတရွေး ကောက်ပွဲမှ ရွေးချယ်ခံပိုင်ခွင့် ပိတ်ပင်ပေးရန် ကုလသမဂ္ဂ အာဖဂန်ပူးတွဲရွေးကောက်ပွဲ ကော်မရှင်ထံသို့တောင်းဆိုခဲ့ပါသည်။

ထိုနိုင်ငံ၏ နိုင်ငံတော်တရားရုံးချုပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှ လွတ်လပ်စွာ ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ကို နာလည်ထား ပုံမရပေ။ တပြိုင်နက်ထဲမှာပင် “ မိန်းမများများယူမှုတွင် တရားမျှတမှုရှိရန် မဖြစ်နိုင်” ဟူ၍ နိုင်ငံတော် တရားရုံးချုပ် သတင်းထုတ်ပြန်ရေးဌာနမှ ရှေးရိုးအသာစီးသမား “ဝါဟီမူဂျဒါ” က အေအက်ဖ်ပီသို့ပြော ကြားကြောင်းကို သတင်းများတွင် ဖော်ပြကြသည်။

အဘယ်အတွက်ကြောင့် တရားမျှတမှု မဖြစ်နိုင်ကြောင်းကိုဖြင့် တိတိကျကျ ဖော်ပြ မထားပေ။ နိုင်ငံတော်တရားရုံးချုပ်နှင့်” တရားမျှတမှုမဖြစ်နိုင်” ဆိုသောစကားမှာ မည်သို့မျှ ဆီလျှော် ခြင်းမရှိပေ။ ၎င်းစကားအပေါ် ကောက်ချက်ချလိုက်သော် ထိုနိုင်ငံအတွင်းရှိ အမျိုးသမီးများအား ဘာသာရေးနှင့် လူမှုရေးစည်းမျဉ်းများအရ မတရားသဖြင့် အသုံးချ၍ အုပ်ချုပ်ခဲ့သည်မှာ ထင်ရှား၏။ တနည်းအားဖြင့်ဆိုသော် မိန်းမများစွာယူခြင်းသည် တရားမျှတမှုမရှိခြင်း( ဝါ ) မတရားကြောင်းကို ဝန်ခံရာလည်း ရောက်ပါသည်။

တပြိုင်နက်ထဲမှာပင် ထိုမတရားမှုကို မည်သူတွေ ကျူးလွန်နေကြသနည်း၊ ထိုသို့ ကျူးလွန်နိုင်ရေးအတွက် မည်သူတွေက ရေးဆွဲ၊ ထောက်ခံ၊ အားပေးနေသနည်းဆိုသည့်အဖြေကို အစ္စလာမ်ဘာသာဝင် အမျိုသးမီးများနှင့် တိုးတက်သော အတွေးအခေါ်ပိုင်ရှင် အမျိုးသားများ ပူးပေါင်း ၍ ပထမဦးစွာ အဖြေကို ပြတ်ပြတ်သားသား ရှာဖွေရပေလိမ့်မည်ဖြစ်ကြောင်း အကြံပြုလိုပါ၏။ ထို့ အပြင် ယနေ့ကမ္ဘာ့ အခြေအနေသည် “ လူ့အခွင့်အရေး “အယူအဆလွှမ်းမိုးလာခြင်းကြောင့် တပါတီ အာဏာရှင်စနစ် ကွန်မြူနစ်တို့၏ ဧရာမဆိုဗီယက်ပြည်ထောင်စုကြီးသည်ပင်လျှင် ယနေ့ကမ္ဘာ မြေပုံ ထဲ၌ မရှိတော့သည်ကို အာဖဂန်နစ္စတန်မှ ဥပဒေ ပညာရှင်များ နားလည်သင့်ပါပြီ။

လူချင်းအတူတူ လိင်ကွဲပြားခြင်းကြောင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာရေး သတ်မှတ်ချက်များ၌ တရားမျှတမှုရှိသောအဖြစ်သည် ( အဆိုးနှင့်အကောင်း၊ အမှားနှင့်အမှန်၊ တရားနှင့် မတရား ) ဟူသောအချက်ကို ပြတ်ပြတ်ထင်ထင် သိမြင်သူများနှင့် အသိတရား ဖွံ့ဖြိုးသူများ၏ လုပ်ရပ် မဟုတ်ပေ။ တဆက်တည်းမှာပင် ဝါဟီမူဂျဒါ ပြောသွားသည်မှာ အမျိုးသမီးက လင်မယားကွာရှင်းရေး အတွက် တောင်းဆိုပိုင်ခွင့်နှင့် ပါတ်သက်၍ စကားရည်လုပွဲ အဆိုပြုတောင်းဆိုခြင်းမှာ အစ္စလာမ် ရှာရီရာ ဥပဒေနှင့် မညီကြောင်း၊ ဆန့်ကျင်ကြောင်းဆိုသည်။ “ မိန်းမများများယူမှုတွင် တရားမျှတမှုရှိ ရန် မဖြစ်နိုင်” ဟူ၍ဆိုသူသည် ဤနေရာမှာတော့ တရားဥပဒေနှင့် ညီချင်ပုံရပါသည်။ အာဖဂန်နစ္စတန် နိုင်ငံ၏ နိုင်ငံတော် တရားရုံးချုပ်၌ တပြေးညီ (ဝါ) တန်းတူညီမျှမှုမရှိခြင်းကို ဖော်ပြနေပေသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် လူသားမှန်သမျှ တရားဥပဒေရှေ့မှောက်တွင် တန်းတူညီမျှ ရရှိမည်ဟူ၍ ဆိုထားသည် မဟုတ်ပါလော။

ဒီမိုကရေစီနိုင်ငံတိုင်းတွင် ဥပဒေဆိုသည်ကား တရားစီရင်မှုအာဏာ အားလုံးကို နိုင်ငံသားများထံမှ ခံယူ၍ နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အသုံးပြုခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ အသုံးပြုရာ၌ ဇာတိမရွေး၊ ကိုးကွယ်ရာ ဘာသာမရွေး၊ အမျိုးသမီး အမျိုးသားမရွေး၊ အဆင့်အတန်း မရွေး၊ လူမျိုးမရွေး၊ နိုင်ငံသားဟူသမျှသည် နိုင်ငံတော်၏ တရားဥပဒေအောက်တွင် အညီမျှသာဖြစ် သင့်သည်။ တဦးနှင့်တဦး သို့တည်းမဟုတ် လူတန်းစားတရပ်နှင့်တရပ် တဖက်သတ်ခွဲခြားခြင်းမပြုရ ပေ။ အမျိုးသမီး၊ အမျိုးသား လိင်ကွဲပြားမှုအပေါ်တွင်လည်း ခွဲခြားမှုမရှိသင့်ပေ။

နိုင်ငံတခုကို အုပ်ချုပ် ခြင်းနှင့် တိုးတက်ချမ်းသာ အေးချမ်းတည်ငြိမ်စွာ တည်ရှိရေးအတွက်ကား ဘာသာတရားနှင့် ကျင့်စဉ် များကြောင့်မဟုတ်သလို အဓိကလည်းမကျပေ။ ငြိမ်းချမ်းစွာ အတူတကွနေနိုင်ရေးအတွက်ကား နောင် ဘဝသို့ရောက်သောအခါမှ မိမိတို့ကျူးလွန်ခဲ့သည့် အပြစ်များကို ယခုဘဝ၌ပင် လက်ငင်းထင်ရှားခံသွား ရမည့် တရားဥပဒေကဲ့သို့ ထိရောက်ခြင်း မရှိပေ။ ထို့ကြောင့်မည်သည့်နိုင်ငံမဆို ( နတ်ကိုးကွယ်မှုအပါ အဝင် ) ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ မှီတင်းနေထိုင်ကြပါသည်။ ၎င်းကြောင့် နိုင်ငံတခုကို အုပ်ချုပ် ရာတွင် အများပြည်သူလက်ခံသည့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ ဖြစ်သင့်၏။ နိုင်ငံတော်အုပ်ချုပ်ရေးတွင် သီလနှင့်ဝိနည်းများ မရောထွေးသင့်ပေ။ ယေဘုယျအားဖြင့် ဘာသာရေး ဆိုင်ရာပြဌာန်းချက်များသည် ယခုဘဝ အကျိုးထက် နောင်ဘဝ အတွက်သာ အဓိကဖြစ်ပေသည်။

နောက်တစ်ခု သတိပြုရမည်ကား နိုင်ငံတစ်ခု၏ ဥပဒေဆိုသည်မှာ ပြီးပြည့်စုံခြင်းမရှိပါ။ အမြဲတမ်းလည်း မှန်နေသည့်အရာမျိုးလည်း မဟုတ်ပါ။ အချိန်ကာလ ပြောင်းလဲခြင်းနှင့် နိုင်ငံရေးစနစ် ပြောင်းလဲလျှင် ဥပဒေသည်လည်း နိုင်ငံရေးအပေါ်မှာ မူတည်၍ လိုက်လံပြောင်းလဲရပါသည်။ ဥပမာ တရုတ်နိုင်ငံမှာ ကွန်မြူနစ်စနစ်နှင့် အုပ်ချုပ်ခြင်းကြောင့် ကွန်မြူနစ်စနစ်အကျိုးပြု ဥပဒေကို ပြဌာန်းရ ပါသည်။ ထို့အတူပင် အင်္ဂလန်နိုင်ငံသည် ဒီမိုကရေစီစနစ် ဖြစ်သော်လည်း စည်းမျဉ်းခံ ဘုရင်စနစ်ရှိနေ၍ ဘုရင်နှင့်ပတ်သက်သော ဥပဒေများလည်း ထားရှိရပါသည်။ အမေရိကန်နိုင်ငံကား စည်းမျဉ်းခံဘုရင် မရှိခြင်းကြောင့် ထိုဥပဒေမျိုး မလိုအပ်ပါ။ ဆိုလိုသည်မှာ ဥပဒေသည် တရားသေကျင့်သုံးရသောအရာ မဟုတ်ပေ။ ဥပဒေသည် တစ်ရွာတစ်ပုဒ်ဆန်းဖြစ်ပြီး အမြဲတမ်းခေတ်နှင့်ညီအောင် လုပ်ဆောင်နေ ရပါသည်။

ဘာသာရေးသည်ကား ( မည်သည့်ဘာသာမဆို ) ဘုရားရှင်တပါးပါးက လူမှန်သမျှ ယခုဘဝ အပြင် နောက်ဘဝတိုင်အောင်ပင် ဤသို့လုပ်လျှင် ဤသို့ဖြစ်မည်ဟူ၍ ကြိုတင်ဟောကြားထားသည် မဟုတ်ပါလား။ ပီဒရပ်၏ စကားရည်လုပွဲ အဆိုပြုတောင်းဆိုခြင်းမှာ အစ္စလာမ်ရှာရီရာ ဥပဒေနှင့် မညီကြောင်းပြောဆိုခြင်းမှာ ယခုခေတ် မျက်မှောက်လူသားများအကျိုးအတွက် ပြည်သူကတင်မြှောက် လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲပြဌာန်းရမည့် တရားဥပဒေနှင့် ရှေးခေတ် ဘုရားများက ရှေးခေတ်လူသားများအတွက် ဟောကြားသွားသော တရားတော်များကို ကွဲပြားစွာ နားမလည်၍ ဖြစ်ပေ လိမ့်မည်။

လင်ယောက်ျားဖြစ်သူ၏ သဘောတူညီချက်မရဘဲ ဇနီးဖြစ်သူက ကွာရှင်းခွင့်မရှိသော် လည်း မူဆလင်အမျိုးသားတစ်ဦးသည် မယားကြီးဖြစ်သူ၏ သဘောတူညီမှု မရစေကာမူ သူ့ သဘော အရ မိန်းမ(၄)ယောက်ကို အညီအမျှပေါင်းသင်းဆက်ဆံနိုင်လျင် မိန်းမ(၄)ယောက်ယူပိုင်ခွင့် ရှိ ကြောင်းကို အစ္စလာမ်ရှရီရာ ဥပဒေက ခွင့်ပြုထားကြောင်း သိရှိရပါသည်။ အေအက်ဖ်ပီသတင်းတွင် အမျိုးသမီးအခွင့်အရေး ရန်ပုံငွေအဖွဲ့ မီဒီကာမိုဒေးမှ ဝန်ထမ်းတစ်ဦးဖြစ်သူ “ ရေချယ်ဝဲဟင်းမ်” က “ကျွန်တော်တို့နိုင်ငံမှာ မုဆိုးမဖြစ်နေတဲ့သူတွေထဲမှာ နောက်ထပ်အိမ်ထောင်ပြုလိုသူ၊ နှိပ်စက်တဲ့ လင်ယောက်ျားကို မပေါင်းလိုသူ၊ မိဘပေးစားသူကို လက်မထပ်ချင်သူ အမျိုးသမီးတွေ ရှိနေကြောင်း” ဆိုပါသည်။

အာလ္လာဟ်အရှင်မြတ်သည် အရာရာကို စွမ်းဆောင်နိုင်သော၊ အကြွင်းမဲ့ သိမြင်တော် မူသော အရှင်ဖြစ်ပေရာ လူသားမျိုးဆက်များ ကမ္ဘာတသက် ဆက်လက်ရှင်သန်နေစေရန်အတွက် သဘာဝကျကျ၊ ဓမ္မဓိဌာန်ကျကျ၊ အမျိုးသမီး၊ အမျိုးသားဟူ၍ ဖန်ဆင်းခဲ့ပေသည်။ ထို့ကြောင့် “ အမျိုးသားဖြစ်ရုံမျှဖြင့် အလ္လာ့ဟ်ရှေ့တော်မှောက်၌ မြတ်သောသူမဖြစ်၊ ထို့အတူ အမျိုးသမီးဖြစ်သဖြင့် လည်း အဆင့်မနိမ့်၊ အလ္လာ့ဟ်အရှင်မြတ်ထံတော်မှောက်တွင် အမှန်တကယ် ဂုဏ်ရှိမည့်သူများမှ( ယော ကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ) ကိုယ်ကျင့်တရားအကောင်းဆုံးသောသူများသာ ဖြစ်ချေသည်ဟု (ကုရ်အာန် ၄၉း၁၃ )” တွင် အလ္လာ့ဟ်အရှင် မိန့်မှတ်ထားသော်မူပါကြောင်းကို” မောင်လာနာ ဦးအုန်းသောင်း ( အာရ်ဗီသိပ္ပံ )” ရေးသော “အစ္စလာမ့် ဥယျာဉ်တွင်းမှ အဖူးအပွင့်များ” စာအုပ်အတွင်းမှ မှတ်သား ရပါသည်။

Related Articles