Home ဆောင်းပါး အမျိုးသမီးတို့ရဲ့အားကိုးခိုလှုံရာ – နိုင်ငံအနှံ့လိုအပ်နေဆဲ oscc များ

အမျိုးသမီးတို့ရဲ့အားကိုးခိုလှုံရာ – နိုင်ငံအနှံ့လိုအပ်နေဆဲ oscc များ

ခင်စုကြည်

ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် တနေရာတည်းမှာ အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ စင်တာ (One Stop Crisis Center – OSCC ) ကို နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံမှာ ဖွင့်လှစ်ထားပါတယ်။

ဒီစင်တာကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရသူအမျိုးသမီးတွေ ရုပ်ပိုင်း ဆိုင်ရာထိခိုက်မှုတွေအတွက် ဆေးကုသမှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ခံစားရသူတွေအတွက် နှစ်သိမ့်ဆွေးနွေးခြင်း၊ ပြစ်မှုတွေအတွက် ဥပဒေကြောင်းအရ တိုင်ကြားဆောင်ရွက်ပေးခြင်းနဲ့ လူမှုရေးစောင့်ရှောက်မှုတွေကို တနေရာ တည်းမှာ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ မျိုးဆက်ပွားကျန်းမာရေးဌာနကနေ ဦးဆောင်ပြီး WHO နဲ့ ပူးပေါင်းကာ အခုလို စင်တာဖွင့်လှစ်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ပထမဆုံးစင်တာကိုတော့ ပင်းတယမြို့နယ်မှာ ဖွင့်လှစ်ခဲ့သလို ဒု တိယစင်တာအနေနဲ့ နေပြည်တော်၊ ကုတင်(၁၀၀၀)ဆေးရုံမှာ ဗဟိုအဆင့် ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

“ကျားမအခြေပြုအကြမ်းဖက်မှုဆိုတဲ့နာမည်နဲ့ မဟုတ်ပေမယ့်လည်း ဒီလိုအကြမ်းဖက်မှုမျိုးတွေရှိရင် ရှေးတုန်းက တည်းက ဆောင်ရွက်ပေးခဲ့ကြတာပါပဲ။ နေပြည်တော် ကုတင်(၁၀၀၀)မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အထူးကု ဆရာဝန်ကြီးတွေရဲ့ စိတ်အားထက်သန်မှု၊ ဒီလိုခံစားလာရတဲ့ လူနာတွေအတွက် ဝိုင်းဝန်းပြီးဆောင်ရွက်ပေးလိုတဲ့ ဆန္ဒတွေ တော်တော်ကြီးကိုမြင့်မားကြပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စကိုဆောင်ရွက်ဖို့ စတင်အခြေတည်ခဲ့တာဖြစ် ပါတယ်” လို့ဆေးရုံအုပ်ကြီး ဒေါက်တာပပက ပြောပြပါတယ်။

ဒီစင်တာမှာ ဆေးရုံအတွင်းနဲ့ ဆေးရုံပြင်ပဆိုပြီး ဆောင်ရွက်မှု(၂)ပိုင်းထားရှိပါတယ်။ ဆေးရုံအတွင်း ဆောင်ရွက် ပေးနေတဲ့ဌာနတွေကတော့ ဆေးရုံကိုရောက်ရှိလာတဲ့ အကြမ်းဖက်ခံရတဲ့လူနာတွေ ကုသမှုရယူနိုင်ဖို့ အရေးပေါ် ဌာန၊ စစ်ဆေးစမ်းသပ်မှုတွေ လုပ်ဆောင်နိုင်ဖို့ဓာတ်ခွဲဌာန၊ နှစ်သိမ့်အကြံပေးဆွေးနွေးနိုင်ဖို့ ဆေးလူမှုဆက်ဆံ ရေးဌာန၊ စိတ်ပိုင်းဆိုင်ရာကုသမှုအတွက် စိတ်ပညာဌာန၊ မှုခင်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ ဆောင်ရွက်နိုင်ဖို့ မှု ခင်းဆိုင်ရာဆေးပညာဌာနတို့ ပါဝင်ပါတယ်။

ဆေးရုံပြင်ပဆောင်ရွက်မှုတွေအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးတာဖြစ်ပြီး လူနာကို ချိတ်ဆက်ခေါ်ဆောင်လာပေးတဲ့ ပြင်ပလူမှုရေး အဖွဲ့အစည်းတွေနဲ့လည်း ပေါင်းစည်းဆောင်ရွက်တာတွေ ရှိတယ်လို့သိရပါတယ်။

“ကျမတို့မှာ ဒီလုပ်ငန်းတွေလုပ်ပြီး ဒီလိုဌာနဖွင့်တော့ အစကနေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးမှာ မှုခင်းရဲ ဌာန မရှိပါဘူး။ ဒီလိုဆောင်ရွက်လိုတယ်ဆိုတော့ ကျမတို့ရဲ့ ဆေးရုံကြီးမှာ မှုခင်းရဲဌာန လာရောက်ဖွင့်လှစ်ပေး ထားပါတယ်။ မှုခင်းရဲဌာနကတော့ ဒီကိစ္စတစ်ခုတည်းအတွက်ပဲ အကျုံးဝင်တာတော့ မဟုတ်ပါဘူး။ ကျားမအခြေ ပြုအကြမ်းဖက်မှုအတွက်လည်း အားကိုးနိုင်တယ်။ တခြားကိစ္စတွေဖြစ်တဲ့ ရိုက်မှုတွေ၊ အက်စီးဒင့်(မတော်တဆ) ဖြစ်မှုတွေ လာတဲ့အခါမှာလည်း ရဲဌာနကို မတိုင်လာကြရသေးဘူးဆိုရင် ဒီမှုခင်းရဲဌာနကနေ လူနာကိုမေးမြန်း ပြီးတော့ သက်ဆိုင်ရာနယ်မြေရဲနဲ့ ဆက်သွယ်ဆောင်ရွက်ပေးတဲ့အတွက် ကျမတို့အနေနဲ့ကတော့ နှစ်ခုအကျိုးရှိ တာပေါ့” လို့ ဒေါက်တာပပကပြောပါတယ်။
ဆေးရုံကိုရောက်ရှိလာတဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုက အများဆုံးဖြစ်တယ်လို့ ဒေါက်တာပပက ပြောပါတယ်။

ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှာတော့ သူစိမ်းကဖြစ်စေ၊ လင်မယားအချင်းချင်းကဖြစ်စေ ရိုက်နှက်ခံရတာတွေရှိပြီး လိင်ပိုင်းဆိုင်ရာမှာတော့ အလိုမတူပဲ အဓမ္မပြုကျင့်ခံရတာ၊ ပြုကျင့်ဖို့ ကြံရွယ်ခံရတာနဲ့ ကိုယ်ထိလက်ရောက် စော်ကားခံရတာတွေရှိနေပါတယ်။

အသက်အရွယ်အပိုင်းအခြားအရ ငယ်ရွယ်တဲ့ကလေးအရွယ်ကစလို့ အသက်(၃၀)ကျော်အရွယ် အမျိုးသမီးတွေ အထိ လာရောက်ကြပြီး စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ခံစားရတဲ့ လူနာအနည်းငယ်လည်း ပါရှိတယ်လို့ သိရပါ တယ်။
အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတစ်ယောက် ဆေးရုံကို ရောက်ရှိလာရင် အရင်ဆုံး အရေးပေါ်ဌာနမှာ ဝင်ရောက် ပြသရပါတယ်။ အရေးပေါ်ဌာနဆရာဝန်က စစ်ဆေးပြီး ထိခိုက်ဒဏ်ရာရမှုတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ တဲ့ဒဏ်ရာတွေ တွေ့ရှိလာတယ်ဆိုရင် ကျားမအခြေပြု အကြမ်းဖက်ခံရတဲ့လူနာလို့ မှတ်ယူကာစစ်ဆေးစမ်း သပ်မှုတွေ ဆက်လက်လုပ်ဆောင်ပါတယ်။

အဲဒီနောက်မှာတော့ နှစ်သိမ့်ပညာပေးရေးအခန်းကို ခေါ်ဆောင်လာပြီး ဆေးလူမှုဆက်ဆံရေးမှူးက နှစ်သိမ့် အကြံပေးဆွေးနွေးကာ ရဲဌာနကို တိုင်ကြားရမယ့်အမှုဆိုရင် မှုခင်းရဲဌာနနဲ့ ဆက်လက်ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။
“ကိစ္စတိုင်းကတော့ ရဲကိုတိုင်ချင်ကြတာတော့ မဟုတ်ဘူး။ တချို့က ကိုယ့်အချင်းချင်းဖြစ်လာလို့ လာရောက်ကု သတာပဲရှိတာ။ မလိုလားအပ်တဲ့ ရောဂါတွေ ကူးစက်ခံရတာ၊ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကိုယ်ဝန်ရှိတာ တွေ ကုသဖို့အတွက်လာကြတယ်။ တချို့မတိုင်ချင်ဘူး။ တချို့ကတော့ တိုင်ချင်ကြတယ်” လို့ ဒေါက်တာပပက သူ့ရဲ့အတွေ့အကြုံကိုပြောပါတယ်။
အခုလို ဆေးကုသမှုနဲ့ တိုင်ကြားမှုတို့ကို ဆောင်ရွက်ပေးတဲ့အပြင် လူမှုရေးအကူအညီ လိုအပ်ပါကလည်း လူမှု ဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနနဲ့ ချိတ်ဆက်ကာ ကူညီဆောင်ရွက်ပေးမှုတွေလည်း လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။

“တခါတလေကျတော့ သူတို့က အိမ်ပြန်ဖို့ မရဲကြဘူး။ သူတို့ကို ကျူးလွန်တဲ့သူက ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူ ဖြစ်နေရင် အိမ်မပြန်ရဲကြတော့ဘူး။ အဲဒီလိုမျိုး ဘေးကင်းလုံခြုံမှုအတွက် လိုအပ်ချက်ရှိတဲ့ သူတွေဆိုရင် လူမှုဝန် ထမ်းနဲ့ချိတ်ဆက်ပြီးတော့ သူတို့အတွက်နေစရာ၊ စောင့်ရှောက်ပေးမယ်သူတွေကို တောင်းပြီးတော့ စောင့် ရှောက် ပေးရပါတယ်။ လုံခြုံအောင်ထားပေးမယ့် မိသားစုရှိတယ်ဆိုရင်လည်း သူတို့ကို ပြန်လွှတ်လိုက်ပါတယ်” လို့ ဒေါက်တာပပက ပြောပါတယ်။

ကျားမအခြေပြု အကြမ်းဖက်ခံရတဲ့ အမျိုးသမီးလူနာတွေကို တခြားလူနာတွေနဲ့ ရောထားလေ့မရှိပဲ သီးသန့်ခွဲ ထားပြီး စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံရေးအရ သတင်းအချက်အလက်ကိုလည်း ထိန်းသိမ်းထားနိုင်ဖို့ရည်ရွယ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေတဲ့ လူနာတွေအတွက် စိတ်ရောဂါအထူးကုဆရာဝန်ကြီးတွေကို ခေါ်ယူကာ ကုသ ပေးနေတာဖြစ်ပြီး အထူးသဖြင့် သက်ငယ်မုဒိမ်းမှုကြောင့် ရောက်ရှိလာတဲ့ ကလေးတွေနဲ့ မိခင်တွေအတွက်တော့ စိတ်ပိုင်းဆိုင်ရာ ကုသမှု ပိုမိုလိုအပ်တာကို တွေ့ရှိရတယ်လို့ ဒေါက်ပပကပြောပါတယ်။

“သက်ငယ်မုဒိမ်းမှာတော့ များသောအားဖြင့် ထိတ်လန့်ကြတာပေါ့နော်။ မိဘတွေကလည်း ကြောက်ရွံ့ကြတယ်။ ကလေးအနေနဲ့ကလည်း ခံစားနေရတယ်။ သူ့အနေနဲ့ မတွေ့ဖူး၊ မကြုံဖူးတာတွေ ခံစားရတယ်။ ဒါမျိုးဆိုရင် မိဘတွေကို စိတ်ရောဂါဆရာဝန်နဲ့ တွေ့ဆုံပေးရတာ များပါတယ်။ သူတို့ကို နှစ်သိမ့်ပေးရတယ်။ ကလေးအ တွက်တော့ ဆေးကုသမှုတွေ ဆက်လက်လုပ်ဆောင်ပါတယ်။ ဒီလိုဖြစ်ရပ်တွေမှာဆိုရင်တော့ စိတ်ရောဂါကု ဆရာဝန်ကြီးရဲ့ဖေးမမှုတွေ လိုအပ်တာကို တွေ့ရှိရပါတယ်”

၂၀၁၅-၂၀၁၆ ခုနှစ်၊ မြန်မာနိုင်ငံ လူနေမှုဘဝနဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်စစ်တမ်း တွေ့ရှိချက်အရ အမျိုးသမီး(၇)ဦးမှာ (၁)ဦးက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရပြီး အိမ်ထောင်သည် အမျိုးသမီး(၅)ဦးမှာ (၁)ဦး က ခင်ပွန်းဖြစ်သူရဲ့ အကြမ်းဖက်မှုကို ခံနေရတယ်လို့ဆိုပါတယ်။

အခုလို ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားရသူတွေထဲက (၂၂)ရာခိုင်နှုန်းကသာ အကူအညီရ ယူနိုင်တာကြောင့် ကျားမအခြေပြု အကြမ်းဖက်ခံရတဲ့အမှုတွေဟာ အင်မတန်ကြီးမားတဲ့ အခြေအနေဖြစ်နေတဲ့ အတွက် ကျားမအခြေပြု အကြမ်းဖက်ခံရမှုအတွက် ဝန်ဆောင်မှုပေးတဲ့နေရာတွေကို ထပ်မံဖွင့်လှစ်နိုင်ဖို့ ဆောင် ရွက်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက OSCC ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံက OSCC စင်တာကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသက အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ အများဆုံးလာရောက်ကြတယ်လို့ဆိုပါတယ်။ မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်ကနေလာ ရောက်ကုသမှု ခံယူကြသူတွေလည်း ရှိပြီး အခြားဒေသက လာရောက်ကြသူတွေလည်း ရှိပါတယ်။

အခုလို ကျားမအခြေပြုအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး တနေရာတည်းမှာ ဝန်ဆောင်မှုပေးနေတဲ့စင်တာ ဖွင့်လှစ် ထားတဲ့အပေါ် အခရာ အမျိုးသမီးအဖွဲ့တည်ထောင်သူ ဒေါ်ထားထားက အခုလို မှတ်ချက်ပြုပါတယ်။

“ကျမကတော့ အခုလို ကျားမအခြေပြု အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး တနေရာတည်းမှာဝန်ဆောင်မှုပေးနိုင်တဲ့ စင်တာရှိလာတာကို ဝမ်းလည်းဝမ်းသာတယ်။ ကြိုလည်းကြိုဆိုတယ်။ တကယ်လို့ အဲဒီလိုမျိုးစင်တာတွေ တခြား နေရာတွေ၊ ဆေးရုံတွေမှာရှိလာရင်၊ ပြီးတော့ အဲဒီမှာရှိတဲ့ ဝန်ထမ်းတွေက အမှုတွေနဲ့ပတ်သက်လာရင် ဒီအမှု တွေကို ရှုမြင်သုံးသပ်တဲ့ပုံက အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် ဒီလိုအခြေအနေတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတာတွေကို ထည့်သွင်းစဉ်းစားပြီး သုံးသပ်မယ်၊ ဖြေရှင်းဆောင်ရွက်ပေးမယ်ဆိုရင် အမျိုးသမီးတွေ တော်တော် လေးအားကိုးရမယ့် အခြေအနေတစ်ခုဖြစ်တယ်လို့ ပြောချင်ပါတယ်”

အခရာအမျိုးသမီးအဖွဲ့ဟာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်း တစ်ခုလည်းဖြစ်သလို ဆေးလူမှု ဆက်ဆံရေးဌာနအတွက်လည်း ကျားမအခြေပြုအကြမ်းဖက်မှုဆိုင်ရာ သင်တန်း တွေကို ပို့ချပေးနေတာဖြစ်ပါတယ်။

၂၀၁၈-၂၀၁၉ ခုနှစ်၊ (၂)နှစ်တာကာလအတွင်း ဆေးလူမှုဆက်ဆံရေးဝန်ထမ်းပေါင်း (၄၀၀) နီးပါးကို သင်တန်းပို့ ချပေးခဲ့ပြီး နည်းပညာပိုင်းအရ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။

“ဆေးလူမှုဆက်ဆံရေးက ဝန်ထမ်းတွေဆိုတာက အမျိုးသမီးတွေ အကြမ်းဖက်မှုခံလာရရင် သူတို့နဲ့ပထမဆုံး တွေ့ရတဲ့သူတွေဖြစ်တော့ ဒီလိုအမျိုးသမီးတွေရောက်လာရင် သူတို့ကိုဘယ်လိုအကြည့်နဲ့ကြိုဆိုရမယ်၊ ဘယ်လို စကားလုံးတွေနဲ့ နားလည်မှုပေးရမလဲ၊ ကျမတို့ရဲ့အမြင်တွေ၊ သူတို့ကိုလက်ခံမယ့် သူတွေရဲ့အမြင်တွေ၊ သဘောထားတွေ ဘယ်လိုရှိလာမယ်ဆိုတာကို နားလည်လာအောင် ခံယူချက်တွေ၊ အမြင်တွေ၊ ရှိလာအောင် သင်တန်းပေးတာဖြစ်တယ်” လို့ ဒေါ်ထားထားကပြောပါတယ်။

နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာပပ

အမျိုးသမီးတွေအပေါ်အကြမ်းဖက်ခံရမှုတွေဟာ နေရာဒေသမျိုးစုံမှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားလေ့ရှိပါတယ်။ မြန်မာ နိုင်ငံမှာ မြို့ပြနေ လူဦးရေထက် ကျေးလက်နေလူဦးရေ ပိုမိုများပြားသလို အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုက လည်း မြို့ကြီးပြကြီးတွေမှာသာမက ကျေးလက်တောရွာတွေမှာလည်း ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ကျန်းမာရေးဝန်ဆောင်မှု ကျားမအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးမှု၊ ဥပဒေရေးရာ အသိအမြင်ရှိမှုတွေကို လက်လှမ်းမမီနိုင်တဲ့ ကျေးလက်တောရွာတွေက အမျိုးသမီးတွေအတွက် အခုလို ကျားမအခြေပြုအကြမ်းဖက်မှု ကို ဝန်ဆောင်မှုပေးတဲ့ စင်တာတွေ များစွာလိုအပ်နေပါတယ်။

ရန်ကုန်မြို့မှာနေထိုင်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် တစ်ကိုယ်တော် ဝန်ဆောင်မှုပေးနေတဲ့ မဝါ ဝါကတော့ သူမဆီရောက်ရှိလာတဲ့ အမှုတွေထဲက (၈၀)ရာခိုင်နှုန်းလောက်ဟာ ငွေကြေးနွမ်းပါးတဲ့ အမျိုးသမီးတွေ ဖြစ်ပြီး ဧရာဝတီတိုင်းက အမှုတွေပိုများတယ်လို့ ဆိုပါတယ်။

“အကူအညီပေးတဲ့အမျိုးသမီးအဖွဲ့တွေ safe house (ခိုလှုံစရာအိမ်) တွေရှိတယ်ဆိုပေမယ့်လည်း အဲဒါတွေက မြို့ပေါ်တွေမှာများတယ်။ ကျေးလက်တောရွာက မိန်းကလေးတွေအနေနဲ့ မြို့ကြီးပြကြီးတွေက စင်တာတွေဆီကို ရောက်လာဖို့ အင်မတန်အခက်အခဲရှိတယ်။ ငွေရေးကြေးရေးကအစပေါ့။ ကျမအခုသွားလာနေရတဲ့ အမှုတွေက ဧရာဝတီက ရေလမ်းခရီး(၂)နာရီလောက်သွားရတဲ့ ကျေးလက်ရွာလေးတွေကလည်းပါတယ်။ ကူညီတဲ့အဖွဲ့တွေ အနေနဲ့ ဝေးလံတဲ့ကျေးလက်ဒေသတွေကိုလည်း ဆင်းစေချင်တယ်။ အစိုးရအနေနဲ့ လက်လှမ်းမှီမယ်ဆိုရင် ကျေးလက်တောရွာက အမျိုးသမီးတွေအတွက် ဒီလိုစင်တာလေးတွေထပ်ပြီးဖွင့်ပေးပါ။ အများကြီး လိုအပ်နေပါ တယ်” လို့ မဝါဝါက အကြံပြုတိုက်တွန်းပါတယ်။

ကျားမအခြေပြုအကြမ်းဖက်မှုအတွက် တနေရာတည်းမှာဝန်ဆောင်မှုပေးတဲ့စင်တာတွေကို တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ထပ်မံဖွင့်လှစ်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဦးဆောင်ပြီး ဆေးလူမှုဆက် ဆံရေးဌာနတွေကို အသိပညာပေးသင်တန်းတွေပေးဖို့ စတင်ကြိုးပမ်းဆောင်ရွက်နေပါပြီ။

အခုလို ကျားမအခြေပြုအကြမ်းဖက်မှုအတွက် သတ်သတ်မှတ်မှတ်တည်ရှိပြီး ဆောင်ရွက်ပေးနေတဲ့ စင်တာတစ် ခု ဖွင့်လှစ်နိုင်ဖို့ စိမ်ခေါ်မှုတွေကလည်း များပြားပါတယ်။

“တချို့ဆေးရုံကြီးတွေကျတော့ အလုပ်အရမ်းများတယ်ပေါ့။ အချိန်မပေးနိုင်ကြတာရှိတယ်။ နေရာမပေးနိုင်ကြ တာလည်းရှိတယ်။ လုပ်ငန်းခွင်အခြေအနေအရ သင်တန်းသွားမတက်နိုင်တဲ့သူတွေရှိတယ်။ တချို့ဆေးရုံကြီးတွေ ကျတော့လည်း ကျမတို့လောက်အထူးကုတွေ မစုံလင်ဘူးပေါ့။ ဒါကြောင့် မဖွင့်လှစ်ခဲ့နိုင်ဘူးပေါ့။ ဒါပေမယ့် ပင်း တယမှာကတော့ ဒီမှာလိုမစုံပေမယ့် သူ့ဒေသက တာဝန်ခံတဲ့ဆရာဝန်ကြီးရဲ့ စိတ်အားထက်သန်မှု၊ ဒေသတွင်း မှာနေထိုင်တဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ပြောချင်တာကတော့ ဒီလိုစင်တာဖွင့်ဖို့အ တွက် စိန်ခေါ်မှုတွေ များပါတယ်” လို့ ဆေးရုံအုပ်ကြီး ဒေါက်တာပပက ပြောပါတယ်။

ကျားမအခြေပြု အကြမ်းဖက်မှုတွေကို ခံစားနေရတဲ့သူတွေအနေနဲ့ ကျန်းမာရေးဌာနမှာ လာရောက်ပြီး အချိန်မီ ကုသမှု ခံယူဖို့နဲ့ ဥပဒေကြောင်းအရ ဖြေရှင်းရမယ့် အကြမ်းဖက်မှုကိစ္စရပ်တွေမှာလည်း ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားပါတယ်။

နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံမှာရှိနေတဲ့ ကျားမအခြေပြုအကြမ်းဖက်မှုအတွက် တနေရာတည်းမှာ ဝန် ဆောင်မှုတွေပေးနေတဲ့စင်တာ OSCC ဟာ ကျန်းမာရေးအရ ဆောင်ရွက်ပေးမှုနဲ့ ပြစ်မှုဆိုင်ရာတွေကို ဥပဒေ ကြောင်းအရ တိုင်ကြားဖြေရှင်းနိုင်ဖို့အတွက် ယုံကြည်အားကိုးရာ နေရာလေးတစ်ခုဖြစ်လာသလို အကြမ်းဖက်ခံရ တဲ့ အမျိုးသမီးတွေအတွက် နွေးထွေးလုံခြုံမှုတွေ ပေးနိုင်မယ့် ခိုလှုံရာနေရာလေးတစ်ခုအဖြစ်နဲ့ တည်ရှိနေပါတယ်။

အခုလို OSCC စင်တာတွေထပ်မံပေါ်ထွက်လာဖို့အတွက် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံက စင်တာကို စံန မူနာထားကာ တိုင်းနဲ့ပြည်နယ်တွေကနေ မြို့နယ်ကျန်းမာရေးဌာနတွေမှာပါ ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက် နေတယ်လို့ ဒေါက်တာပပက သတင်းစကားပါးလိုက်ပါတယ်။

“ကျားမအခြေပြု အကြမ်းဖက်ခံရသူတွေအတွက် အားကိုးရာ ဒီလိုစင်တာလေးတွေ ထပ်မံပေါ်ထွန်းလာဦးမှာပါ လို့ သတင်းကောင်းပါးချင်ပါတယ်”

Author:

Related Articles