Home ဆောင်းပါး မြန်မာနိုင်ငံက လူသားတိုင်း လူ့အခွင့်အရေးတန်းတူရရှိဖို့ လုပ်ဆောင်ချင်တဲ့ဝန်ကြီး

မြန်မာနိုင်ငံက လူသားတိုင်း လူ့အခွင့်အရေးတန်းတူရရှိဖို့ လုပ်ဆောင်ချင်တဲ့ဝန်ကြီး

နန်းဆိုင်နွမ်။ ။

မြန်မာနိုင်ငံမှာ တစ်ခါမှ မရှိဖူးသေးတဲ့ ဝန်ကြီးတစ်ဦး မေလ ပထမပတ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ခြင်းခံခဲ့ရတဲ့ LGBT တစ်ဦးလည်းဖြစ် လူ့ အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းပါပဲ ။

ဦးအောင်မျိုးမင်းဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို အစဉ်တစိုက်ပြုလုပ်နေတဲ့ Equality Myanmar အဖွဲ့ရဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးတစ်ဦးဖြစ်ပါတယ်။ သူက နှစ်ပေါင်းများစွာ လူ့အခွင့်အရေး သင်တန်းတွေပေးခဲ့ သူဖြစ်သလို မြန်မာနိုင်ငံကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စတင်မိတ်ဆက်ပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ် ။

ဦးအောင်မျိုးမင်းဟာ အမျိုးသားချင်းချစ်ခင်စုံမက်နှစ်သက်တဲ့သူတစ်ဦး ဖြစ်တယ်ဆိုတာကိုလည်း တရားဝင်ပြောကြား ထားတဲ့သူတယောက်ဖြစ်ပါတယ်။

ဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့အပေါ်လည်း ဦးအောင်မျိုးမင်းက NUG အစိုးရဟာ အသွင်မတူတဲ့သူ၊ အလွှာစုံတဲ့သူတွေကို ခန့်အပ်ပြီး LGBT အဖြစ် ကြေညာထားတဲ့သူကိုလည်း ဝန်ကြီးခန့်တဲ့အတွက် ရှေးရိုးစွဲအမြင်တွေ အထင်သေးမှုတွေ မရှိတော့တဲ့သဘောမျိုး ခံစားရမိတဲ့အတွက် ကျေနပ်အားရမိတယ်လို့ ပြောပါတယ်။

“ ပထမဦးဆုံးကတော့ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် ကမ်းလှမ်းတာဝမ်းသာတယ်။ ဒါကကျနော်တို့ တိုး တက်မှုတစ်ခုလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါတီကိုအခြေခံပြီး ရွေးတာမဟုတ်ဘဲနဲ့ ကျနော်ဘဝမှာ ဖြတ် သန်းခဲ့ရတဲ့ လူ့အခွင့်အရေးကိစ္စ လှုပ်ရှားမှုကိုအခြေခံပြီး အသိအမှတ်ပြုပြီး ဖိတ်ကြားခံရ ကမ်းလှမ်းခံရတဲ့အတွက် ဝမ်းသာ ပါတယ်” လို့ အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ ပထမဆုံးပေါ်ပေါက်လာတဲ့ ဌာနဖြစ်တဲ့အလျောက် မိမိဌာနတစ်ခုတည်းပဲ ကြေညာ ချက် ထုတ်လို့မရကြောင်း၊ ဝန်ကြီးဌာနအားလုံး အစိုးရအဖွဲ့ကိုယ်စားပြုတဲ့ ထုတ်ပြန်ချက်အားလုံး ရပ်တည်ချက်တွေဟာ တန်းတူညီမျှစွာဆက်ဆံပြီး လူတိုင်း ခွဲခြားခြင်းမရှိတဲ့ ပေါ်လစီတွေ ဥပဒေတွေဖြစ်အောင် ပြင်ဆင်သွားရန် လုပ်ဆောင် သွားမယ်လို့ ဝန်ကြီးအဖြစ် မေ ၄ ရက်နေ့မှာ ခန့်အပ်ခံခဲ့ရတဲ့ ဦးအောင်မျိုးမင်းက ပြောကြားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တာဝန်ထမ်းဆောင်တဲ့အခါ မြန်မာနိုင်ငံရှိ လူသားတိုင်း လူ့အခွင့်အရေး တန်းတူရရှိရေး၊ လူသားတိုင်း အားလုံးကို ကာကွယ်ပေးနိုင်ရန်ဖြစ်ကြောင်းဝန်ကြီးက ဆိုပါတယ်။

“ ကျနော်အနေနဲ့ တောက်လျောက် လူ့အခွင့်အရေးကိစ္စ လုပ်ဆောင်ခဲ့တယ်။ LGBT အရေးက ကျနော့်လုပ်ဆောင်မှုဖြစ် တယ်။ ဒါပေမယ့် ဝန်ကြီးတာဝန် ထမ်းဆောင်တဲ့အခါမှာတော့ အုပ်စုတစ်စုကိုပဲ ဦးတည်ပြီးတော့ လုပ်လို့မရတော့ဘူး။ ကျနော့်တာဝန်က မြန်မာပြည်မှာရှိတဲ့ လူသားတိုင်းတန်းတူရရှိဖို့ လူသားတိုင်းအားလုံးကို ကာကွယ်ပေးနိုင်ဖို့ဖြစ်တယ်” လို့ သူကပြောပါတယ်။

သို့ပေမယ့် ပြည်သူတွေရဲ့ကြားထဲမှာ LGBTတွေပါဖို့ ၊ ဥပဒေအရ ကာကွယ်တဲ့ကြားမှာ LGBT တွေ မကျန်ခဲ့ဖို့၊ ခွဲခြားဖိနှိပ် မှုတွေ ရပ်တန့်ဖို့ လူသားအားလုံး တန်းတူညီမျှရရှိဖို့အတွက် အဲ့လိုနေရာမျိုးမှာတော့ သတိပြုပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဦးအောင်မျိုးမင်းဟာ ၁၉၈၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး ရှစ်လေးလုံးအရေးတော်ပုံမှာ တက်ကြွ လှုပ်ရှားပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ထို့နောက် အရေးတော်ပုံကာလမှာ ထိုင်း-မြန်မာနယ်စပ်ကို တောခိုခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုက ရက်တစ်တပ်ဦး (ABSDF) မုဒုံတပ်ခွဲတပ်ရင်း ၂၀၄ မှာ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီကနေ ဦးအောင်မျိုးမင်းဟာ ၁၉၉၀ အစောပိုင်းကာလတွေမှာ နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်မှာ လူ့အခွင့် အရေးဘာသာရပ်ကို တက်ရောက်သင်ယူခဲ့ပါတယ် ။

၁၉၉၃ ခုနှစ်မှာတော့ ထိုင်း – မြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိလာပြီး လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို တစ်စိုက် မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၈ခုနှစ်ကစပြီး ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့အဖွဲ့အစည်းတွေ၊ ဒုက္ခသည်စခန်းတွေမှာ ပထမဆုံး လူ့အခွင့်အရေးသင်တန်းကို စတင်မိတ်ဆက်သင်ကြားပေးခဲ့သူလည်းဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်မှာ Human Rights Education Institute of Burma (HREIB) ကို တည်ထောင်ခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို တစိုက်မတ်မတ်ပညာပေးခြင်း၊ နိုင်ငံတကာမှာလည်း တိုက်တွန်းနှိုးဆော်တာတွေပြု လုပ်ခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံလူ့အခွင့်အရေး ပညာပေးရေးလုပ်ငန်းကို ဆောင်ရွက်နေတာဟာ နှစ်ပေါင်း ၃၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် မြန်မာနိုင်ငံရေးအပြောင်းအလဲဖြစ်လာပြီးနောက် ၂၀၁၂ ခုနစ်မှာတော့ HREIBကို ပြည်တွင်းမှာ ပြောင်းလဲ အခြေစိုက်ဖွင့် လှစ်ခဲ့ပြီး HREIB မှ Equality Myanmar လို့ ပြောင်းလဲခဲ့ပါတယ်။

သူဟာ လူ့အခွင့်အရေး ကာကွယ်ရေးနဲ့မျှတမှုမရှိတဲ့မလိုမုန်းထားမှုတွေကနေ LGBTQ အသိုင်းအဝန်းတွေကို ကာကွယ် ပေးနေခဲ့တာဖြစ်ပြီး The Felipa de Souza ဆု ကို ၁၉၉၉ ခုနှစ်နဲ့ Schuman ဂုဏ်ပြုဆု ၂၀၁၇ ခုနှစ်တို့ အပါအဝင် နိုင်ငံတကာ ဆုတံဆိပ်အများအပြားရရှိခဲ့တာလည်းဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံရဲ့ တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး အသိအမြင်ဖွင့် ဆရာတစ်ဦးအဖြစ် ပညာပေးမှု လုပ်ဆောင်တဲ့ အပြင် အမျိုးသမီးတွေ၊ လူငယ်တွေ၊ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ လိင်တူချစ်သူ(LGBT)တွေ၊ ဥပဒေပြု အမတ်တွေ၊ အစိုးရ အရာရှိတွေနဲ့လည်း ဦးသိန်းစိန်အစိုးရ လက်ထက်ကနေ NLD အစိုးရလက်ထက်အထိ ပူးပေါင်း ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

ယခုလို LGBT တစ်ဦးကို ဝန်ကြီးခန့်အပ်လိုက်တဲ့အပေါ်မှာလည်း အမျိုးမျိုးပြောဆိုဝေဖန်မှုတွေ ပေါ်ထွက်လာသလို ဂုဏ် ယူဝမ်းမြောက်မှုတွေလည်း ရှိနေကြပါတယ်။

“ LGBT ခံယူတဲ့သူ ဘာလို့ဝန်ကြီးနေရာပေးတာလဲ။ ခန့်အပ်မယ့်သူအရမ်းရှားနေလား” လို့ဆိုကာ ဝေဖန်ကဲ့ရဲ့ကြပါတယ်။

ဒါ့အပြင် “ LGBT လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်တယ်ဆိုပေမယ့် တခါတည်းသတိပေးပါမယ်။ လိင်တူလက်ထပ် တာကို တရားဝင်(လုံးဝ)ခွင့်မပြုဖို့ NUG အစိုးရကို တောင်းဆိုပါတယ်” ဆိုတဲ့ ရေးသားမှုမျိုးတွေကို လူမှုကွန်ရက် စာမျက် နှာတွေမှာ တွေ့မြင်ရပါတယ်။

လူအများစုဟာ LGBT ဖြစ်ခံယူပါက ရှေးဘဝ ကုသိုလ်ကံ မကောင်းတဲ့အတွက်ကြောင့် ဒီဘဝမှာ အမျိုးသားဖြစ်ပါလျက် အမျိုးသမီးစိတ်ဖြစ်နေတာ၊ အမျိုးသမီးဖြစ်ပါလျက် အမျိုးသားစိတ် ဖြစ်နေတာဆိုတဲ့ တွေးခေါ်မှု၊ ယုံကြည်မှုဟာလည်း အရိုး ဆွေးနေကြတာပါ။

တချို့ဆိုရင် LGBTကို ဝန်ကြီး ခန့်အပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံပျက်စီးပြီ၊ နိုင်ငံကို “ ဟိုမရောက် ဒီမရောက်” ဦး ဆောင်မယ်ဆိုတော့ တိုင်းပြည်ပျက်ပြီဆိုတဲ့အထိ လူမှုကွန်ရက်စာမျက်နှာပေါ်ရေးသားထားကြပါတယ်။

လူငယ်တစ်ဦးဆိုရင် “ LGBT ကိုဝန်ကြီးခန့်ရလား။ လူမရှိတော့ဘူးလား။ ခန့်ရမယ့်သူ ဒီလောက်တောင်ရှားနေလား။ တိုင်း ပြည်ကပျက်ဖို့ပဲရှိတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီလိုဝေဖန်မှုတွေကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူကိုမျိုးခိုင်က “ LGBTတွေထဲမှာ တော်တဲ့ တတ်တဲ့သူတွေ အများ ကြီးရှိပြီး လူထုရဲ့ခွဲခြားမှု‌တွေကြောင့် သူတို့ရဲ့အစွမ်းအစတွေကို နိုင်‌ငံဖွံ့ဖြိုးရေးမှာသုံးဖို့ အကန့်အသတ်တွေ အရမ်းဖြစ် တယ် ” လို့ မှတ်ချက်ပြုပါတယ်။

LGBT အရေး၊ လူ့အခွင့်အရေး ဆောင်ရွက်သူတွေကတော့ LGBT တစ်ဦးကို ဝန်ကြီးအဖြစ် ခန့်အပ်တဲ့အပေါ် ဝမ်းမြောက် နေကြပြီး လာမယ့်အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးမှာ ခွဲခြားမှုတွေဖယ်ရှားကာ နိုင်ငံသားတိုင်းရဲ့ စွမ်းရည် တွေကို အသုံးချနိုင်အောင် လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။

“ လူတစ်ယောက်ဟာ LGBT ဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် တော်၊ တတ်ပြီး၊ သူ့တက်ကျွမ်းတဲ့ပညာနဲ့ ကိုက်ညီတဲ့နေရာရှိရင် ဝန်ကြီးနေရာမှမဟုတ်ဘူး။ ဘယ်နေရာမဆို နေရာပေးချီးမြှောက်ရမှာပဲ” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးခိုင်က ဆိုပါတယ်။

ပြည်သူတွေဟာ ယခင်ကထက် လူမျိုးရေးရာ ခွဲခြားမှု၊ အမျိုးသမီး၊ အမျိုးသား၊ LGBT စသည့် ခွဲခြားမှု လျော့နည်းလာ ပေမယ့် တဖက်မှာလည်း ဖြစ်တည်မှုအပေါ် လှောင်ပြောင်အမုန်းပွားမှုဟာ ဆက်ရှိနေသေးကြောင်း ကိုမျိုးခိုင်က ပြောပါ တယ်။

လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ ခန့်အပ်လိုက်တဲ့ ဝန်ကြီးတွေရဲ့ နေရာကိုကြည့်ခြင်းအားဖြင့် အားကျ ကျေနပ်စရာဖြစ်ပြီး၊ ဝန်ကြီးတိုင်းရဲ့ တတ်ကျွမ်းကိုက်ညီမှုရှိတဲ့ ပုဂ္ဂိုလ်တွေကို ခန့်အပ်ထားကာ ကျား၊မရေးရာလည်း အချိုး ကျ ပါဝင်မှု အားရကျေနပ်ကြောင်း LGBT အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

“ လူတယောက်ရဲ့ ရပ်တည်မှု၊ ကျွမ်းကျင်မှု၊နောက် သူ့ရဲ့တက်သိပညာရှင်တွေနဲ့ကိုက်ညီတဲ့ နေရာပေးထားတယ်။ အမျိုး သမီး၊ အမျိုးသားပါဝင်မှု အခုLGBT ပါဝင်မှုပါရှိတော့အားရကျေနပ်တယ်”လို့ LGBT တစ်ဦးဖြစ်တဲ့ဲ့ ဇာနည်က ပြောပါတယ်။

LGBT ခံယူထားတဲ့ သူတစ်ဦးဟာ NUGထဲတွင် ပါဝင်ခွင့်ရထားတဲ့အတွက် ဂုဏ်ယူမိကြောင်း၊ LGBT အရေးတစ်ခုတည်း သာမက လူ့အခွင့်အရေးကိစ္စကို ပိုလုပ်နိုင်မယ့်သူတစ်ဦးဖြစ်တဲ့အတွက် ဝမ်းသာမိကြောင်းလည်း ဇာနည်က မှတ်ချက်ပေး ပါတယ်။

Lesbian အဖြစ်ခံယူထားတဲ့ အမျိုးသမီးတစ်ဦးကလည်း “ LGBT တယောက်အနေနဲ့ နေရာရလာတဲ့အပေါ် ဝမ်သာတယ်။ LGBT တွေလည်း လူသားတစ်ဦးပါပဲ။ အားလုံးနဲ့အတူတူပါပဲ။ ကျမကတော့ တစ်ခါမှ မရှိခဲ့ဖူးတဲ့ ဝန်ကြီးနေရာမှာ LGBT ခံယူထားပြီး လူ့အခွင့်အရေးပညာပေးတဲ့သူကို ပေးတာဟာ ကျေနပ်တယ်” လို့ ဆိုပါတယ်။

တဖက်မှာလည်း ဝန်ကြီးကို LGBT လို့ ထည့်သွင်းသုံးနှုန်းနေကြတဲ့ အပေါ်လည်း ရှက်စရာကိစ္စတစ်ခုလို့ ထင်မြင်နေကြ ဆဲပါ။

မန္တလေးမှာ နေထိုင်တဲ့ လူငယ်တစ်ဦးကတော့ LGBT ခံယူထားတဲ့ ဝန်ကြီးဆိုပြီး သတင်းတွေမှာလည်း မသုံးသင့်ကြောင်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးလို့ပြောဆိုရေးသားရင် လုံလောက်နေပြီလို့ သူ့အမြင်ကို ပြောပါတယ်။

“ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဆိုပြီး ပြောရင်တော်ရောပေါ့။ LGBT ပထမဆုံးဝန်ကြီးလို့ ထည့်မပြောရင်လည်း ဘာမှ မဖြစ်ဘူးလေ။ LGBT ဆိုပြီး ထည့်ရေး၊ ထည့်ပြောစရာမလိုပါဘူး” လို့ ၎င်းလူငယ်က ပြောပါတယ်။

ဒီလို အငြင်းပွားဝေဖန်မှုတွေရှိနေခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ပထမဦးဆုံး LGBT ဝန်ကြီးတစ်ဦးအဖြစ်တော့ မှတ်တမ်း ဝင်ခဲ့ပြီပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲ ပုံဖော်မယ်ဆိုပါကလည်း ဖက်ဒရယ်
အခြေခံအဆင့်တွေဖြစ်တဲ့ မတူညီတဲ့လူမျိုး၊ မတူညီတဲ့အတွေးအခေါ်နဲ့ တပါးသူရဲ့ဖြစ်တည်မှုကို လက်ခံနိုင်ရမှာဖြစ်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။

Related Articles