Home ဆောင်းပါး ပန်းချီကားရောင်းရငွေအပေါ် အခွန်ကောက်မည်ဆို၍ စိုးရိမ်နေကြသောပန်းချီဆရာမများ

ပန်းချီကားရောင်းရငွေအပေါ် အခွန်ကောက်မည်ဆို၍ စိုးရိမ်နေကြသောပန်းချီဆရာမများ

ခင်မြဇင်

ယခုရက်ပိုင်းအတွင်း သတင်းစာတစောင်ပါ “အနုပညာရှင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ စသည့်အတတ်ပညာရှင်များ ဝင်ငွေခွန်ပေးဆောင်ရန် ပြည်တွင်းအခွန်က အသိပေး နှိုးဆော်ထား” ဆိုသည့်သတင်းက ရောင်းရဖို့ ခက်ခဲလှသောပန်းချီဈေးကွက်တွင် ယက်ကန်ယက်ကန် ရုန်း ကန်ရင်း ဝါသနာအရ မဆွဲရမနေနိုင်လို့သာ ရေးဆွဲတင်ပြနေကြသော ပန်းချီဆရာမတို့အတွက် ခြောက်အိပ် မက်တခုအလားပင်။

ပန်းချီဆရာမတယောက်ကတော့ “သမီးကအနုပညာကို မြတ်နိုးလွန်းလို့ ပန်းချီဆွဲတာပါ။ ထမင်းတနပ်လျှော့ စားပြီး ပြပွဲလုပ်ဖို့ ပိုက်ဆံစုခဲ့ရတာပါ။ ပြပွဲမှာလည်း တခါတလေမှ ရောင်းရတာပါ” ဟု ရယ်စရာလိုလို၊ နောက်ပြောင်လို့ ဆိုခဲ့သည်။ သူကနောက်သလို ပြောင်သလို ဆိုခဲ့သော်လည်း သူ့စကားတွင် အသုံးစရိတ်များ လျှော့ကာ ပိုက်ဆံစုပြီးမှ ပြပွဲအတွက် ကြိုးစားခဲ့ရသည့် အမှန်တရားပါ ပါဝင်နေခဲ့ပါသည်။ သူမအဖို့ ယဉ် ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ပန်းချီပညာဖြင့်ဘွဲ့ရခဲ့သည်မှာ ဆယ်စုနှစ်တစုစာရှိခဲ့ပြီ။ ပန်းချီသင်ခြင်း၊ အင်္ဂလိပ်စာသင်ခြင်းဖြင့် အသက်မွေးရသော်လည်း ပန်းချီကာရောင်းချရသည့်ဝင်ငွေဖြင့် အသက်မွေးနိုင်ခြင်း မရှိခဲ့ပါ။
ပန်းချီဈေးကွက်ကလည်း အေးစက်နေဆဲဖြစ်သည်။

ယနေ့ပန်းချီလောကကိုကြည့်လျှင် ပန်းချီကားရောင်းရသည်ဆိုသူက လက်တဆုပ်စာဆရာကြီးများသာ။
ဟိုတလောက ဟိုတည်ကြီးတခုမှာ ပြုလုပ်ခဲ့သည့်လေလံပွဲမှာပင် တင်ပြသောပန်းချီဆရာကြီးတိုင်း၏ ပန်းချီ ကားတိုင်း ရောင်းရသည်မဟုတ်ပဲ တချို့သာရောင်းရခဲ့သည်။

ထိုသို့သော လေလံပွဲမျိုးတွင် မြန်မာအမျိုးသမီးပန်းချီဆရာမ တယောက်ယောက်၏ကား ပါဝင်သည်ကိုမတွေ့မိ။

ယနေ့ခေတ်တွင် ပန်းချီပြပွဲများက နေ့တိုင်းနီးပါးရှိကာ ပြသသည့် ပန်းချီပြခန်းများတွင်လည်း ကြိုတင်ဘွတ်ကင် များပြည့်နေသည့်တိုင် ရောင်းရသည့်အရေအတွက်က ပြပွဲတွင် ထည့်သွင်းပြသကြသောပန်းချီကားတို့၏ (၁၀) ရာနှုန်းနှင့် (၁၅) ရာနှုန်းကြားမျှသာဖြစ်သည်။

ထိုပြပွဲများတွင် အမျိုးသမီးတို့၏ စုပေါင်းပြပွဲတို့ကား ရှားရှားပါးပါး။ ပန်းချီဆရာ၊ ဆရာမတို့ စုပေါင်းပါဝင်ပြသ သောပြပွဲများနှင့် ပန်းချီဆရာတို့ ပြသကြသောပြပွဲတို့သာ များပြားသလို ပန်းချီဆရာမတို့အနေဖြင့် ရောင်းချရ နိုင်သည့် အခွင့်အလမ်းကလည်း နည်းပါးလှသည်။ သို့ရာတွင် ပန်းချီချစ်စိတ်ဖြင့် သာမန်အမျိုးသမီးတို့လို အဝတ်အစားအသုံးအဆောင်တို့ကို ဝယ်ရန် စိတ်မကူးပဲ ပန်းချီဆေးနှင့်စုတ်တံ၊ ကင်းဘတ်နှင့်ရေဆေးစက္ကူ သာဝယ်ဖို့ ကြိုးစားကြသူက အများစုပင်။

ယခုနှစ်အတွင်း တကိုယ်တော်ပြသခဲ့ကြသော ပန်းချီဆရာမများမှာ အေးမြ၊ နုယဉ်၊ နုနု၊ ခင်မေကြည်၊ စန္ဒာခိုင် မိုချာ့၊ ကြူကြူ စသူတို့ဖြစ်သည်။ ပန်းချီဆရာမများမှာ တနှစ်တကြိမ်ပြသသူများနှင့် နှစ်အတန်ကြာမှ တကြိမ် သာပြသနိုင်သူများလည်း ပါဝင်သည်။ ရောင်းရသည်ဖြစ်စေ၊ မရောင်းရသည်ဖြစ်စေ တင်ပြလိုစိတ်ဖြင့် ပြသနိုင်ဖို့ ကြိုးစားခဲ့ကြကြောင်း တွေ့ရသည်။

ပန်းချီပြခန်းများ၏ဈေးနှုန်းမှာ တနေ့လျှင်ကျပ် သုံးသိန်းမှ ကျပ် (၇၀၀၀၀) အထိ ပြခန်းအကျယ်နှင့် တည်နေရာ
ကိုလိုက်၍ အစားစားရှိရာ ပြသမည့်ရက်ကို (၃)ရက်၊ (သို့မဟုတ်) (၅)ရက် သတ်မှတ်ပြသလေ့ရှိကြပါသည်။
ဖွင့်ပွဲနေ့တွင် ပြပွဲလာပရိသတ်ကို အအေးနှင့်ကိတ်မုန့်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊
မြန်မာမုန့်စသည်ဖြင့် ကျွေးမွေးဧည့်ခံတတ်ကြသည်။ ပြပွဲလာပရိသတ်အများစုမှာလည်း ပန်းချီဆရာအချင်းချင်း ပြပွဲများကို လှည့်လည်ကြည့်ရှုအားပေးကြခြင်းဖြစ်သည်။

ပြပွဲတွင် ပန်းချီကားကို ဒေါ်လာဈေးနှုန်း မည်မျှဟု တပ်ထားစေဦး၊ ဝယ်သူက ကာလပေါက်ဈေးနှင့်တွက်ပြီး ဝယ်လေ့မရှိကြပဲ တဒေါ်လာလျှင် ကျပ်တထောင်နှုန်းသင့်ကာ ပေးချေလေ့ရှိပြီး ထိုကျသင့်တန်ဖိုးကိုပင် ထပ်မံ ဆစ်တတ်သဖြင့် ပန်းချီဆရာမှာ ပန်းချီကားတွင် ကပ်ထာသောဈေး၏ (၆၆.၆) ရာခိုင်နှုန်းမှ (၄၄.၄၄) ရာနှုန်း မျှသာရလေ့ရှိကြသည်။ ဥပမာ ပြခန်းတွင် ဒေါ်လာ(၁၅၀)ဟု သတ်မှတ်ထားသောပန်းချီကားကို မြန်မာအချင်း ချင်း ဝယ်ပါက ကျပ် (၁၅၀၀၀၀) ထက် ပိုမပေးပေ။

ဆစ်၍ဝယ်လျှင် ကျပ်(၁၀၀၀၀၀)သာ အမှန်ရောင်းချရသည့်အခါလည်း ရှိသည်။ တသိန်းအောက်လျှော့၍လည်း
ဈေးဆစ်တတ်ကြသည်။ ပန်းချီဆရာအများစုမှာ ပြပွဲစရိတ်မှ ကျေပါစေဆိုပြီး ရောင်းချပေးလိုက်ရတတ်သည်။
အထူးသဖြင့် ရေဆေးပန်းချီကားများမှာ နံမည်ကျော်ဆရာများကလွဲ၍ ဈေးမရသော်လည်း ပန်းချီရေးသည့် ရေ ဆေးစက္ကူ၊ အတွင်းဘောင်အပြင်ဘောင်ဖိုးမှာ အခရိုင်းလစ်(၁)ပေခွဲ၊ နှစ်ပေကားတကားရေးခြင်းထက် ပိုမိုကုန် ကျသော်လည်း အခရိုင်းလစ်ဖြင့် ရေးသည့်ကားလောက် ဈေးမရကြ။ မြန်မာပန်းချီဆရာမအများစုက ရေဆေး လက်ရာများပြသလေ့ရှိကြသည်။ ရှုခင်းပန်းချီ၊ လူပုံတူနှင့်ပန်းပုံများကို ရေဆေးဖြင့်ရေးဆွဲလေ့ရှိကြသည်။

အခရိုင်းလစ်ဆေးမှာ ရေနှင့်တို့၍ ရေးရသော်လည်း အခြောက်မြန်ပြီး ရေဆေးထက် ပို၍အရောင်စိုကာ ကင်း ဘတ်ပိတ်ပေါ်ရေးရသည်။ အပြင်ဘောင် မတတ်နိုင်လျှင်လည်း ပိတ်ကိုကျက်သောအတွင်းဘောင်နှင့်ပင် ချိတ် ဆွဲနိုင်သဖြင့် ကရိကထမများလှပေ။ ကားကြီးကြီးများရေးနိုင်သည်။

ယနေ့ခေတ် ပန်းချီလောကကိုကြည့်လျှင် တကိုယ်တော်ပြပွဲပြသနိုင်သူ၊ စုပေါင်းပြပွဲများတွင် ပါဝင်ပြသပြီး နာ မည်ရသူ ပန်းချီဆရာမမှာ(၂၀)ဦးထက် မပိုခဲ့ချေ။ စုပေါင်းပြပွဲများ၊ တကိုယ်တော်ပြပွဲများဖြင့် နံမည်ရလာသော ဆရာမများမှာ ကျမသတိပြုမိသလောက် စန္ဒာခိုင်၊ အေးငြိမ်းမြင့်၊ နုနု၊ ရီရီခင်၊ ခင်မေကြည်၊ ကြူကြူ၊ စန်းလတ်၊ နုယဉ်၊ မချမ်းတို့ဖြစ်သည်။ ထိုဆရာမတို့မှာ တယောက်တမျိုးစီ အားကောင်းသော လက်ရာပိုင်ရှင်များဖြစ်ကြသည်။

စန္ဒာခိုင်က မိန်းမဝတုတ်ကြီးများ၏လုံးတီးပုံကို ရေးလေ့ရှိသည်။ ဘယ်သူမှဝယ်ယူစုဆောင်းဖို့ စိတ်ကူးမည် မဟုတ်သော နွားပုံတွေချည်း တစ်ပွဲပြသေးသည်။ အေးငြိမ်းမြင့်က ဖန်ခွက်အကြည်နှင့် အလင်းပေါက်သော ရုပ် ဝတ္ထုများကို စိတ်ဝင်တစားရေးလေ့ရှိသည်။

နုနုက အရောင်နုနုကြည်ကြည်လေးများဖြင့် ရှုခင်းနှင့် ပန်းများကို သူ့အမြင်နှင့်ပြန်လည်ဖွဲ့စည်းရေးဆွဲသည်။ ရီရီခင်က အသက်ဝင်နေသော ရွှေငါးလေးများကို ရောင်စဉ်တွေ ကြားမှာထည့်သွင်းရေးလေ့ရှိသည်။ ခင်မေ ကြည်ကတော့ ရှုခင်းအများစု ရေးလေ့ရှိပြီး အထူးသဖြင့် ရေဆေးလက်ရာအားကောင်းသူတယောက်ဖြစ်သည်။

နုယဉ်နှင့်စန်းလတ်တို့က ဒေါ်အောင်ဆန်းစုကြည်ပုံတူများ ရေးဆွဲပြသလေ့ရှိကြသည်။ ကြူကြူက ဒြပ်မဲ့ပန်းချီ ကားများရေးလေ့ရှိသည်။
လွန်ခဲ့သည့်(၂)နှစ်က ပြုလုပ်ခဲ့သော ၆၅ ပြခန်းတွင် ပြသခဲ့သော တကိုယ်တော်ပြပွဲတွင် သွယ်သွယ်လျှလျှ ပါးကွက်လေးနှင့် ချစ်စရာအညာသူလေး အေးမြရုပ်ပုံလွှာကို ကြောင်ကလေးပါထည့်ပြီး ရေးရာမှ အရောင်နှင့် လိုင်းများက ဆွဲဆောင်မှုရှိလှသဖြင့်ထင်ရှားလာသူမှာ မုံရွာသူလေးမချမ်းဖြစ်သည်။

ပန်းချီဆရာမအများစုမှာ တဖက်က ကလေးများကို ပန်းချီသင်ရင်း တဖက်က ပန်းချီရေးနေကြသူများဖြစ်သည်။
ပန်းချီရေးခြင်းသက်သက်ဖြင့် ရပ်တည်ဖို့က ခက်ခဲဆဲဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က မြန်မာအမျိုး သမီး ပန်းချီဆရာမများ စာအုပ်တွင်ဖော်ပြခဲ့စဉ်ကာလက တက်တက်ကြွကြွရေးနေသူတချို့ပင် ယခုအခါ မရေး ဖြစ်ကြတော့။ တချို့ကို ကြိုကြားကြိုကြားသာတွေ့ရတော့သည်။

သို့သော်နှစ်စဉ် ယဉ်ကျေးမှုတက္ကသိုလ်၊ ပန်းချီပန်းပုကျောင်းနှင့် ပြင်ပပန်းချီသင်တန်းများမှ ထွက်ပေါ်လာသော လူငယ်မျိုးဆက်ပန်းချီဆရာ၊ ဆရာမတို့၏လက်ရာအုပ်စုပွဲများကတော့ ယခင်ထက်ပိုပြီး ပြသနိုင်လာသည်ကို တွေ့ရသည်။

လက်ရာကောင်းသော ပန်းချီဆရာမများ တိုးပွားလာသော်လည်း ကျောင်းများက မွေးထုတ်လိုက် သော အရေအတွက်နှင့် နှိုင်းစာလျှင်တော့ ပန်းချီလောကထဲသို့ တိုးဝင်လာသူနည်းနေဆဲ ဖြစ်သည်။ သေချာ သုတေသနလုပ်၍ ရေးသားကြဖို့ကောင်းသည်။

အမျိုးသမီးအများစု၏ဘဝက ပန်းချီပညာသည် ဘဝရပ်တည်မှုအတွက် ခိုင်မာသော အသက်မွေးမှုတခုဖြစ် မလာနိုင်ခြင်းက တကြောင်းဖြစ်သည်။ သားကိုသခင်၊ လင်ကိုဘုရားလို ကိုးကွယ်စရာမလိုတော့ဆိုသည့်တိုင် အလုပ်ကတဖက်၊ အိမ်ထောင်မှုကိစ္စကတဖက်ကြား အမျိုးသမီးတို့ဘဝက ပိတ်မိနေကြဆဲဖြစ်သည်။ အိမ် ထောင်ကျသွားလျှင် ကလေးကိစ္စ၊ မိသားစုအရေးဖြင့် မရေးနိုင်ကြပဲ ဝါသနာအတွက် စိတ်သာရှိပြီး လက်မပါနိုင် သူတွေက အများစုပင်။

ပန်းချီသင်တန်းဖွင့် သင်ကြသူတွေရှိသလို ပန်းချီဆရာမအများစုက အိမ်တွေမှာ လိုက်သင်ပေးကြသည်။ ပုံမှန် မဟုတ်သောဝင်ငွေပေါ်တွင် အမှီပြုနေရသူအများစုမှာ တကိုယ်တော်ပြပွဲမပြောနှင့် အုပ်စုပွဲများတွင် ရှယ်ယာ ထည့်ပြီး ပါဝင်ပြသဖို့ပင် ရေးရန်အချိန်၊ ပန်းချီပစ္စည်း၊ ထည့်ဝင်ရမည့်ပြပွဲကြေး စသည်တို့က တားဆီးနေခဲ့သည်။

တက်သစ်စ ပန်းချီဆရာများအတွက် ကက်တလောက်နှင့် ဆေးပစ္စည်းဖိုး မထောက်ပံ့ချင်နေ၊ လူအများကြည့်ရှု နိုင်သည့် နယ်မြေမှာ ပြခန်းကျယ်ကျယ် တခုလောက်သာ အခမဲ့ပြသရန် နေရာပေးမည်ဆိုပါက ပန်းချီအနုပညာ ဖွံ့ဖြိုးဖို့တတပ်တအားဖြစ်ပေမည်။

၂၀၀၈ ခန့်က ဆွီဒင်နိုင်ငံသူ ပါဖောင့်မင့်နှင့် ပန်းချီဆရာမ ဟယ်လီနာ ဌာနေအနုပညာရှင်အစီအစဉ်ဖြင့် (Recedency Artist) ရောက်လာခဲ့ရာ သူတို့နိုင်ငံတွင် ပန်းချီပြခန်းများကို အစိုးရက လစဉ်စရိတ်၏ (၄၀) ရာခိုင်နှုန်းထောက်ပံ့ကြောင်း သိရသည်။ နိုင်ငံတကာအနုပညာရှင်များအနေဖြင့် တခြားနိုင်ငံမှ ပြပွဲများ၊ ရုပ်ရှင် ပွဲတော်များ၊ ဆွေးနွေးပွဲများ တက်ရောက်ကြခြင်းအတွက် နိုင်ငံအစိုးရက စရိတ်ကျခံပေးကြောင်း သိရသည်။ ကျမတို့နိုင်ငံမှာ အိမ်ရှင်နိုင်ငံ (သို့မဟုတ်) အနုပညာအဖွဲ့အစည်းတခုခုက စရိတ်ကျခံပြီး ဖိတ်ခေါ်ခြင်း မဟုတ် လျှင် ကိုယ့်စရိတ်နှင့်ကိုယ် ကျခံရရာ တက်ရောက်နိုင်ဖို့ အခွင့်အလမ်းနည်းလှသည်။

ထို့ပြင် နိုင်ငံသားများထံမှ ကောက်ခံရရှိသော အခွန်များဖြင့် အလုပ်မလုပ်နိုင်သူ၊ ကျန်းမာရေးချို့တဲ့သူများ၊ သက်ကြီးရွယ်အိုများကို စောင့်ရှောက်ကျွေးမွေးခြင်း၊ နိုင်ငံသားတို့အတွက် ကျန်းမာရေး၊ ပညာရေးထောက်ပံ့ ကူညီမှုများဆောင်ရွက်ပေးလေ့ရှိသည်။

အခွန်ရှောင်သည့်ကုမ္မဏီကြီးများကိုလည်း ထိထိရောက်ရောက် အရေး ယူကြောင်း တွေ့ရသည်။ ကျမတို့နိုင်ငံတွင် အခွန်ရှောင်ကုမ္မဏီကြီးများကိုသာ ထိထိရောက်ရောက် ကောက်ခံ နိုင်မည်ဆိုလျှင် တိုင်းပြည်၏ လိုအပ်သောကဏ္ဍများအတွက် ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဟု ထင်ပါသည်။

ဝင်ငွေပုံမှန်မရနိုင်သော ဝါသနာအရသာ ရေးဆွဲပြသနေကြရသော ပန်းချီဆရာ၊ ဆရာမတို့က မရောင်းရ ကြောင်းနှင့် ရောင်းချရလျှင်ပင် ပုံမှန်သတ်မှတ်မထားသော လျှော့နှုန်းများဖြင့် ရောင်းချရကြောင်း တင်ပြပါက ပြည်တွင်းအခွန်ဌာနမှ လက်ခံမည်၊ မခံမည်တော့ ကျမမသိပါ။

ဝါသနာရှင် ကျမပင်လျှင် မနှစ်က အုပ်စုပွဲနှစ်ခုမှ ကား(၃)ကားရောင်းရငွေ ကျပ်လေးသိန်းခန့်ရရှိရာ (၁၂)လနှင့် စားပါက (ပြပွဲကြေး၊ တက္ကစီခ၊ ဘောင်ဖိုးကင်းဘတ်ဆေးဖိုးမပါ) တလလျှင်ကျပ်သုံးသောင်းကျော်သာ ရမည်ဖြစ် ရာ ပန်းချီဖြင့် အသက်မွေးဖို့အရေးမှာ စဉ်းစားလျှင်ပင် ရင်လေးစရာဖြစ်ဆဲပင်။ တကားမှမရောင်းရသော အုပ်စု ပွဲတွေလည်း ရှိခဲ့ပါသည်။

ယခုတော့ အနုပညာဖွံ့ဖြိုးမှုအတွက် တစုံတရာထောက်ကူမှုမပေးပဲ ဝင်ငွေပေါ်တည်၍ အခွန်ကောက်မည်ဆို လျှင်လည်း ပန်းချီဆရာမများအပါအဝင် ပန်းချီဆရာတို့အတွက် ဆက်လက်ရေးဖို့မလွယ်ပေ။

ပန်းချီဆရာတချို့ကတော့ တကယ်လို့ အခွန်သာကောက်လာလျှင် မရောင်းရသောပန်းချီကားဖြင့်သာ အခွန် ဆောင်တော့မည် ဆိုသူဆိုကြသည်။ ကျမမိတ်ဆွေယဉ်ကျေးမှုနှင့် အနုပညာကျောင်းဆင်းဆရာမလေးကတော့
သည်လိုသာ အခွန်ကောက်မည်ဆိုလျှင် သူ့ကားများကို ပြပွဲတင်ပြသတော့မှာမဟုတ်ပဲ ကိုယ့်ဖာသာကိုယ် အိမ် မှာရေးပြီး တစိမ့်စိမ့်ထိုင်ကြည့်တော့မည်ဟုဆိုပါသည်။

Author:

Related Articles