Home ဆောင်းပါး ရွှေ့ပြောင်းအလုပ်သမား မြန်မာအမျိုးသမီးအတွက် ဘာတွေလိုအပ်နေသလဲ

ရွှေ့ပြောင်းအလုပ်သမား မြန်မာအမျိုးသမီးအတွက် ဘာတွေလိုအပ်နေသလဲ

ယူကလစ်

မြန်မာနိုင်ငံ၏ နှစ်ရှည်လများ နိုင်ငံရေးမတည်ငြိမ်မှုများက လူမှုစီးပွားအခြေအနေကို ကျဆင်းလာ စေသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် သန်းနှင့်ချီသော မြန်မာနိုင်ငံသားများ ပြည်ပကို ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ကြရသည်။

၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သော လူဉီး ရေသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသား ၂ သန်းကျော်သည် ပြည်ပမှာ ရောက်ရှိနေသည်ဟု အစီရင်ခံ ထားပါသည်။ နောက်ကြောင်းပြန် ခန့်မှန်းချက်အရ ပြည်ပရောက် အလုပ်သမား ၄ သန်းကျော်ရှိသည်ဟု အလုပ်သမားဝန်ကြီးဌာနက ဆိုပါသည်။ ထိုသို့ရွှေ့ပြောင်းသွားလာကြသူများတွင် စာရင်းဇယားများအရ အမျိုးသမီးဉီးရေ ၃၉% ပါဝင်နေပါသည်။

ထို့ကြောင့် အမျိုးသမီးအလုပ်သမားများသည် အရည်အတွက်အားဖြင့် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အမျိုးသမီးရွှေ့ပြောင်းလုပ်သားများအနက် အများစုမှာ ပညာရေးနှင့် ကျွမ်းကျင်မှု နည်းပါးခြင်း၊ တရားဝင်ရွှေ့ပြောင်းသွားလာရန် ကုန်ကျစရိတ် များပြားခြင်း၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းနှင့် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်အဆင့်ဆင့် ရှုပ်ထွေးခြင်းများကြောင့် တရားဝင်လမ်းကြောင်းများထက် ပုံမှန်မဟုတ်သောလမ်းကြောင်းများမှ ပိုမိုရွှေ့ပြောင်းသွားလာနေကြရ သည်။

အများစုမှာ ဆိုက်ရောက်နိုင်ငံများတွင် အလုပ်သမား ဉပဒေအရ ကာကွယ်စောင့်ရှောက်မှု မရှိသော လုပ်ငန်းကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အိမ်အကူအလုပ်အကိုင်များကို ဝင်ရောက် လုပ်ကိုင်ကြရသည်။ ထို့ကြောင့် မြန်မာအမျိုးသမီးရွှေ့ပြောင်း အလုပ်သမားအများစုသည် လုပ်ငန်းခွင်အခွင့် အရေးချိုးဖောက်မှု အမျိုးမျိုးကို ခံစားနေကြရပါသည်။ အဓိကအားဖြင့် လုပ်အားခ နည်းပါးစွာရရှိခြင်း၊ ခေါင်း ပုံဖြတ်အမြတ်ထုတ်ခံရခြင်း၊ အလုပ်ချိန်အဆမတန်များလွန်းခြင်း၊ ခွင့်ရက်နှင့် နားရက်မရှိခြင်း၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မရှိခြင်း၊ မီးဖွားခွင့်အပါအဝင် ကျန်းမာရေး စောင့်ရှောက်ခွင့်နှင့် လူမှုဖူလုံရေး အကျိုးခံစား ခွင့်များ ပြည့်ဝစွာမရရှိခြင်းတို့အပြင် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု အကြမ်းဖက်မှု များကိုလည်း ကြုံတွေ့ကြရပါသည်။

ထိုသို့ အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုများ ခံနေရသော်လည်း အမျိုးသမီးအများစုမှာ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် အထောက်အထား အပြည့်အ၀ မရှိကြသောကြောင့် ဉပဒေရေးရာ ကုစားမှုများနှင့် ကာကွယ်စောင့်ရှောက်မှုများကို ဆိုက်ရောက်နိုင်ငံများတွင်လည်းကောင်း၊ မူ ရင်းမိခင်နိုင်ငံကသော်လည်းကောင်း လုပ်ဆောင်ပေးနိုင်မှု မရှိပေ။

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများကို ကာကွယ်စောင့်ရှောက်မှုပေးရန် ၁၉၉၉ ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာဉပဒေကို ပြဌာန်းထားသော်လည်း ထိုဉပဒေမှာ တရားဝင်ရွှေ့ပြောင်းသွားလာသော လုပ်သားများအတွက်သာ အကျုံးဝင်ပေသည်။

ယခင်က အိမ်အကူအလုပ်သမားများကို တရားဝင်သွားရောက် ရန် ခွင့်ပြုခဲ့ပြီး စင်္ကာပူနှင့် ဟောင်ကောင်သို့ စေလွှတ်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှစတင်၍ အိမ်အကူ အလုပ်သမားများ တရားဝင်သွားရောက်ခွင့်ကို ပိတ်သိမ်းခဲ့ပါသည်။ ထိုသို့ ပိတ်သိမ်းလိုက်သော်လည်း အမျိုး သမီးအလုပ်သမားများမှာ စင်္ကာပူအပါအဝင် အခြားနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် သွားရောက်၍ အိမ်အကူ အလုပ်အကိုင်ကို လုပ်ကိုင်ခဲ့ကြပါသည်။ ထို့ကြောင့် မြန်မာအစိုးရက ၂၀၁၉ ခုနှစ် မတ်လတွင် ထိုပိတ်သိမ်းမှု ကို ပယ်ဖျက်ပေးခဲ့သော်လည်း အိမ်အကူအလုပ်သမားများ ပြည်ပသို့ တရားဝင်သွားရောက် အလုပ်လုပ် ကိုင်ရန် လုပ်ထုံးလုပ်နည်းများကို ယခုအချိန်အထိ သတ်မှတ်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိချေ။

၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရအလုပ်သမားရေးရာအဖွဲ့ (ILO)နှင့် ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တို့မှ ပူးတွဲလေ့လာမှုစစ်တမ်း – “အန္တရာယ်နှင့်ဆုလာဒ် အစီရင်ခံစာ” ၏ ဖေါ်ပြချက်အရ မြန်မာနိုင်ငံမှ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများသည် အမျိုးသားများနှင့် နှိုင်းယှဉ် ပါက လုပ်ခလစာရရှိမှု ပျှမ်းမျှအားဖြင့် ၃၆ ရာခိုင်နှုန်း လျော့နည်းရရှိကြသော်လည်း အိမ်သို့ ငွေလွှဲပေး ပို့ရာတွင် အမျိုးသမီးများမှာ အမျိုးသားများထက် ပိုမိုများပြားကြောင်း တွေ့ရှိရပါသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ ပြည်ပရောက်ရွှေ့ပြောင်း အလုပ်သမားများ၏ လွှဲပို့ငွေမှာ အမေရိကန်ဒေါ်လာ ၃,၀၃၅ သန်း ရှိပြီး နိုင်ငံ GDP ၏ ၄.၆ ရာခိုင်နှုန်း အဖြစ် ဖေါ်ပြထားပါသည်။

ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများ၏ လွှဲပို့ငွေများသည် မိသားစုတစ်စုချင်းစီ၏ စားဝတ်နေရေးကို ဖြေရှင်းပေးရုံမျှမက ရပ်ရွာဖွံ့ဖြိုးရေးနှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း အထောက်အပံ့ ကောင်းများကို ပေးစွမ်းနိုင်သည်ကို တွေ့မြင်ရမည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် ရွှေ့ပြောင်းလုပ်သမားများနှင့် မိသားစုဝင်များ၏ အခွင့်အရေးများကို ကာကွယ်မြှင့် တင်ခြင်းဆိုင်ရာ ပြဌာန်းချက်ကို ကုလသမဂ္ဂက ၁၉၉၀ ခုနှစ်တွင် သတ်မှတ်ပြဌာန်းထားခဲ့ပြီး ယခုနှစ်တွင် ၂၉ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ဤနိုင်ငံတကာပြဌာန်းချက်ကို ရွှေ့ပြောင်းအလုပ်သမားများ၏ မူရင်းနိုင်ငံ အများစုက လက်မှတ်ရေးထိုးလျက် ဆိုက်ရောက်နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းပြီး ရွှေ့ပြောင်းအလုပ်သမား များအတွက် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် သန်းနှင့်ချီသော ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများကို ကာကွယ်စောင့်ရှောက်မှုပေးရန် ထိုပြဌာန်းချက်ကို အတည်ပြု လက်မှတ်ရေးထိုးသင့်သည်။ ထို့အပြင် အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများ ပုံမှန်လမ်းကြောင်းများမှ မှန်ကန်သော အထောက်အထားများဖြင့် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နိုင်ရန် ပိုမိုလုပ်ဆောင်ပေးသင့်ပေသည်။

ပြည်ပနိုင်ငံအသီးသီးရှိ လုပ်ငန်းကဏ္ဍအမျိုးမျိုးတွင် လုပ်ကိုင်လျှက်ရှိသော အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားများအတွက် ကာကွယ်စောင့်ရှောက်မှုများ ရရှိစေရန် အမျိုးသမီးအလုပ်သမား သံအရာရှိများ ကိုလည်း ခန့်အပ်ထားသင့်ပေသည်။ ဆိုက်ရောက်နိုင်ငံများတွင်လည်း ခိုင်မာသော ဉပဒေ ကာကွယ်စောင့် ရှောက်မှုများ ရရှိစေရန်အတွက် နှစ်နိုင်ငံ (သို့) နိုင်ငံစုံသဘောတူညီမှုများ လုပ်ဆောင်ထားသင့်သည်။ ထိုမျှ သာမက အလုပ်သမားများ ပြည်ပမထွက်ခွာမီ ပိုမိုကောင်းမွန်သော အလုပ်အကိုင်နှင့် လုပ်ခလစာ အခွင့် အရေးများ ရရှိစေရန် လိုအပ်သော ကျွမ်းကျင်မှုများ ရရှိစေရန် ပြုလုပ်ပေးခြင်း၊ နေရပ်သို့ ပြန်လာသည့်အခါ အလုပ်သမားများ၏ ကျွမ်းကျင်မှုများကို စစ်ဆေး၍ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းနှင့် ရရှိလာသော ကျွမ်းကျင်မှုနှင့် စုဆောင်းငွေများကို ပြန်လည်အသုံးချနိုင်စေရန် အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်း များ ဖန်တီးပေးခြင်းများကို လုပ်ဆောင်ပေးသင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။

Author:

Related Articles