Home ဆောင်းပါး သင်္ကြန်ရှိနေသမျှ သံချပ်လည်းရှိနေမယ်

သင်္ကြန်ရှိနေသမျှ သံချပ်လည်းရှိနေမယ်

ခင်ဘုန်းမို့။ ။
အမျိုးသမီးငယ်တစ်ဦးဟာ အကျဉ်းထောင်အတွင်း နှစ်နှစ်နီးပါးနေထိုင်ရပြီးနောက် အသက်(၂၅)နှစ်ပြည့်မွေးနေ့ကို သုံးရက်နောက်ကျပြီးမှ ကျင်းပရပေမယ့် သူ့အတွက်ကတော့ထူးခြားတဲ့ မွေးနေ့တစ်ခုဖြစ်စေခဲ့ပါတယ်။

အသားညိုညို၊အရပ်မနိမ့်မမြင့်နဲ့ အမြဲပြုံးနေပြီး ရဲရင့်တက်ကြွဟန်အပြည့်ရှိတဲ့ အမျိုးသမီးငယ်ဟာ နိုင်ငံရေးပုဒ်မနဲ့ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က တဦးဖြစ်တဲ့ မဆုရတနာမြင့်ဟာ သူမရဲ့မွေးနေ့အပြီး နောက်သုံးရက်မှာမှ ပြင်ပလောကကို ပြန်လည်အခြေချခွင့်ရခဲ့တာဖြစ်ပါတယ်။

မဆုရတနာမြင့်ဟာ တောင်ဥက္ကလာပမြို့နယ်မှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်တဲ့အတွက် နိုင်ငံရေးလှုပ်ရှားမှု အချို့ကို ငယ်ဘဝနဲ့အတူ ဖြတ်သန်းခဲ့ရသူလည်းဖြစ်ပါတယ်။

တောင်ဥက္ကလာပ မြို့နယ်ဟာ ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်းက ကျောင်းသားခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တဲ့မြို့နယ် တစ်ခုဖြစ်သလို ရွှေဝါရောင်အရေးအခင်းကာလတွေမှာလည်း ဘုန်းတော်ကြီးကျောင်းအများစုရှိရာ မြို့နယ်တစ်ခုဖြစ်တဲ့အတွက် နိုင်ငံရေးအရ သမိုင်းကြောင်းရှိခဲ့တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

မိဘမျိုးရိုးမှာ နိုင်ငံရေးသမားမရှိပေမယ့် နိုင်ငံရေးလုပ်ချင်စိတ်တွေက ငယ်စဉ်ကတည်းက မဆုရတနာမြင့်ဆီမှာ ခိုအောင်းနေခဲ့ပါပြီ။ အလယ်တန်းအရွယ်လောက်မှာ ရွှေဝါရောင်အရေးအခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံရေး၊ကျောင်းသားခေါင်းဆောင်စတဲ့ စကားလုံးတွေကိုစတင်သိရှိခဲ့ပြီး တနေ့ကိုယ်တိုင်ကလည်း အဲဒီကျောင်းသားခေါင်းဆောင်တွေလိုဖြစ်ချင်စိတ်မျိုးရှိခဲ့တယ်လို့ မဆုရတနာမြင့်က သူ့ရဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ ငယ်ဘဝကခံယူချက်တွေကို ပြန်လည်ပြောပြပါတယ်။

“ကျောင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးလုပ်တဲ့သူတွေဆို အဖိုးတို့၊ ဦးလေးတို့၊ အိမ်နားကလူတွေတို့က အရမ်းချစ်ကြတယ်။ သူတို့အကြောင်းတွေဆို တိုးတိုးလေးပြောကြပေမယ့် သူတို့ကိုချစ်ကြတာမြင်ရတယ်။ အဲ့လိုမြင်ရတော့ အားကျစိတ်တွေ၊လေးစားတဲ့စိတ်တွေဖြစ်တယ် ”လို့သူကဆိုပါတယ်။

မဆုရတနာမြင့်ဟာ ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာဌာနမှာတက်ရောက်ခဲ့ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ အလုပ်အမှုဆောင်အဖွဲ့နဲ့ အမျိုးသမီးကော်မတီမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

“ တက္ကသိုလ်မတက်ခင်ထဲက ကျောင်းမှာ ကျောင်းသားသမဂ္ဂတွေရှိရင် ပါချင်စိတ်မျိုးရှိခဲ့တယ်”လို့ သူကဆိုပါတယ်။

ကျောင်းသမဂ္ဂမှာပါဝင်ဆောင်ရွက်တာနဲ့ ကျောင်းသားအရေးလုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အပေါ်မိသားစုက တားမြစ်တာမရှိခဲ့ပေမယ့် စိုးရိမ်မှုတွေရှိခဲ့ပြီးနောက်ပိုင်းမှာတော့ ကူညီပံ့ပိုးပေးတာတွေရှိခဲ့တယ်လို့ မဆုရတနာမြင့်ကပြောပြပါတယ်။

၂၀၁၅ ခုနှစ်တုန်းက အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂနဲ့ တက္ကသိုလ်ကျောင်းသားများ စုပေါင်းပြီးသပိတ်မှောက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ဒီ ဆန္ဒပြပွဲတွေမှာ မဆုရတနာမြင့်လည်းပါဝင်ခဲ့ပြီး ဧရာဝတီတိုင်းသပိတ်စစ်ကြောင်းသို့လိုက်ပါကာ တစ်လကျော်ကြာ အိမ်မပြန်ပဲ သပိတ်တိုက်ပွဲမှာပါဝင်ခဲ့ပါတယ်။

မဆုရတနာမြင့် (ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်) Photo: ဒေါင်းတို့ မျိုးဆက်

“ သပိတ်တွေပါတုန်းကလူလည်းအရမ်းပင်ပန်းခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာလည်းပင်ပန်းခဲ့တယ်။ အဲ့တုန်းကဆို face book မှာပုံတွေတင်ပြီး နာမည်ဖျက်ခံရတာတွေရှိတယ်။ ကျောင်းသားသပိတ်မှာ ကျောင်းသားတွေက ယောကျာ်းလေးနဲ့ မိန်းကလေးတွေ အတူနေပြီးဖြစ်ချင်တိုင်းဖြစ်နေကြတယ်တယ်ဆိုပြီး ပုံဖျက်တာတွေရှိတယ်။”

ဝေဖန်မှု၊ ဆဲဆိုမှုတွေကြုံရတဲ့အတွက် ဒေါသနဲ့ စိတ်မကောင်းစရာ ခံစားချက်တွေ ဖြစ်ခဲ့တာနဲ့တပြိုင်နက်ထဲမှာ ပဲ သူလုပ်ခဲ့တဲ့အလုပ်တွေအတွက် နောင်တမရတဲ့အပြင် အမှန်တရားအတွက် ပိုကောင်းအောင်ကြိုးစားချင်တဲ့စိတ်တွေဖြစ်ပေါ်လာခဲ့တယ်လို့ မဆုရတနာမြင့်ကပြောပါတယ်။

“ အိမ်မှာဆိုအဖေနဲ့အမြဲပြောလေ့ရှိတဲ့စကားရှိတယ်။ အဖေတို့ကတော့ တစ်လျှောက်လုံးကြုံခဲ့ရတာဖြစ်လို့ ဒီစနစ်တွေကို ပြောင်းလဲဖို့လုပ်တာက နံရံကိုလက်သီးနဲ့ထိုးနေသလိုပဲပေါ့။ မျိုးဆက်အလိုက်ရှေ့အဆက်ဆက်က သူတို့ကို လက်သီးနဲ့ထိုး ခေါင်းနဲ့ဝင်တိုက်ပေမယ့် ဒီလက်သီးတွေ ခေါင်းတွေသာ ဒဏ်ရာတွေရသွားပြီးအစိတ်စိတ်အမွှာမွှာကွဲကြေတယ်ပေါ့။”

အဖေက အဲ့လိုပြောရင် ပြန်ပြောလိုက်တယ်။ “တစ်ချိန်ကြရင် ပြိုလဲမှာပဲပေါ့။ ရှေ့ဆက်ဆက်ကလူတွေတောင် ခေါင်းနဲ့တိုက်ခဲ့တာ သမီးတို့ကဘာလို့မတိုက် နိုင်ရမှာလဲဆိုပြီး ပြန်ပြောတယ်။”

အနုပညာဝါသနာပါသူဖြစ်တာကြောင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂကပြုလုပ်တဲ့ သံချပ်အဖွဲ့မှာ ၂၀၁၄ ခုနှစ်ကစတင်ပါဝင်ဖြစ်ခဲ့တယ်လို့ သူကဆိုပါတယ်။ သံချပ်အဖွဲ့မှာ ပါဝင်ခဲ့ပြီး နှစ်စဉ်ဖျော်ဖြေမှုတွေ လုပ်ခဲ့ရာမှာ ၂၀၁၉ ခုနှစ်မှာတော့ တရားရင်ဆိုင်ခဲ့ရပါတယ်။

တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် လှည့်လည်ကာ သံချပ်ထိုးခဲ့ကြပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ တပ်မတော်နဲ့ပတ်သက်တဲ့ သံချပ်များ ရေးသားစပ်ဆိုကာ အများပြည်သူကို ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြတဲ့အတွက် ၎င်းတို့ကို တပ်မတော်က တရားလို ပြုလုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၆၆(ဃ)တို့နဲ့ အသီးသီးစွဲဆိုခံခဲ့ခြင်းဖြစ်ပါတယ်။ သံချပ်အဖွဲ့ဝင်တွေထဲက မဆုရတနာမြင့် ကတော့ ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရပါတယ်။

အမှုရင်ဆိုင်စဉ်ကာလမှာ တခြားအခက်အခဲမရှိခဲ့ပေမယ့် အမျိုးသမီးတစ်ဦးဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အပေါ် အဆိုးဆုံးသောဝေဖန်မှုတွေလည်းခံခဲ့ရပါတယ်။

“မိန်းမဖြစ်ပြီး…ဆိုတဲ့စကားအရမ်းပြောကြတယ်။ မိန်းမဖြစ်ပြီးထောင်မကြောက် တန်းမကြောက်လုပ်တယ်ပေါ့၊ ယောကျာ်းလေးတွေ လုပ်တာထားပါတော့။ မိန်းမဖြစ်ပြီး ကိုယ့်ဘာသာကိုယ် အေးဆေးမနေဘူး။အဲ့လိုတွေ လိုက်ပါတယ်ပေါ့။ အဲ့လိုမျိုးတွေပြောကြတယ်။” လို့ မဆုရတနာမြင့်က ဆိုပါတယ်။

သံချပ်စာသားတွေနဲ့ပတ်သက်ပြီး တရားစွဲခံရမယ်လို့ကြိုတင်မှန်းဆမိခဲ့ပေမယ့် တကယ်ရင်ဆိုင်ရတဲ့အခါကိုယ်တိုင်က မတုန်လှုပ်သော်လည်းမိသားစုကို အသိပေးဖို့အတွက် စိုးရိမ်မှုတွေ တွေရှိနေခဲ့တာပါ။

ထောင်တွင်းအကျဉ်းကျနေစဉ်မှာတော့ “ အချိန်တွေက တနေကုန်အားနေတာဆိုတော့ မအားအောင်လိုက်ဖြည့်ပြီးသုံးရတယ်။ အားသွားပြီးဘာမှလုပ်စရာမရှိရင် စိတ်က အိမ်ကိုသတိရပြီ။ အဲ့လိုမတွေးမိအောင်လုပ်ထားတယ်” လို့ အကျဉ်းထောင်တွင်း အပင်စိုက်တာ၊ စာဖတ်တာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေပြုလုပ်ပြီး အချိန်တွေကုန်ဆုံးစေခဲ့တယ်လို့ ဖြတ်သန်းခဲ့ရပုံကိုပြောပြပါတယ်။

တရားစွဲဆိုခံရပြီး ပြစ်ဒဏ်ချမှတ်ခံရတာကြောင့် မဆုရတနာမြင့်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကတော့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ Public Policy ဘာသာရပ်ကို Master တန်းတက်ရောက်ခွင့် ပညာသင်ဆုကို လက်လွှတ်လိုက်ရတာပဲဖြစ်ပါတယ်။

“ ကျောင်းတက်ဖို့တွေစီစဉ်ထားပြီးသား အလုပ်အကိုင် တက်လမ်းတွေရှိတယ်။ သူများတွေ အများကြီးတိုးတက်နေပြီ အဲ့လိုတွေးလိုက်ရင် ဝမ်းနည်းတယ်။တဖက်ကလည်းဒေါသထွက်တယ်” လို့ မဆုရတနာမြင့်ကသူ့ခံစားချက်ကို ဖွင့်ဟပါတယ်။

မဆုရတနာမြင့်ဟာ Institute for Strategy and Policy- Myanmar အဖွဲ့မှာ Research Assistant အဖြစ်လုပ်ကိုင်နေတာဖြစ်ပြီး ထောင်ကျနေစဉ်အတွင်း ISP အဖွဲ့အနေနဲ့ ပံ့ပိုးမှုတွေပြုလုပ်ပေးခဲ့ကာ အကျဉ်းထောင်ကလွှတ်လာတဲ့အခါမှာလည်း အလုပ်ပြန်လည်လုပ်ကိုင်စေခဲ့ပါတယ်။

ငယ်ဘဝအိပ်မက်က လေယာဉ်မယ်ဖြစ်ချင်ခဲ့ပေမယ့် အခုအခါမှာတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပညာရပ်ပိုင်းဆိုင်ရာတွေလေ့လာကာ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နိုင်တဲ့ နိုင်ငံရေးသမားအဖြစ်ဆက်လက်ရပ်တည်သွားမယ်လို့ သူ့ရဲ့ရည်မှန်းချက်ကိုပြောပြပါတယ်။

“သင်္ကြန်တွေရှိနေမယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့လည်းရှိနေဦးမှာပဲ။ သံချပ်ကိုလည်းဆက်ပြီးဖျော်ဖြေသွားဦးမှာပဲ ”လို့မဆုရတနာမြင့်ကပြောပါတယ်။

ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင်( ၇) ဦး ကို တရားစွဲဆိုခဲ့ရာမှာ ၎င်းတို့ထဲမှာ အမျိုးသမီးနှစ်ဦးပါဝင်ခဲ့ပါတယ်။ သံချပ်အဖွဲ့ဝင် (၃၀)ကျော်မှာ အမျိုးသမီးဦးရေထက်ဝက်ခန့် ပါဝင်ခဲ့တာဖြစ်ပေမယ့် မဆုရတနာမြင့်နဲ့ မကေခိုင်ထွန်းတို့ နှစ်ဦးသာ တရားဆွဲဆိုခြင်းခံရတဲ့အပေါ် အခုထိအဖြေကိုမသိသေးဘူးလို့ မဆုရတနာမြင့်ကပြောပါတယ်။

မကေခိုင်ထွန်း (ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်) Photo: ဒေါင်းတို့ မျိုးဆက်

“ကိုဗစ် စဖြစ်တယ်။ မြန်မာနိုင်ငံမှာ ပိုးတွေ့တယ်ဆိုတော့ အဲ့အချိန်တုန်းက အရမ်းဝမ်းနည်းတယ်။ အပြင်မှာသာရှိနေရင် ပါဝင်ပြီးအလုပ်လုပ်နေရမှာပေါ့။ အထဲရောက်နေတဲ့အခါကျတော့ ဘာမှလည်းမလုပ်ပေးနိုင်ဘူး။ ကျန်းမာရေးဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတော့ထိုင်ကြည့်နေရတယ်။” လို့မကေခိုင်ထွန်းက အကျဉ်းထောင်ထဲ နေတုန်းကဖြစ်ပေါ်ခဲ့တဲ့ သူ့ရဲ့စိတ်ခံစားချက်တွေကို ပြန်ပြောပြပါတယ်။

ရန်ကုန် သူနာပြုတက္ကသိုလ်ကျောင်းဆင်း၊ သူနာပြုတစ်ဦးဖြစ်သူ မကေခိုင်ထွန်းဟာ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်က အကျဉ်းထောင်ထဲ ရောက်နေတဲ့အတွက် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေမှာ မပါဝင်နိုင်ခဲ့ပါဘူး။

သင်္ကြန်ကာလအတွင်းမှာ ဖျော်ဖြေခဲ့တဲ့ သံချပ်စာသားတွေကြောင့် တရားစွဲဆိုခံခဲ့ရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် (၇)ဦးမှာ မကေခိုင်ထွန်းလည်းပါဝင်ခဲ့တာပါ။

“သံချပ်စာသားတွေနဲ့ပတ်သက်ပြီးတရားစွဲနိုင်တာတွေ မစွဲနိုင်တာတွေနဲ့ပတ်သက်ပြီး မထင်ခဲ့ဘူး ” လို့မကေခိုင်ထွန်းကပြောပါတယ်။

အနုပညာဝါသနာပါသူဖြစ်တာကြောင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂကပြုလုပ်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာ၂၀၁၆ ခုနှစ်က စတင်ပါဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ကိုယ်တိုင်လည်း ရန်ကုန်သူနာပြုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ ပြင်ပဆက်ဆံရေးတာဝန်ခံ အဖြစ်တာဝန်ယူခဲ့ပြီး ကျောင်းသားအရေးလုပ်ရှားမှုတွေကိုဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က သူနာပြုတက္ကသိုလ်ဘွဲ့ရတွေနဲ့ သူနာပြုသင်တန်းဆင်းတွေကို အစိုးရဆေးရုံတွေမှာ သုံးနှစ်တာဝန်ထမ်းဆောင်ပြီးမှသာ သူနာပြုနဲ့သားဖွားလိုင်စင်တွေ ထုတ်ပေးမယ်ဆိုတဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ မူဝါဒနဲ့ပတ်သက်ပြီး ရန်ကုန်သူနာပြုတက္ကသိုလ်မှ ကျောင်းသားကျောင်းသူတွေပါဝင်တဲ့ ဆန္ဒပြပွဲမှာ မကေခိုင်ထွန်းတစ်ယောက်လည်းပါဝင်ခဲ့ပါတယ်။

အဲ့ဒီနောက် တက္ကသိုလ်ကနေဘွဲ့ရကာ အလုပ်လုပ်ပြီး(၃)လအကြာ ၂၀၁၉ ခုနှစ်သင်္ကြန် အပြီးမှာ သံချပ်ဖျော်ဖြေမှုကြောင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်နှစ်နှစ်နဲ့ခြောက်လ ကျခံခဲ့ရပါတယ်။

မကေခိုင်ထွန်းတို့ အမျိုးသမီး နှစ်ဦး အပါအဝင် တရားစွဲဆိုခံရတဲ့ ဒေါင်းတို့မျိုးဆက်ရဲ့ သံချပ်အဖွဲ့ဝင် ၇ ဦးဟာ မရမ်းကုန်းတရားရုံးမှာ ပုဒ်မ ၅၀၅(က) ၊ ပုဒ်မ ၆၆(ဃ) တို့နဲ့ တရားရင်ဆိုင်ခဲ့ရတဲ့အပြင် ဧရာဝတီတိုင်းအတွင်းက ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တို့တွေမှာလည်း ပုဒ်မ ၆၆(ဃ)နဲ့ စွဲဆိုခြင်းခံခဲ့ကြရတာဖြစ်ပါတယ်။

မိသားစုမှာအငယ်ဆုံးဖြစ်တဲ့အပြင် မိသားစုအသိုင်းအဝိုင်းက နိုင်ငံရေးနဲ့ပတ်သက်သူတွေမဟုတ်တဲ့အတွက် အမှုရင်ဆိုင်ရတာနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်ခဲ့ကြတယ်လို့ မကေခိုင်ထွန်းကပြောပြပါတယ်။

“ညီမတို့ အသိုင်းအဝိုင်းက အဲ့အသိုင်းအဝိုင်းနဲ့တော်တော်ဝေးတဲ့အသိုင်းအဝိုင်းလို့ပြောလို့ရတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်တယ်။သူတို့လည်းရဲစခန်းတွေတရားရုံးတွေ တခါမှမကြုံခဲ့ရဖူးတဲ့သူတွေဖြစ်တယ်။ ဒီလိုဖြစ်သွားတာက သူတို့အတွက် အရမ်းစိုးရိမ်မှုတွေဖြစ်စေခဲ့တယ်”လို့ သူ့မိသားစုအကြောင်းကို ဖွင့်ဟပါတယ်။

“ထောင်ထဲရောက်ရောက်ခြင်းမှာ စာအုပ်အရမ်းဖတ်ဖြစ်တယ်။အချိန်တိုင်းစာအုပ်ဖတ်ဖြစ်တယ်။ အချိန်တွေကုန်အောင်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးအချိန်တိုင်းစာအုပ်ပဲထိုင်ဖတ်နေတာ။ တရားစာအုပ်တွေလည်းဖတ်ပြီး ကိုယ့်စိတ်ကိုဖြေတယ်” လို့မကေခိုင်ထွန်းက သူ့ရဲ့ထောင်တွင်းအတွေ့အကြုံကိုပြောပြပါတယ်။

မကေခိုင်ထွန်းဟာ အကျဉ်းကျခံရတဲ့ အတွက် အလုပ်အကိုင်နဲ့ပတ်သက်တဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရပါတယ်။

“ ပုံမှန်အတိုင်းဆိုရင် သူနာပြုအလုပ်မှာလုပ်သက်နှစ်နှစ်ရှိပြီဆိုရင် ရာထူးတိုးတယ်။ ညီမနဲ့အတူတူ သူငယ်ချင်းတွေဆိုရာထူးတိုးတော့မယ်။ ညီမကက အခုဆိုအစကပြန်ပြီးလုပ်ရမယ်”လို့ မကေခိုင်ထွန်းက သူ့အခက်အခဲကို ပြောပါတယ်။

သူနာပြုအလုပ်ကို လုပ်ကိုင်ရင်းတစ်ဖက်က ဘွဲ့လွန်တက်ဖို့ စီစဉ်ထားတဲ့ အစီအစဉ်တွေဟာလည်း ထောင်ကျသွားတဲ့အတွက် လက်လွှတ်ခဲ့ရတယ်လို့ မကေခိုင်ထွန်းကဆိုပါတယ်။ မကေခိုင်ထွန်းဟာ ရန်ကုန်ကလေးဆေးရုံကြီးမှာ သူနာပြုအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အကျဉ်းထောင်မှပြန်လွှတ်တဲ့အခါ အလုပ်ပြန်လျှောက်ဖို့ဆေးရုံက ပြောကြားထားပေမယ့် အလုပ်ပြန်ရဖို့ အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

“ အလုပ်ကပြန်ရရင်တော့ကောင်းတာပေါ့။ အစိုးရအလုပ်ဆိုတော့။ ညီမက သူနာပြုအလုပ်ကိုချစ်တယ်လေ။ ရရင်တော့ပြန်လုပ်မယ်” လို့တက်ကြွစွာပြောပြပါတယ်။

ငယ်သေးတဲ့အရွယ်နဲ့ ပညာမစုံသေးတဲ့အရွယ်ဖြစ်တဲ့အတွက် နိုင်ငံရေးကို စနစ်တကျသင်ယူပြီးမှသာ နိုင်ငံရေးခရီးလမ်းကိုလျှောက်လှမ်းမယ်လို့ မကေခိုင်ထွန်းကဆိုပါတယ်။

“ အိမ်ကတော့မိန်းကလေးဖြစ်တဲ့အတွက် ထောင်ဆိုတဲ့နေရာနဲ့ မိန်းကလေးနဲ့မအပ်စပ်ဘူးပေါ့။ နောက်တခါထပ်ထောင်ကျမှာအရမ်းစိုးရိမ်ကြတယ်”လို့မကေခိုင်ထွန်းက ပြောပြပါတယ်။

လက်ရှိမှာတော့ သူဟာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာ ကိုဗစ်လူနာတွေရဲ့ အချက်အလက်တွေကို စာရင်းပြုလုပ်တဲ့ အလုပ်ကို လုပ်အားပေးအနေနဲ့ လုပ်ကိုင်နေတာဖြစ်ပါတယ်။

“သံချပ်ဆိုတာနဲ့ပတ်သက်ပြီးနောင်တမရဘူး။ သူများတွေထက်နောက်ကျသွားတဲ့အတွက် ပိုကြိုးစားရမယ်ဆိုတဲ့စိတ်တော့ပိုဖြစ်တယ်” လို့ မကေခိုင်ထွန်းက သူရဲ့ ခံယူချက်ကိုခိုင်မာစွာနဲ့ ပြောပါတယ်။

Related Articles