ဉာဏ်လင်းထက်
ရန်ကုန် – မန္တလေး လမ်းမကြီး(ဟောင်း) ဖြတ်သန်းသွားတဲ့ ပဲခူးတိုင်း၊ ဇေယျဝတီနဲ့ ကျောက်တံခါးမြို့နယ်တို့မှာ အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင်တွေ အများစု နေထိုင်လျက်ရှိပါတယ်။ သူတို့ရဲ့ ဘိုးဘေးတွေဟာ မြန်မာနိုင်ငံကို ၁၈၈၅ ခုနှစ်ဝန်းကျင်မှာ ရောက်ရှိလာတာဖြစ်ပြီး လယ်ယာလုပ်ငန်းကို လုပ်ကိုင်ဖို့နဲ့ ဗြိတိသျှတွေ ဖောက်လုပ်နေ တဲ့ မီးရထားလမ်းမှာ အလုပ်လုပ်ဖို့ ရောက်လာခဲ့ကြတာလို့ ဒေသခံတွေက ဆိုပါတယ်။
သူတို့တွေဟာ အိန္ဒိယဘက်ကနေ ယူဆောင်လာတဲ့ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေကို အခုတိုင် လက်ခံကျင့်သုံးနေဆဲဖြစ်ပါတယ်။
အဲဒီထဲက ထူးခြားတဲ့ ဓလေ့တစ်ခုကတော့ အိမ်ထောင်ရှိ ဟိန္ဒူအမျိုးသမီးတွေဟာ သူတို့ရဲ့ခင်ပွန်းသည်တွေ အသက်ရှည်ဖို့ ကျန်းမာဖို့ ကရ်ဝါကျသ် ဥပုသ်ကိုစောင့်ပေးတဲ့ဓလေ့ပါ။ တစ်နှစ်မှာ တစ်ရက်သာစောင့်ရပြီး ဆယ် လပိုင်း (အောက်တိုဘာလ) ရဲ့ လဆုတ်လေးရက်မြောက်မှာလို့ သိရပါတယ်။ အဲဒီလို ဥပုသ်စောင့်ပေးခြင်း အားဖြင့် ခင်ပွန်းသည်တွေဟာ သက်တမ်းစေ့နေရပြီး ဥပစ္ဆေကကံမျိုးတွေ မထိုက်တော့ဘူးလို့ သူတို့ယုံကြည် ကြပါတယ်။ ယခင်က အိန္ဒိယမြောက်ပိုင်းမှာသာ အဲဒီလိုဥပုသ်ကို စောင့်ကြပေမယ့် အခုအခါမှာတော့ မြန်မာ နိုင်ငံက ကျေးလက်နေဟိန္ဒူဘာသာဝင် အမျိုးသမီးတွေလည်း ဒီဓလေ့ကို ကျင့်သုံးလာကြတယ်လို့ ဘာသာရေးမှာ ဦးဆောင်သူတွေက ဆိုပါ တယ်။
အမျိုးသမီးတစ်ယောက်ဟာ ဓမ္မတာလာတဲ့ အချိန်တွေမှာ ဘာသာရေးအရ မြင့်မြတ်တဲ့နေရာတွေကို သွားခွင့် မရှိသလို ဘုရားနဲ့ပတ်သက်တဲ့ ဝေယျာဝစ္စလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခြင်း မပြုကြရဘူးလို့ သိရပါတယ်။ ဒါ့အပြင် မိသားစုအတွက် ချက်ပြုတ်ရေးလုပ်ငန်းတွေကိုလည်း မလုပ်ရဘူးလို့ အိမ်ထောင်ရှင်အမျိုးသားတွေထံက သိရပါတယ်။ ဒီလို ဓမ္မတာလာချိန်ဆိုရင် အိမ်မှာရှိတဲ့ အခြားအမျိုးသမီးတွေက လုပ်ပေးရပြီး ကူညီပေးမယ့်သူ မရှိရင် အမျိုးသားတွေကပဲ ချက်ပြုတ်ရေးတာဝန်ကို ယူရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဘာသာရေး မတူကွဲပြားမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ ယဉ်ကျေးမှုများ ပေါင်းဆုံရာလူ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင်တွေကို တိုက်ရိုက် ဘာသာရေးခွဲခြားဆက်ဆံမှုတွေက မရှိသလောက်ပါ။ သို့သော်လည်း သူတို့တွေဟာလွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာ ကျော်လောက်က အိန္ဒိယဘက်က ဆင်းသက်လာတယ်ဆိုတဲ့အချက်ကြောင့် စတုတ္ထမျိုးဆက်အထိ ရောက်ရှိနေပြီ ဖြစ်သော်လည်း နိုင်ငံသားမှတ်ပုံတင် ရရှိရေးမှာ အခက်အခဲတွေ ရှိနေဆဲ ဖြစ်တယ်လို့ သူတို့အသိုင်းအဝိုင်းက ဆိုပါတယ်။ နိုင်ငံသားမှတ်ပုံတင်မရှိခြင်းဟာ ဟိန္ဒူအမျိုးသမီးတွေအတွက် ဘွဲ့လက်မှတ်ရယူခွင့်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု၊ အမွေဆက်ခံခွင့်၊ ခရီးသွားလာခွင့်တွေကို အဟန့်အတားဖြစ်စေရုံသာ မက လက်ထပ်ထိမ်းမြားရေးကိုပါ အခက်အခဲတွေ ရှိစေတယ်လို့ ဆိုပါတယ်။ မှတ်ပုံတင်မရှိတဲ့ မိန်းကလေးကို ချွေးမတော်မိရင် အိမ်ထောင်စုမှာ ပါဝင်အောင် စာရင်းသွင်းဖို့ အခက်အခဲတွေ အများကြီး ရှိတယ်လို့ သားရှင်တွေဘက်က ပြောဆိုမှုတွေရှိနေပါတယ်။ ဒါကြောင့် မှတ်ပုံတင်မရှိတဲ့ သတို့သမီးဟာ မျက်နှာငယ်ရတယ် လို့ ဆိုကြပါတယ်။