မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း မည်မျှရှိသည်ဆိုသည်မှာ မဆုံးနိုင်သောအငြင်းပွားမှုကြီးဖြစ်သည်။ မြန်မာနိုင်ငံ၊ သမိုင်းကော်မရှင် အကြံပေးအဖွဲ့၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး အကြံပေးအဖွဲ့တို့၏ အကြံပေးချက်များနှင့် ၁၉၈၃ ခုနှစ်၊ သန်းခေါင်စာရင်းမတိုင်မီက ကောက်ယူခဲ့သော သန်း ခေါင်စာရင်းများမှ ရရှိထားသော လူမျိုးများ စာရင်းအပေါ် အခြေခံ၍ တိုင်းရင်းသားလူမျိုးစု(၁၃၅)မျိုးရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း လူမျိုး(၁၃၅)မျိုးရှိသည်ဟူသည့်အပေါ် အချို့တိုင်းရင်းသားများအနေဖြင့် လူမျိုးတမျိုးတည်းမှ မျိုးနွယ်စုများကို ပိုင်းခြားလိုက်ခြင်းအားဖြင့် လူမျိုးများကွဲပြားနေသယောင် ခွဲထုတ်ထား သည့်စာရင်းအဖြစ် ရှုမြင်ကြသည်။
မြန်မာနိုင်ငံသည် ယဉ်ကျေးမှု အရောင်အသွေးစုံ၊ နောက်ခံသမိုင်းကြောင်းစုံသည့် လူမျိုးများ စုပေါင်းနေထိုင်ရာ တိုင်းပြည်တစ်ခုဖြစ်သည်။ ပင်လုံစာချုပ်အရ ပြည်ထောင်စုအဖြစ် ပေါင်းစည်းလိုသော တိုင်းရင်းသားများ၏ နိုင်ငံရေးဆန္ဒကိုလည်း နှစ်ပေါင်း(၇၀)ကျော်သည်အထိ အကောင်အထည်ဖော်ရန် နိုင်ငံရေးအမြော်အမြင်နှင့် စွမ်းဆောင်ရည်မရှိခဲ့သည့် နိုင်ငံတစ်ခုဖြစ်သည်။
စစ်နွံအတွင်းမှ ရုန်းမထွက်နိုင်သည့် မြန်မာနိုင်ငံသည် ယခု အချိန်အထိလည်း တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဒိုင်ယာလောဂ့် ဟုခေါ်သည့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးခြင်းယဉ်ကျေးမှုအဆင့်သို့ မတက်လှမ်းနိုင်အောင် လက်နက်ကိုင် တိုက်ပွဲကို အားပေးသည့် အတွေးအခေါ်များက အားကောင်းနေဆဲဖြစ်သည်။
NCA ခေါ် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်အပေါ် အခြေခံသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ပေါ်ပေါက်လာသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲများ အားကောင်းမောင်းသန်ဖြစ်ပေါ်လာသည့်အခြေအနေကို မစွမ်းဆောင်နိုင်ခြင်းက ဤသို့သော အခြေ အနေအရပ်ရပ်ကို မီးမောင်းထိုးပြနေသည်။ တဖက်တွင် လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော လူမျိုး ရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်ရမည်ဟု ဆိုနေကြသော်လည်း ခေတ်အဆက်ဆက်က လက်ခံကျင့်သုံး ခဲ့ကြသော အယူအဆ၊ အမူအကျင့်၊ အစွဲအလမ်းများက လူအုပ်စုအသီးသီးကို ထိုဝါဒများဆီသို့သာ ပြန်လည် တွန်းပို့နေ သည်။
ထိုသို့နိုင်ငံရေးအကြပ်အတည်းများဖြင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုသို့ချီတက်နေသော မြန်မာနိုင်ငံ သည် ကြီးမားသော နောက်တိုးပြဿနာတရပ်ကိုလည်း ရင်ဆိုင်လာရပြန်သည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့က အာဆာ (ARSA) – Arkan Rohingya Slavation Army ဟု ခေါ်သောအဖွဲ့မှ ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်မှုအပေါ် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြင်းထန်သောတန်ပြန်တိုက် ခိုက်နှိမ်နင်းမှုများကြောင့် ထိုဒေသတွင် နှစ်ကာလကြာရှည်စွာနေထိုင်နေကြသော ရိုဟင်ဂျာ (၆)သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်ဟူသည့် သတင်းများသည် ကမ္ဘာ့သတင်းခေါင်းကြီး ပိုင်းများတွင် နေရာအပြည့်ယူခဲ့သည်။
ရိုဟင်ဂျာဟူသော အမည်နာမသည် ၁၉၉၀ ပြည့်နှစ်များတွင် ခေတ် စားလာသော အမည်နာမတခုဟု သမိုင်းသုသေသီများနှင့် ရခိုင်အရေးလေ့လာသူများက ပြောဆိုကြပြီး မြန်မာ အစိုးရအနေဖြင့် ရိုဟင်ဂျာဟူသည့်အမည်ကို အသိအမှတ်မပြုပဲ ဘင်္ဂလီဟုသာ ခေါ်ဝေါ်သုံးစွဲနေခြင်း အပေါ်လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် နိုင်ငံတကာမှ ရှုမြင်သည်။ အစိုးရသာမက ရိုဟင်ဂျာလူမျိုးဟူသည့် အခေါ်အဝေါ်ကို မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးများအနက် အထင်ကရလူမျိုးတမျိုးဖြစ်သည့် ရခိုင်လူမျိုး အများစုကလည်း လက်ခံနိုင်ခြင်း မရှိပေ။
ရခိုင်ပြည်ရှိ မူဆလင်များအားလုံးက သူတို့ကိုယ်သူတို့”ရိုဟင်ဂျာ”ဟု သတ်မှတ်ထားမှု မရှိခြင်းကို ထောက်ပြကြပြီး ထိုသို့သော အခြေအနေများ ရုတ်ချည်းကျယ်ပြန့်စွာ ဖြစ်ပေါ် လာခြင်းကို အာဆာ (ARSA) နှင့် အကြမ်းဖက်အုပ်စုများ၏ နိုင်ငံရေးအကျိုးအမြတ်အတွက် ဖန်တီးမှုအဖြစ် ရှုမြင်ကြသူများလည်း ရှိနေသည်။
ဒီမိုကရေစီအုတ်မြစ်ထူထောင်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံမူများပေါ်ထွက်ရေးတို့ကို ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးနှင့် တပြိုင်နက်တည်း ကျားကုတ်ကျားခဲလုပ်ဆောင်နေရသည့်ကာလ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးအဆင့်သို့ မတက်လှမ်းနိုင်သေး သည့်အပြင် စစ်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသော ယနေ့ကာလတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့ သော လက်နက်ကိုင်ပဋိပက္ခများနှင့် ပါတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြင်းထန်သည့် တန်ပြန်စစ်ဆင်မှု များကို Genocide (လူမျိုးတုံးသတ်ဖြတ်မှု) အဖြစ် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက ICJ (အပြည်ပြည် ဆိုင်ရာတရားရုံး) တွင် တရားစွဲဆိုသည်အထိ ကြီးမားလာခဲ့သည်။
မည်သို့ပင်ဆိုစေ ဤပြဿနာကို သမိုင်းကြောင်းအခြေအနေ၊ လူ့အခွင့်အရေး၊ အချုပ်အချာအာဏာ၊ ပထဝီ နိုင်ငံရေးတို့နှင့် ဆက်စပ်နေသော ရှုပ်ထွေးသည့်ပြဿနာအဖြစ် ရှုမြင်ကာ အလေးထားကိုင်တွယ်ဖြေရှင်းရန် အထူးလိုအပ်နေသည်ကို နားလည်သည်။
ထိုအခြေအနေအောက်တွင် အစိုးရနှင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အမှန်တကယ်ဖြစ်ပွား ခဲ့သော အင်အားအလွန်အကျွံသုံးစွဲမှု၊ လူ့အခွင့်အရေးဖောက်ဖျက်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုများ နှင့် အုပ်စုလိုက်ရွေ့ပြောင်းမှုများအပေါ် သိသာထင်ရှားသည့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ပိုမိုထုတ်ဖော်ပြသရန် လိုအပ်နေသကဲသို့ နိုင်ငံတကာစာချုပ်စာတမ်းများကို တန်ဖိုးထား၍ လေးစားလိုက်နာမည်ဟု သဘောတူလက် မှတ်ရေးထိုးခဲ့သည့်အားလျော်စွာ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး နည်းဗျူဟာများ စနစ်တကျချမှတ် လုပ်ဆောင်နိုင်ရန် ဆန္ဒပြုသည်။
လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် နိုင်ငံတကာဥပဒေအရ သတ်မှတ်နိုင်သည်ဖြစ်စေ၊ မသတ်မှတ်နိုင်သည်ဖြစ်စေ၊ စစ် ပွဲများအတွင်းဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှုများကို မိမိတို့မှ ဆန့် ကျင်သည့်အားလျော်စွာနှစ်ပေါင်း(၇၀)ကျော်ပြည်တွင်းစစ်ကာလအတွင်း တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့ သော အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့မှုများနှင့်အတူ ရိုဟင်ဂျာဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ၊ စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ဓများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူအမျိုးသမီးများ၏ တရားမျှတမှု ရရှိရေး၊ နောက်ထပ်ထိုအဖြစ်ဆိုးများ (လုံးဝ)မဖြစ်ပွားစေရေးတို့အတွက် လက်နက်ကိုင်အဖွဲ့အစည်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ဖော်ထုတ်နိုင်ရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021