Home သတင်း မိန်းမသားဟာ သိမ်းထားစရာ

မိန်းမသားဟာ သိမ်းထားစရာ

Photo Credit: https://www.stuff.co.nz/life-style/parenting/mums-life/93483741/the-household-chores-holding-women-back

မြူပါးရ်။            ။

စောစောပြန်လာခဲ့နော်လို့ ပြောရမလား၊ ပူပန်စိုးထိတ်ပြီးပဲ စောင့်နေရမလား
နောက်မကျစေနဲ့ဆိုရင် သူ့ကို အမိန့်ပေးတယ်လို့ ထင်သွားမလား
အေးပါကွာလို့ ပြောသွားရင်ရော စိတ်ချရပါ့မလား
မစောင့်နဲ့လို့ ပြောလည်း စိတ်ချလက်ချ အိပ်မရမယ့်အတူတူ
ငူငူကြီးညဉ့်နက်ရတဲ့ညတွေ၊
အရည်သောက်လေးတစ်ခွက်မပါလို့ ဟင်းချက်လက်ရာညံံ့သွားရတဲ့အဖြစ်ေတွ၊
အပြင်ထွက်ဖို့ ခွင့်တောင်းမရတဲ့ကာလတွေ၊
စိုးရိမ်မှုနဲ့ချုပ်ချယ်တာကိုလည်း ခွဲမသိတော့ပါဘူး။

အရူးမကြီးလို လင်ချစ်ဆေးဂါထာတွေ ဖွဖွရွတ်ဖတ်၊
မြတ်သောမယားအဖြစ်က တစ်စက္ကန့်မှ လျှောမကျဖို့
အိမ်မှုကိစ္စကော်တွေကို နိုင်နိုင်နင်းနင်းလိုက်ကပ်ေနရတာပဲ၊
အဝတ်အစား အရောင်ခွဲလျှော်တာကအစ
အသီးအရွက်အမျိုးအစားခွဲသိမ်းတာအဆုံး
လုံး၀ ကျေးဇူးတင်မခံရမယ့်အလုပ်တွေပဲ
မိန်းမဆိုတာ လင့်နောက်မှအိပ်ပြီး လင့်အရင် နိုးထရသတဲ့
လင်အတွက် အစစအရာရာ အဆင်သင့်ဖြစ်ဖို့ အိပ်ချိန်ကို ဖဲ့ပေးလိုက်ရတာတော့အမှန်ပဲ။

သိပ်မြတ်နိုးလို့ စနမ်းမိတဲ့အခါမျိုးမှာ တောင့်တနေတာလို့များ မြင်သွားမလားလို့
တွန့်ဆုတ်တွေဝေနေရတယ်
အရက်နံ့တွေနဲ့နှုတ်ခမ်းကို မနမ်းချင်ဘူးလို့ မပြောရဲဘဲ ငြိမ်သက်မောပန်းရတာပါပဲ၊
ချစ်လို့ယူထားတဲ့လင်သားရဲ့အမူအကျင့်ဆိုးတွေကြား
စောဒကမတက်ဖြစ်တော့ဘဲ လက်ခံလိုက်ရတဲ့မိန်းမသားတွေ
ဒီမြေပေါ်မှာ စိုက်ပျိုးဖူးပွင့်ကောင်းတုန်းေပါ့
မကျေနပ်မှုတွေကို အသားငါးနဲ့ရောပြီး စဉ်းတီးတုံးပေါ် တင်ခုတ်ခဲ့ကြရ
ဘဝချင်းအတူတူ ကူညီပံံ့ပိုးခြင်းမှာ ပါရမီဖြည့်ဖက် ဖြစ်လာခဲ့ကြတယ်။

အပြင်ထွက်တဲ့အခါ လူတကာထက်ထင်ပေါ်သပ်ရပ်မှ ဖြစ်မှာ
ဘယ်သူဘယ်ဝါရဲ့မိန်းမက စုတ်ပြတ်သတ်နေတယ်ဆိုတာဟာ
ကိုယ့်ယောက်ျားကိုယ် သိက္ခာချလိုက်တာပဲမဟုတ်ဘူးလား၊
လူသားဆန္ဒတွေ ရှာမရတော့တဲ့ ဖုန်းဆိုးမြေအဖြစ်ငြိမ်သက်ပြသ
အလှမဲ့တဲ့အခါ နေရာဖယ်ပေးရမှာ ကြောက်နေရှာတဲ့မိန်းမတွေပဲ။

လျှော်ဖွပ်ချက်ပြုတ်သန့်ရှင်းလုပ်လို့ ပြုတ်ကျမတတ်ညောင်းညာနေတဲ့ လက်နဲ့
လင်ရဲ့ခြေသလုံးသားကို အားထည့်ဆုပ်ပေးရင်း အိပ်စက်ခြင်းကို မျှော်နေရရှာတဲ့ညတွေရှိမယ်
ကလေးငိုသံကို ကြားတဲ့အခါ အိပ်မရပါဘူးလို့ လင်အော်တာ ခံရတဲ့ညတွေရှိမယ်
ဈေးသွားရင်း စနောက်ခံရတဲ့အဖြစ်ကို ရင်ဖွင့်လိုက်ရင်
ကိုယ့်ကို ရွပိုးထိုးကလက်တက်တက်လို့ စွပ်စွဲခံရမှာ ကြောက်နေရတဲ့အခါတွေရှိမယ်
ခေါင်းကိုက်လို့လှဲနေရာက ထမင်းပွဲထပြင်ပေးရတဲ့ မူးချာလည်ညတွေရှိမယ်
ဘာကိုဖြစ်ဖြစ် အဆင်သင့်မဖြစ်ရင် အိမ်မှာအလကားနေရင်း အပျင်းတက်နေသူ ဖြစ်မယ်။

ပိုက်ဆံတွေ ဘယ်ရောက်သွားတာလဲဆိုတာမျိုးဟာ ခါးသီးစရာဝါကျပဲ
ငွေတစ်ရာတောင်အပိုမထွက်အောင် စိစစ်ခြစ်ကုတ်တဲ့ပညာမှာ ဆရာတစ်ဆူဖြစ်ခဲ့၊
ကိုယ့်ဘဝရဲ့ရည်မှန်းချက်ဆိုတာ အပျိုပေါက်တုန်းက ရူးကြောင်ကြောင်မက်ခဲ့တာမျိုး။

နာကျင်ရတာတွေလည်း မဖွင့်ဟရဲခဲ့ပါဘူး၊
မြူးကြွသွက်လက် ချစ်စရာ မိန်းမအဖြစ်က တန်ဖိုးမကျဖို့
လင့်မျက်နှာ တစ်ကမ္ဘာထင်၊
ဘယ်ဘာသာဝင်ဖြစ်ဖြစ် လင့်ကိုပဲ လက်တွေ့ကိုးကွယ်နေကြရ
မိန်းမဟာ သိမ်းရမယ့်ပစ္စည်းပဲ၊
မမြဲတဲ့လမ်းမှာ နောက်လိုက်နေရာပဲ မြဲအောင်နေခဲ့ကြရ။

မိန်းမတွေဟာ
နစ်မြုပ်နေတဲ့ရွေးချယ်ခွင့်ကို ဆယ်တယ်
မိမိကိုယ်မိမိလေးစားဖို့ သစ္စာတရားကို မြဲမြံတယ်
နာကျင်မှုထဲ နည်းနည်းဖြစ်ဖြစ်ပျော်ဖို့ အားထုတ်တယ်
ပိတ်လှောင်မှုထဲမှာ လွတ်လပ်ခွင့်ကို စစ်ထုတ်တယ်
မအားလပ်မှုကြားမှာ နားခိုရာကို ရှာတယ်
ပူပန်ဂရုစိုက်တဲ့စကားတွေကြောင့် နားငြီးစေသူပါပဲတဲ့
ဒီလိုနဲ့. . . . . .
မိန်းမသားအဖြစ်မှာ ငရဲလားမှာကြောက်လို့ ဘုရားဆုတောင် မပန်ရဲရှာကြဘူး။ ။

Related Articles