အောင်မျိုးမင်း
အခုတလော ဆိုရှယ်မီဒီယာတွေမှာ ထူးထူးခြားခြား အပြောများနေတဲ့ အကြောင်းအရာကတော့ တို့ဆေးဆိုတဲ့အအကြောင်းအရာဖြစ်ပါတယ်၊ ကျောင်းသူအရွယ် ကျောင်းသွားရင်း စာမေးပွဲသွားဖြေရင်း ပျောက်ဆုံးကုန်တယ်ဆိုတဲ့ သတင်းတွေက ခဏခဏ တက်တက်လာပါတယ်။
မိန်းကလေးငယ်တွေကို ပြစ်မှတ်ထားပြီး တို့ဆေးတွေသုံးပြီး ဖမ်းခေါ်သွားကြတယ်။ တယောက်နှစ်ယောက်ဖြစ်တာမျိုးမဟုတ်ဘဲနဲ့ နေရာတိုင်းမှာ ဖြစ်နေတာ၊ တို့ဆေးသုံးပြီး ဖမ်းဆီးတဲ့ ဂိုဏ်းတွေပေါ်နေပြီဆိုတဲ့ ကောလဟလသတင်းတွေက ပလူပြန်နေတာပါဘဲ။ ကလေးလူငယ်တွေရှိတဲ့ မိသားစုနဲ့ မိဘတွေခမျာမှာတော့ ကြားရတဲ့ သတင်းတွေကို နားထောင်လိုက် ကိုယ့်သားသမီးတွေအတွက် စိုးရိမ်စိတ်ပူလိုက်နဲ့ စိတ်အေးချမ်းသာစွာမနေနိုင်တဲ့ အဖြစ်မျိုးရောက်နေကြရရှာပါတယ်။
အခုခေတ်ကြီးမှာ လူတိုင်းအတွက် လုံခြုံမှုမရှိတာ အမှန်ပါဘဲ။ အမြတ်ထုတ်လိမ်လည်မှုအမျိုးမျိုးရှိသလို တရားဥပဒေစိုးမိုးမှုအားနည်းတာတွေကလည်း နေရာတိုင်းမှာဖြစ်နေတဲ့အတွက် သားသမီးတွေမွေးထားတဲ့ မိဘတွေ အတွက်ကတော့ စိုးရိမ်မယ်ဆိုလဲ စိုးရိမ်လောက်ပါတယ်။ လူရောင်းစားမှု လူကုန်ကူးမှုတွေ ဖြစ်ပျက်နေတဲ့ ငါးဖောင်ရေလုပ်ငန်းက အဖြစ်အပျက်တွေကလည်း လူတွေရဲ့ စိုးရိမ်စိတ်ကို လောင်စာဆီလောင်းပေးနေသလို ဖြစ်နေ ပြန်ပါတယ်။
တရုတ်နိုင်ငံမှာ သတို့သမီးငယ်တွေအဖြစ် ရောင်းစားခံနေရတဲ့ သတင်းတွေကလဲ စိုးရိမ်စရာ ကောင်းတဲ့အဖြစ်အပျက် အခြေအနေတခုကို မီးမောင်းထိုးပြနေပါတယ်။ တချို့သော လေ့လာသူတွေကတော့ အခုလို လူပျောက်မှုလတ်တလောအဖြစ်များလာတာကို လေ့လာကြည့်တဲ့အခါ အမှုတိုင်းက လူရောင်းစားမှုလို့ ပြောရဖို့အတွက် သံသယရှိစရာကောင်းတယ်လို့ ထောက်ပြကြပါတယ်။
သူတို့ထောက်ပြတဲ့အချက်တွေမှာ အမှုတိုင်းကို တင်ပြတဲ့ ပုံစံတွေကဆင်တူနေတာ မသက်ာစရာအချက်ဖြစ်တယ်လို့ ထောက်ပြပါတယ်။ သတင်းတင်တဲ့ သတင်းရင်းမြစ်တွေကို လေ့လာကြည့်မယ်ဆိုရင်လဲ လူလေးစားလောက်တဲ့သတင်းဌာနတွေ သတင်းရင်း မြစ်တွေမျိုးမဟုတ်ဘဲ နာမည်အသစ်တွေ သတင်းရင်းမြစ်အသစ်တွေဖြစ်နေတာကလဲ စိတ်ဝင်စားစရာအချက်လို့ ထောက်ပြပါတယ်။ နောက်ပြီး သတင်းအတွက် အင်တာဗျူးပြီး မေးမြန်းထားတဲ့ ရင်းမြစ်တွေဆိုတာကလဲ ခိုင်လုံတဲ့ ရုံး၊ ဌာန။ လူပုဂ္ဂိုလ်တွေမဟုတ်ပြန်ဘူးလို့ လေ့လာသုံးသပ်ထားပါတယ်။ လူပျောက်ဆုံးမှုတွေရှိနေနိုင်ပေမဲ့ အခုလို နေရာတိုင်းမှာ စနစ်တကျ ခိုးယူတဲ့ပုံစံမျိုးဟုတ်ပါ့မလားလို့ စောဒကတက်ကြပါတယ်။ အများပြည် သူလူထု ထိတ်လန့်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ကောလဟလသတင်းတွေကို ဖန်တီးဖြန့်ဖြူးနေတာဖြစ်တယ်လို့လဲ ကောက်ချက်ချတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံဟာ ကောလဟလအမျိုးမျိုးရဲ့ ဈေးကွက်ဖြစ်ပါတယ်။ ရိုးစင်းတဲ့ ကောလဟလမျိုးတွေဖြစ်တဲ့ ရှမ်း ဘုန်းကြီး အိပ်မက်(၆)ချက်လို “သုံးရက်အတွင်း လူဆယ်ယောက်ဖြန့်ပါ၊ ဖြန့်ရင် ထီသိန်းနဲ့ချီပေါက်မယ်။ မဝေတဲ့အတွက် ကားတိုက်ခံရတယ်”ဆိုတဲ့ ကောလဟလသတင်းမျိုးတွေကအစ ခါတော်မှီ ရာသီစာ ကောလဟလတွေကလည်း အမျိုးမျိုးရှိတတ်ပါတယ်၊ မြန်မာနိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်မယ်။ နိုင်ငံခေါင်းဆောင် အပြောင်းအလဲဖြစ်မယ်ဆိုတဲ့ သာမန် ကောလဟလမျိုးတောင်မဟုတ်ဘဲ ICJ တရားရုံးက မြန်မာအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ လူလွှတ်လိုက်ပြီတို့ နိုင်ငံကာတပ်ကြီးချီတက်လာပြီတို့လိုမျိုး ခါတော်မှီကောလဟလတွေကလဲ တပုံတပင်ပါ။
ဒီလိုကောလဟလတွေကို လေ့လာကြည့်ရင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို အများဆုံး ပုံဖော်လုပ် ဆောင်တာကို သတိထားမိပါတယ်။ အမျိုးသမီးငယ်တွေကို ဘာလုပ်သွားတယ်၊ ဘာလုပ်လိုက်ပြန်ပြီဆိုတဲ့ သတင်းမျိုးတွေကို လုပ်ကြံဖန်တီးလေ့များတာ တွေ့ရတတ်ပါတယ်။ အမျိုးသမီးငယ်လေးတွေနဲ့ ပတ်သက်တဲ့ ကောလဟလသတင်းမျိုးတွေကို ဘာကြောင့် ပိုမိုဖန်တီးတတ်ကြတာလဲဆိုတာ ဂျင်ဒါအမြင်နဲ့ ဆွေးနွေးကြည့်ကြရအောင်။
၁၉၈၈ ခုနှစ်၊ မတ်လမှာ ကျောင်းသားလှုပ်ရှားမှုတွေ အင်အားကောင်းလာဖို့ တွန်းပို့ခဲ့တဲ့သတင်းတွေထဲမှာ ကျောင်းသားတွေရင်ကို အထိနာစေတဲ့သတင်းတွေပါဝင်ခဲ့ပါတယ်။ မတ်လတံတားနီအရေးအခင်းဖြစ်တော့ ကျောင်းသားတွေ အလုံပိတ်ကားပေါ်မှာ အသက်ရူကြပ်လို့သေဆုံးကုန်တယ်ဆိုတဲ့ သတင်းက ကျောင်းသားတွေရဲ့ ဒေါသမီးတွေကို တဟုန်းဟုန်းတောက်လောင်စေခဲ့ပါတယ်။ အဲဒီအထဲမှာမှ အမျိုးသမီးကျောင်းသူတွေကို ထောင်ထံမှာ မုဒိန်းကျင့်ခဲ့တယ်ဆိုတဲ့ သတင်းက ပိုပြီးပေါက်ကွဲစေခဲ့ပါတယ်။
ဘီဘီစီကလာတဲ့ သတင်းတွေကို နားထောင်ရင်း စစ်အာဏာရှင်ကို မုန်းတီးမှုတွေဟာ ဒီရေလို တိုးလာခဲ့တာ ကိုယ်တွေ့ပါ။ ရခိုင်ပြည်နယ်က ရပ်ရွာတွေအတွင်း ဘာသာရေးအခြေခံတဲ့ မုန်းတီးမှုတွေ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကို ပြန်လေ့လာ ကြည့်ရင်လည်း အမျိုးသမီးတယောက်ကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့သတင်းကနေ အမုန်းမီးတောက်တွေ တောက်လောင်စေခဲ့ပြီး အခုထိ ငြိမ်းသတ်လို့မရနိုင်သေးပါဘူး။ စော်ကားခံရတဲ့အမျိုးသမီးနဲ့ ကျူးလွန်တယ်လို့ စစ်ဆေးအပြစ်ပေးခံရတဲ့သူတွေရဲ့ ကိုးကွယ်တဲ့ဘာသာနဲ့ လူမျိုးဖြစ်မှုအပေါ်မူတည်ပြီးတော့ ဘာသာရေး လူမျိုး ရေး အကြမ်းဖက်မှုတွေ ကြီးထွားလာခဲ့ရပါတယ်။
သာမန်အကြမ်းဖက်မှုထက် အမျိုးသမီးတွေအပေါ် အကြမ်း ဖက်မှုအပေါ် ဘာကြောင့် လူတွေက ပိုစိတ်ဝင်စားလဲ။ သို့မဟုတ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု သတင်းတွေကို ပဋိပက္ခကြီးမားလာစေဖို့ ဘာကြောင့်အသုံးများ တာလဲဆိုရင် လူသားတွေရဲ့ ဂျင်ဒါအစွဲတွေကြောင့် ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဒီအစွဲတွေက အဓိကအချက်က လာပါတယ်။
ပထမဆုံးအစွဲကတော့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ သတ်မှတ်လက်ခံထားချက်ပါ။ အများစု လက်ခံထားတဲ့ တန်ဖိုးထားမှုစနစ် (Value System) ကြောင့်ပါ။ အမျိုးသမီးအပေါ် အကြမ်းဖက်လိုက်တဲ့သူကလည်း ဒီလိုလုပ်ခြင်းကြောင့် “ငါနိုင်လိုက်ပြီ” ဆိုတဲ့ အတွေး စိတ်ထားမျိုးနဲ့ ကျူးလွန်တတ်ပါတယ်။ ကိုယ်မနှစ်သက်တဲ့ ဘက်တဖက်က အမျိုးသမီးတွေေပေါ် အခုလိုလုပ် လိုက်ခြင်းအားဖြင့် တဖက်က လူအုပ်စုအပေါ် အနိုင်ရလိုက်တယ်လို့ ခံစားတတ်တဲ့ စိတ်ထားမျိုးတွေ ရှိတတ်ပါတယ်။
အမျိုးသမီးအပေါ် ဒီလိုလုပ်လိုက်တာကိုဘဲ “အောင်သေအောင်သားစားလိုက်တယ်” ဆိုတဲ့ အပြောအဆိုက ဒီလိုစိတ်ထားကို ပေါ်လွင်စေပါတယ်။ တချိန်ထဲမှာဘဲ ခံလိုက်ရတဲ့အမျိုးသမီးတွေရဲ့ဖက်က အမျိုးသားတွေမှာလည်း ငါ့တို့ရှုံးနိမ့်သွားပြီဆိုတဲ့ စိတ်ထားတွေဖြစ်ပေါ်လာစေတတ်ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်မှုတွေ ခံစားလာစေနိုင်ပါတယ်။
ဒီလိုစိတ်ထားကို ကောင်းကောင်းနားလည်တဲ့သူတွေက ဒီအချက်ကို ဗျူဟာတရပ်အနေနဲ့ အသုံးချလာကြတာကို တွေ့နိုင်ပါတယ်။ ဒါကို “လိင်စော်ကားမှုကို စစ်ပွဲရဲ့ လက်နက်သဖွယ် အသုံးချခြင်း – Rape as a weapon of war” လို့ ခေါ်လေ့ရှိပါတယ်။
စစ်ပွဲတွေအတွင်းမှာ တဖက်အဖွဲ့က အမျိုးသမီးတွေကို ရည်ရွယ်ဦးတည်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ဗျူဟာကျကျလုပ်ဆောင်တဲ့နည်းလမ်းဖြစ်ပါတယ်။ ကြုံသလို ကျူးလွန်တာမဟုတ်ဘဲ စနစ် တကျရည်ရွယ်ပြီး ကျူးလွန်တာမျိုးဖြစ်ပါတယ်။
ပြည်တွင်းပဋိပက္ခတွေ နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရတဲ့ မြန်မာ နိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် ဒီလိုဗျူဟာချ လုပ်ဆောင်ခဲ့တာမျိုး ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ တဖက်က ရင်ဆိုင်စစ်ဖြစ်နေတဲ့ဖက်ကို စစ်ရေးအရအနိုင်ယူနိုင်ဖို့ ဗျူဟာသုံးလုပ်ဆောင်တဲ့နေရာမျိုးမှာ တိုင်းရင်းသား အမျိုးသမီးငယ်တွေက ဓားစာခံဖြစ်ခဲ့ရရှာပါတယ်။
ဒုတိယ ဂျင်ဒါအစွဲကတော့ ဒီလိုလုပ် ဆောင်ခံရတဲ့အတွက် တဖက်အုပ်စုဝင်အမျိုးသားတွေကို မိရိုးဖလာ ယုံကြည်မှုတခုဖြစ်တဲ့ အမျိုးသားများရဲ့ ကာကွယ်ပေးစွမ်းမှု တာဝန်မကျေပြွန်ခြင်းဆိုတဲ့ အစွဲကို ထိပါးစေတာဖြစ်ပါတယ်။ ယဉ်ကျေးမှု ထုံးထမ်းစဉ်လာ အတော်များများမှာ အမျိုးသားတွေကို ကာကွယ်ပေးတဲ့သူပုံစံမျိုး၊ အမျိုးသမီးတွေကိုဆိုရင် ကာကွယ်စောင့်ရှောက်ခံပုံစံမျိုးနဲ့ လက်ခံသတ်မှတ်ထားလေ့ရှိပါတယ်။
အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ တာဝန်သည် အမျိုး သားကောင်းများရဲ့ တာဝန်ဖြစ်သည်ဆိုတဲ့ ပုံစံခွက်အစွဲတွေကြားမှာ ကိုယ်ကာကွယ်ပေးရမဲ့ အမျိုးသမီးများကို မကာကွယ်ပေးနိုင်လေခြင်းဆိုတဲ့ ခံစားချက်တွေ ပေါ်ပေါက်လာအောင် တွန်းပို့ပေးနေတတ်ပါတယ်။ အဲဒီအခါမျိုးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာစေတတ်ပါတယ်။ ဆင်ခြင်တုံတရား လွတ်သွားတတ်ပါတယ်။ ဒီအချက်ကြောင့် စစ်ပွဲတွေအတွင်းမှာ တဖက်အဖွဲ့ကအမျိုးသမီးတွေကို ရည်ရွယ်ဦးတည်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ဗျူဟာကျကျလုပ်ဆောင်တဲ့နည်းလမ်းကို တွင်တွင်ကျယ်ကျယ်သုံးလာကြတာလည်း ဖြစ်တတ် ပါတယ်။
အခုခေတ်လို လူတိုင်းက ဆိုရှယ်မိဒီယာတွေနဲ့ နီးစပ်နေတဲ့ကာလမျိုးမှာ ဆိုရှယ်မီဒီယာကနေတဆင့် ကောလဟလဖြန့်ဝမှုဟာ တော်တော်ထိရောက်နေတာ သတိထားဖို့လိုပါတယ်။ အမှန်တရားက ဖိနပ်စီးနေချိန်မှာ သတင်းမှားက ကမ္ဘာတပတ်ပတ်ပြီးနေပြီဆိုတဲ့ စကားအတိုင်း ပျံ့နှံ့မှုက မြန်ဆန်လွယ်ကူလွန်းလှပါတယ်။
သတင်းမှားတွေ ကောလဟလတွေကို ပြန်လည်တုန့်ပြန်တဲ့နည်းလမ်းနှစ်မျိုးရှိပါတယ်။ ပထမနည်းကတော့ သတင်းမှားကို သတင်းမှန်နဲ့တုန့်ပြန်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုနိုင်ဖို့အတွက် အချိန်လိုပါတယ်။ အရင်းမြစ်လိုပါတယ်။ နည်းပညာ အတတ်ပညာလိုပါတယ်။ နောက်တနည်းကတော့ ဆင်ခြင်တုံတရားနဲ့ ချင့်ချိန်ယုံကြည် ခြင်းဖြစ်ပါတယ်။
ဒီနည်းကတော့ ရင်းမြစ်ထက် အသိတရားက ပိုလိုအပ်ပါတယ်၊ တွေ့သမျှကို ယုံကြည်ပြီး လိုက်ဖြန့်မဲ့အစား သတင်းတခုဆိုရင် မှန်လား မှားလား ဆန်းစစ်တတ်တဲ့ ဆင်ခြင်တုံတရားနဲ့ စဉ်းစားပြီးမှ လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်မျိုးစလုံးကို အသုံးပြုပြီး ကောလဟလတွေကို တိုက်ဖျက်တဲ့ နေရာမျိုးမှာ ဂျင်ဒါအမြင်တွေကို ထည့်သွင်းစဉ်းစားရပါဦးမယ်။
ပထမနည်းလမ်းဖြစ်တဲ့ သတင်းမှားကို သတင်းမှန်နဲ့တုန့်ပြန်တဲ့နည်းလမ်းကို သုံးမယ်ဆိုရင် အမျိုးသမီးတွေကို သတင်းမှန်တွေရရှိနိုင်မဲ့ လက်လှမ်းမှီမှု (Access to right information) ရှိမရှိကို သတိထားဖို့လိုအပ်လှပါတယ်။
သတင်းမှန်တွေက အမျိုးသမီးတွေဆီ ရောက်ရဲ့လား။ အမျိုးသမီးတွေ စိတ်ဝင်စားတဲ့ပုံစံမျိုးနဲ့ တင်ဆက်ရဲ့လားဆိုတာ အမှန်တကယ်မေးရမယ့် မေးခွန်းဖြစ်ပါတယ်။ သတင်းမှန်တွေ ဘယ်လောက်ဘဲ ထုတ်ပြန်ထုတ်ပြန် ထုတ်ပြန်တဲ့သတင်းတွေက အမျိုးသမီးတွေဆီ မရောက်ဘူးဆိုရင်လည်း အလကားဖြစ်မှာပါ။ အမျိုးသမီးတွေနဲ့ ဒီကိစ္စတွေက မဆိုင်ပါဘူးဆိုတဲ့ ဂျင်ဒါအမြင်မျိုး ရှိနေသမျှကာလပတ်လုံး အမျိုးသမီးတွေကို သတင်းမှန်ပေးနိုင်ဖို့ ဝေးနေအုန်းမှာ ဖြစ်ပါတယ်။ ဒုတိယနည်းဖြစ်တဲ့ ဆင်ခြင်တုံတရားနဲ့ ချင့်ချိန်ယုံကြည်တတ်ခြင်းနည်းလမ်းကို သုံးမယ်ဆိုရင်လဲ ဂျင်ဒါအမြင်ရူထောင့်တွေကို သတိထားရဦးမှာပါဘဲ။
အမျိုးသမီးတွေဟာ စဉ်းစားဆင်ခြင်တတ်မှုမရှိဘူးဆိုတဲ့ ပုံစံခွက်အစွဲတွေ ရှိနေဆဲ လူတွေ အများကြီးရှိနေဆဲပါ။ သူတို့တွေရဲ့ အမြင်တွေကို ပြောင်းလဲလာသလို အမျိုးသမီးတွေကိုယ်တိုင်က စဉ်းစား ဆင်ခြင်တတ်လာအောင် စွမ်းရည်မြှင့်လုပ်ငန်းတွေက မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းတွေ ဖြစ်လာပါ့လိမ့်မယ်။ အမျိုးသမီးတွေကို အထင်သေးတဲ့စိတ်တွေ အမျိုးသမီးကိုယ်တိုင်က အားငယ်နေတတ်တာတွေကို ပြောင်းကို ပြောင်းလဲ ရမှာဖြစ်ပါတယ်။ ကောလဟလတွေထဲမှာ အမျိုးသမီးတွေကို အသုံးချခြင်းကို ရပ်တံ့ပြီး ကောလဟလတွေကို တိုက်ဖျက်တဲ့နေရာမှာလည်း အမျိုးသမီးတွေ ဦးဆောင်ပါဝင်လာစေဖို့အတွက် ဂျင်ဒါအစွဲများကို သတိထားရှောင်ရှားကြပါစို့။
- ကိုရိုနာနဲ့ ဂျင်ဒါ - 06/04/2020
- အမျိုးသမီးများထဲက အမျိုးသမီးများအတွက် ကာကွယ်ပေးရဲ့လား - 09/03/2020
- မိအေး သုံးခါနာသော ဗစ်တိုးရီးယားလေး - 24/12/2019