အိမ်ဦးခင်
ယခုလ နိုဝင်ဘာလသည် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးနေ့ (VAW Day) အထိမ်းအမှတ်လဖြစ်သဖြင့် Hi Burma စာမျက်နှာမှ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ အမျိုးသမီးများ အကြမ်းဖက်မှုဆန့်ကျင်ရေးလုပ်ငန်းစဉ်၊ တာဝန်ခံ နော်ခင်စန်းထွေးနှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်ကို တင်ဆက်လိုက်ရပါသည်။
မေး – အမည်၊ တာဝန်၊ အဖွဲ့ ၊ လက်ရှိလှုပ်ရှားမှုကို မိတ်ဆက်ပေးပါ။
ကျမနာမည်ကတော့ နော်ခင်စန်းထွေးပါ။ ကျမရဲ့မိခင်အဖွဲ့အစည်းကတော့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ဖြစ်ပြီး လက်ရှိမှာတော့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အမျိုးသမီးများအကြမ်းဖက်မှု ဆန့်ကျင်ရေး လုပ်ငန်းစဉ်ရဲ့ တာဝန်ခံတစ်ယောက်ဖြစ်ပါတယ်။
မေး – အမျိုးသမီးတွေက ဘယ်လိုအကြမ်းဖက်မှုမျိုးကို ရင်ဆိုင်နေရသလဲ၊ နေရာဒေသအလိုက် အကြမ်းဖက်မှုပုံစံက ကွဲပြားခြားနားမှုရှိလား။
မြန်မာနိုင်ငံအနေနဲ့ဆိုရင် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အဓိကကြုံတွေ့ခံစားရတဲ့ အကြမ်းဖက်မှုတွေ ကတော့ အိမ်တွင်းအကြမ်းဖက်မှု (စိတ်ပိုင်း၊ ရုပ်ပိုင်း၊ စီးပွားရေး၊ လူမှုရေး)၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု၊ မုဒိမ်းမှု၊ ကာမလိမ်လည်ရယူမှုတို့က နေ့တဓူဝမြင်တွေ့နေရတာတွေရှိတယ်။ နေရာဒေသအလိုက် အကြမ်းဖက် မှုပုံစံတွေက ကွဲပြားခြားနားမှုရှိလားဆိုရင်တော့ ရှိတယ်လို့ပဲ ကျမအနေနဲ့ ဖြေချင်ပါတယ်။ ဥပမာ လက်ရှိပြည် တွင်းစစ်ပွဲပဋိပက္ခဖြစ်ပွားတဲ့နယ်မြေအတွင်းမှာ နေထိုင်နေရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကြုံတွေ့ ရတဲ့ အကြမ်းဖက်မှုပုံစံက စစ်ပွဲအလွန်ဒေသနဲ့ ရန်ကုန်၊ မန္တလေးတို့လို မြို့ပြဒေသအတွင်းက အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အကြမ်းဖက်မှုပုံစံတွေကတော့ အနည်းနဲ့အများ မတူညီကြပါဘူး။ ပဋိပက္ခအတွင်းက အမျိုးသမီး တွေနဲ့ မိန်းကလေးငယ်တွေ အဓိကကြုံတွေ့ရင်ဆိုင်နေရတာတွေကတော့ လုံခြုံမှုမရှိတဲ့အခြေအနေနဲ့ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုတွေ အများဆုံးခံစားရကြသူတွေဖြစ်သလို တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း ယဉ် ကျေးမှု ထုံးတမ်းအစဉ်အလာတွေအရ အကြမ်းဖက်မှုတွေ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲခံစားနေ ရတဲ့ အကြမ်းဖက်မှုအပိုင်းရှိတယ်။ မြို့ပြမှာရှိတဲ့အမျိုးသမီးအများစုအနေနဲ့ကတော့ စီးပွားရေးဆိုင်ရာ အကြမ်း ဖက်မှုတွေအများဆုံးခံစားကြရပြီး မိန်းကလေးငယ်များတွေအနေနဲ့ သက်ငယ်မုဒိမ်းအခြေအနေတွေကို အဓိက ပိုပြီး ခံစားလာကြရတာတွေလည်း မြင်တွေ့ရတယ်။
မေး – WLB ရဲ့အတွေ့အကြုံလေ့လာသုံးသပ်ချက်အရ ဘယ်လိုအကြမ်းဖက်မှုတွေ အဖြစ်များနေလဲ။
အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု၊ သက်ငယ်မုဒိမ်းမှုများနဲ့ ကာမလိမ်လည်ရယူမှုတို့ က ပိုပြီးများပြားလာတာမျိုး တွေ့ရပြီးတော့ အဖွဲ့ချုပ်အနေနဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတွေကနေတဆင့်လည်း ဝင် ရောက်ကူညီဖြေရှင်းနေပေးရတာတွေ ရှိနေပါတယ်။
မေး – အကြမ်းဖက်မှု ကြုံနေရတဲ့အမျိုးသမီးတွေအနေနဲ့တရားမျှတမှုနဲ့ တရားဥပဒေအကူအညီတွေ ဘယ်လောက် အတိုင်းအတာထိ လက်လှမ်းမီနေပြီလဲ။
အကြမ်းဖက်မှုကြုံနေရတဲ့အမျိုးသမီးတွေအနေနဲ့ တရားမျှတမှုနဲ့ တရားဥပဒေအကူအညီတွေ လက်လှမ်းမှီဖို့ အရမ်းကို နည်းပါးနေပါသေးတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေ၊ ဥပဒေရေးရာ လိုက်ပါကူညီဆောင်ရွက်ပေး နေတဲ့ အဖွဲ့အစည်းတွေ၊ အမှုဖြစ်လာပြီဆိုရင် ဘယ်လိုတိုင်ကြားရမယ်၊ ဘယ်အရာတွေကို အရင်ဦးဆုံး လုပ် ဆောင်ရမယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ဗဟုသုတ၊ အချိတ်အဆက်ရှိတဲ့သူတွေအဖို့ကတော့ တရားမျှတမှုအတွက် တရားရေးရင်ဆိုင်ဖို့ အနည်းနဲ့အများ လက်လှမ်းမီတတ်ကြပြီးတော့ ဝိုင်းရံသူများရှိတဲ့ အပေါ် တရားမျှတမှုအတွက် ပိုပြီးတော့ အခွင့်အလမ်းရနိုင်ကြပေမယ့် တိုင်းရင်းသားနယ်မြေအတွင်းမှာ ရှိနေတဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးများနဲ့ မိန်းကလေးအများစုက တရားရေးနဲ့ပတ်သက်ပြီးတော့ အသိပညာပိုင်းဆိုင်ရာ၊ အထောက်အပံ့နဲ့ ပံ့ပိုးမှုဆိုင်ရာအပိုင်းတွေမှာ အသိပညာမရှိတဲ့အတွက်ရော၊ တချို့သောတိုင်းရင်းသား နယ်မြေ တွေမှာ ကျင့်သုံးနေတဲ့ဓလေ့ထုံးတမ်းဥပဒေအရ ဖြေရှင်းမှုကိုသာ ဦးစားပေးဖြေရှင်းတတ်တဲ့ ဓလေ့တွေကြောင့် ပိုပြီးတော့ အလှမ်းဝေးကွာနေရတဲ့အခြေအနေမျိုးကိုမြင်တွေ့ရပါတယ်။
နောက်တခုက တရားမျှတမှုနဲ့ တရားဥပဒေအကူအညီအတွက် လက်လှမ်းမီနိုင်ဖို့ နိုင်ငံတော်အနေနဲ့ လုပ် ဆောင်ပေးဖို့ လိုအပ်တဲ့အပိုင်းတွေရှိသလို တရားရေးမဏ္ဍိုင်ကိုလည်း ပြန်လည်ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ပေး ရမယ့် အပိုင်းတွေအများကြီးလိုအပ်တယ်လို့မြင်ပါတယ်။ ဥပမာအနေနဲ့ဆိုရင် ကျူးလွန်ခံရသူအမျိုးသမီးနဲ့ မိန်း ကလေးငယ်များအနေနဲ့ ရဲစခန်းတွေ၊ တရားရုံးတွေကို သွားရောက်တိုင်တန်းတဲ့အခါပဲဖြစ်ဖြစ်၊ ဆေးရုံဆေးခန်း တွေမှာ စစ်ဆေးချက်ယူတဲ့အခါ အမျိုးသမီးရဲမေတွေနဲ့ အမျိုးသမီးဆရာဝန်တွေ နည်းပါးနေတဲ့အတွက် အမျိုး သားဆရာဝန်တွေ၊ အမျိုးသားရဲအရာရှိတွေကို ကြုံတွေ့ခံစားခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလိုမျိုး မုဒိမ်းမှုတွေလိုဟာမျိုးကို ပြန်လည်ပြောပြ စစ်ဆေးချက်ကို အကြိမ်ကြိမ်ပေးနေရတဲ့ အနေအထားတွေလည်း တွေ့ရတယ်။
အမှုအနေနဲ့ တရားရုံးကိုရောက်ရှိပြီဆိုရင်လည်း အချိန်ကြာလွန်းတဲ့တရားစီရင်ရေးဖြစ်စဉ်တွေကြောင့်နစ်နာသူ အမျိုးသမီးတွေဟာ ပြီးဆုံးတဲ့အထိ တရားရင်ဆိုင်မှုတွေမလုပ်နိုင်တော့ပဲ တချို့ဆိုရင် အမှုကိုပိတ်သိမ်းပေး လိုက်ရတဲ့အထိ ဖြစ်တာတွေမြင်ရတယ်။
ဥပမာတစ်ခုအနေနဲ့ကတော့ ဒီလိုတရားရေးရုံးချိန်းတွေက အမှုတစ်ခု အတွက် လိုတာထက်ပိုကြာတတ်တဲ့အခြေအနေမျိုးမှာ နစ်နာသူအမျိုးသမီးနဲ့ ကလေးငယ်အများစုရဲ့ မိသားစု ဝင်တွေဟာ ဆင်းရဲနွမ်းပါးပြီး လက်လုပ်လက်စား လူတန်းစားက မိသားစုဝင်တွေဖြစ်တဲ့အပေါ် အမှုပြီးဆုံးတဲ့ အထိ ငွေကြေးပိုင်းဆိုင်ရာ မတတ်နိုင်တဲ့အတွက် တရားမျှတမှုလိုချင်ပေမယ့်လည်း အမှုကို အစကတည်းက တိုင်ကြားခြင်းမျိုးမလုပ်တော့ပဲ(သို့မဟုတ်) အမှုကိုရုပ်သိမ်းပေးလိုက်တဲ့ ရွေးချယ်မှုတွေကို ပြုတတ်ကြတာကို လည်းတွေ့ရတယ်။ ဒီလိုအခြေအနေတွေကြောင့်လဲ နစ်နာသူအမျိုးသမီးတွေအတွက် လုံလောက်တဲ့ ထောက်ပံ့ ကူညီမှုတွေမရနေတဲ့အပြင် တရားမျှတမှုရရှိဖို့အတွက် အဟန့်အတားတွေက ဆက်လက်တည်ရှိနေတာလဲ ဖြစ်တယ်။
မေး – အရပ်သားအစိုးရလက်ထက်မှာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအတွက် လုပ်ဆောင်မှု အနေ အထားအပေါ် ဘယ်လိုရှုမြင်သုံးသပ်လဲ။
အရပ်သားအစိုးရလက်ထက်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် လုပ်ဆောင်မှု အနေ အထားအပေါ်ကြည့်မယ်ဆိုရင် အားရကျေနပ်ရလောက်တဲ့အထိ ရှိမနေတာတွေ့ရတယ်။ ဥပမာ အမှုတစ်ခုဖြစ် လာရင် တိုင်တန်းရမဲ့ယန္တရားတွေက ရှင်းလင်းနေမှု မရှိခြင်း၊ တိုင်းနှင့်ပြည်နယ် မြို့ကြီးပြကြီးတွေမှာ လက်လှမ်း မီနိုင်တဲ့ Safe House တွေထားရှိထားပေမယ့် တကယ့်တိုင်းရင်းသားနယ်မြေနဲ့ နယ်စွန်နယ်ဖျားက လူတွေ အတွက် အကူအညီရယူနိုင်ဖို့ အခွင့်အရေးက မရှိသလောက်ဖြစ်တယ်။ သက်ဆိုင်ရာ ဌာနတွေကနေပြီးတော့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအတွက် ကန်ပိန်းတွေ၊ လှုပ်ရှားမှုတွေ၊ အမျိုးသမီးနဲ့မိန်းက လေးငယ်တွေအတွက် ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အစီအစဉ်တွေကို မြင်တွေ့ ရပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် အရမ်းကို နည်းလွန်းနေသေးတာမျိုးကို တွေ့ရပါတယ်။ ဒါကြောင့် လည်း အမျိုးသမီးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ တနိုင်တပိုင် ဝင်ရောက်ကူညီပံ့ပိုး မှုတွေနဲ့ အကြမ်းဖက်မှုပပျောက်ဖို့အတွက် ပါဝင်လုပ်ကိုင်နေကြရတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် အစိုးရ ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေကနေ လက်လှမ်းမမှီတဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ဒီအဖွဲ့တွေကနေ ပြီးတော့ ဝင်ရောက်လုပ်ကိုင်ပေးနေ ပံ့ပိုးနေတာတွေကော အသိပညာပေးရေးကနေ နောက်ဆုံးအမှုတွေ အတွက် တရားမျှတမှုရရှိဖို့ ဖော်ဆောင်ပေးပြီး ကူညီတဲ့အပိုင်းတွေမှာပါ လုပ်ကိုင်ဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။
မေး – အကြမ်းဖက်မှုတွေကို ဘယ်လိုကာကွယ်နိုင်မလဲ၊ ရပ်တန့်နိုင်မလဲ။
အကြမ်းဖက်မှုတွေကို တတ်နိုင်သမျှလျော့ချဖို့နဲ့ လုံးဝကင်းစင်သွားဖို့ဆိုရင် အပိုင်းနှစ်ပိုင်းလိုအပ်တယ်လို့မြင်ပါ တယ်။ ပထမအပိုင်းက ပြည်သူလူထုကြား (မြို့ပြနဲ့တိုင်းရင်းသားနယ်မြေတွေအပါအဝင်) အကြမ်းဖက်မှုနဲ့ ပတ် သက်တဲ့ အသိပညာပေးလုပ်ငန်းတွေ အများကြီးဆက်လက်လုပ်ဖို့ လိုပါသေးတယ်။ အထူးသဖြင့် အိမ်တွင်း အကြမ်းဖက်မှုကို ခုချိန်ထိ အိမ်တွင်းရေးကိစ္စလို့ ယုံကြည်လက်ခံထားတဲ့ အသိုင်းအဝိုင်းကြား၊ လိင်ပိုင်းဆိုင်ရာ နဲ့မုဒိမ်းမှုကိစ္စတွေမှာ ပြုကျင့်သူထက် ပြုကျင့်ခံရသူကို ပြန်လည် ပြစ်တင်ဝေဖန်ရှုတ်ချ အရှက်ရစေတဲ့ (Victim blaming) ရှိနေသေးတဲ့အသိုင်းအဝိုင်း၊ မုဒိမ်းပြုကျင့်သွားတဲ့သူကို ပြုကျင့်ခံရတဲ့ အမျိုးသမီးက ပြန်ပြီး မိသားစု အရှက်အတွက် ရပ်ရွာပြန်လည်သန့်စင်ဖို့အတွက်ဆိုပြီး ပြန်လည်လက်ထပ်စေခိုင်းတဲ့ တချို့သော ဓလေ့ထုံး တမ်းဥပဒေကျင့်သုံးမှုများ ဆက်လက်ရှိနေသေးတဲ့ အသိုင်းအဝိုင်းတွေကြားကို ပိုပြီးထိရောက်တဲ့ အသိပညာ ပေးမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေပေးဖို့ လိုပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က အမျိုးသမီးတွေအတွက် ပြည့်စုံလုံလောက်ပြီး အာမခံချက်ရှိတဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ ကျူးလွန်နေ တဲ့အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးမယ့် ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ထွက်လာဖို့ လိုအပ်သလို ဥပဒေ တရပ်ထွက်ပေါ်လာပြီဆိုရင်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများအနေနဲ့လည်း တကယ်လိုက်နာ ကျင့်သုံးမှုရှိလာအောင် အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကို အမှန်တကယ်အကာအကွယ်ပေးနိုင်တဲ့ စိတ်ချ ယုံကြည်ရတဲ့ တရားရေးစနစ်တခုဖြစ်ပေါ်လာဖို့ကိုလည်း စောင့်ကြည့်ပေးတာမျိုး၊ တွန်းအားပေးတာမျိုး ပြုပြင် ပြောင်းလဲရေးအတွက် ဝိုင်းဝန်းပံ့ပိုးကြတာမျိုး လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021