Home သတင်း လှေဖြင့် မြို့ပေါ်တက်စျေးဝယ်ပြီးပြန်လာသည့် အမျိုးသမီးကိုးဦးအပါအဝင် ပြည်သူ ၁၅ဦးကို စစ်ကောင်စီ အကြောင်းမဲ့ဖမ်းဆီး

လှေဖြင့် မြို့ပေါ်တက်စျေးဝယ်ပြီးပြန်လာသည့် အမျိုးသမီးကိုးဦးအပါအဝင် ပြည်သူ ၁၅ဦးကို စစ်ကောင်စီ အကြောင်းမဲ့ဖမ်းဆီး

နွေဦးမောင်
၂၀၂၃ ၊ ဇူလိုင် ၃၁

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် မြို့ပေါ်တက်စျေးဝယ်ပြီး စက်လှေဖြင့်ပြန်လာသည့် အမျိုးသမီးကိုးဦးအပါအဝင် ပြည်သူ ၁၅ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲများက အကြောင်းမဲ့ဖမ်း ဆီးထားကြောင်း ဒေသခံများက HI ကိုပြောသည်။

အဆိုပါ ဒေသခံပြည်သူ ၁၅ဦးမှာ ဇူလိုင် ၂၇ ရက်နေ့ည ၈ နာရီခန့်က မြိတ်မြို့မှတဆင့် ကျွန်းစုမြို့ နယ်၊ မြိုင်သာယာကျေးရွာသို့ စက်လှေတစ်စီးဖြင့် ပြန်လာစဥ် သဇင်ကျေးရွာနယ်မြေခံရဲစခန်းမှ ရဲတပ်သားများက ချောင်းဝတွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၁၅ ဦးတွင် အမျိုးသမီးကိုးဦး၊ အမျိုးသားသုံးဦးနှင့် ကလေးသုံးဦးပါဝင်ကာ ယင်းအနက် ကလေးသုံးဦးတွင် နို့စို့အရွယ်ရင်ခွင်ပိုက်ကလေးတစ်ဦးလည်း ပါဝင်နေပြီး အဖမ်းခံရပြီး ငါးရက်ကြာ ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

“PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းတာလို့တော့ကြားတယ်ဗျ။ မြိတ်ကနေ ရိက္ခာတွေဝယ်ပြီး အဆင်း(အပြန်)မှာ ဖမ်းဆီးခံရတာပါ”ဟု ကျွန်းစုမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသခံများစီးနင်းလိုက်ပါလာသည့် စက်လှေပေါ်တွင် ဆန်အိတ်များအပါအဝင် စားနပ်ရိက္ခာများ တင်ဆောင်လာသည်ကို အကြောင်းပြု၍ PDF များထံ ထောက်ပံ့နေသည်ဟု စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဖမ်းခံရသူ ၁၅ ဦးကို သဇင်နယ်မြေရဲစခန်းမှတဆင့် ကျွန်းစုမြို့မရဲစခန်းသို့ ပြောင်းရွှေ့ထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

အလားတူ တနင်္သရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဇူလိုင် ၂၇ ရက်နေ့တွင် ဒေသခံအမျိုးသား၊ အမျိုးသမီး ၃၀ ဦးကျော်ကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းတလျှောက် ခေါ်ဆောင်သွားရာ ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

Author:

Related Articles