ကောကော်
မအေးစန္ဒာဝင်း – စည်းရုံးရေးမှုး (ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့-ရန်ကုန်)
῝ကျမ ငယ်ငယ်ကတည်းက တိုင်းရင်းသား ဒေသတွေဆီသွားပြီး ကျောင်းဆရာမ အရမ်းလုပ်ချင်ခဲ့တာ။ စစ်တွေဖြစ်ကြ၊ ဆက်ကြေးတွေ ကောက်နေကြတယ်ဆိုတာကို တီဗွီထဲမှာပဲ မြင်ဖူးခဲ့တာ။ ခုထိလည်း ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ကြားနေရတုန်းပဲ῎
῝တိုင်းရင်းသားဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ မြို့ပြမှာ နေထိုင်တဲ့ အမျိုးသမီးတွေထက် သနားဖို့ အရမ်းကောင်းတယ်။ သူတို့တွေဟာ သေနတ်သံတွေကြားထဲမှာ ရှင်သန်ကြီးပြင်းလာခဲ့ရတယ်။ ယမ်းငွေ့တွေ တဒိုင်းဒိုင်းနဲ့။ အဲဒီကနေပဲ သူတို့တွေဟာ အကြောက်တရားလွမ်းမိုးမှုတွေကို စရလာတာ။ တချို့နေရာတွေမှာ ဆိုရင် ဟိုအရင် ဓလေ့ထုံးတမ်းကတပိုင်း၊ အမျိုးသမီးဆိုရင် သေစာရှင်စာ ဖတ်တတ်ရင် တော်ပြီဆိုပြီး ကျောင်းပို့မလို့ကို သေနတ်သံကြားတာနဲ့ မပို့တော့ဘူး။ အိမ်မှာပဲနေခိုင်းပြီး အချိန်တန်ရင် ယောကျ်ားရမှာပဲ ဆိုပြီး အဲလိုလုပ်တာ။ ဒီလိုမျိုးကလည်း ကျမတို့ မြေပြန့်မှာလည်း ရှိတာပါပဲ῎
῝တိုင်းရင်းသား ဒေသက အမျိုးသမီးတွေ အသိပညာကြွယ်ဝစေဖို့ တာဝန်ရှိတဲ့ သူတွေကို လုပ်စေချင်တယ်။ သတင်းအမှောင်ချထားခြင်း ခံရတဲ့အတွက် သူတို့တွေ အခွင့်အရေး ရှိနေတယ် ဆိုတာတောင်မှ သူတို့ ကိုယ်တိုင် မသိခဲ့တာရှိတယ်။ ခုခေတ်က ပွင့်လင်းလာပြီဆိုတော့ လမ်းပန်းဆက်သွယ်ရေးတွေ အစိုးရကို လုပ်စေချင်တယ်။ တိုင်းရင်းသားဘာသာစကားကိုပဲ ပိုသိတဲ့အတွက် ကျမတို့ မြေပြန့်က လူတွေတောင် မသိဘူးဆိုရင် တိုင်းရင်းသား ဒေသကလူတွေ ပိုဆိုးသေးတယ်῎
῝စက်ရုံအလုပ်သမားတွေ ဆန္ဒပြတယ်ဆိုတာက အခွင့်အရေးလိုချင်လို့ တောင်းဆိုသလို တိုင်းရင်းသား ဒေသတွေမှာလည်း သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်လို့ စစ်တိုက်တယ်လို့မြင်တယ်။ အစိုးရရဲ့ အုပ်ချုပ်မှု စနစ်က ပြည်သူတွေကို ကျပ်တည်းစေမယ်ဆိုရင် ငြိမ်းချမ်းနိုင်မှာမဟုတ်ဘူး။ တိုင်းရင်းသား အမျိုးသမီး တွေကို ပြောချင်ပါတယ် အားတင်းထားပါ၊ ကိုယ့်အခွင့်အရေးရဖို့ အတွက် ဆက်တိုက်စေချင်တယ်။ နားတွေမျက်စိတွေ ဖွင့်ထားပြီး ကိုယ်ကိုယ်တိုင်ကစပြီး ပြောင်းလဲပါ῎
ဦးထွန်းထွန်းလင်း- ဧရာဝတီတိုင်းဒေသကြီး (နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်)
῝နယ်စပ်ဒေသမှာနေတဲ့ အမျိုးသမီးတွေက ကျွန်တော်တို့မြေပြန့်ဒေသနဲ့တော့မတူဘူးပေါ့။ အုပ်ချုပ်ရေးရှိတဲ့ မြေပြန့်နေရာတွေမျိုးမှာတောင် သက်ငယ်မုဒိမ်းမှုတွေမှာ မရှိဆင်းရဲသားတွေအတွက် မတရားပြုမူခံရတဲ့ အခြေအနေမှာ ရှိနေတယ်။ ငွေရှိတဲ့သူတွေက ပိုပြီး မတရားလုပ်ကြတယ်။ သိက္ခာမကျအောင် တဖက်လှည့်ငွေနဲ့ ကာကွယ်တယ်῎
῝ဒီလို ဥပဒေ တင်းတင်းကြပ်ကြပ် ရှိတဲ့နေရာမျိုးတောင်မှ ခံနေရတာ၊ နယ်စပ်ဒေသမှာ နေတဲ့ အမျိုးသမီးတွေမှာ နဂိုကမှ စစ်ဘေးစစ်ဒဏ်ကြောင့် ပြေးလွှားနေရတာ နောက်ထက် အကြမ်းဖက်မှုတွေ ထပ်ကြုံရတာတွေကို ကျွန်တော်တို့ ကြားသိနေရတော့ ရင်ထဲမှာ မခံစားနိုင်ဘူး။ အဲလိုနေရာမျိုးမှာ ကျွန်တော့်ရဲ့အစ်မ၊ ညီမ၊ သမီးတွေသာ ဆိုရင် ဆိုတဲ့ခံစားချက်နဲ့ က ဘယ်လိုမှ မခံစားနိုင်ဘူး῎
῝သူတို့ဘဝတွေမှာ ဒီလိုပဲ မငြိမ်းချမ်းနိုင်ဘူးဆိုရင် ငြိမ်းချမ်းအောင် ကျွန်တော်တို့ အောက်ခြေကနေ အဆင့်ဆင့် အမျိုးသမီးတွေဘဝအတွက် ရလဒ်တခုရအောင် ဖြည့်ဆည်းပေးချင်တယ်῎
မမဉ္ဇူသင်း- ဧရာဝတီတိုင်း ဒေသကြီး- ဟင်္သာတမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲသူ
῝အစ်မကလေ ဟိုတုန်းကတည်းက တိုင်းရင်းသားတွေကို ချစ်တယ်။ ဦးခင်ညွန့်လက်ထက်ကတည်းက နယ်စပ်ဒေသ ဖွံ့ဖြိုးရေးမှာ ကျောင်းဆရာမနေရာအတွက် စေလိုရာစေလျှောက်ပြီး ၃ လလောက် သွားနေခဲ့ရသေးတယ်။ အဲဒီမှာ အမျိုးသမီးအများစုက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်လိုက်ပြီး အိမ်ထောင် အစောကြီး ပြုကြတာတွေ့ခဲ့တယ်။ ခုနောက်ပိုင်း တိုင်းရင်းသားအမျိုးသမီးတွေရဲ့ ဘဝကို ပိုနားလည်လာတယ်။ အစ်မတို့ကလေ စီးပွါးရေး အဆင်မပြေတာကလွဲရင် အရမ်းကြီး ခက်ခဲလှတယ်ဆိုတာ မရှိဘူး။ ကိုယ်တွေက မိုးရွာလို့ အိပ်မပျော်ရင် သူတို့တွေဆို ကလေးတွေနဲ့ တိုက်ပွဲဖြစ်ရင် ဘယ်လိုအိပ်မလဲပေါ့῎
῝ဒါပေမယ့် တခုတော့ရှိတယ် တိုင်းရင်းသားတွေက အစ်မတို့ ဗမာတွေကို လူမျိုးကြီးဝါဒ လွှမ်းမိုးထားတယ်ဆိုပြီး မြင်ကြတယ်။ သူတို့ ကြည့်တဲ့အကြည့်တွေကို အစ်မခံစားရတယ်။ ဒါလဲ ဟုတ်တယ်။ နိုင်ငံရေးအရ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလာတဲ့အခါ အရင့်အရင်တုန်းက တပ်မတော် ခေါင်းဆောင်တွေက အာဏာ၊ ပါဝါတွေသုံးပြီး နယ်စပ်ဒေသ တိုင်းရင်းသားဒေသတွေမှာ အခွင့်ကောင်းယူနေတာတွေကြောင့် ကျမတို့ ဗမာတွေအပေါ် အမြင်စောင်းတဲ့သဘောတော့ ရှိတယ်῎
῝ခုနောက်ပိုင်း သူတို့ကို နားလည်လာတယ်။ ပညာလည်း ဆုံးခန်းတိုင်အောင် မသင်ရဘူး၊ အိမ်ထောင်လည်း စောစော ကျရတယ်။ ဒါကြာင့် သူများညာတိုင်းခံရတယ်။ အစ်မတို့က မြစ်ဝကျွန်းပေါ်ကဆိုပေမယ့် စစ်ပွဲရဲ့ ဒဏ်ကိုလည်း သွယ်ဝိုက်တဲ့ နည်းနဲ့ ခံရတာပဲ၊ အစ်မတို့ရွာမှာ ငါးတွေထောင်ပြီး ငါးရှဉ့်တွေကို မူဆယ်ကို ပို့ရတယ်။ ခါတိုင်းဆို ငါးရှဉ့်ဈေးက ၅ထောင်ရမယ့်ဟာကို ခုက ၂ထောင်ပဲရတော့တယ်။ ဒါဟာ စစ်ရဲ့ အကျိုးဆက်က ဒီအထိ ခံရတဲ့သဘောပဲ။ ဆက်သွယ်ရေးလမ်းကြောင်းပိတ်လိုက်တော့ ဒီဖက်က ကွမ်းဈေးတွေလည်း ကျသွားတယ်῎
῝အရင်တုန်းက တိုက်ပွဲဖြစ်ရင် အစ်မတို့နဲ့ မသက်ဆိုင်ဘူးဆိုပြီး ထင်ခဲ့တယ်။ ခုကြည့်မှ တိုက်ရိုက်သက်ဆိုင်နေတာ နားလည်တော့တယ်။ ရခိုင်ဒေသအပါအဝင် တိုင်းရင်းသားဒေသမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ မလာတော့ရင် တနိုင်ငံလုံးပဲ ဆိုးကျိုး သက်ရောက်မယ်။ တိုက်ပွဲတွေ မဖြစ်မှ သူတို့ဒေသရဲ့ ဆက်သွယ်ရေး၊ ဖွံ့ဖြိုးရေးတိုးတက်လာမယ်ဆိုရင် သူတို့ဘဝတွေ တိုးတက်လာမယ်။ ပညာတွေတိုးတက်ပြီး အေးချမ်းလာမယ်῎
မသက်ငုံဖူး- အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ (စက်မှုလုပ်ငန်းဆိုင်ရာ အမျိုးသမီးများအစည်းအရုံး-ရန်ကုန်)
῝ပြည်နယ်ဖက်မှာ ရှိတဲ့ တိုင်းရင်းသားဒေသက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အရင်က မစဉ်းစားမိခဲ့ဘူး၊ တခုတော့ရှိတယ် နားထဲမှာ အမြဲကြားနေရတာက စစ်တွေဖြစ်နေတယ်။ ပြေးလွှားနေရတယ်၊ သူတို့တွေ အရမ်းခက်ခဲမှာပဲဆိုပြီး တွေးခဲ့မိတယ်။ စစ်ဖြစ်နေတာကို ရုပ်ရှင်ထဲမှာပဲတွေ့နေရတာတောင်မှ မသက်မသာဖြစ်နေတာ။ ငြိမ်းချမ်းရေးနဲ့ ပါတ်သက်တဲ့ သီးချင်းတွေ နားထောင်လိုက်တာနဲ့ ကြက်သီးတောင်ထမိတယ်῎
῝စစ်ပွဲလို့ ပြောလိုက်ရင် တိုင်းရင်းသားဒေသမှာ လက်နက်ကိုင်မှ စစ်ပွဲလို့ ထင်နေကြတာ၊ အမှန်တကယ်တော့ အမျိုးသမီးတွေ အားလုံးက မငြိမ်းချမ်းပါဘူး၊ တနိုင်ငံလုံးက မငြိမ်းချမ်းဘူး၊ တိုင်းရင်းသား အမျိုးသမီးတချို့က ဗမာဆိုပြီး ကျမတို့ကို ခွဲခြားထားနေသလို ခံစားနေရတယ်။ အကြမ်းဖက်မှုတိုင်းမှာ တောင်ပေါ်၊ မြေပြန့်ဆိုပြီး မခွဲခြားထားဘူး။ တောင်ပေါ် တိုင်းရင်းသားမှ စစ်ဒဏ်ကို ခံစားနေရတာမဟုတ်ဘူး။ ညီမတို့ မြေပြန့်က လူတွေကလည်း ခံစားနေရတာ လူးလိမ့်နေတာပဲ။ ပြောရမယ်ဆိုရင် ရွှေဝါရောင် တော်လှန်ရေး၊ ၈၈အရေးအခင်းတို့မှာ ဗမာအချင်းချင်း တိုက်ခိုက်နေရတာပဲ။ ဗမာတွေလည်း ခံနေရတာပါပဲ။ အမျိုးသမီး စက်ရုံအလုပ်သမားတွေလည်း ခံရတာ အများကြီးပဲ῎
῝စစ်တပ်ဆိုတာက ပြည်သူတွေကို ကာကွယ်ပေးဖို့ထက် အခြေအနေကို တည်ငြိမ်အောင်ထိန်းတဲ့လူ၊ သတ်သင့်ရင်သတ်ကြတာ။ ပြည်သူတွေ လုံခြုံမှာလား မလုံခြုံဘူးလား ဦးစားမပေးဘူး။ ဘယ်သူကလက်နက်ကိုင်ဖြစ်ဖြစ်၊ သတ်တာက သတ်မှာပဲ။ တိုင်းရင်းသားဒေသက လက်နက်ကိုင်တွေလည်း တန်းတူညီမျှမှုသာ ရမယ်ဆိုရင် ဘယ်သူ့ကမှ တိုက်ကြမှာမဟုတ်ပါဘူး။ တချိုတွေကျတော့လည်း တန်းတူညီမျှရေးထက် စိတ်ခံစားမှုကို ဦးစားပေးလိုက်တဲ့အခါမှာ တိုက်နေတာက တန်းတူအခွင့်အရေးလို့ပြောပေမယ့် တကိုယ်ကောင်းဆန်တဲ့ဖက်ကို ရောက်သွားတယ်῎