Home ဆောင်းပါး လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု အများဆုံးခံနေရတဲ့ ယနေ့ခေတ် ဆယ်ကျော်သက်များ

လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု အများဆုံးခံနေရတဲ့ ယနေ့ခေတ် ဆယ်ကျော်သက်များ

မြန်မာ့အမျိုးသမီးသမဂ္ဂ မှပေးသော လူ့အခွင့်အရေး သင်တန်းမှ လှုပ်ရှားမှု (ဓါတ်ပုံ- BWU)

နန်းဆိုင်နွမ်။          ။

“ ငယ်ငယ်က စာသင်ခန်းထဲမှာ ကျမရဲ့ရင်သားကို ဆရာတယောက်က မထိတထိနဲ့ကိုင်တာ ခံရဖူးတယ်။  ဆရာ ဆိုတော့ ပြန်မပြောရဲဘူး။ ကြောက်ခဲ့တယ်”

မန္တလေးမြို့က ဒေါ်စန္ဒာက အတိတ်ကအကြောင်းတွေကို  ပြန်ပြောပြနေတာပါ။

အခုချိန်မှာ အသက်(၄၀)အရွယ်ကိုရောက်နေပြီဖြစ်တဲ့ ဒေါ်စန္ဒာဟာ အဲဒီအချိန်တုန်းက  ဆယ်ကျော်သက်အရွယ် (၆)တန်း ကျောင်းသူလေးတယောက်ဖြစ်ပြီး အဆောင်မှာ စာသင်ကြားပေးတဲ့ဆရာက မိမိရဲ့ခန္ဓာကိုယ်ကို ကိုင် တွယ်ခဲ့တာကို ပြန်ပြောနေခြင်းဖြစ်ပါတယ်။

“ အဲဒီတုန်းက ရှက်လည်းရှက်တယ်။ ဘယ်သူ့ကိုမှ မပြောပြရဲဘူး။ ဆရာကိုလည်းကြောက်ရတယ်” လို့ ဒေါ်စန္ဒာက သူခံစားခဲ့ရတာကို ပြန်ပြောပြပါတယ်။

မိဘတွေကလည်း သားသမီးစကားကို မယုံကြည်လို့ အဆောင်မှာ ဖြစ်ပျက်တဲ့ကိစ္စကို ပြန်ပြောပြတဲ့အခါမှာ အဆောင်မှာ မနေချင်လို့ပြောနေတာလို့ ထင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မိန်းကလေးတယောက်ရဲ့ ခန္ဓာကိုယ်ကို အမျိုးသားတယောက်က ကိုင်တွယ်တာဟာ ပြစ်မှုမြောက်ပြီး တိုင်ကြားနိုင် တယ်ဆိုတာကို သူတို့ဆယ်ကျော်သက်အရွယ်မှာ သေချာမသိရှိခဲ့ကြပါဘူး။

လက်ရှိမှာ ဆယ်ကျော်သက်တွေ အများဆုံးနေထိုင်ကြတဲ့ ပုဂ္ဂလိကအဆောင်တွေမှာ  ဆရာတွေက မိန်းကလေး ငယ်တွေကို ထိကပါးရိကပါးလုပ်တာ၊ ခန္ဓာကိုယ်ကို ထိတွေ့ကိုင်တွယ်တာတွေ ဖြစ်နေတယ်လို့ မုံရွာမြို့  Justice House  ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်သူရိန်ထွန်းက ပြောပြပါတယ်။

“ ကျနော်တို့ ပုဂ္ဂလိကအဆောင်တွေမှာ အမျိုးသမီးအခွင့်အရေးတွေ၊ ကလေးအခွင့်အရေးတွေ သွားဟောပြောရင် အများဆုံး ကြုံရကြားရတာကတော့ မိန်းကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ဖြစ်တဲ့ တင်တွေ၊ ရင်တွေကို ဆရာတွေက ကိုင်တွယ်တယ်လို့ ကလေးတွေက ပြောပြပါတယ်” လို့  သူက ပြောပါတယ်။

ဆယ်ကျော်သက်အရွယ်နဲ့သက်ဆိုင်တဲ့ ဥပဒေတွေ၊ ဆယ်ကျော်သက်မိန်းကလေးတွေအနေနဲ့ မိမိခန္ဓာကိုယ်ကို ကိုင်တွယ်ထိပါးလာရင် ငြိမ်မနေပဲ တိုင်ကြားရမယ်ဆိုတာကို ဦးစားပေးဟောပြောနေရတယ်လို့လည်း ကိုကျော် သူရိန်ထွန်းက ပြောပါတယ်။

“ ကျမငယ်ငယ်တုန်းက မိန်းကလေးဖြစ်လို့ အိမ်ထဲကနေ အိမ်ပြင်မထွက်ရဘူး။ လူကြီးတွေ မပါရင် အပြင်ပေး မထွက်ဘူး။ ယောကျ်ားလေးတွေ စတာနောက်တာ၊ မတော်တရော်တွေ လုပ်ပြတာမျိုးရှိရင်လည်း ကိုယ်အနေ အထိုင်မတတ်လို့ဆိုပြီး အရိုက်ခံရတယ်” လို့ (၁၈)နှစ်အရွယ် ပထမနှစ် ဓာတုဗေဒတက်နေတဲ့ မကျူးလစ်က အတိတ်က အဖြစ်အပျက်ကို ပြောပါတယ်။

လမ်းမှာ ယောကျ်ားလေးတွေရဲ့ စနောက်တာ ခံရလို့ အိမ်ကိုပြန်တိုင်တဲ့အခါ မိန်းကလေးတွေ အသုံးမကျလို့ အနေ အထိုင်မတတ်လို့ အခုလိုလုပ်တာခံရတာလို့  တထစ်ချစွတ်စွဲပြောဆိုတာခံရတယ်လို့လည်း မကျူးလစ်က ပြောပါ တယ်။

“အရင်ကဆို လူကြားထဲ မတိုးရဲဘူး။ ပတ်ဝန်းကျင် စနောက်ရင်လည်း ဒီအတိုင်း ငြိမ်ခံတယ်။ ပြန်မပြောရဲဘူး” လို့ မကျူးလစ်က  ပြောပြပါတယ်။

မကျူးလစ်ဟာ ဆယ်ကျော်သက်နဲ့သက်ဆိုင်တဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးသင်တန်းတွေကို တက် ရောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြောင်းလဲလာခဲ့ပါတယ်။

“  သင်တန်းတွေတက်ပြီးတော့ ကိုယ့်ကို မဟုတ်တာတွေ စနောက်လာရင် ကိုယ်ဘယ်လိုပြန်ပြီး တုန့်ပြန်လို့ရမလဲ ဆိုတာ သိလာတယ်။ အမှားအမှန်လည်း ခွဲခြားတတ်လာတယ်။ တခုခုဖြစ်ရင် ရှက်စရာမဟုတ်ဘူး၊ ပြန်ပြောရမယ် ဆိုတာတွေ သိလာပါတယ်” လို့လည်း သူမက ပြောပြပါတယ်။

စူးစမ်းမှုရှိပြီး စမ်းသပ်ချင်တဲ့အရွယ်ဖြစ်တဲ့ ဆယ်ကျော်သက်မိန်းကလေးတွေအတွက် လူ့အခွင့်အရေး အသိပညာ ပေးမှုတွေ အားနည်းနေဆဲဖြစ်တယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။

ဆယ်ကျော်သက်အရွယ်ဆိုတာ ထိလွယ်ရှလွယ်တဲ့အရွယ်တွေဖြစ်သလို  ဆယ်ကျော်သက်အရွယ်တွေကို ပစ်မှတ် ထားပြီး စော်ကားဖို့ ကျူးလွန်ဖို့  အခွင့်ကောင်းယူချင်သူတွေလည်း မနည်းလှပါဘူး။

ဒါကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေဟာ သူတို့အရွယ်မှာ ရင်ဆိုင်ရတဲ့ မတရားမှုတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးမှု၊ ချိုးဖောက်မှုတွေကို ဘယ်လို ကာကွယ်သင့်သလဲ၊ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ သိလို့လိုအပ်ပါတယ်။

အမျိုးသမီးတွေဟာ ငယ်စဉ်ကလေးဘဝကတည်းက မိသားစုအသိုင်းအဝန်းထဲမှာလည်း ခွဲခြားဆက်ဆံခံရသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း မသိမသာပြုကျင့်ခံနေကြရတယ်လို့ ဆယ်ကျော်သက်ရွယ် အမျိုးသမီးတွေ ကို သင်တန်းပေးနေတဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ဇူးပဒုမ္ပာက ပြောပြပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ မှပေးသော လူ့အခွင့်အရေး သင်တန်းမှ လှုပ်ရှားမှု (ဓါတ်ပုံ- BWU)

ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေမှာ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ဘဝက အဖက်ဖက်မှာ ပညာပေးဖို့ လိုအပ်နေပြီး ဆယ်ကျော်သက်အရွယ် ကျန်းမာရေး၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ပိုပြီးတော့ အသိပေးဖို့လို အပ်တယ်လို့  စွမ်းရည်မြှင့်တင်ရေးတာဝန်ခံ ဇူးပဒုမ္ပာက ပြောလိုက်တာပါ။

“ ဆယ်ကျော်သက်အရွယ်ကတော့ အရှက်တရားတွေကြီးတယ်။ ပြောရဲဆိုရဲမရှိကြဘူး။ မိသားစုထဲမှာလည်း နေရာ မပေးမှုတွေ၊ သမီးမိန်းကလေးမို့ အခွင့်အရေးမပေးမှုတွေကြောင့် အလိုလိုနေရင်း ကြောက်စိတ်တွေများနေတာ တွေ့ရတယ်” လို့  ဇူးပဒုမ္ပာက ဆိုပါတယ်။

ဆယ်ကျော်သက်ရွယ်အမျိုးသမီးတွေဟာ အနာဂတ်ရဲ့လူငယ်တွေဖြစ်လာမှာမို့ အခုအချိန်ကစပြီး   အခြေခံလူ့ အခွင့်အရေးနဲ့ အခြားအခွင့်အရေးပိုင်းဆိုင်ရာတွေ သိနားလည်ထားသင့်တယ်လို့ သူမက ဆက်လက်ပြောပါ တယ်။

အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို လူ့အခွင့်အရေးဆိုင်ရာ  သင်တန်းပေးနေတဲ့ Justice House (တရားဥပဒေ စိုးမိုးရေးနဲ့ တရားမျှတမှုစီမံချက်) မှ  ကိုကျော်သူရိန်ထွန်းက “ နယ်တွေမှာ အမျိုးသမီးတွေရော ကလေးသူငယ် တွေပါ သူတို့နဲ့ဆိုင်တဲ့ ဥပဒေတွေကို မသိကြဘူး။  မိန်းကလေးတယောက်ကို ယောကျ်ားလေးတယောက်က နှုတ်နဲ့ ကျူးလွန်တာ  ပြစ်မှုမြောက်တယ်ဆိုတာ သူတို့မသိကြဘူး။ စတာနောက်တာလို့ယူဆကြတယ်” လို့  ပြောပါတယ်။

“ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးတွေက မသိတဲ့သူအများကြီးရှိသေးတယ်။ ဒါကြောင့် ပိုပြီးလုပ်ပေးသင့် တယ်” လို့လည်း ကိုကျော်သူရိန်ထွန်းက ဆိုပါတယ်။

စာသင်ကျောင်းများမှာ ကလေးသူငယ်အခွင့်အရေး သွားရောက်ဟောပြောမှုတွေ ပြုလုပ်တဲ့အခါမှာ ကလေးတွေ က ဆရာတွေ ရှိနေရင် စကားသိပ်မပြောကြဘူးလို့လည်း သူက ဆက်လက်ပြောပြပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ မှပေးသော လူ့အခွင့်အရေး သင်တန်းမှ လှုပ်ရှားမှု (ဓါတ်ပုံ- BWU)

အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး သင်ရိုးညွန်းတမ်း

လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို ကျောင်းသင်ရိုးညွန်းတမ်းမှာ ထည့်သွင်းသင်ကြားပေးဖို့ လူမှုအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုထားပေမယ့် လက်ရှိအချိန်ထိတော့ ထည့်သွင်းခြင်းမရှိသေး ပါဘူး။

ကျောင်းပညာရေးသင်ရိုးညွန်းတမ်းတွေမှာ လူ့အခွင့်အရေးဆိုင်ရာအကြောင်းအရာတွေအပြင် ဆယ်ကျော်သက် ရွယ် အမျိုးသမီးနဲ့ ကျန်းမာရေးဆိုင်ရာ ပညာပေးမှုတွေကိုလည်း အသက်အရွယ်အပိုင်းအခြားအလိုက်  ထည့်ပေး သင့်တယ်လို့  လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

“ အသက်(၁၁)နှစ်အရွယ်ကစ လူ့အခွင့်အရေးခေါင်းစဉ်ကြီးနဲ့ မဟုတ်ရင်တောင်မှ လူ့အခွင့်အရေး ဝေါဟာရတွေ လူအချင်းချင်း အပြန်အလှန် လေးစားမှုရှိစေတဲ့၊ လူသားချင်း ခွဲခြားဆက်ဆံမှု မပြုစေတဲ့၊ ဘာသာရေးအပေါ် အခြေ ခံပြီး မခွဲခြားသင့်တာတွေ ထည့်သွင်းသင်ကြားပေးသင့်ပါတယ်” လို့ ဇူးပဒုမ္ပာက ဆိုပါတယ်။

ဆက်လက်ပြီး ကိုကျော်သူရိန်ထွန်းကလည်း “ သင်ရိုးညွှန်တမ်းမှာထည့်ပြီး သင်ကြားရင် အသက်အရွယ် အပိုင်း အခြားအလိုက်  ခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာမယ်။  အချင်းချင်းကြားမှာ ပိုသင့်မြတ်လာပြီး အပြန် အလှန် လေးစားတတ်လာမယ်လို့ထင်ပါတယ်” လို့  ဆိုပါတယ်။

လူ့အခွင့်အရေးဆိုတာ ဆယ်ကျော်သက်အမျိုးသမီးတွေတင် နားလည်ဖို့မဟုတ်ဘဲ မြန်မာပြည်မှာ ဆယ်ကျော် သက် အမျိုးသားရော အမျိုးသမီးပါ လူ့အခွင့်အရေးကို စသင်လို့ရတဲ့အရွယ် သင်ပေးဖို့လိုပြီး ဒီအရွယ်တွေကို သင်ကြားပေးတာက ပိုပြီးထိရောက်တယ်လို့ လူ့အခွင့်အရေးပညာပေးမှုတွေပြုလုပ်နေတဲ့  ညီမျှခြင်း(မြန်မာ)မှ စီမံ ကိန်းတာဝန်ခံ ကိုနေလင်းထိုက်ကလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေသာမက အရွယ်ရောက်အမျိုးသမီးတွေပါ ကိုယ့် အခွင့်အရေး ချိုးဖောက်ခံရတာတွေကို မပြောရဲကြဘဲ ကျူးလွန်ခံရသူကိုသာ အပြစ်မြင်တတ်တဲ့ လူမှု အသိုင်း အဝန်းတခုလုံးကိုလည်း ပညာပေးမှုတွေ အများကြီးပြုလုပ်ရပါဦးမယ်လို့ ကိုနေလင်းထိုက်က ဆက်လက်ပြောဆို လိုက်ပါတယ်။

အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာ သိရရင် ဒါတွေကို ထိရောက်တဲ့ကာကွယ်ပေးမှုတွေရှိဖို့ ယန္တ ယားတွေလည်း အရေးကြီးပါတယ်လို့ လူ့အခွင့်အရေး ဆောင်ရွက်သူနေတွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။

ငယ်ရွယ်တဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေများနေတဲ့အတွက် အဲဒီလိုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ထိကပါးရိကပါးလုပ်မှုတွေ ကြုံတွေ့လာရင် ဘယ်လိုတားဆီးကာကွယ်ရမလဲဆိုတဲ့ အသိပညာ ပေးမှုတွေနဲ့ အထောက်အကူပြုအစီအစဉ်တွေ စနစ်တကျလုပ်ဆောင်ထားပေးသင့်ပါတယ်လို့ ဆယ်ကျော်သက် အမျိုးသမီး မကျူးလစ်ကလည်း ဆက်လက်ပြောဆိုပါတယ်။

“ ကျမငယ်ငယ်တုန်းက  ကြုံတွေခဲ့ရတာကို ဒီခေတ်ကလေးတွေ ဆက်မဖြစ်စေချင်တော့ဘူး။  ဖြစ်လာရင် ဘယ်လို ကာကွယ်ရမယ်။ ဘယ်လိုတိုင်ကြားလို့ရတယ်ဆိုတာ သိထားဖို့လိုအပ်တယ်။ နောက်မိဘတွေကလည်း ကလေး တွေပြောတာကို သေချာဂရုစိုက်နားထောင်ပေးဖို့၊ အလေးထားဖို့တောင်းဆိုချင်တယ်” လို့ ဒေါ်စန္ဒာကလည်း ပြောလိုက်ပါတယ်။

ဆယ်ကျော်သက်ရွယ် လူ့အခွင့်အရေးပညာပေးမှုတွေဟာ မိန်းကလေးတွေအတွက်သာမက ယောက်ျားလေးငယ် တွေအတွက်ပါ လိုအပ်နေတာပါ။ ဆယ်ကျော်သက်အရွယ် ယောကျ်ားလေးတွေအပေါ်မှာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးချိုးဖောက်မှုတွေဖြစ်နေတာကို ဒီနောက်ပိုင်းကာလတွေမှာ ဆရာတွေရဲ့ကျူးလွန်မှု၊ အလုပ်ရှင်တွေရဲ့ကျူး လွန်မှု၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ကျူးလွန်မှုတွေအဖြစ် ကြားသိတွေ့မြင်လာကြရပြီဖြစ်ပါတယ်လို့ လူ့အခွင့် အရေးပညာပေးတဲ့အလုပ်တွေလုပ်ဆောင်နေတဲ့ သင်တန်းဆရာ/မတွေကလည်း အခိုင်အမာပြောကြားလာကြတာ ဖြစ်ပါတယ်။

Related Articles