(အိမ်ဦးခင်စီစဉ်သည်။)
လူ့အခွင့်အရေးကို လူအများပြောဆိုလာကြသော်လည်း လိင်စိတ်ခံယူမှုကွဲပြားသူများ (LGBT) အပေါ် ဆိုး ဝါးစွာ ခွဲခြားဆက်ဆံမှုများက မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် စိုးရိမ်ဖွယ်ရာ တည်ရှိနေဆဲဖြစ်သည်။ လိင်စိတ် ခံယူမှု ကွဲပြားမှုအပေါ် လေးစားမှုအားနည်းသော လူမှုအဝန်းအဝိုင်းတွင် ကြီးပြင်းလာကြသော LGBT များ အနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် ထိုအခြေအနေများအပေါ် အမြင်သုံး သပ်ချက်များကို LGBT များဖြစ်သည့် လိင်တူချစ်သူများအခွင့်အရေးလှုပ်ရှားနေသူ စူးရှရှင်းသန့်၊ အလွတ် တန်း ဦးဆောင်ဆွေးနွေးသူ (Facilitator) တဦးဖြစ်သူဓူဝံ၊ စေတနာ့ဝန်ထမ်းဖြစ်သူ ခွန်ခမ်းရာ၊ ကျောင်းသူ တဦးဖြစ်သည့် ဇင်ဇင်တို့နှင့်အတူ ဆွေးနွေးထားပါသည်။
မိမိရဲ့ လိင်စိတ်ခံယူမှုကို မိတ်ဆက်ပေးပါ။ ဘယ်အချိန်ကစပြီး ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုကို စပြီး သတိထား လက်ခံခဲ့သလဲ။ ကိုယ့်ကိုယ်ကို လက်ခံဖို့ ဘာတွေ စိန်ခေါ်မှုရှိခဲ့သလဲ။
စူးရှရှင်းသန့် – trangender women (ဆန့်ကျင်ဖက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်ပြုမူနေထိုင်သူ) အမျိုး သမီးတယောက်လို့လည်း ပြောလို့ရပါတယ်။ လိင်စိတ်ခံယူမှုမတူဘူးလို့ ကိုယ့်ကိုယ်ကိုစသိတာက အသက် ၃ – ၄ နှစ်မှာပါ။ ၃ – ၄နှစ်ကတည်းက ကျမသည် အမျိုးသမီးတယောက် ဖြစ်ချင်တယ်။ အမျိုးသားကဲ့သို့ အမျိုးသားအင်္ဂါနဲ့ မွေးလာသော်လည်း အမျိုးသမီးတယောက်ဖြစ်ချင်တယ်။ ဆိုတာက ၃ – ၄ နှစ်ကတည်းက ကျမရဲ့စိတ်ကို ကျမသိပါတယ်။ သို့သော် ကျမရဲ့လူမှုစံနှုန်းသတ်မှတ်ချက်တွေအရတော့ ကျောင်းတွေတက် ရတဲ့အခါ အလုပ်တွေလုပ်ရတဲ့အခါမှာတော့ပေါ့နော်။ ငယ်ရွယ်စဉ်မှာတော့ အမျိုးသားတယောက်ရဲ့ အဝတ် အစား၊ အသုံးအဆောင်တွေနဲ့ အမျိုးသားလိုပဲ နေထိုင်ခဲ့ရတယ်။ သို့သော် ကျမ ဆယ်ကျော်သက် အရွယ် ၁၈ – ၁၉ ကစပြီးတော့ ကိုယ့်ကိုယ်ကို trangender women/ transexual women ဆိုပြီးတော့ ကိုယ့် ကိုယ်ကိုနေထိုင်လာတယ်ပေါ့နော်။ အဝတ်အစားတွေလည်း ချိန်း(ပြောင်း)ပြီးတော့ ဝတ်လာတယ်။ အဲဒီ အရွယ်ကနေစပြီးတော့ ဒီနေ့ဒီtချိန်ထိ အမျိုးသမီးတယောက်ကဲ့သို့ ပြည့်ပြည့်စုံစုံနေထိုင်လာတာ ခုဆို ၅ နှစ် ကျော် ၆ နှစ်အတွင်းမှာ ရှိပါပြီ။
ဓူဝံ – ကျွန်တော့်ရဲ့ လိင်စိတ်ခံယူမှု (Sexual Orientation) ကတော့ Lesbian (မိန်းကလေးချင်း စိတ် ဝင်စားသူ) ဖြစ်ပြီး Gender Expression (ဖြစ်ချင်တဲ့ပုံစံ) ကတော့ အမျိုးသားဖြစ်ပါတယ်။ ကျွန်တော်ကိုယ့် ကိုယ်ကို စသတိထားမိတာကတော့ လူမှန်းသိတတ်စအရွယ်ကတည်းက ဖြစ်ပါတယ်။ ကျွန်တော်က မွေးရာ ပါမိန်းလေးတစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးအဝတ်အစားတွေ ဝတ်ရတာကို ကျွန်တော်လုံး၀ မနှစ် သက်ခဲ့ဘူး။ မိသားစုက ကျွန်တော့်ကို အတင်းအဓမ္မ မိန်းကလေးလို ဝတ်စားဆင်ယင်ခိုင်းတဲ့အပေါ်မှာ ကျွန်တော်စိတ်ဒဏ်ရာတွေ အများကြီးရှိခဲ့တယ်။ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ အဝတ် အစားပေါ် အတိုင်းအတာတစ်ခုထိ မူတည်နေတဲ့အတွက် ကျွန်တော့်အတွက်လည်း အဝတ်အစားအခက် အခဲပေါ်မူတည်ပြီး ကျွန်တော်တက္ကသိုလ်တက်တဲ့အထိ ပြောရင်အခုထိပါပဲ၊ လူတွေကြားထဲတိုးဖို့ကို မဝံံ့မရဲ ဖြစ်ခဲ့ဖူးတယ်။ ကိုယ့်ကိုယ်ကို ဘယ်အချိန်စပြီး သတိထားမိလဲဆိုတော့ ၃ တန်း ၄ တန်းလောက်ကတည်းပဲ ဆိုရမှာပေါ့၊ ကျွန်တော့်ထက်အသက်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားကတည်းကပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ ကိုယ့်ကိုယ်ကို အဲဒီမိန်းကလေးကို ကျွန်တော်ရိုးရိုးချစ်တာပဲလို့ ဖြေတွေးလေးတွေးခဲ့မိ တယ်။ နောက် လေးငါးခြောက်တန်းရောက်လာတော့ ပိုသေချာလာတာက ကျွန်တော်လုံး၀ ယောက်ျားလေး စိတ်မဝင်စားဘဲ မိန်းကလေးကိုပဲ ခုံမင်တတ်တဲ့သူမှန်း တဖြည်းဖြည်း ကိုယ့်ကိုယ်ကို သတိထားမိလာတယ်။ ငယ်ငယ်တုန်းကတည်းက ကိုယ့်ကိုယ်ကို ထူးဆန်းတယ်လို့တော့ သိပ်ပြီး မခံစားမိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်လို ပုံစံမျိုးတွေကို ဇာတ်ကားတွေမှာရော၊ အပြင်လောကမှာပါ ကျွန်တော်တွေ့နေရတော့ ကျွန် တော်က တမူထူးနေပါတယ်လို့တော့ မခံစားမိခဲ့ဘူး။ ဒါပေမယ့် တစ်ခုရှိတာက ရုပ်ရှင်ကြည့်လို့ ဇာတ်ကား တွေထဲမှာ ဥပမာ သရုပ်ဆောင်မင်းသမီးက ကျွန်တော့်လို Lesbian ပုံစံဖြစ်နေခဲ့ရင် ကျွန်တော်အလိုလို ရှက်ရွံ့ပြီး ကြောက်နေခဲ့တယ်။ မကောင်းတဲ့ character (ပုံစံ) မျိုးပါလာရင်လည်း စိတ်ကအလိုလို ဝမ်းနည်း အားငယ်မိတယ်။ ပြီးတော့ နောက်တစ်ခုရှိတာက (၁၀) တန်းရောက်တဲ့အထိ တချို့မိန်းကလေးတွေက ယောကျ်ားလေးလိုနေကြတာများတော့ အထူးတလည်ထူးပြီး ခံစားမနေခဲ့ဘူး။ သို့သော်လည်း ကျွန်တော်က အပြင်ပန်းက ဖုံးကွယ်လို့ရနိုင်ပေမဲ့ အတွင်းစိတ်ကတော့ မွေးရာပါမို့ ပြောင်းလဲမရနိုင်ခဲ့ဘူးပေါ့နော်။ ခုထိပါ ပဲ။ လူမှုရေးပြဿနာတွေကတော့ အများကြီးပါ။ အဓိကက အဝတ်အစားပိုင်းပေါ်မူတည်ပြီး မိသားစုထဲမှာ အရမ်းစိတ်ညစ်စရာတွေရှိခဲ့တယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်တွေပေါက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက တော့ ထူးတယ်ဆိုတာထက် ကျွန်တော်က တခုခုမှားနေတယ်ဆိုတဲ့အတွေးကြောင့် အများကြီး စိတ်ဓာတ် ကျဝမ်းနည်းခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့်လိင်စိတ်ခံယူမှုနဲ့ပတ်သက်ပြီး ကူညီပံ့ပိုးတဲ့သူတွေလည်း အများ ကြီးပါပဲ။ လူပုဂ္ဂိုလ်တွေလည်း အများကြီးပါသလို စာအုပ်စာပေတွေကနေတဆင့် ခွန်အားတွေ အများကြီး ရခဲ့တာလည်း ပါပါတယ်။ မြန်မာနိုင်ငံမှာ LGBT ဆိုတဲ့ အကြောင်းအရာကို လူအများသိအောင် ကနဦး ကြိုးစားပေးခဲ့ကြတဲ့သူတွေနဲ့ ကျွန်တော့်ရဲ့ LGBT ခံယူမှုအပေါ် ဂုဏ်ယူတတ်အောင် စံပြအဖြစ်နေပေးကြတဲ့ LGBT အသိုင်းအဝိုင်းထဲက လူအကုန်လုံးကို ကျွန်တော်ကျေးဇူးအများကြီးတင်လျက်ပါ။
ခွန်ခမ်းရာ – ကျွန်တော်ကတော့ ယောကျာ်းအချင်းချင်း (အမျိုးသားအချင်းချင်း) ချစ်ခင်နှစ်သက်တဲ့သူတစ် ယောက်ပါ။ ကျွန်တော်ဒီလိုဖြစ်နေတာ ကျွန်တော်စပြီး သတိထားခဲ့တာတော့ ဒီ(၇)တန်းလောက်မှာပေါ့ နော်။ ကိုယ့်ကိုယ်ကို လိင်စိတ်ခံယူမှုက ဆယ်တန်းပြီးတော့မှ ဒီလိုဖြစ်နေတာ ကျွန်တော့်ကိုယ်ကျွန်တော် လက်ခံခဲ့တယ်။ ကျွန်တော်မလက်ခံခင်က ဒီလိုစိန်ခေါ်မှုတွေကတော့များတယ်၊ စိန်ခေါ်မှုတွေကတော့ အထူးသဖြင့် ကျွန်တော်နဲ့ ပေါင်းသင်းဆက်ဆံနေတဲ့ သူငယ်ချင်း မိန်းကလေးတွေကတော့ ဘာမှမပြောဘူး အဆင်ပြေတယ်။ အထူးသဖြင့်တော့ ယောကျာ်းလေးပေါ့။ ယောကျာ်းလေးတွေက ကျွန်တော်ဒီလိုဖြစ်နေ တာ သူတို့သိတော့ သူတို့တိမ်းရှောင်သွားတယ်။ ပြီးတော့ ကဲ့ရဲ့ပြောဆိုဆက်ဆံတယ်။ စနောက်တယ်။ တခါတလေကျ စကားလုံးကြမ်းကြမ်းတွေနဲ့ ပြောတာတွေလည်း ရှိတယ်ပေါ့နော်။ ဒီနောက်ပိုင်းတွေမှာ ကတော့ ကျွန်တော်ပွင့်ပွင့်လင်းလင်းနေလာတော့ ပွင့်ပွင့်လင်းလင်းပြောပြတယ်။ သူတို့ကို ကျွန်တော်က ဂေးတယောက်ပါ။ ကိုယ်နဲ့ပေါင်းသင်းဆက်ဆံနေတဲ့သူဖြစ်ဖြစ် မိသားစုဝင်ကြားမှာ သူငယ်ချင်းကြားမှာ အကုန်ပြောပြဖြစ်တယ်။ ကျွန်တော်ပြောလိုက်တာက ကျွန်တော်ဒီလိုဒီလိုဖြစ်နေတယ်။ လက်ခံတာ လက်မ ခံတာက သူတို့အပိုင်းပေါ့နော်။ ကျွန်တော်ပွင့်ပွင့်လင်းလင်း သူတို့ကိုပြောပြတယ်။ တချို့တွေ လက်ခံတယ်။ တချို့တွေ လက်မခံဘူး။ လမ်းသွားလမ်းလာတွေကတော့ မိန်းကလေးတွေနဲ့သွားတော့ တချို့လမ်းပေါ်က နေစတာတွေရှိတယ်။ ကိုယ်ပေါင်းသင်းနေတဲ့ ယောကျာ်းလေးတွေလည်း သူတို့ကဲ့ရဲ့တယ်၊ ပြောတယ်။ အထူးသဖြင့် ယောကျာ်းလေးတွေပေါ့။ ကျွန်တော့်ကို သူတို့တခါတလေ အကူအညီလိုတဲ့အခါ ဖုန်းဆက် တယ်။ ဆက်သွယ်တယ်။ မလိုတဲ့အခါ ဒီအတိုင်းပဲ သူတို့စိတ်ဆိုးနေတဲ့အချိန်ကျရင် အဆဲလည်းခံရတယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ ကိုယ်ကမတူဘူး။ သူတို့လက်မခံဘူးလို့ ခံစားလိုက်ရတာပေါ့နော်။ ကျွန်တော်က မတတ်နိုင်ဘူးလေနော်။ မွေးလာကတည်းက ကိုယ့်ရဲ့ဗီဇပဲပေါ့နော်။ သူတို့လက်ခံ လက်မခံတာ သူတို့အ ပိုင်းပေါ့နော်။ ကိုယ်တွေက ကိုယ့်ရဲ့ရှေ့ဆက်လမ်းကို ကိုယ်သွားရမှာ အများကြီးပဲ။ သူတို့ရဲ့ ပြောဆိုခြင်း ကဲ့ရဲ့ခြင်းတွေကို ဂရုစိုက်နေဖို့တော့ အချိန်မရှိဘူးပေါ့နော်။ ကိုယ်က ဒီအတိုင်းဆက်သွားတယ်။
ဇင်ဇင် – ကျွန်တော်က bisexual ပါ။ ယောက်ျားလေးရော မိန်းကလေးရော စိတ်ဝင်စားသူပါ။ သတိ ထားမိတာကတော့ (၁၃)နှစ်လောက်ထဲကပါ။ ဒါပေမယ့် (၁၆)နှစ်ရောက်မှ သေချာလက်ခံနိုင်ခဲ့တယ်။ ကိုယ့် ကိုယ်ကိုယ်လက်ခံဖို့ တော်တော်ကြိုးစားရတယ်။ ကိုယ်က သူများလို့ တစ်ခုထဲ တသမတ်တည်း မဟုတ်ခဲ့ တော့လေ။ အခက်အခဲကတော့ သူငယ်ချင်းတွေပဲ။ Normal friends (သာမန်သူငယ်ချင်း) တွေက ဘာမှ မပြောပေမယ့် လက်လည်း မခံကြပါဘူး။ LGBT သူငယ်ချင်းတွေဆို ကိုယ် Lesbian ဆိုရင် လက်ခံပေး ပေမယ့် Bi လို့ပြောလိုက်တဲ့အခါမှာ တယောက်မှ လက်မခံပေးနိုင်ကြဘူး။ အရမ်းလည်း လှောင်တာပါ။ နှစ်ဖက်ချွန် ဆိုလားပဲ သူတို့ခေါ်ကြတာ။
ကိုယ့်ရဲ့ ဖြစ်တည်မှုကို ကိုယ်သိဖို့၊ ဆန်းစစ်ဖို့ (Identify လုပ်ဖို့) အရေးကြီးသလား။ ဘာကြောင့်လဲ။
စူးရှရှင်းသန့် – ကိုယ့်ရဲ့ဖြစ်တည်မှုကိုသိရင် ကိုယ့်ရဲ့ဖြစ်တည်မှုပေါ်မှာ အခြေခံပြီးတော့ အားနည်းချက် တွေကို ကိုယ်က အားသာချက်ဖြစ်အောင် ပြောင်းလဲလို့ရမယ်၊ အားသာချက်တွေကိုလည်း ဆက်ပြီး (carry) သယ်ဆောင်သွားလို့ရသလို ကိုယ့်ရဲ့ဖြစ်တည်မှုကိုသိမှ အန္တရာယ်မဖြစ်မှာပေါ့နော်။ နောက်မို့ဆို အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေ အများကြီးရှိတယ်။ ဥပမာ – ကိုယ့်ရဲ့ဖြစ်တည်မှုကို တချို့က သိတော့ သိတယ် လက်မခံနိုင်တဲ့အခါမှာ တပါးသူရဲ့အခွင့်အရေးကိုပါ ချိုးဖောက်ရာကျတယ်။ ဥပမာ – ယောကျ်ား လေးတယောက်အဖြစ် မွေးလာတယ်။ သူရဲ့ လိင်စိတ်ခံယူမှု၊ Gender Expression (ကျား/မ အသွင်အပြင်ကို ထုတ်ဖော်ပြသမှု) တို့က အခြားသော ဆန့်ကျင်ဘက်လိင်ကဲ့သို့ ခံယူနေထိုင်တယ်။ ပတ်ဝန်းကျင်ထုံးတမ်းအစဉ်အလာတိုင်းပဲ သူကရုန်းထွက် နိုင်မှု၊ သူအပြောခံရမှာကြောက်လို့ ယောကျ်ားလေးယောင်ဆောင်တာပေါ့နော်။ ယောင်ဆောင်ရင်းနဲ့မှ ကိုယ့်ကိုယ်ကို ယောကျာ်းလေးလို့ပဲ အခြားလူတွေ ယုံအောင်လို့ မိန်းကလေးတွေနဲ့ရည်းစားထားတာ၊ ကိုယ့်ရဲ့အမျိုးတူ LGBT အချင်းချင်းကို ပြန်ပြီးအပြစ်တင်တာတွေလုပ်တာ ရှိတယ်ပေါ့နော်။ ဒါဆိုရင် အရမ်း ဆိုးဝါးတဲ့ အခြေအနေပေါ့ ကိုယ့်ရဲ့ဖြစ်တည်မှုကို မသိလို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ် သိသိရက်နဲ့ ထုတ် ဖော်မပြောရဲတဲ့အခါမှာ အခြားသော ကိုယ့်မှာရှိတဲ့ ဘေးပတ်ဝန်းကျင်ကိုလည်း ထိခိုက်နိုင်တဲ့ အနေအထား တွေလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ရဲ့ဖြစ်တည်မှုကို သိသင့်တယ်၊ သိတာနဲ့လည်း ကိုယ့်ကိုယ်ကို လက်ခံသင့်တယ်လို့ ကျမကတော့ မြင်ပါတယ်
ဓူဝံ – ကျွန်တော့်တစ်ယောက်တည်းရဲ့အမြင်ကိုပြောရရင်တော့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်က ကိုယ့်အကြောင်းကို ကောင်ကောင်းမသိရင် ဘယ်နေရာမှာမဆို အဆင်မပြေနိုင်ပါဘူး။ ဥပမာပြောရရင်ပေါ့နော် ကျွန်တော်ကိုယ့်ကိုယ်ကို Lesbian လို့ ခံယူခဲ့တာက ၂၀၁၆ မှာပေါ့နော်။ အဲဒီမတိုင်ခင်တော့ ကျွန်တော်က ခုလို ကျွန်တော်ဆိုတဲ့ နာမ်စားသုံးစွဲမှုအပေါ်တောင် ဝေခွဲမရဖြစ်ခဲ့ဖူး တယ်။ ကိုယ့်ကိုကိုယ်စားပြုမဲ့ နာမ်စားလေးကိုတောင် ကျွန်တော်တွေဝေနေခဲ့ရင် တခြားသော လုပ်ငန်း ဆောင်တာတွေမှာ ကျွန်တော်ဘယ်လောက်တောင် တွေဝေတွန့်ဆုတ်နေခဲ့မလဲဆိုတာ တွေးကြည့်ရင် သိ နိုင်လောက်မယ်ထင်ပါတယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကို လက်ခံဖို့က ကျွန်တော်အများကြီးအချိန်ယူလေ့လာ ခဲ့ပါတယ်။ Gender နဲ့ဆိုင်တဲ့ သင်တန်းတွေတက်တယ်၊ တတ်သိနားလည်တဲ့ စီနီယာတွေဆီက အကြံ ဉာဏ်တွေတောင်းတယ်၊ နောက်ဆုံး ကျွန်တော်နဲ့ Gender Identity တူတယ်လို့ ထင်ရတဲ့သူတွေနဲ့ အချိန်ယူဆွေးနွေးခဲ့တယ်။ ခုဆို ကျွန်တော်က ကျွန်တော့်ရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး ဂုဏ်ယူတတ်နေ သလို တခြားကျွန်တော့်တို့လို gender minority တွေအတွက် ကျွန်တော်ဂုဏ်ယူရတဲ့သူဖြစ်အောင်ကြိုး စားနေတယ်။ အတိုင်းအတာတစ်ခုထိ ကျွန်တော်အောင်မြင်မှုရနေပြီလို့လည်း ခံစားမိပါတယ်။ ဒါတွေက ကျွန်တော်ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်ပြီး ကျွန်တော့်ဖြစ်တည်မှုကို ကျွန်တော်လက်ခံနိုင်ခဲ့တဲ့ အကျိုးကျေး ဇူးတွေပါပဲ။
ခွန်ခမ်းရာ – ကိုယ်ရဲ့ဖြစ်တည်မှုကို ကိုယ်သိဖို့ အရေးကြီးတယ်။ ကျွန်တော်အတွေ့အကြုံနဲ့ဆိုရင် ကျွန် တော်ကအရင်က ကိုယ်ကိုယ်ကို မသိဘူး။ မိန်းကလေးကို ချစ်နေတာလား ယောကျာ်းလေးကို ချစ်နေတာ လား ကိုယ်မသိဘူး။ အဲဒါကြောင့် အရင်ကဆို မိန်းကလေးရည်းစားထားခဲ့ဖူးတယ်။ ကိုယ့်ကိုယ်ကို ဆန်းစစ် တယ်။ ကိုယ့်ရဲ့ဗီဇက ကိုယ်ဘာလဲဆိုတာသိဖို့ လိုအပ်တယ်။ ကျွန်တော့်စိတ်က မိန်းကလေးဘက်ကို လုံးဝ အဆင်မပြေဘူး။ သမီးရည်းစားချင်းအနေနဲ့ပေါ့နော်။ ကိုယ့်ရဲ့သူငယ်ချင်းလို ပေါင်းသင်းဆက်ဆံရင်တော့ အရမ်းအဆင်ပြေတယ်။ ဒါပေမဲ့ ရည်းစားဘက်မှာတော့ လုံးဝအဆင်မပြေဘူး။ ကျွန်တော် ယောကျာ်းလေး ဘက်မှာ ပိုပြီးအားသာတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုကိုသိဖို့ အရမ်းအရေးကြီးတယ်။ ကျွန်တော်က ပွင့်လင်း တော့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဆန်းစစ်ကြည့်တယ်။ လက်တွေ့တွေ လုပ်ကြည့်တယ်ပေါ့နော်။ ကိုယ်ဘာလဲ ဆိုတာ ကိုယ်သိဖို့လိုတယ်။
ဇင်ဇင် – ကိုယ့်ကိုယ်ကို identify လုပ်ဖို့က သိပ်အရေးကြီးတယ်။ ဘာလို့လဲဆို လူဆိုတာ လူအများနဲ့ နေရတာဖြစ်တဲ့အတွက် လူတွေအကြောင်း သိဖို့ သိပ်အရေးကြီးသလို ကိုယ်ကိုယ်တိုင်ကမှ ကိုယ့်ကိုယ်ကို မသိရင် ကိုယ့်ဘဝကို ကျေနပ်မှု၊ ပျော်ရွှင်မှု၊ လက်ခံနိုင်မှုတွေ ရှိလာမှာ မဟုတ်ဘူး။ ဒါကြောင့် လူတိုင်း ကိုယ်ကိုယ်ကိုယ် သိသင့်တယ်။
ကိုယ့်ရဲ့ ဖြစ်တည်မှုအတိုင်း ဘယ်လောက်ထိ ပွင့်ပွင့်လင်းလင်းနေထိုင်နေပြီလို့ ပြောလို့ရသလဲ။ ဘာစိန်ခေါ်မှု၊ အခက်အခဲတွေရှိနေသေးလဲ။
စူးရှရှင်းသန့် – ဂျန်ဒါအိုင်ဒန်နတီးလို့ခေါ်တဲ့ gender expression ထုတ်ဖော်ပြသချက်အရ ကျမသည် ထပ်တူမညီခဲ့ဘူးပေါ့နော်။ ခံစားခဲ့ရတာဆိုရင် ပထမဦးဆုံးက လှောင်ပြောင်မှုပေါ့။ လှောင်ပြောင်မှုကို ခံခဲ့ရ တယ်။ အရပ်ထဲမှာခေါ်တဲ့ အခြောက်တို့ နှစ်ပိုင်းတစ်ပိုင်းတို့၊ ဖားတစ်ပိုင်းငါးတစ်ပိုင်းတို့၊ ဂန်ဒူးတို့ စသဖြင့် ပေါ့နော်။ ဒီလိုလှောင်ပြောင်မှုတွေကို ခံရတဲ့အခါမှာတော့ ငယ်ရွယ်စဉ်မှာတော့ပေါ့နော်။ ဝမ်းနည်းတာ စိတ် ပျက်အားငယ်တာ ကိုယ့်ကိုအလိုမကျဖြစ်တာပေါ့နော်။ ငါဘာလို့ ဒီလိုဖြစ်နေရတာလဲဆိုတဲ့ ကိုယ့်ကို ပြန်ပြီး တော့ အပြစ်တင်မိတာပေါ့နော။ သူတို့တွေပြောတာနဲ့ ငါနဲ့ တကယ်ပဲ အဲလိုဖြစ်နေတာလား၊ ဘာသာရေး အချို့သော အယူအဆတွေအရဆိုရင် မကောင်းတဲ့သူပေါ့နော်။ ဘဝမကောင်းလာခဲ့လို့ ဒီလိုတွေပြောခံရတဲ့ အခါမှာလည်း ကိုယ်ကိုယ်တိုင် စိတ်ဓာတ်ကျတာ စိတ်အားငယ်တာ ဘယ်လောက်အခြေအနေထိလဲဆို ကိုယ့်ကိုယ်ကို သတ်သေဖို့ထိတောင်မှ ငယ်ရွယ်စဉ်မှာဆိုရင်တော့ ဆုံးဖြတ်ခဲ့ဖူးတယ်။ စိတ်ဓာတ်ကျခဲ့တာ တွေရှိတယ် ဒါပေမဲ့ အသက်အရွယ် တဖြည်းဖြည်းနဲ့ ရလာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကို လက်ခံလာတယ်။ ကိုယ့်ကိုယ်ကိုလက်ခံလာသလို ကိုယ်ရဲ့မိသားစု၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း လက်ခံ နိုင်အောင် ကြိုးစားလာတယ်ပေါ့နော်။ အဲဒီတော့ ကိုယ့်ရဲ့လိင်စိတ်ခံယူမှုကို လက်မခံဘူးဆိုရင်တောင်မှ လူမှုပတ်ဝန်းကျင်မှာ လက်ခံနိုင်တဲ့ အခြေအနေတွေဖြစ်အောင် ကိုယ့်ကိုယ်ကို တော်အောင် ကြိုးစားတယ်။ ဥပမာ – စာတော်အောင် စပြီးတော့ ကြိုးစားတာပေါ့နော်၊ စာတော်တယ်ဆိုရင် ကျောင်းက ဆရာ၊ ဆရာမ တွေက ဘယ်လောက်ပဲ ဗမာစကားနဲ့ပြောရမယ်ဆိုရင် ဘယ်လောက်ပဲခြောက်ခြောက် ဘယ်လိုပဲဖြစ်နေနေ တော်ရုံ မပြောတော့ဘူးဆိုတဲ့ အသိဝင်လာတာနဲ့အမျှ စာတော်အောင် ကြိုးစားတယ်။ ဆုတွေ လေးငါး ခြောက်ခုရအောင် self defense အနေနဲ့ လူမှုပတ်ဝန်းကျင်ကနေပြီးတော့ လက်ခံတဲ့ ကောင်းတဲ့ အမူအကျင့်တွေ ကိုယ့်မှာအများကြီးရှိလာအောင်လို့ပေါ့နော်၊ အကာအကွယ်ပြန်လုပ်ရတာပေါ့။ လုပ်ရင်း လုပ်ရင်းနဲ့မှ ကိုယ့်ကိုယ်ကိုလည်း အားတက်လာတယ်။ ခုနတုန်းကပြောတဲ့ ကိုယ့်ကိုယ်ကို ခွဲခြားဆက်ဆံ တဲ့ နိမ့်ချတဲ့စိတ်တွေ ဒါတွေမရှိတော့တာပေါ့နော်။ အဲဒီတော့ ပတ်ဝန်းကျင်ကလည်း ကိုယ့်အပေါ် အဲဒီလို ဖြစ်လာတဲ့အပေါ် လက်ခံလာတယ် လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ကိုယ့်ကိုယ်အသိအမှတ်ပြုလာ တဲ့အခါ ဒါကပိုပြီးတော့ ခုနတုန်းက အခြေအနေတွေကို ပျောက်အောင် လုပ်လာနိုင်တာပေါ့။
ဓူဝံ – ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်း ဘယ်လောက်ထိ ပွင့်ပွင့်လင်းလင်းနေလို့ ရပြီလဲဆိုတော့ ၄၀ ရာခိုင်နှုန်း လောက်ပါပဲ၊ ခုထက်ထိ ကျွန်တော့်အိမ်ကို ကျွန်တော့် identity အစစ်အမှန်ကိုချပြခြင်း မရှိသေးသလို ကျွန်တော့်ဇာတိက အပေါင်းအသင်းတော်တော်များများကလည်း ကျွန်တော့်ဖြစ်တည်မှုကို သေချာမသိကြ သေးပါဘူး။ ကျွန်တော့်ခံယူချက်ကတော့ ကျွန်တော်အနေအထားတစ်ခု၊ အတိုင်းအတာတစ်ခုထိ အောင် မြင်မှုရပြီးသွားရင်တော့ တဖြည်းဖြည်းဖွင့်ပြောဖို့ စိတ်ကူးထားတယ်။ ကိုယ့်ဖြစ်တည်မှုအတိုင်း ပွင့်ပွင့်လင်း လင်းနေရဖို့က အရေးကြီးလားဆိုတော့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုနေဖို့က ကျွန်တော့် ဖြစ်တည်မှုအမှန်ကို လက်ခံပေးဖို့ လိုအပ်ပါလိမ့်မယ်။ ကျွန်တော့်ဖြစ်တည်မှုကို လက်ခံလိုက်ပြီဆို ကျွန် တော့်တို့လို လူမျိုးတွေအတွက် အကောင်းဆုံးဆိုတဲ့အခြေအနေတစ်ခုရသွားတာပါပဲ။ လူတစ်ယောက်ရဲ့ အောင်မြင်ချိန်တွေမှာ သိပ်မသိသာပေမဲ့ ကျရှုံးချိန်တွေမှာ လူတစ်ယောက်ရဲ့ အရင်းနှီးဆုံးဖြစ်တဲ့ မိသားစု တွေကသာ သူနဲ့အတူတူမရှိဘူးဆိုရင် အဲဒီလူအတွက် အကြီးမားဆုံးအားနည်းချက်ဖြစ်သွားပါလိမ့်မယ်။
ခွန်ခမ်းရာ – ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်း ကိုယ်ဘယ်လောက်အထိ ပွင့်လင်းနေထိုင်ပြီလဲဆိုတော့ နေရာ တကာတိုင်းမှာတော့ ပွင့်ပွင့်လင်းလင်းမဟုတ်ဘူးပေါ့နော်၊ အခြေအနေပေါ်မူတည်တယ်၊ ဥပမာ- သူငယ် ချင်းတွေနဲ့ ပျော်ပွဲစားထွက်တာ၊ တနေရာမှာဆုံကြတာတို့ဆိုရင် ကိုယ့်ရဲ့စိတ်တူကိုယ်တူသူငယ်ချင်းပေါ့၊ သူတို့လည်း ဂေးတွေပေါ့နော်၊ အဲဒီလိုဆို အဆင်ပြေတယ်၊ ရောရောနှောနှောနဲ့ ပွင့်ပွင့်လင်းလင်း နေ ထိုင်တယ်၊ အလုပ်ထဲမှာဆိုရင်လည်း ပွင့်လင်းတယ်၊ ကျွန်တော်ဂေးဆိုတာသိကြတယ်၊ တွေ့တဲ့သူနဲ့ တည့် အောင်ပေါင်းတတ်တဲ့ အကျင့်ရှိတယ်၊ သူတို့နဲ့ပွင့်ပွင့်လင်းလင်းနေထိုင်တယ်၊ အဆင်ပြေတယ်၊ တနေရာရာ ခရီးကို တယောက်ထဲသွားရတဲ့အခါဆိုရင်တော့ ကျွန်တော်က ယောကျာ်းလေးလိုမျိုး ဝတ်တာဆိုတော့ အဲဒီ ချိန်မှာ နွဲ့နွဲ့နှောင်းနှောင်းနဲ့ လိုက်ခြောက်ပြတာမျိုးတော့ မဟုတ်ဘူး၊ ခပ်တည်တည်ပဲနေတယ်၊ ဒီလိုနေဖို့ ဆိုတော့ ကျွန်တော်မှာ စိန်ခေါ်မှုတော့နည်းတယ်။ ကျွန်တော်အဆင်ပြေတယ်၊ ခက်ခက်ခဲခဲ စိန်ခေါ်မှုကြီး တော့မရှိဘူး။ မိသားစုကလည်း ဒီလိုဖြစ်နေတာကို သူတို့လက်ခံတယ်။ အဆင်ပြေတယ်။ ဆွေမျိုး အသိုင်း အဝိုင်း၊ သူငယ်ချင်း၊ ဆရာ၊ ဆရာမတွေနဲ့ အားလုံးအဆင်ပြေတယ်။ ပွင့်ပွင့်လင်းလင်းနေထိုင်ဖို့ လိုအပ်သ လားဆိုတော့ လိုအပ်တယ်၊ ဒါပေမဲ့ နေရာတကာတိုင်းမှာတော့ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းနေထိုင်တာကို ကျွန်တော်လက်ခံတယ်၊ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်လက်ခံနိုင်ပြီး နေနိုင်ရမယ်၊ နင်က ယောကျာ်၊း ယောကျာ်းလိုနေရမယ်ဆိုပြီး သူတို့ပြောတဲ့အတိုင်း လိုက်နေဖို့တော့ အဆင်မပြေဘူး။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်လက်ခံပြီးသားဆိုတော့ ကိုယ်ပွင့်ပွင့်လင်းလင်းနေတာကို ကြိုက်တယ် လက်ခံတယ်။
ဇင်ဇင် – အခုဆိုရင်တော့ ဖြစ်တည်မှုအတိုင်း ၁၀၀% ပွင့်ပွင့်လင်းလင်း နေနိုင်နေပြီလို့ ထင်တယ်။ စိမ်ခေါ်မှု အခက်အခဲကတော့ အခုချိန်မှာ မရှိတော့သလောက်ပါပဲ။ ဒုတိယမေးခွန်းလိုပေါ့၊ ကိုယ့်ကိုယ်ကို အရင် လက်ခံဖို့က အဓိကပဲ။ ကိုယ်ကိုယ်တိုင်ကမှ လက်ခံနိုင်ပြီဆို ကျန်တာတွေက ခက်ခဲပေမယ့် လွှတ်ချသင့် တာလွှတ်ချ။ ဥပမာ ပေးရရင် သူငယ်ချင်းတွေပေါ့။ အဲဒီဟာတွေပြီးရင် ကျန်တာတွေက အဆင်ပြေလာ မှာပါ။ မိသားစုပံ့ပိုးမှုကတော့ အဆင်ပြေပါတယ်။ အိမ်ကလက်ခံပေးနိုင်ပါတယ်။ အဓိကက ကိုယ့်ကို ယုံ အောင်နေပြရင် အိမ်ကလည်း ဖြည်းဖြည်းချင်း လက်ခံလာပါတယ်။ ပွင့်ပွင့်လင်းလင်းနေထိုင်မှုက အရေးကြီး ပါတယ်။ ပွင့်လင်းတယ်ဆိုရာမှာလည်း လူတိုင်းကို ပြောပြစရာမလိုပါဘူး။ မေးလာခဲ့မှ ဖြေရှင်းရင် အဆင် ပြေပြီလို့ ထင်တယ်။ အဓိကက ကိုယ့်ကိုယ်ကို လက်ခံရင် တော်တော်အဆင်ပြေတယ်ပြောရမယ်။
LGBT တွေကို မြန်မာ့လူ့အသိုင်းအဝိုင်းထဲမှာ ဘယ်လောက်ထိ လက်ခံလာပြီလဲ။ အဲဒီထဲမှာ ဘယ်သူတွေက ပိုပြီးခွဲခြားဆက်ဆံခံနေရလဲ။ ဘာကြောင့်လဲ။
စူးရှရှင်းသန့် – LGBT လို့ပြောမယ်ဆိုရင်တော့ များသောအားဖြင့် လူတွေချက်ချင်းမြင်တာကတော့ trangender လို့ခေါ်တဲ့ ကျမတို့လို ရုပ်လုံးကြွနေတဲ့လူတွေ trangender တွေကိုတော့ အဓိကအားဖြင့် လူ တွေကသိကြတယ်။ အချို့သောဂေးတွေ လက်စဘီယမ်တွေကတော့ အဲဒီလောက်ထိ သူတို့ရဲ့ ပုံပန်း သဏ္ဍာန်အရ သိပ်မထွက်နေတဲ့အခါမှာ သူတို့သတိမထားမိတဲ့အခါမှာ expression ကတော့ trangender တွေလောက်တော့ မခံရဘူးပေါ့နော။ မြန်မာနိုင်ငံမှာဆိုရင်တော့ အဓိကခံနေရတဲ့ LGBT အုပ်စုဝင်တွေထဲမှ trangender men and women တွေကတော့ အခံရဆုံးပဲ။ နောက်တခုကကျတော့ ခုနကပြောတဲ့ လက် ရှိအခြေအနေမှာ ဘယ်လောက်ထိ လက်ခံလာပြီလဲဆိုရင် ကျမအနေနဲ့ မြင်ရတာကတော့ အများကြီးတိုး တက်လာတယ်လို့ပဲ ပြောရမhtJkkaaHhhtdHhှာပါ အချက်အလက်တွေ ရာခိုင်နှုန်းတွေ တိတိကျကျ မသိဘူးဆိုပေမယ့်လည်း တခုပြောနိုင်တာကတော့ လူငယ်တွေကြားထဲမှာတော့ လက်ခံမှုနှုန်းက အမြင့်ဆုံးပါ။ လူငယ်လို့ ပြောတဲ့ အခါမှာ အသက်(၁၅)နှစ်ကနေပြီးတော့ ၃၀ – ၃၅ ပတ်ဝန်းကျင်ကြားထဲ လူငယ်တွေကတော့ ဖြစ်တည်မှု တွေကို အများစုကလက်ခံကြတယ်။ ၃၅ နှစ်အထက်လူကြီးတွေ လက်ခံမှုကတော့ အများကြီးလိုအပ်သေး တာပေါ့နော်။ လူငယ်တွေလက်ခံမှုအများဆုံးဆိုတာကိုတော့ ကျမအနေနဲ့ ပတ်ဝန်းကျင်အရရော လူမှုရေး လုပ်ငန်းလုပ်တဲ့ လုပ်သက်အရရော သိရတာဖြစ်ပါတယ်။
ဓူဝံ – LGBT တွေကို လူ့အသိုင်းအဝိုင်းတွေက ဘယ်လောက်ထိလက်ခံလာပြီလဲဆိုရင် အရင်ကထက်စာရင် အတိုင်းအတာတစ်ခုထိတော့ ရောက်နေပြီလို့ ပြောလို့ရတယ်။ အဓိကက social media က အခုခေတ်မှာ အရမ်းကျယ်ပြန့်လာတော့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး လူအများက နည်းနည်းထိတွေ့လာရတယ်၊ ပြီးတော့ ဒီမိုကရေစီအကူးအပြောင်းကာလဖြစ်တဲ့အတွက် Individual Rights တွေကို ဦးစားပေးလာကြ တဲ့အတွက် အရင်ကထက်စာရင် အများကြီးတိုးတက်မှုရှိလာတယ်လို့ ယူဆပါတယ်။ သို့သော်လည်း တခြားတစ်ဖက်မှာကျတော့ ဗုဒ္ဓဘာသာအယူအဆအရဆိုတဲ့ ဓလေ့ထုံးတမ်းအစွဲအလမ်းတွေကို မပယ်နိုင် သေးတာရယ်၊ ဟိုးအရင်ကတည်းက အရိုးစွဲလာတဲ့အယူအဆတွေကို ချက်ချင်းစွန့်လွှတ်နိုင်ဖို့က အချိန်ယူ ရဦးမယ်ဆိုတော့ ဆက်ပြီး ကျွန်တော်တို့ကြိုးစားရဦးမှာပါ။ LGBT ထဲမှာမှ Gay/Transwoman တွေက အများဆုံးခွဲခြားဆက်ဆံခံရတယ်။ ဘာလို့လဲဆို မြန်မာလူမျိုးတွေရဲ့ အယူအဆအရ ယောကျ်ားက ပိုမြင့် မြတ်တယ်ဆိုတဲ့အပေါ် ယောကျ်ားတစ်ယောက်က မိန်းကလေးလိုနေထိုင်ပြုမူခဲ့သည်ရှိသော် ပြင်းပြင်း ထန်ထန်ရှုတ်ချကြပါတယ်။ ဒါကလည်း ကျွန်တော်တို့က လူအများကို အသိပညာပေးသင့်တဲ့ အကြောင်း အရာတစ်ရပ်လည်းဖြစ်ပါတယ်။
ခွန်ခမ်းရာ – LGBT ကို မြန်မာနိုင်ငံမှာ ဘယ်လောက်လက်ခံနေပြီလဲဆိုရင် ကျွန်တော်သိသလောက်ပေါ့နော်၊ မြို့ပေါ်ကရော မြို့နဲ့နီးတဲ့ရပ်ရွာတွေ ဒီ LGBT က ဘာလဲဆိုတာ သူတို့သိလာတယ်။ မြို့နဲ့ ဝေးကွာတဲ့ ဒေသတွေမှာတော့ LGBT ကို သိပ်မသိကြဘူး။ တော်တော်များသိလာတဲ့သူတော့ရှိပြီ လက်ခံတဲ့သူလည်း ရှိတယ်။ လက်မခံတဲ့သူလည်းရှိတယ်။ လက်မခံတဲ့သူက တော်တော်များများရှိတယ်။ လက်ခံတဲ့သူတွေက မြို့နဲ့နီးတဲ့သူတွေ မြို့ပေါ်ကပေါ့။ တချို့တွေက LGBT Organization တွေ LGBT Network တွေရှိတယ်။ သူတို့သွားပြီးတော့ပြောပြတာ ထရိန်နင်(သင်တန်း)တွေသွားပေးတာတွေရှိတယ်။ အဲဒါဆိုသူတို့ လက်ခံတဲ့ သူတွေရှိတယ်။ လက်မခံတဲ့သူလည်း ရှိနေတုန်းပေါ့နော်။ အဓိက ဒီ LGBT ထဲမှာ ခွဲခြားဆက်ဆံခံရတာက တန်းတူလောက်ပါပဲ။ Lesbian ဆိုရင်သူတို့ယောကျာ်းလေးလို ဝတ်ထားတယ်ဆိုရင် မသင့်တော်လိုက်တာ လမ်းသွားရင် ယောကျာ်းလေးတွေ စနောက်လှောင်ပြောင်ခြင်းခံနေရမှာ ခွဲခြားဆက်ဆံခံရမှာ သူအလုပ်လုပ် ချင်တယ်၊ ယောကျာ်းလိုဝတ်ပြီး အားနည်းတယ်၊ ဘာညာဆိုပြီး စနောက်ခြင်းခံရတယ်။ ဂေးတွေဆိုရင် ဘယ်သွားသွား စနောက်ခံရတယ်တာပဲ။ ပွဲတက်ဖို့လာခေါ်တယ်ဆိုရင်လည်း နင်ကဂေးမို့လို့ ဒီလိုဒီလို လုပ် ရမယ်၊ ဒီလိုကတဲ့အချိန်မှာ အဆင်ပြေတယ်၊ သူတို့လိုအပ်တဲ့ အပိုင်းအတွက်ပဲ သူတို့ခေါ်တယ်။ မလိုအပ် တဲ့အပိုင်းမှာဆို လစ်လျူရှုထားတယ်။ အကုန်လုံးက အဲဒီလိုပဲ ခွဲခြားဆက်ဆံခံနေရတယ်။
ဇင်ဇင် – အခုဆိုရင်တော့ အရင်ကထက် မြန်မာ့အသိုင်းအဝိုင်းမှာ LGBT တွေကို လက်ခံလာပြီလို့ ပြော လို့ရတယ်။ ဒါပေမယ့် ၁၀၀ မှာ ၂၀ လောက်ပဲ လက်ခံပေးနိုင်သေးတာပါ။ အဓိက ခွဲခြားခံရတာကတော့ transgender women တွေပါ။ movie, environment harassment, family, religion အစုံပါပဲ။ အဖက်ဖက်ကကို ခွဲခြားခံနေရတာပါ။ ဘာကြောင့်ဆိုတာကတော့ religion (ဘာသာရေး) ကြောင့်လို့ ထင်တယ်။ သူတို့ယုံကြည်မှုက ယောက်ျားဘုန်းရှိရက်နဲ့ မိန်းကလေးလို နိမ့်ကျချင်တယ်လို့ အဲဒီ ယုံကြည် ချက်ကြောင့်လို့ ထင်တယ်။ ဒါပေမယ့် ကိုယ့်အမြင်ကတော့ လူဆိုတာ အကုန်အတူတူပါပဲ။
လိင်စိတ်ခံယူမှု မတူညီတဲ့အပေါ် ခွဲခြားဆက်ဆံမှုတွေကြောင့် ဘာတွေ ဆိုးကျိုးသက်ရောက်စေလဲ။
စူးရှရှင်းသန့် – ဘယ်လိုအကျိုးသက်ရောက်စေလဲဆိုတော့ ခွဲခြားဆက်ဆံမှုတွေက ဘယ်လောက်ထိဆိုး ကျိုးဖြစ်စေလဲဆိုရင် ပထမဦးဆုံးကတော့ မိသားစုထဲမှာဆိုရင်တော့ မိသားစုထဲမှာ တယောက်ပဲ့ထွက်မယ်၊ ပဲ့ထွက်တာနဲ့အမျှ သူရဲ့လုပ်အား၊ သူရဲ့စွမ်းရည်တွေကို မိသားစုက အကျိုးခံစားခွင့်ရှိမှာ မဟုတ်သလို ခွဲခြားဆက်ဆံခံရတဲ့ LGBT တွေလည်း မိသားစုရဲ့ နွေးထွေးမှုကို ရမှာမဟုတ်ဘူး။ ဒါကမိသားစု အဆင့် ပေါ့နော်။ ရပ်ရွာရပ်ကွက်အဆင့်မှာ ခွဲခြားဆက်ဆံခံရမယ်ဆိုရင်လည်း ထို့အတူပဲ ရပ်ကွက်က သူရဲ့ လုပ် အားစွမ်းရည်ကို ဆုံးမယ်။ LGBT ကလည်း ရပ်ရွာနဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်နိုင်တာတွေ ရှိလာတာ ကျမတို့ အမြဲတမ်းမြင်တွေ့နေရတယ်ပေါ့နော်။ လမ်းပေါ်ရောက်ပြီးတော့ ပြည့်တန်ဆာဖြစ်တာ အစရှိသဖြင့် အချို့ဆိုရင်လည်း ခိုးဆိုးလုနှိုက်ပေါ့နော်။ အဲဒီလိုဘဝတွေထိ ရောက်သွားနိုင်တယ်။ နိုင်ငံအနေနဲ့ ပြောရ မယ်ဆိုရင်လည်း LGBT တွေက လူသားတွေဖြစ်တယ်၊ LGBT တွေက နိုင်ငံသားတွေဖြစ်တဲ့အတွက် ကြောင့်မို့လို့ နိုင်ငံရေးအခွင့်အရေးကိုလည်း အပြည့်အဝရသင့်တယ်။ နိုင်ငံက အဲဒါကိုမပေးဘူး။ ဥပဒေ အကြောင်းအရာတွေနဲ့ ကန့်သတ်ပြီးတော့ ဖယ်ကျဉ်မယ်၊ ခွဲခြားဆက်ဆံခံရမယ်ဆိုရင်တော့ သေချာတယ် အဲဒီနိုင်ငံက LGBT ဦးရေများရင်များသလောက် လုပ်နိုင်တဲ့စွမ်းရည်တွေ ဉာဏတွေကို ဆုံးရှုံးမယ်၊ ဆုံးရှုံး လာတာနဲ့အညီ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အများကြီးနောက်ကျသွားနိုင်တယ်ပေါ့။ ဒါက မိသားစု ကနေပြီးတော့ နိုင်ငံအဆင့်ထိ ခံစားသွားနိုင်တဲ့ အခြေအနေပေါ့။ ခွဲခြားဆက်ဆံခံရလို့ LGBT တွေကဏ္ဍ အသီးသီးမှာ မပါဝင်လာပါဘူး၊ ဥပမာဆိုရင် ပညာရေးပေါ့နော်၊ လူတယောက် ပညာသင်ပြီးရင် အသက် ရှင်ရပ်တည်ဖို့ အလုပ်အကိုင်တွေမရတာ၊ ပညာသင်ရပေမဲ့ အလုပ်အကိုင်မရဘူး၊ အလုပ်အကိုင်မရတော့ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်ကိုင်လာရတယ်၊ ပြည့်တန်ဆာလုပ်ငန်းကို မကောင်းဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ ပညာမတတ်တဲ့အတွက်ကြောင့် အောက်ခြေအလုပ်တွေ အများစုအားဖြင့် လုပ်ကိုင်ရတယ်။ နောက်တချက်က လူအများက မြန်မာနိုင်ငံဆိုရင် လက်ခံတဲ့အလုပ်တွေဖြစ်တဲ့ ကျမတို့သိတဲ့ မိတ်ကပ်တို့ ဒီဇိုင်းပေါ့နော်။ နောက်တခုကျတော့ ရိုးရာနတ်ကတာ၊ နတ်ကတော် အစရှိသဖြင့် ဒီလိုအလုပ်တွေကိုပဲ လုပ်ကိုင်ရတာပါ ဒီလိုအလုပ်တွေကို မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။ LGBT ဖြစ်လာပြီဆိုရင် ထို အလုပ်ကလွဲပြီးတော့ ရွေးချယ်စရာအလုပ်မရှိသလောက် ဖြစ်နေတယ်ပေါ့နော်။ မိတ်ကပ်ဆိုတာကလည်း တနှစ်ပတ်လုံး လုပ်ဖြစ်နေတာမဟုတ်ဘူး။ နောက်တခုက ဒီဇိုင်းနာဆိုတာလည်း တနှစ်ပတ်လုံး အလုပ်ဖြစ် နေတာ မဟုတ်ဘူး။ တနှစ်ပတ်လုံး အလုပ်ဖြစ်သည်ထားဦး၊ ဘယ်သူမှ အမြဲတမ်းလည်း မလုပ်နိုင်သလို အချို့ပါရမီမပါတဲ့ အကြောင်းအရာတွေလည်းရှိတယ်။ ကျမဆိုရင် ဥပမာ – trangender woman တစ် ယောက်ဖြစ်ပေမဲ့ မိတ်ကပ်လည်း မလိမ်းတတ်ဘူး။ အဝတ်လည်း မချုပ်တတ်ဘူး။ ဘာမှမလုပ်တတ်ဘူး။ ကျမဘာလုပ်တတ်လဲ ပေါ်လစီတွေ Law တွေ ရေးမယ်နိုင်ငံရဲ့ တကယ့်နေရာတွေမှာ ပါဝင်ပတ်သက်မယ်။ ဒီလိုအလုပ်တွေနဲ့ပဲ ကျမဘဝကိုရှင်သန်ချင်တယ်။ အဲဒီအခါမှာ ခုနက public က လက်မခံတဲ့ နေရာဖြစ် တဲ့အတွက်ကြောင့်မို့လို့ အရမ်း လုပ်ရတယ် အရမ်းကိုခက်ခဲတယ်ပေါ့နော်။ နေရာတစ်နေရာရအောင် ရပ် တည်နိုင်ဖို့အတွက် အရမ်းကြိုးစားရတယ်။ သာမန်လူတွေထက် လေးငါးဆပေါ့၊ အဲဒီလို အကြောင်းအရာ လေးတွေ ရှိတယ်ပေါ့။
ဓူဝံ – လိင်စိတ်ခံယူမှု မတူညီမှုအပေါ်ခွဲခြားဆက်ဆံခဲ့ရတဲ့အတွက် ဘာတွေနစ်နာလဲဆိုရင် တစ်ယောက် ချင်းစီကအစ နိုင်ငံတော်အဆင့်အထိ ကမ္ဘာတစ်ဝန်းလုံးအထိ နစ်နာမှုတွေ ရှိနေ၊ ရှိနိုင်ပါတယ်။ ခွဲခြား ဆက်ဆံခံရမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ် နိုင်သလို အဆိုးဆုံးအနေဖြင့် လူသားအရင်းအမြစ်များဆုံးရှုံးရတဲ့ မိမိကိုယ့်ကိုသတ်သေနှုန်းတွေများလာ ခြင်းပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်သာ ငယ်စဉ်က မိသားစုထဲမှာ၊ ပတ်ဝန်းကျင်ထဲမှာ ခွဲခြား ဆက်ဆံခံရပြီး အတိုင်းအတာတစ်ခုထိ ခံနိုင်ရည်သာမရှိခဲ့ရင် ခုလို အခြေအနေမျိုးမရောက်နိုင်ဘဲ လမ်း ပေါ်လေလွှင့်ပြီး ကျွန်တော်ရောက်ချင်တဲ့ ပန်းတိုင်ကိုမရောက်ရှိနိုင်ဘဲ လူသားအရင်းအမြစ်တစ်ခု ဆုံးရှုံး သွားပါလိမ့်မယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ ကျွန်တော့်လိုမျိုး ခံနိုင်ရည်မရှိဘဲ ဖြစ်တည်မှု မတူညီမှုအပေါ် ခွဲခြားဆက်ဆံမှုတွေအပေါ် လက်မြှောက်အရှုံးပေးသွားတဲ့ လူငယ်တွေ ဘယ်လောက်ရှိနေပြီလဲ၊ ဘယ် လောက် ရှိလာဦးမှာလဲဆိုတာ စဉ်းစားစရာပါ။
ခွန်ခမ်းရာ – လိင်စိတ်ခံယူမှုအပေါ် မူတည်လို့ ခွဲခြားဆက်ဆံမှုခံရတာကြောင့် ကျွန်တော့်အတွက် ဆိုးကျိုးတွေကတော့ ကျွန်တော့်အတွေ့အကြုံအနေနဲ့ဆိုရင် ကျွန်တော့်ကို ဆရာတယောက်က ခွဲခြားတယ်။ နင်က အခြောက်မို့လို့ ဟိုးအနောက်မှာ သွားထိုင်ရမယ်၊ အနောက်မှာ သွားထိုင်ရတော့ ကိုယ့်မှာ သိမ်ငယ် စိတ်တွေ ဖြစ်လာမယ်။ ကြောက်ရွံ့စိတ်တွေပိုများလာမယ်။ ကိုယ့်ရဲ့ရဲရင့်မှု၊ ယုံကြည်မှုတွေ ပျောက်ဆုံး သွားသလို ခံစားရမယ်။ အဲဒီလိုပျောက်ဆုံးသွားတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။ လူကြား သူကြား ရှေ့မှာတွန်းသွားဖို့ လုံးဝအဆင်မပြေတော့ဘူး။ ယုံကြည်မှုတွေ နည်းလာမယ်ပေ့ါနော်။ ကိုယ့်ရဲ့ မိ သားစုထဲမှာလည်း ဥပမာ – ကိုယ်က LGBT ဖြစ်နေလို့ ကိုယ့်ရဲ့မိသားစုတွေလည်း ကဲ့ရဲ့ခြင်းခံရတယ်။ နင့်မှာ ဒီလိုသားသမီးရှိတာပဲ ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမတွေ၊ ကိုယ့်ရဲ့သူငယ်ချင်းတွေလည်း ပြောဆို ဆက်ဆံခံရမယ်။ ကိုယ်နဲ့ပေါင်းသင်းဆက်ဆံနေတဲ့သူငယ်ချင်းကိုလည်း နင်အခြောက်နဲ့ ပေါင်းနေတယ် နော်။ သူတို့ဆီမှာ ရောဂါပိုးတွေရှိရင် နင်ဆီကူးလိမ့်မယ်။ အမျိုးမျိုး မတူညီတဲ့စကားတွေ ကုန်းတိုက်တဲ့ စကားတွေများစွာပြောဆိုခံရမယ်။ ကိုယ့်ရဲ့အသိုင်းအဝိုင်း၊ မိဘဂုဏ်သိက္ခာတွေလည်း ကျဆင်းမယ်။ အဆင်မပြေဘူးပေါ့နော်
ဇင်ဇင်– ဒီလိင်စိတ်ခံယူမှုက တော်တော်များများ အဖက်ဖက်ကို အကျိုးသက်ရောက်ပါတယ်။ အလုပ်မှာ ခွဲခြားခံရတာ။ တစ်နေရာသွားရင် harassment လုပ်တာမျိုးတွေ။ ပြီးရင် ဒီ LGBT တွေကို နိုင်ငံရေး decision making (ဆုံးဖြတ်ချက်ချတဲ့)အပိုင်းတွေမှာလည်း ထည့်သင့်တယ်လို့ မြင်တယ်။ ဘာလို့လဲဆို တော့ LGBT ကိစ္စတွေဆို LGBT တွေကပဲ ပိုနားလည်တယ်။
လိင်စိတ်ခံယူမှုအပေါ် အခြေခံတဲ့ အနိုင်ကျင့်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့အတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ။ ဘာတွေလုပ်ဆောင်ရမယ်လို့ မြင်လဲ။
စူးရှရှင်းသန့် – အခက်အခဲနဲ့ ပတ်သက်ရင်တော့ အဲဒီလိုလုပ်ရင်းနဲ့ ကျမတု့ိက ခွဲထွက်နိုင်အောင်လို့ ခုန တုန်းကပြောတဲ့ ကျမတို့သတ်မှတ်ထားတဲ့ နေရာလေးတခုမှာပဲ မနေဘဲနဲ့ အစိုးရတွေ ပြည်သူတွေက လက်ခံလာဖို့ ပြီးတော့ ဥပဒေတွေ မူဝါဒတွေ ပြဌာန်းပြီး ရေးဆွဲပြီးတော့ လမ်းဖွင့်ပေးဖို့လိုသလို LGBT ကိုယ်တိုင်ကလည်း ဒါကို ရုန်းထွက်ဖို့တော့ လိုတာပေါ့နော်။
ဓူဝံ – လိင်စိတ်ခံယူမှုအပေါ်အခြေခံတဲ့ အနိုင်ကျင့်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေပပျောက်အောင် ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုရင်တော့ Straight (Non LGBT) တွေအပြင် ကျွန်တော်တို့ LGBT အုပ်စုဝင်တွေဆီ မှာလည်း အများကြီးရှိနေတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကို လူအများလက်ခံလာ အောင် ပညာပေးလုပ်ငန်းစဉ်များလုပ်ရုံသာမက ကျွန်တော်တို့ LGBT တွေ ကိုယ်တိုင်ကလည်း အများ လက်ခံနိုင်တဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုများနဲ့ ပြောဆိုသိမ်းသွင်းစည်းရုံးရမှာဖြစ်ပါတယ်။
ခွန်ခမ်းရာ – လိင်စိတ်ခံယူမှုအပေါ် အခြေခံပြီးတော့ နှိပ်စက်ခြင်းခံနေရတာတွေ ခွဲခြားဆက်ဆံခြင်း ခံနေရ တာတွေ ပပျောက်ဖို့အတွက် ဘယ်သူ့ဆီမှာ တာဝန်ရှိသလဲဆိုရင် ကျွန်တော့်အနေနဲ့ LGBT တွေသာမက လူတယောက်ချင်းစီမှာလည်း လိုအပ်တယ်ပေါ့နော်။ အဲဒီလူတွေမှာမှ လက်ခံတဲ့သူရှိတယ်။ လက်မခံနိုင် တဲ့သူတွေရှိတယ်။ ဥပမာ – လက်ခံနိုင်တဲ့သူတွေက လက်မခံနိုင်တဲ့သူတွေကို ရှင်းပြဖို့ နားထဲဝင်အောင် ဗဟုသုတတွေ များများရှိအောင် ပေးဖို့လိုအပ်တယ်။ ကျွန်တော်တို့ LGBT လူတွေကလည်း များများ လုပ် ဆောင်ဖို့လိုအပ်တယ်။ လက်မခံနိုင်သေးတဲ့သူတွေကို ဒီလိုခွဲခြားဆက်ဆံခြင်းတွေ မလုပ်ရအောင် လုပ် ဆောင်ရမှာတွေ အများကြီးရှိတယ်။ ဥပမာအနေနဲ့ဆိုရင် လက်မခံနိုင်တဲ့သူတွေဆီကို ဗဟုသုတတွေ များ များပေးရမယ်။ သတင်းစာတွေ၊ စာစောင်တွေ၊ ဖေ့စ်ဘုတ်ပေါ်က ဗွီဒီယိုရှော့ကဒ်လေးတွေ၊ စာသားတွေ၊ ကဗျာတွေလုပ်ပေးဖို့ အရမ်းလိုအပ်တယ်။ ခုလက်ရှိမြန်မာနိုင်ငံမှာဆိုရင် LGBT Network တွေရှိတယ်။ သူတို့တွေကိုလည်း ဖိနှိပ်ချုပ်ချယ်ခြင်းခံနေရတာ ပပျောက်ဖို့အတွက် သင်တန်းတွေပေးရမယ်။ Activity (လှုပ်ရှားမှုတွေ) လုပ်ပေးရမယ်။ workshop (အလုပ်ရုံဆွေးနွေးပွဲ)တွေ လိုအပ်တယ်။ လူတိုင်းလူတိုင်း အတွက် အရေးကြီးတယ်ပေါ့နော်။
ဇင်ဇင်– အနိုင်ကျင့်မှုတွေ ခွဲခြားဆက်ဆံခံရမှုတွေ အားလုံးက လူတိုင်းအပေါ်မှာ တာဝန်ရှိပါတယ်။ ကိုယ်က LGBT မို့ ပိုအရေးကြီးတာ မရှိပါဘူး။ အကုန်လုံး လူသားတွေမို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါတွေ ပပျောက်ဖို့ဆို လူသားတိုင်းမှာ humanity ဆိုတာရှိမယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။