Home စကားဝိုင်း ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသမီးပါဝင်မှု ဘာကြောင့်မြင့်တက်လာတာလဲ

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသမီးပါဝင်မှု ဘာကြောင့်မြင့်တက်လာတာလဲ

၂၀၂၀ ရွေးကောက်ပွဲကျင်းပဖို့ တဖြည်းဖြည်း ရက် နီးကပ်လာတာနဲ့တပြိုင်တည်းမှာ ပါတီအသီးသီးကလည်း ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ထုတ်ပြန်နေကြပါပြီ။

ယခုနှစ်မှာ ထူးခြားချက်တစ်ခုကတော့ ကိုယ်စားလှယ်လောင်းစားရင်းတွေမှာ အမျိုးသမီးပါဝင်မှုနှုန်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလတွေထက် သိသိသာသာ များပြားလာတာပဲဖြစ်ပါတယ်။

လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ အမျိုးသမီးပါဝင်မှုက ၂၀%၊ ကယန်းအမျိုးသားပါတီက ၅၀%၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ၅၀% စသဖြင့် ပါဝင်မှုနှုန်းမြင့်လာသလို အခြားနိုင်ငံရေးပါတီတွေမှာလည်း ယခင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီးပါဝင်မှုနှုန်းမြင့်လာတာ တွေ့ရပါတယ်။

ဒီလို အမျိုးသမီးပါဝင်မှုနှုန်း စံချိန်သစ်တင်နိုင်ခဲ့တာရဲ့ အဓိက သော့ချက်က ဘာတွေဖြစ်မလဲ၊ လွှတ်တော်နဲ့ အစိုးရအတွင်း အမျိုးသမီးတွေရဲ့ ပါဝင်မှုကရော ဘယ်လောက်အရေးပါသလဲ၊ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ဘယ်လောက်အရွေးခံရနိုင်မလဲဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်၊ ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဌ ခွန်ဘီထူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်တို့ရဲ့ ဆွေးနွေးချက်များကို တင်ပြလိုက်ပါတယ်။

အမျိုးသမီးပါဝင်ရေးနဲ့ပတ်သက်ပြီး ပါတီအတွင်း ဘယ်လိုမူဝါဒတွေချမှတ်ထားလဲ။

ဦးအောင်မိုးဇော်– DPNS ပါတီ ဥက္ကဌ

ဦးအောင်မိုးဇော်- ကျွန်တော်တို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာ အမျိုးသမီးပါဝင်မှုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် လူငယ်ပါဝင်မှုပဲဖြစ်ဖြစ် အခြားမတူကွဲပြားတဲ့ လိင်တွေ ပါဝင်မှုနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ ကိုတာစနစ် (ခွဲတမ်းချ ကိုယ်စားပြုစနစ်) အခြေခံအားဖြင့် ရှိတယ်။ သို့သော်လည်းပဲ အခြေအနေ အကြောင်းကြောင်းကြောင့် ဒီကိုတာစနစ်ကို ပြည့်မှီဖို့ ကြိုးစားနေတုန်းဖြစ်တာပေါ့နော်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ရွေးကောက်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ လုပ်ချင်တဲ့ အမျိုးသမီးတွေကို ကျွန်တော်တို့ပါတီအနေနဲ့က နေရာဒေသအသီးသီးမှာ နည်းနည်းများလာတယ်။ အဲဒါကြောင့်မို့လို့လည်း အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှု၊ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို လက်ခံပြီး ကျွန်တော်တို့ရဲဘော်တွေနဲ့ အားလုံး ပူးပေါင်းပြီးတော့ ဒီရွေးကောက်ပွဲမှာ အမျိုးသမီးရာခိုင်နှုန်းအတော်များများပါလာနိုင်အောင် ကျွန်တော်တို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ခွန်ဘီထူး- ပါတီမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ ပြင်ဆင်ထားတဲ့ မူဝါဒ တစ်ခုရှိတယ်။ အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုတဲ့ မူဖြစ်တယ်။ အဲဒီ မူအတိုင်းကို ကျွန်တော်တို့ ကြိုးပမ်းတယ်။ အောင်မြင်ခဲ့တယ်။ ပါတီညီလာခံကနေပြီးတော့ တင်မြှောက်နိုင်ခဲ့တယ်။
မြို့နယ်တိုင်းမှာ အမျိုးသမီး ပါဝင်မှုတွေရှိတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ ပြင်တဲ့ ကိုယ်စားလှယ်လောင်းမှာ လက်ရှိက ၁၀ ဦးရှိတယ်။ ၅ ဦးက အမျိုးသမီး ကိုယ်စားလှယ်လောင်းပါ။

မုံရွာအောင်ရှင်- ကျွန်တော်တို့ ပါတီ စဖွဲ့တဲ့ အခါမှာ အဓိက အားကတော့ လူငယ်ပဲဗျ။ ဒုတိယ အားကတော့ ပြန်ကြားရေးပဲ။ နောက်ပိုင်း အမျိုးသမီးအဖွဲ့၊ တတ်သိပညာရှင် အဖွဲ့တို့ ဖွဲ့တော့မှ အမျိုးသမီး အဖွဲ့တွေ ပါလာတယ်။ အဲဒီတုန်းက အမျိုးသမီး အဖွဲ့တွေကို တာဝန်ယူရတာကတော့ သာယာဝတီ စန်းစန်းနွဲ့တို့၊ ရွှေကူ မေနှင်းတို့ပေါ့။ အဲဒီနောက်ပိုင်း ၁၉၉၀ အလွန်ကျတော့ ပြန်ပြီး ပျက်သွားပြန်ရော။ အခုနောက်ပိုင်းမှာ အမျိုးသမီးအဖွဲ့ကို ဗဟိုအမျိုးသမီးလုပ်ငန်း အဖွဲ့ဆိုတာ ရှိတယ်ဗျ၊ အဲဒီအမျိုးသမီးလုပ်ငန်းအဖွဲ့က ခေါင်းဆောင်ကတော့ ဒေါက်တာ ဒေါ်မေဝင်းမြင့်။ ဒုတိယအတွင်းရေးမှူး ဒေါ်ဇင်မာအောင်ပေါ့။
သူတို့ အမျိုးသမီးအဖွဲ့တွေကို ပြည်နယ်နဲ့ တိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့လာနိုင်တယ်။ အမျိုးသမီးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ရှိတယ်။ Gender သင်တန်းတွေ ရှိတယ်။ အဲဒါတွေ ကျွန်တော်တို့ ပေးပါတယ်။ အမျိုးသမီးနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု သင်တန်းတို့လည်း ပေးတာရှိတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ပေးတဲ့ သင်တန်းတွေလည်း ရှိတယ်။ အခု နောက်ပိုင်းမှာ အမျိုးသမီးတွေက ဗဟိုအမျိုးသမီးအဖွဲ့က တော်တော်လေး ကျယ်ကျယ် ပြန့်ပြန့်လုပ်နိုင်လာတယ်။ လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသား ၊ ခေတ်ပညာတတ်ဦးစားပေးရမယ်ဆိုတာကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲ မူတိုင်းမှာ ပါတယ်။ အမျိုးသမီးရဲ့ အခန်းကဏ္ဍဟာ ကျွန်တော်တို့ ပါတီ အနေနဲ့ အသိအမှတ် ပြုထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။

ဒီနှစ်မှ ဘာလို့ ပိုများခဲ့တာလဲ။ အဓိကအကြောင်းအရင်းက ဘာဖြစ်မလဲ။

ဦးအောင်မိုးဇော်- အဓိကအကြောင်းအရင်းက ကျွန်တော်တို့ ပါတီထဲမှာ အမျိုးသမီးပါတီဝင်တွေ ပိုများလာတယ်။ အမျိုးသမီးရေးနဲ့ပတ်သက်လို့ အမျိုးသမီးတွေက ကဏ္ဍတိုင်း ကဏ္ဍတိုင်းပေါ့။ ဗဟိုကော်မတီမှာ၊ တိုင်းဒေသကြီးမှာ၊ မြို့နယ်အဆင့်မှာ၊ ရပ်ကျေးမှာ၊ အနိမ့်ဆုံးအဆင့် ၃ ပုံတပုံပါရမယ်။ သူ့ထက် များရင်လည်း ရတယ်ဆိုတဲ့ ကျွန်တော်တို့ပါတီရဲ့ မူအရ ကျွန်တော်တို့ ရဲဘော်တွေရဲ့ ပါဝင်မှုကို ကျွန်တော်တို့ တွန်းခဲ့တယ်။ ပြောရမယ်ဆိုရင် နှစ်ပိုင်းရှိတယ်ပေါ့။ တစ်ပိုင်းက အမျိုးသမီးတွေကိုယ်တိုင်ကလည်း ပါတီနိုင်ငံရေးလုပ်ချင်တာပါမယ်။ ပါတီနဲ့ ပူးပေါင်းဆောင်ရွက်ချင်တာ ပါလိမ့်မယ်။ နောက်တစ်ပိုင်းကတော့ ကျွန်တော်တို့ရဲ့ ပါတီမူဝါဒပေါ့။ ကျွန်တော်တို့ရဲ့ မူဝါဒက သူတို့ကြိုက်နှစ်သက်တဲ့ မူဝါဒမဟုတ်ဘူးဆိုရင် သူတို့ ဘယ်ပါမလဲ။ ကျွန်တော်ကတော့ အဲလိုယူဆပါတယ်။ အမျိုးသမီးတွေရဲ့ တက်ကြွမှု၊ ကျွန်တော်တို့ပါတီရဲ့ မူဝါဒ။ ဒီနှစ်ခု ပေါင်းစပ်တယ်လို့ ကျွန်တော်ကတော့ အဲလိုယူဆပါတယ်။

ခွန်ဘီထူး- အမျိုးသမီးတွေပိုပြီး ပါဝင်လာကြတာဟာ အမျိုးသမီးကိုယ်၌ကိုက စိတ်ဝင်စားလာတဲ့ အနေအထားမျိုး။ လမ်းဖွင့်ထားတယ်၊ ဖိတ်ခေါ်ထားတဲ့အပေါ်မှာလည်း စိတ်ဝင်စားတယ်။ ကျွန်တော်တို့ ပါတီက တိုင်းရင်းသားပါတီ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ တိုင်းရင်းသားပါတီကို ပံ့ပိုးချင်တဲ့သူတွေက ပိုများလာတယ်။ ဝန်းရံရမယ်။ တိုင်းရင်းသားပါတီက နိုင်မှ ဆိုတာမျိုး ဆုံးဖြတ်လာတဲ့အတွက် ပါတီ ရွေးကောက်ပွဲအတွက် ဝင်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။

ပြီးတော့ အမျိုးသမီးတွေ ကိုယ်၌က မတူညီတဲ့ ဗျူဟာနဲ့ ချဉ်းကပ်တာက ပါတီမှာလည်း တော်တော် များတွေ့ရတယ်ပေါ့နော်။ တချို့သူတွေ မထင်မှတ်တဲ့ အိုင်ဒီယာအသစ်တွေ ထုတ်ပေးနိုင်တယ်၊ လုပ်နိုင်တဲ့ အတွက် အမျိုးသမီးပါဝင်မှုကို တော်တော်လေး အရေးပါအရာရောက်တဲ့ အခြေအနေမျိုး တွေ့ရတယ်။
အထူးသဖြင့် ပါတီအတွင်း စည်းရုံးရေးလုပ်တဲ့အချိန်မှာ အမျိုးသမီးဘက်က လူဦးရေတွေ အများကြီး ပြန်ပါလာတယ်။ အထူးသဖြင့် ကျွန်တော်တို့ ပါတီကို ဝန်းရံလာတဲ့ ပြည်သူတွေနဲ့ ပါတီဝင်တွေက အမျိုးသမီးတွေ ဖြစ်လာတယ်။ ဒါကြောင့် ဒီနေ့ ဒီအချိန်မှာ အမျိုးသမီးတွေကို နေရာပေးသင့်ပြီဆိုတာ ဖြစ်လာပါတယ်။
၂၀၁၅ တုန်းကတော့ ပါတီမှာ အမျိုးသမီးပါလာအောင် ကျင့်သုံးတဲ့ အလေ့အကျင့်တွေလည်း ဂဃဏန မရှိခဲ့ဖူးဆိုတော့ အမျိုးသမီးပါဝင်မှု နည်းနေတယ်လို့ ယူဆပါတယ်။

မုံရွာအောင်ရှင်-NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး

မုံရွာအောင်ရှင်- များလာတာက ကျွန်တော်ထင်တာက ၂၀၁၅ တုန်းက အမျိုးသမီးပါဝင်ပြီး အရွေးခံတာက နည်းတယ်ဗျ။ ၂၀၁၅ က NLD အစပိုင်းလို ဖြစ်နေတော့ အခုမှာက ကျွန်တော်တို့က ၅ နှစ် သက်တမ်းလည်း ဖြစ်လာတဲ့ အခါမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ စိတ်ဝင်စားမှုက များလာတယ်လေ။ ဒါကြောင့် ပါလာတာပါ။

ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်မှုများပေမယ့် ရွေးကောက်ပွဲမှာ ဘယ်လောက် ရွေးချယ်ခံရနိုင်မယ်လို့ မျှော်မှန်းထားလဲ။

ဦးအောင်မိုးဇော်- ကျွန်တော်တို့ ရဲဘော်တွေ အတော်များများ အရွေးခံရလိ့မ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ရဲဘော်တွေ အတော်များများက ဒေသဆိုင်ရာတွေမှာ တော်တော်ကို တက်တက်ကြွကြွ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တခြားရပ်ရေးရွာရေးကိစ္စတွေမှာ အတော်များများ ရှေ့တန်းကနေ ဆောင်ရွက်တဲ့ သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ စာရင်းဇယားတွေ ထုတ်ပြန်လာရင် တွေ့ပါလိမ့်မယ်။ ကျွန်တော်တို့က ဘယ်သူ့ဖြစ်ဖြစ် အမျိုးသမီးဆိုရင်ရင်ပြီးရော ခေါ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ပါတီဝင်ဖြစ်ဖို့၊ ကျွန်တော်တို့ပါတီနဲ့ ဖြတ်သန်းမှု တစုံတရာရှိဖို့၊ ကျွန်တော်တို့ရဲ့ မူဝါဒတွေကို ယုံကြည်ဖို့ အဲလိုအခြေခံတွေနဲ့ပဲ ကျွန်တော်တို့ ရွေးချယ်တာဖြစ်ပါတယ်ဗျ။

တဖက်မှာလည်း အမျိုးသားကိုယ်စားလှယ်တွေနဲ့ယှဉ်ရင် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေအပေါ် လူထုရဲ့ လက်ခံမှုအခြေအနေကလည်း အားနည်းမှုတော့ တစုံတရာ ရှိနေသေးတယ်။ ဒီအခြေအနေကြီးကို ကျွန်တော်တို့ တွန်းရပါမယ်။ ကျွန်တော်တို့က ဖောက်ထွက်ရမှာပဲ။ ဒီအခြေအနေကြီးကို ကျွန်တော်တို့က ဖောက်မထွက်ဘူးဆိုရင် ဒီဟာက ဘယ်တော့မှ ကျမှာမဟုတ်ဘူး။ ကျွန်တော်တို့ကလည်း တနိုင်ငံလုံးအတိုင်းအတာအရ မလွှမ်းခြုံတဲ့အခါကျတော့ ကိုယ့်အင်ကိုယ့်အားနဲ့ ကိုယ်ရှိသလောက်ကြားမှာ ဒီအခြေအနေကို ကျွန်တော်တို့က ဖောက်ထွက်ဖို့ ကြိုးစားနေရတာပါ။ ဒီအမျိုးသမီးကိစ္စတင်မဟုတ်ပါဘူး။ တခြား လူငယ်ကိစ္စတွေမှာလည်း ဒီလိုပဲ။ ဒီအခြေအနေကြီးကို ကျွန်တော်တို့ ကြောက်နေရင်၊ ငါတို့ အရွေးခံရမှာ မဟုတ်ပါဘူးဆိုပြီး အပြစ်တင်ကြမှာကို ကြောက်နေမယ်ဆိုရင် ဒီလိုကိစ္စမျိုးတွေကို ကျွန်တော်တို့ ဘယ်တော့မှ ရှေ့ကို ဆက်တိုးပြီးဖောက်ထွက်နိုင်လိမ့်မယ်လို့ ကျွန်တော်မယူဆဘူး။ ကျွန်တော်တို့က တစုံတရာ မှန်ကန်တယ်၊ တရားမျှတတယ်လို့ ယူဆတဲ့ကိစ္စ။ အမျိုးသမီးတွေ ရွေးချယ်ခံရရင်၊ လူနည်းစုတွေ ရွေးချယ်ခံရရင် ကျွန်တော်တို့ တိုင်းပြည်မှာ အချို့အချို့သော ဖိနှိပ်မှု ကျွန်တော်တို့ တစုံတရာ ကျော်လွှားနိုင်လိမ့်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ ဖောက်ထွက်ဖို့လိုတယ်။ သိပ်ကြောက်နေလို့ရှိရင်တော့ ကျွန်တော်တို့ ယုံကြည်တာတွေက ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်။

ခွန်ဘီထူး– ကယန်းအမျိုးသားပါတီဥက္ကဌ

ခွန်ဘီထူး- လက်ရှိ အမျိုးသမီး ကိုယ်စားလှယ် ၅ ဦးစလုံးက အရည်အချင်းရှိတဲ့ သူတွေပဲလေ။ ဒါပေမဲ့လည်း အမျိုးသမီး ၅ ဦးထဲမှာ ၁ ဦးကတော့ နိုင်ဖို့ ရာခိုင်နှုန်းနည်းနေတယ်။ ဘာလို့လဲဆိုတော့ သူပြိုင်ရမှာက တောင်ကြီး မြို့နယ်တို့ ညောင်ရွှေ မြို့နယ်တို့ ပါတဲ့အတွက် အမျိုးသမီး ၅ ဦးထဲမှာ သူကတော့ နိုင်ဖို့ ရာခိုင်နှုန်းနည်းတာပေါ့။ သူတို့တွေ အားလုံးက လွှတ်တော်ထဲမှာ သင့်တော်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မျှော်လင့်ထားတယ်။ လွှတ်တော်ထဲမှာ အမျိုးသမီးအခွင့်ရေးနဲ့ ကလေး ကိစ္စတွေရော ကျွန်တော်တို့ရဲ့ အမျိုးသားနိုင်ငံရေး ကိစ္စတွေရော အမျိုးသမီးတစ်ယောက် အနေနဲ့ တင်သွင်းတာတွေ ပြတ်ပြတ်သားသား လုပ်မယ်လို့ မျှော်လင့်ထားတယ်။

မုံရွာအောင်ရှင်- ကိုယ်စားလှယ်လောင်းတွေကိုလည်း တော်တော်များများကိုပြန်ပြီးတော့ အရွေးချယ်ခံရမှာပါ။ ကျွန်တော်ထင်တယ် ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းလောက်က ပြန်ပြီးအရွေးခံရမယ်လို့ ထင်ပါတယ်။ ကျွန်တော်မြင်တာပေါ့လေ။ အဲ့ဒါကတော့ ကျွန်တော်ထင်တာပေါ့။
နောက်တစ်ချက်က အမျိုးသမီးတွေရဲ့ လွှတ်တော်ထဲမှာ စွမ်းဆောင်ရည်ကလည်း ကောင်းတယ်။ လွှတ်တော်ထဲမှာ မေးခွန်းတွေ မေးတယ်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေက ပိုပြီးတော့များတယ်ဆိုတာ စစ်တမ်းအရ သိရတယ်။ အမျိုးသမီးတစ်ယောက်ဆိုလို့ရှိရင် ခုနှစ်ကြိမ်လောက် မေးဖူးတယ်လို့ မှတ်တမ်းအရ သိရပါတယ်။ အမျိုးသမီးတွေမေးခွန်း တော်တော်များ မေးခွန်းမေးနိုင်တယ်။ မေးခွန်းမေးတယ်ဆိုတည်းက ပြည်သူလူထုထဲ အများကြီးဆင်းလို့ပေါ့။

အမျိုးသမီးတွေ လွှတ်တော်အတွင်း၊ အစိုးရအတွင်း ပါဝင်လာဖို့ အရေးကြီးလား။ ဘာကြောင့်လဲ။

ဦးအောင်မိုးဇော်- ကျွန်တော်တို့ တိုင်းပြည်ရဲ့ လူဦးရေ တဝက်ကျော်ကျော်က အမျိုးသမီးတွေ။ ဒီဥပဒေတွေ ပြုတဲ့နေရာမှာပဲဖြစ်ဖြစ် နိုင်ငံရေးအခြေအနေတွေကို စဉ်းစားကြတဲ့နေရာမှာပဲဖြစ်ဖြစ် သူတို့မပါခဲ့ဘူးဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ လူဦးရေရဲ့ တဝက်ကျော်ကျော်ရဲ့ အမြင်သဘောထားတွေကို ဒီလွှတ်တော်က ဘယ်လိုကိုယ်စားပြုနိုင်မလဲ။ အဲဒါက အမျိုးသားတွေကလည်း ငါတို့ရှိတဲ့အတွက် ငါတို့ ကိုယ်စားပြုနိုင်တယ်လို့ ပြောလို့မရဘူးလေ။ အဲလိုပြောရင်တော့ ကျွန်တော်တို့အနေနဲ့ လက်မခံဘူး။ ဆိုလိုတာက ဒီတိုင်းပြည်ထဲမှာ အမျိုးသားတွေရှိမယ်၊ အမျိုးသမီးတွေရှိမယ်၊ ဒီလူဦးရေကို ထပ်ပြီးတော့ ခွဲခြမ်းစိတ်ဖြာလိုက်ရင် မတူတဲ့ ဘာသာအယူအဆရှိတဲ့သူတွေရှိတယ်။ ဒီလူဦးရေကို ထပ်ခွဲခြမ်းစိတ်ဖြာလိုက်ရင် မတူတဲ့ လူမျိုးတွေရှိတယ်၊ ဒီလူတွေအားလုံး လွှတ်တော်ထဲမှာ နေရာရပြီးတော့ ကိုယ်စားပြုနိုင်ပါမှ ကျွန်တော်တို့တိုင်းပြည်ကို လှလှပပ ကျွန်တော်တို့ တည်ဆောက်နိုင်မှာပေါ့။ အခုအခြေအနေက အဲလိုမဟုတ်ဘူးလေ။ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ။
အနိမ့်ဆုံးအဆင့် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူတို့အသံတွေ အရေးကြီးတယ်လို့ ကျွန်တော်ယူဆတယ်။ အမျိုးသမီးတွေရဲ့ အယူအဆ၊ အမျိုးသမီးတွေရဲ့ အတွေးအခေါ်၊ ကျွန်တော်တို့ရဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို သူတို့ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့အမြင်ဟာ သိပ်ကို အရေးကြီးတယ်၊ သိပ်အက္ခရာကျတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အဓိကပြဿနာကလည်း ကနေ့ အခြေအနေအထိ ပြည်တွင်းစစ် ပြဿနာဖြစ်တယ်။ ဆိုတော့ ဒါကို ကျော်လွှားဖို့လိုတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့လိုတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့အတွက် ကျွန်တော်တို့ တိုင်းပြည်ထဲမှာရှိတဲ့ လူ့အလွှာအသီးသီး အစုအဖွဲ့အသီးသီး လူမျိုးအသီးသီးကို ကိုယ်စားပြုတဲ့သူတွေ၊ အမျိုးသမီးပဲဖြစ်ဖြစ် တခြားလူနည်းစုတွေပဲဖြစ်ဖြစ် တခြားလူမျိုးစုတွေပဲဖြစ်ဖြစ်၊ ဒီလွှတ်တော်ထဲမှာ သူတို့လူမျိုး၊ သူတို့ရဲ့လိင်၊ သူတို့ရဲ့နယ်၊ စသဖြင့် ဒါတွေကို ကိုယ်စားပြုပြီး လွှတ်တော်ထဲမှာ ပါနေဖို့ လိုအပ်တယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်။

ခွန်ဘီထူး- လွှတ်တော်အတွင်း အစိုးရအတွင်း အမျိုးသမီး ပါဝင်လာမှု အရေးကြီးပါတယ်။ အမျိုးသမီးတွေက ရာခိုင်နှုန်းအရများတယ်။ သူတို့ရဲ့ ပါဝင်မှုက အရေးကြီးတယ်။ သူတို့ အချင်းချင်း စကားပြောတဲ့ နေရာမှာ ပိုပြီးတော့ အလေးသာတယ်။ အကြောင်းအရာ (Issue) တွေကို ပိုသိတဲ့အတွက် လူထုကို အကျိုးပြုမယ့် ကိစ္စတွေ၊ အရေးကြီးတဲ့ ကိစ္စတွေနေရာမှာ ပိုပြီးထိရောက်တယ်ပေါ့နော်။
အမျိုးသမီးရှု ထောင့်ကနေ၊ ဥပမာဆိုရင် စီမံကိန်းတွေပဲ ဖြစ်ဖြစ်၊ စဉ်းစားတွေးခေါ်တဲ့ နေရာမှာ ကျွန်တော်တို့တွေက သမားရိုးကျ စဉ်းစားတယ်။ အမျိုးသမီးတွေ ပါဝင်တဲ့အတွက် အမျိုးသမီးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ၊ ဘတ်ဂျက်တွေ ဒါတွေ စဉ်းစားတဲ့နေရာမှာ အင်မတန်မှ အရေးကြီးတယ်။ အမျိုးသမီးတွေ ကိုယ်တိုင် ပါဝင်ပြီး သူတို့ကိုယ်တိုင်ဆွေးနွေးမယ်၊ အဆိုတင်သွင်းမယ် ပိုမို ထိရောက်တာပေါ့နော်။

အမျိုးသမီး အခွင့်အရေးတွေကို ကျွန်တော်တို့ နိုင်ငံက စီဒေါဆိုလည်း လက်မှတ်ထိုးတယ်။ ကုသမဂ္ဂ စာချုပ်တစ်ချို့ဆိုလည်း လက်မှတ်ထိုးကြတယ်။ ဥပဒေတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အမျိုးသမီးတွေကိုယ်၌က ဖိအားပေးတာတို့ တောင်းဆိုတာတို့ အမျိုးသမီးတွေမှာ ထိထိရောက်ရောက် ပြင်ဆင်တာတို့၊ နောက်အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး အစိုးရ အဖွဲ့ကနေ ဘတ်ဂျက် ခွဲတမ်းချပေးတဲ့ အခါ၊တိတိကျကျ အစိုးရရဲ့ လိုက်နာကျင့်သုံးရမယ့် ဆုံးဖြတ်ချက်တွေ၊ ကတိကဝတ်တွေ ကို အကောင်အထည်ဖော်ခိုင်းတာတွေက အမျိုးသမီးကိုယ်၌ကပဲ စိတ်ဝင်စားပြီးမှ အမျိုးသမီးကပဲ လုပ်နိုင်မှာ ဖြစ်တဲ့ အတွက် သူတို့တွေက အရေးကြီးတဲ့အထဲမှာ ပါပါတယ်။

မုံရွာအောင်ရှင်- လိုတာပေါ့ဗျ၊ အများကြီး လိုတာပေါ့။ အစိုးရအတွင်းကို အမျိုးသမီး ပါဝင်လာဖို့ အများကြီး အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ထင်တာတော့ အမျိုးသမီးတွေက ဘာပဲ ဖြစ်ဖြစ် ကြိုးစားတယ်။ ယောက်ျားတွေထက် ပိုပြီး စေ့စပ်တယ်။ ဒါတွေကို မြင်ရတယ်။ သူတို့ကို ဒီလို အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ အစိုးရ လုပ်ငန်းတွေမှာ ပါဝင်မှု ရှိလာလေလေ ပိုပြီးတော့ အစိုးရ ယန္တာယားက ပိုပြီး သွက်လက်လာလိမ့်မယ်လို့ ကျွန်တော် ယူဆတယ်။

အစိုးရအတွင်း အမျိုးသမီးပါဝင်မှု သက်ရောက်မှု နှုန်းက လွှတ်တော်ထဲမှာ သက်ရောက်မှု ရှိသလိုပဲ အစိုးရ ဖြစ်လာပြီး အစိုးရထဲမှာလည်း ဒီလိုတက် တက်ကြွကြွ လုပ်ကိုင်မယ်လို့ ကျွန်တော်ထင်တယ်။ ဥပမာ ရန်ကုန်တိုင်း အစိုးရထဲမှာပဲကြည့်လေ။ ဒေါ်နီလာကျော်တို့လို၊ ဒေါ်မိုးမိုးစုကြည်တို့လို အမျိုးသမီးတွေ အစိုးရထဲမှာ ပါတဲ့အခါကျတော့ တော်တော်လေး လုပ်ရကိုင်ရတာ အဆင်ပြေတယ်လို့ ကျွန်တော်က အဲဒီလိုပဲ မြင်ပါတယ်။

Related Articles