Home သတင်း ၁ လကြာ ဆက်တိုက် ရေကြီးမှုကြောင့် ကျိုက်မရောမြို့ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ အခက်ကြုံနေ

၁ လကြာ ဆက်တိုက် ရေကြီးမှုကြောင့် ကျိုက်မရောမြို့ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ အခက်ကြုံနေ

ကောကော်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လအစောပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ကျောင်းဆရာမများနှင့် ကျောင်းသူကျောင်းသားများ ယခုချိန်ထိ  အခက်အခဲကြုံနေကြရကြောင်း သိရသည်။

῝ကျောင်းသွားရင် စာအုပ်ကတဖက်၊ ထမင်းချိုင့်နဲ့ကတဖက် ရေကတော်တော်ကြီးနေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ လှေကလဲမရှိ၊ ရေကအရမ်းကြီးစီးနေတယ်။ မျှော့ကလဲပေါမှပေါပဲ၊ ဒါပေမယ့် ကျောင်းကို မဖြစ်ဖြစ်အောင်တော့ တက်ရတယ်῎ လို့ ကျိုက်မရောမြို့ အထကခွဲနေ ဒသာမတန်းကျောင်းသူ ဖြစ်သူ မအိအိဖြိုးက ပြောသည်။

သြဂုတ်လ ၇ရက်နေ့တွင် စတင်ခဲ့သည့်မိုးကြောင့် မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအားလုံးနီးပါး နှစ်မြုပ်ခဲ့ပြီး အချို့နေရာများတွင် လူတရပ်စာနီးပါးနှင့် တချို့နေရာတွင်လည်း ထိုထက်မက ကျော်ခဲ့သည်ဟု ကျောင်းဆရာမများက ဆိုသည်။

ရေကြီးမှုကြောင့် စာသင်ကျောင်းများ တစ်လလုံးနီးပါး ပိတ်ထားရပြီး ကျောင်းပြန်ဖွင့်ပြီး ရက်ပိုင်းအတွင်း သြဂုတ်လ ၃၀ ရက်နေ့တွင် လူတရပ်စာလောက် ရေပြန်တက်လာသောကြောင့် မူလတန်းနှင့် အလယ်တန်းများကို ကျောင်းပြန်ပိတ်ခဲ့ရသည်။   ၁၀တန်း (တက္ကသိုလ်ဝင်တန်း) များကိုမူ ကျိုက်မရောမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ဘုရားကြီးကျောင်းတိုက်တွင် ဆရာမများမှ စာသင်ကြားမှုများကို ပြုလုပ်နေကြရသည်ဟု ဒေသခံများက ဆိုသည်။

ကျိုက်မရောမြို့နယ်တွင် စာသင်ကျောင်းပေါင်း ၁၄၀ ကျော်ရှိသည့်အနက် ၄၂ ကျောင်းမှာ ယခုလထဲတွင် ပိတ်ထားရသည်ဟု ကျိုက်မရောမြို့နေ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် လောကအလင်းအဖွဲ့မှ ညှိနှိုင်းရေးမှူးဖြစ်သူ ကိုသောင်းညွန့်စိုးက ပြောပြသည်။

῝ကျောင်းပြန်ဖွင့်တာ ၃ ရက်လောက်ပဲရှိသေးတယ်။ မနေ့က ရေပြန်တက်လာတော့ ခုပြန်ပိတ်ရပြန်ရော။ မြစ်ရိုးတလျှောက် တောင်ကျရေတွေက လျှံကျလာပြီး အောက်ဖက်ကပိတ်တော့ ဒယ်အိုးထဲ ရေလျှံကျသလိုဖြစ်နေတယ။ ဒါကြောင့် ကျိုက်မရောတမြို့နယ်လုံးက အတ္ထရံမြစ်တလျှောက် ရေလွမ်းမိုးကုန်တာ။ နှစ် ၄၀ အတွင်း အဆိုးဆုံးလို့ ပြောရမယ်῎ လို့ ကိုသောင်းညွန့်စိုးမှ လက်ရှိအခြေအနေကို ပြောပြသည်။

ကျိုက်မရော အထကခွဲတွင် စာသင်ကြားသည့် ဆရာမများအားလုံးမှာ ၃၃ ဦးရှိပြီး ကျောင်းစောင့်တဦးတည်းသာလျှင် အမျိုးသားဖြစ်သည်။ ကျောင်းဆောင်ဝင်းထဲတွင် နေထိုင်သည့် ဝေးလံသောဒေသမှ ဆရာမများတချို့မှာ အခက်အခဲများ တွေ့နေရကြောင်း အလယ်တန်းပြ ဆရာမဒေါ်မြမြဝင်းက ပြောသည်။

῝ကျောင်းကတော့ အကုန်မမြုပ်ပေမယ့် ကျောင်းထဲက စာသင်ခုံတွေ ပစ္စည်းတွေကို ကျမတို့ ဆရာမတွေကိုယ်တိုင်ကပဲ အပေါ်ကို စီပြီးတင်ကြတယ်။ ကျမတို့က မတ်တပ်ရပ်ပြီး စာသင်ရတာကြောင့်  ကျမတို့ခြေထောက်တွေ ယားယံကုန်တယ်။ နောက်ပြီး မျှော့တွေတွယ်တာရှိတယ်၊ မျှော့အန္တရာယ်အပြင် မြွေအန္တရာယ်လဲ ကြောက်ရသေးတယ်” လို့ သူမမှ လက်ရှိကြုံတွေ့နေရသည့် အခြေအနေတွေကို ပြောပြသည်။

၎င်းတို့ကြုံတွေ့နေရသော အခက်အခဲများနှင့် လက်ရှိအခြေအနေတွေအတွက် တာဝန်ရှိသူများမှာ တစုံတရာ ဆောင်ရွက်ပေးတာမျိုးမရှိပဲ မိမိတို့ ကျောင်းဆရာမများ၏ အင်အားနှင့် လက်ရှိအခြေအနေများကို ကိုယ်တိုင်ဖြေရှင်းနေရသလို အိမ်မှ ကျောင်းသို့ စာသင်လာရသော လှေကတိုးခမှာလည်း မိမိတို့ ဆရာမများကိုယ်တိုင် တာဝန်ယူဖြေရှင်းနေရသော အခြေအနေတွင် ရှိနေသည်ဟု ဆရာမများက ပြောပြသည်။

῝သမီးတို့က ၁၀ တန်းဆိုတော့ စာမသင်ရမှာစိုးတယ်။ ကျောင်းလာရဖို့အတွက်လည်း ခက်ခဲတော့ စာမလိုက်နိုင်မှာ ကျောင်းသူကျောင်းသားအားလုံးက စိတ်ပူကြတယ်။ ၁၀ တန်းဆိုတာ ဘဝအတွက် အဆုံးအဖြတ်ပေးရတဲ့ အချိန်မို့လို့လေ။ ဆရာမတွေတောင် အဝေးကြီးကနေ လာသင်ပေးနေသးတာပဲ။ သမီးတို့တွေက ဘာလို့မလာရမှာလဲ။ ဒါကြောင့် လှေစီးပြီး ခုလို ဘုန်းကြီးကျောင်းမှာ စာလာသင်ရတာပါ῎ ဟု မအိအိဖြိုးက ပြောသည်။

မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် ကျောင်းသင်ထောက်ပစ္စည်းများအပြင် ကျောင်းဆောင်များ ပျက်စီးကုန်ပြီး ရေဘေးအတွက် ကူညီထောက်ပံ့မှုတွင် ကျောင်းသူကျောင်းသားများအတွက် အသက်ကယ် အင်္ကျီများကို ကူညီဆောင်ရွက်ပေးသင့်သည်ဟုလည်း သူမ၏အမြင်ကို ပြောပြသည်။

Author:

Related Articles