နန်းဆိုင်နွမ်။ စက်တင်ဘာ ၅၊၂၀၁၉
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့တို့ရဲ့ သြဂုတ်(၁၅)ရက်မှစတင်လာတဲ့ တိုက်ပွဲများက တနေ့ထက်တနေ့ပိုပြင်းထန်လာပြီး အမျိုးသမီးနဲ့ကလေးငယ်တွေ ထိခိုက်သေဆုံးမှုများအထိ ဆက် လက်ဖြစ်လာပါတယ်။
သြဂုတ်(၃၁)ရက်နေ့မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ မြောက်ပိုင်းမဟာ မိတ် (၃)ဖွဲ့တို့ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးနေချိန်၊ ရှမ်းမြောက်ဒေသ၊ ကွတ်ခိုင်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား ခဲ့ပြီး အမျိုးသမီးများနဲ့ လသားကလေး(၁)ဦးအပါအဝင် စုစုပေါင်း(၅)ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် သေဆုံးသူ(၈)ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ(၂၆)ဦးရှိပြီး သေဆုံးသူများထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေ ပိုများနေပါတယ်။
ဒါကြောင့် တိုက်ပွဲအတွင်း အမျိုးသမီး(၃)ဦး၊ လသားကလေး(၁)ဦးနဲ့ (၈)နှစ်အရွယ် ကလေး(၁)တို့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြတဲ့အပေါ် အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူများက ပြင်းပြင်းထန်းထန် ရှုတ်ချနေကြပါတယ်။
“အမျိုးသမီးနဲ့ ကလေးတွေ လက်နက်ကြီးထိတော့ ကျမအားတောင် မရှိတော့ဘူး။ အိမ်ထဲမှာနေကြတာတောင် မလုံခြုံတဲ့ဘဝ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ထိခိုက်တာတော့ လွန်တယ်” လို့ ကွတ်ခိုင်အခြေစိုက် စစ်ရှောင် များကို အကူအညီပေးနေတဲ့ မမိုင်မိုင်းက ပြောပါတယ်။
လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့ မိခင်နဲ့ လသားကလေးငယ်အပါအဝင်(၅)ဦးဟာ နေအိမ်ထဲမှာ ရှိနေပြီး လ သားကလေးကို မိခင်ဖြစ်သူက ကျောပိုးထားချိန်မှာ ထိမှန်ခဲ့တာဖြစ်ပါတယ်။
လက်နက်ကြီးက အရပ်သားများနေအိမ်ပေါ်ကိုကျပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ရုပ်ပျက်ဆင်းပျက် သေဆုံး နေတာကို မြင်ရတော့ စိတ်နာမိတယ်လို့လည်း မမိုင်မိုင်းက ဆက်ပြောပါတယ်။
“အမျိုးသမီးတွေနဲ့ လသားကလေးကိုထိတော့ ကျမအရမ်းကို ထိတ်လန့်တုန်လှုပ်အံ့သြမိပါတယ်” လို့ ရှမ်းမြောက် အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးအဖွဲ့(လားရှိုး)မှ နန်းစံပယ်ကလည်း ထပ်မံပြောဆိုခဲ့ပါတယ်။
ပြည်သူတွေ လုံခြုံရေးအတွက် အသက်အိုးအိမ်တွေ မထိခိုက်အောင် နှစ်ဖက်တပ်ဖွဲ့တွေ လုပ်ဆောင်ကြဖို့လည်း သူတို့က တိုက်တွန်းပြောဆိုနေကြတာဖြစ်ပါတယ်။
သြဂုတ် (၃၁)ရက်နေ့၊ ကွတ်ခိုင်မော်ဟိတ် စုစည်းကျေးရွာမှာ လက်နက်ကြီးကျပြီး အမျိုးသမီးနဲ့ ကလေးငယ်အပါ အဝင်(၅)ဦးသေဆုံးမှုဟာ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ရဲ့ လက်ချက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စက် တင်ဘာ(၂)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
TNLA သတင်းပြန်ကြားရေးဝက်ဆိုက်ကလည်း ဒီလက်နက်ကြီးကျရောက်ပြီး လူသေဆုံးမှုဟာ ကွတ်ခိုင်အခြေစိုက် ခလရ(၂၄၁)က ၁၂၂ မမလက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ စက်တင်ဘာ(၂)ရက်နေ့မှာ တချိန်တည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အခုလိုအပြန်အလှန်စွတ်စွဲပြောဆိုနေကြပေမယ့် အရပ်သားတွေထိခိုက်ဒဏ်ရာရ၊ သေဆုံးအောင် ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ မလုပ်သင့်ဘူးလို့ ဒေါ်မေစံပယ်ဖြူက ထောက်ပြပြောဆို ခဲ့ပါ တယ်။
“ကွတ်ခိုင်မြို့နယ်မှာ အမျိုးသမီးနဲ့ကလေးငယ်တွေ လက်နက်ကြီး ထိမှန်သေဆုံးကြရတဲ့ကိစ္စကို ကျမအနေနဲ့တော့ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါတယ်။ လုံးဝမဖြစ်သင့် မဖြစ်ထိုက်တဲ့လုပ်ရပ်မျိုးပါ” လို့ ကျား၊မရေးရာ တန်းတူညီမျှ ရေး ကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ပြောခဲ့တာဖြစ်ပါတယ်။
ပဋိပက္ခနဲ့ အရေးပေါ်အခြေအနေတိုင်းမှာ သက်ဆိုင်ရာကနေ ထုတ်ပြန်ချက်တွေ သတိပေးချက်တွေ လုပ်ဆောင် ပေမယ့် အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် လက်လှမ်းမမှီမှုတွေကြောင့် စစ်မက်ပဋိပက္ခနဲ့ အရေးပေါ် အန္တရာယ်တွေကြုံတွေ့တိုင်းမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ထိခိုက်သေဆုံးမှုတွေက ပိုများပါတယ်လို့ ဒေါ်မေစပယ်ဖြူ ဆက်ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းကို မလိုက်နာပဲ အရပ်သားတွေ၊ အမျိုး သမီးနဲ့ ကလေးသူငယ်တွေကို တမင်ထိခိုက်အောင် ရည်ရွယ်ပြီး တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း အမျိုးသမီးရေး တက်ကြွဆောင်ရွက်သူများက ဝေဖန်ပြောဆိုနေကြပါတယ်။
“မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေက အရမ်းကို ထိတ်လန့်စရာကောင်းသလို စိတ်ကိုပါထိခိုက်စေပါတယ်။ တိုက်ပွဲဖြစ်ရင် အထူးသဖြင့် အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေပေါ့။ သူတို့ဆိုရင် အရမ်းဒုက္ခရောက်ပါတယ်။ ပြည်သူတွေက ကြားမှာညှပ်နေ တယ်” လို့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းမှ နန်းခမ်းအွန်က ပြောပါတယ်။
လက်ရှိ နိုင်ငံရေးအကူးအပြောင်းကာလမှာ စစ်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရပြီး တိုက်ပွဲဖြစ်ရင် ပြည်သူများကသာ ဘဝတွေ၊ အသက်တွေ စတေးကြရတယ်လို့ နန်းခမ်းအွန်က ဆိုပါတယ်။
“ စစ်ဖြစ်ပြီဆိုရင် ဘယ်အဖွဲ့ကနိုင်တယ်၊ ရံှူးတယ်ဆိုတာပြောလို့ရပေမယ့် ပြည်သူတွေအတွက်တော့ အရံှူးတွေ ချည်းပဲ။ အိုးအိမ်ပျက်စီးတယ်၊ လုံခြုံမှုမရှိဘူး၊ တခါတလေ အသက်ပါဆုံးရံှူးရတယ်” လို့ နန်းခမ်းအွန်က ပြောလိုက် ပါတယ်။
ဆက်လက်ပြီး လားရှိုးရှမ်းလူမှုအဖွဲ့အစည်းမှ နန်းမွေနွံလျန်းက “ စစ်တိုက်ပြီဆိုကတည်းက လူသေဆုံးမှုရှိမယ်ဆို ပေမယ့် စစ်နဲ့ မပတ်သက်တဲ့ အမျိုးသမီးနဲ့ကလေးတွေသေတာ အရမ်းကိုဆန်းနေပါတယ်။ ဒီသေဆုံးမှုဟာ ဘယ် လက်နက်ကိုင်အဖွဲ့ကြောင့်ဘဲဖြစ်ဖြစ် ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်” လို့ ပြောပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ၊ စစ်ရှိန်လျော့ချဖို့နဲ့ ပြည်သူတွေ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပစ်မှတ်မထားဖို့အတွက် လည်း နန်းမွေးနွံလျန်က တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးမှုအတွက် လက်ရှိအချိန်အထိ ဘယ် အဖွဲ့အစည်းမှ ထိထိရောက်ရောက် တာဝန်ယူဖြေရှင်းပေးခြင်း မရှိဘူးလို့လည်း ဒေသခံများက ပြောဆိုနေကြပါ တယ်။
ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကတော့ ကွတ်ခိုင်မြို့နယ်၊ စီမံခန့်ခွဲမှုကော်မတီအနေနဲ့ တိုက်ပွဲကြား သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူမိသားစုများကို ဆန်(၅)အိတ်နဲ့ ဆီပိဿာ (၂၀) စီပေးဝေခဲ့တယ်လို့ ပြောပါတယ်။
ဆက်လက်ပြီး ဦးကျော်လွင်က “ ပြည်နယ်အစိုးရကလည်း သေဆုံးသူတဦး(၅)သိန်း၊ ထိခိုက်ဒဏ်ရာရသူကို (၁) သိန်း၊ နောက်ကယ်ဆယ်ရေးကလည်း သေဆုံးသူအတွက် (၁)သိန်း၊ ထိခိုက်ဒဏ်ရာရသူကို (၅)သောင်းစီပေးပါ တယ်” လို့ ပြောပြပါတယ်။
တိုက်ပွဲတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်များ အသက်ဆုံးရှုံးမှုက အဆိုးဆုံးဖြစ်ပြီး တိုက်ပွဲကြားထဲနေရတဲ့ ပြည်သူ တွေအတွက် အဖက်ဖက်က စိုးရိမ်နေရဆဲဖြစ်တယ်လို့လည်း ဦးကျော်လွင်က ဆက်လက်ပြောပါတယ်။
ရှမ်းမြောက်ဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်လူလူထုတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေး ငယ်တွေကို ငဲ့ညှာကာ စစ်ဆင်ရေးတွေ အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်း ရန်လည်း အမျိုးသမီး အဖွဲ့အစည်းများက တောင်းဆိုလိုက်ပါတယ်။
အမျိုးသမီးတွေ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေအတွက် ပထမဆုံးချမှတ်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ ဆုံးဖြတ်ချက်အမှတ်(၁၃၂၅)မှာ စစ်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အမျိုးသမီးများနဲ့ မိန်းကလေး ငယ်များအပေါ် သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားရန် အလေးထား ဖော်ပြထားပါတယ်။
- ရဲရင့်သောရခိုင်အမျိုးသမီး၏တရားမျှတမှုရှာပုံတော် - 18/09/2020
- သေနတ်သံကြား သားကိုပိုက်၍ ပြေးခဲ့သည် - 01/09/2020
- မူးယစ်တိုက်ဖျက်ရေးခေါင်းစဉ်အောက် အကြမ်းဖက်ခံ အမျိုးသမီးများ - 09/08/2020