Home ဆောင်းပါးသတင်းဆောင်းပါး ကျောင်းသူတွေအတွက် လုံခြုံစိတ်ချရတဲ့ တက္ကသိုလ်ဝန်းကျင်ဖြစ်စေဖို့

ကျောင်းသူတွေအတွက် လုံခြုံစိတ်ချရတဲ့ တက္ကသိုလ်ဝန်းကျင်ဖြစ်စေဖို့

သွေး(စစ်ကိုင်း)

တက္ကသီလာ မြကျွန်းသာလို့ဆိုတဲ့အတိုင်း အထက်တန်းစာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်တွေ တက် ရောက်ကြသူတွေ အတွက် လုံခြုံငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ရခြင်းဟာ လူငယ်ဘဝအတွက် လိုအပ်ပါတယ်။

တက္ကသိုလ် ကျောင်းသား/ကျောင်းသူဘဝဟာ တကယ့်ကို ပျော်ရွှင်စရာကောင်းပြီး လူငယ် တွေရဲ့ အနာဂတ်ကို လမ်းညွှန်တဲ့ အတွေ့အကြုံတွေကို ရယူနိုင်တာမို့ပါ။ ဒါပေမယ့် တက္ကသိုလ်တွေကို မြို့နဲ့ ဝေးတဲ့ နေရာတွေဆီ ဖွင့်လှစ်ခဲ့ပြီးတဲ့နောက် တက္ကသိုလ်ရဲ့ အငွေ့အသက် တွေ အပြည့်အ၀ မရတော့ဘဲ လုံခြုံရေး အားနည်းမှုတွေ ဖြစ်ပေါ်လာတာ ဒီနေ့ထက်ထိပါပဲ။

လုံခြုံမှုအားနည်းတာတွေနဲ့အတူ တက္ကသိုလ်ကျောင်းသူတွေ နောက်ထပ် တွေ့ကြုံနေရတာက လိင်ပိုင်း ဆိုင်ရာ နှောက်ယှက်မှုတွေ ဖြစ်ပါတယ်။ သိပ်မကြာသေးမီ အချိန်အတွင်းကပဲ လှိုင်တက္ကသိုလ် နယ်မြေနဲ့ ကမာရွတ်တက္ကသိုလ်နယ်မြေတို့မှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု ဖြစ်ပွားနေတဲ့ သတင်း တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ဒီထက် ဝေးလံတဲ့နေရာက တက္ကသိုလ်တွေမှာဆို ပိုပြီး စိုး ရိမ်စရာကောင်းတဲ့ အနေအထားဖြစ်နေပါတယ်။ လှိုင်တက္ကသိုလ်နယ်မြေနဲ့ ကမာရွတ်တက္ကသိုလ် နယ် မြေတွေမှာ ရန်ကုန်ပညာရေး တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသူတွေရဲ့အဆောင်တွေ ရှိပါ တယ်။

၂၀၁၉ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့ ညနေပိုင်းက ကမာရွတ်တက္ကသိုလ်နယ်မြေ၊ သထုံလမ်းက နဝဒေး ဆောင်ရှေ့မှာ ဘောလုံးကွင်းအနီး ရပ်ထားတဲ့ ကားတစ်စီးပေါ်က အမျိုးသားတစ်ယောက်က ရန်ကုန် ပညာရေးတက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသူနှစ်ယောက်ကို တကိုယ်ရေအာသာဖြေမှုပုံသဏ္ဍန် ပြုလုပ်ပြတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသူနှစ်ယောက်က အဲဒီဖြစ်ရပ်အတွက်  ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကို တိုင်ကြားခဲ့ပါတယ်။ အလားတူ ပြည်၊ ပုဂံ၊ တကောင်းစတဲ့အဆောင်တွေမှာ နေထိုင်ကြတဲ့ ကျောင်းသူတွေဟာလည်း လိင်ပိုင်းဆိုင်ရာ နှောက် ယှက်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

တက္ကသိုလ်နယ်မြေတွေအတွင်း ရပ်ထားတဲ့ကားတွေပေါ်ကဖြစ်စေ၊ တက္ကသိုလ်ဝင်းအတွင်း တည်ရှိတဲ့ ဆောင်ရွက်ဆဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကဖြစ်စေ၊ ကျောင်းသူတွေကို ကာယိန္ဒြေပျက်ပြား စေဖို့  အမူအရာတွေ၊ အပြောအဆိုတွေနဲ့ နှောင့်ယှက်ခံနေရတာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကလည်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားတဲ့ အမျိုးသား တစ်ဦးကို မအိသရဖီဆန်းအပါအဝင် ကျောင်းသူနှစ်ယောက်က ကမာရွတ်မြို့နယ် တရားရုံးမှာ တရား စွဲခဲ့ပါတယ်။

ဒဂုံတက္ကသိုလ်မှာလည်း ကျောင်းဝင်းက ကျယ်တဲ့အတွက် လုယက်တာ၊ ကာယိန္ဒြေပျက်ပြားအောင် ပြုမူတာတွေရှိတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ စာပေရေးရာကော်မတီတာဝန်ခံ ကို ကျော်စွာသူက ပြောပါတယ်။ အဲဒီအတွက် လုံခြုံရေးဆောင်ရွက်မှုတွေအပေါ် အားမရဘူးလို့လည်း သူက ဆိုပါတယ်။

“ကျောင်းက Campus ကျယ်တော့ လူပြတ်တဲ့နေရာမှာ လုယက်မှုတွေလည်း အနည်းငယ်တွေ့ရပါ တယ်။ ကျောင်းက လုံခြုံရေးအဖွဲ့ကိုတော့ လုံး၀ အားမရပါဘူး။ ကျောင်းမှာ ရန်ဖြစ်တာပဲဖြစ်ဖြစ်၊ အ မျိုးသမီးတွေ နှောင့်ယှက်မှုကြုံနေရတာပဲဖြစ်ဖြစ်၊ သိရှိရရင် လုံခြုံရေးတွေက သမဂ္ဂကျောင်းသားတွေ ထက် အမြဲနောက်ကျပြီးမှ ရောက်လာလေ့ရှိပါတယ်”

ကျောင်းတွင်းလုံခြုံရေးအားနည်းမှုနဲ့ ပတ်သက်ပြီး ကျောင်းသူတွေဘက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရကို တောင်းဆိုမှုတွေ ရှိပေမဲ့လည်း အစိုးရ တာဝန်ရှိသူတွေဘက်က အလေးအနက်ထားပြီး အကောင်အထည်ဖော်ပေးတာမျိုး သိပ်မတွေ့ရပါဘူးလို့လည်း ကျောင်းသူတွေက ပြောကြပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ကတည်းက ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂက သတင်းစာ ရှင်းလင်းပွဲတစ်ခု ကျင်းပပြီး တက္ကသိုလ်ကျောင်းသူတွေ ကာယိန္ဒြေနှောက်ယှက်ခံရမှုတွေဖြစ်နေလို့ ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနတို့ကို တက္ကသိုလ်နယ်မြေတွေရဲ့ လုံခြုံရေးကို ကြပ်မတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ စာပေရေးရာ ကော်မတီတာဝန်ခံ ကိုကျော်စွာသူက သမဂ္ဂ အနေနဲ့တော့ တတ်နိုင်သမျှ ပညာပေးမှု၊ ကူညီပေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဆက်ပြောပြပါ တယ်။

“အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ ပြောဆိုနှောက်ယှက်မှုတွေ လျော့နည်းလာစေဖို့ ကျွန်တော် တို့ကျောင်းသားသမဂ္ဂအနေနဲ့ အသိပညာပေးမှုတွေ၊ မိမိကိုယ်ကို ကာကွယ်ဖို့တွေ၊ ကမ်ပိန်းတွေ ဆောင်ရွက်နေပါတယ်။ အသိပညာပေးမှုအပိုင်းမှာ ကျွန်တော်တို့က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဟောပြောပွဲတွေ ပြုလုပ်တာလည်း ရှိပါတယ်။ အိမ်သာတွေမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ စတစ်ကာတွေ လိုက်ကပ်တာတွေလည်း ရှိပါတယ်။”

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ဘူမိဗေဒအဓိကနဲ့ စတုတ္ထနှစ်ကျောင်းသူ မနွယ်နွယ်ဟန်ကလည်း ဝေးလံတဲ့နေရာမှာ ကျောင်းတက်ရတဲ့အတွေ့အကြုံကို အခုလိုရင်ဖွင့်ပါတယ်။

“ဝေးလံတဲ့နေရာမှာ ကျောင်းတက်ရတော့ အရမ်းပင်ပန်းပါတယ်။ ကျမက ကြည့်မြင်တိုင်ကနေ ရန် ကုန်အရှေ့ပိုင်းတက္ကသိုလ် သန်လျင်တာဝကို ကား(၃)ဆင့်စီးပြီး သွားရတယ်။ အသွားအပြန် (၃) နာရီ ကြာတယ်။ ဒါတောင် ကားပိတ်တာ မပါသေးဘူး။ အဲဒီတော့ ကျမတို့ကျောင်းမှာ တခြား Activity တွေလုပ်ဖို့တောင် အချိန်မရှိပါဘူး”

သူမက ကျောင်းသူတွေမှ မဟုတ်ဘဲ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုအားလုံးကို ရှုတ်ချပါတယ်လို့ ဆက်ပြောခဲ့ပြီး သူမကိုယ်တိုင်လည်း (၁၀)တန်းအမှတ်စာရင်းထုတ်တုန်းက လူတွေ တိုးကြိတ်နေတဲ့အချိန်မှာ အနောက်ကနေ လာထောက်တာကြုံဖူးတယ်လို့ သူမရဲ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ဓာတုဗေဒအဓိကနဲ့ ဒုတိယနှစ်တက်ရောက်နေတဲ့ မယွန်းရွှေရည်က လည်း ဒီနိုင်ငံက မိန်းကလေးတော်တော်များများဟာ နှုတ်နဲ့စော်ကားခြင်း၊ အမူအယာနဲ့စော်ကား ခြင်းတွေကို တွေ့ကြုံဖူးကြမှာပါလို့ပြောပါတယ်။

“ဘယ်မိန်းကလေးကိုမဆို ပိန်ပိန်၊ ၀၀၊ ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ အလွယ်ပြောရရင် တွေ့တာနဲ့ စမယ်၊ နောက်မယ်၊ အရှက်ရအောင်လုပ်မယ်”

ကျောင်းထဲမှာ မကြာခဏလိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေဖြစ်နေလို့ သူမအနေနဲ့ ကြောက်ရွံ့ စိုးရိမ်မှုတွေ ရှိတယ်လို့လည်း မယွန်းရွှေရည်က အခုလိုဆက်ပြောပါတယ်။

“ညီမတို့တက္ကသိုလ်မှာ တလောကပဲ လူကြီးတစ်ယောက်က မိန်းကလေးတွေကို လိုက်ပြီး အော်ကြီး ဟစ်ကျယ် နှောက်ယှက်ဖူးတယ်။ လူတစ်ယောက်ကလည်း မိန်းကလေးတွေ ရှိနေတဲ့နေရာကို လုံချည် လှန်ပြတာမျိုးတွေဖြစ်သွားခဲ့တယ်”

၂၀၁၉၊ ဇန်နဝါရီ  ၂၂ ရက်နေ့က မအိသရဖီဆန်း တရားလိုပြုလုပ်တိုင်ကြားခဲ့တဲ့အမှုကို ဇွန်လ (၂၆) ရက် နေ့မှာ ကမာရွတ်မြို့နယ်တရားရုံးက စွပ်စွဲခံရသူကို တရားသေလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ နောက်ထပ်လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမူသူတွေအပေါ် ထိထိရောက်ရောက်ဟန့်တားနိုင်ပါ့ မလားဆိုတဲ့ စိုးရိမ်မှုတွေ ပိုမိုမြှင့်တက်လာစေတာပါ။

အမျိုးသမီးတွေကို ကာယိန္ဒြေပျက်ပြားအောင် လုပ်ဆောင်မှုဟာ ထင်ရှားခဲ့ရင် ရာဇသတ်ကြီးပုဒ်မ (၅၀၉)အရ ထောင်ဒဏ်တစ်နှစ် (ဒါမှမဟုတ်) ဒဏ်ငွေ (ဒါမှမဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပေမယ့် လုံလောက်တဲ့ ပြစ်ဒဏ်မဟုတ်ပါဘူး။

The Wings Institute ရဲ့ ဒါရိုက်တာ မဖြိုးဖြိုးအောင်က အမျိုးသမီးတွေကိုပဲ ပြစ်တင်ဝေဖန်နေရင် မှား ယွင်းတယ်လို့ ထောက်ပြပြောဆိုပါတယ်။

“လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမှုကို အသေးအမွှားလို့ယူဆပြီး ဖုံးကွယ်ဖျောက်ဖျက်ခဲ့မယ်ဆိုရင် ကျူးလွန်သူဟာ ဆိတ်ကွယ်ရာမှာ အလားတူကိစ္စမျိုးထက်ပိုတဲ့ နှောက်ယှက်အကြမ်းဖက်မှုအထိ ရောင့်တက်ကျူးလွန်လာနိုင်ပါတယ်။ အရေးယူမှု မရှိခြင်းဟာ ကျူးလွန်သူတွေ ထပ်မံပေါ်ပေါက်လာ စေပြီး လိင်နှောက်ယှက်မှု အကြမ်းဖက်မှုတွေ မြင့်တက်လာမှာ အသေအချာပါပဲ။ အရေးအကြီးဆုံးက တော့ ကျူးလွန်ခံရသူအပေါ် ထပ်မံလှောင်ပြောင်စော်ကားခံမှုမျိုးဖြစ်စေတဲ့ Victim blaming (ကျူး လွန်ခံရသူကို ဝေဖန်ပြစ်တင်ခြင်း) ကို ရှောင်ရှားဖို့ အထူးလိုအပ်ပါတယ်”

ကျောင်းသူတွေ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေကို ဖြေရှင်းပေးဖို့ တက္ကသိုလ်ကျောင်းသား တ ချို့က ရန်ကုန်တက္ကသိုလ်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ချိန်မှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ ပါသေးတယ်။

မယွန်းရွှေရည်ကတော့ အစိုးရဘက်က ဘာတွေလုပ်ပေးစေချင်သလဲဆိုတဲ့ သူမရဲ့ဆန္ဒကို အခုလို ပြောပြပါတယ်။

“အစိုးရဘက်က Social Media တွေ၊ TV Channel တွေနဲ့ ပူးပေါင်းပြီး ပညာပေး အစီအစဉ်တွေလုပ် ပေးစေချင်သလို တဖက်ကလည်း ထိရောက်တဲ့ အရေးယူမှုတွေ ရှိစေချင်ပါတယ်”

မဖြိုးဖြိုးအောင်ကလည်း မူဝါဒရေးဆွဲချမှတ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်ဖို့ တိုက်တွန်း ပြောကြားပါတယ်။

“ကျောင်းအုပ်ချုပ်ရေးက Sexual harassment policy လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခြင်းနဲ့ဆိုင်တဲ့ မူ ဝါဒရေးဆွဲချမှတ်သင့်ပါတယ်။ အဲဒီမှာ ဘယ်လိုတွေ အရေးယူမှုတွေ ဆောင်ရွက်ရမယ်ဆိုတာ ပါဝင် ရမှာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားတွေအားလုံး သိရှိနားလည်အောင် လိုက်ပါဆောင်ရွက်ပေးဖို့ လိုပါတယ်”

ဆက်လက်ပြီး သူမအနေနဲ့ အခြေအနေတွေ ပိုဆိုးမလာခင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အစိုးရ ရဲ့ ပံ့ပိုးမှုနဲ့ အရေးပေါ်တာဝန်ယူဆောင်ရွက်ဖို့ လိုအပ်နေပြီး အရပ်ဘက်အဖွဲ့အစည်းများရဲ့ နည်းပညာ ဆိုင်ရာ အကူအညီတွေလည်း ရယူနိုင်ပါတယ် လို့ ပြောဆိုခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂများအနေနဲ့လည်း ကျောင်းအုပ်ချုပ်ရေးရဲ့ လက်တွေ့တာဝန်ခံ၊ တာဝန်ယူမှု ပေါ် ပေါက်လာတဲ့အထိ တွန်းအားပေးရင်း လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ဖော်ထုတ်မှတ်တမ်း တင်မှုတွေ လုပ်ေဆောင်သင့်ကြောင်းနဲ့ လတ်တလောတိုင်ကြားနိုင်ဖို့အတွက် သမဂ္ဂမှာ စနစ်တကျ နေရာပေးဆွေးနွေးစေတာမျိုးကလည်း အရေးကြီးတာကြောင့် သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ နည်းပညာပိုင်း ချိတ်ဆက်ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်းတွေ ပြောခဲ့ပါတယ်။

လုံခြုံစိတ်ချရတဲ့ တက္ကသိုလ်အဝန်းအဝိုင်းဖြစ်ဖို့ ကျောင်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာနှောက်ယှက် စော်ကားခံရတာတွေ ကင်းဝေးဖို့ အစိုးရအနေနဲ့ တိကျတဲ့မူဝါဒရေးဆွဲဆောင်ရွက်ကြမယ့်အချိန် ဘယ်တော့ရောက်လာမလဲဆိုတာတော့ ကျောင်းသူတွေက စောင့်မျှော်နေကြဆဲပါ။

Author:

Related Articles