Home ဆောင်းပါး ပုန်းရင်း ခိုရင်း အသက်လုရင်း ဖြတ်သန်းနေတဲ့ ကရင်စစ်ဘေးရှောင်များရဲ့ ခါးသီးတဲ့နေ့ရက်တွေ

ပုန်းရင်း ခိုရင်း အသက်လုရင်း ဖြတ်သန်းနေတဲ့ ကရင်စစ်ဘေးရှောင်များရဲ့ ခါးသီးတဲ့နေ့ရက်တွေ

အမျိုးသမီးတွေဟာ ကလေးငယ်တွေကို ချီပိုး၊ တစ်ဖက်ကလည်း အထုပ်တွေဆွဲကာ တောတွေတိုး၊ တောင်တွေကို ကျော်ဖြတ်ပြီး အသက်လုပြေးလွှားနေကြပါတယ်။

ဒီလိုပြေးနေရင်း အကြမ်းဖက်စစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးကြဲတဲ့အခါ နီးစပ်ရာကျောက်ဆောင်တွေထဲ ဝင်ရောက် ပုန်းခိုကြရတယ်။

သူတို့ဟာ မတ် ၂၈ မှာတော့ ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိခဲ့ကြပါတယ်။ ထိုင်းဘက်က ဒုက္ခသည် စခန်းတွေကို သွား ရောက်ဖို့စီစဉ်ထားပေမယ့်လည်း ထိုင်းဖက်က လက်မခံဘဲ ပြန်လည်မောင်းထုတ်တာကြောင့် မြန်မာ-ထိုင်းနယ်စပ် ကရင် ပြည်နယ် သံလွင်မြစ်တလျောက်မှာ နေထိုင်နေကြရပါတယ်။

သူတို့တွေဟာ မတ် ၂၇ ကနေစပြီး ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) တပ်မဟာ (၃) နယ်မြေအတွင်းကို အကြမ်းဖက်စစ်ကောင်စီအုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မိမိတို့အိုးအိမ် တွေကို စွန့်ခွာပြီးထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေပဲဖြစ်ပါတယ်။

အဲ့ဒီ မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် သံလွင်မြစ်တစ်လျောက်မှာ စစ်ဘေးရှောင်နေရတဲ့သူ့ ခုနစ်ထောင်ကျော်ရှိပြီး ကရင်ပြည်နယ် အတွင်းပိုင်းမှာတော့ စစ်ရှောင်သုံးသောင်းနှင့် လေးသောင်းကြားရှိတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက် အကူပြုကွန်ရက် (KPSN)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဝန်သည်အမျိုးသမီး၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေလည်း အများ အပြားပါဝင်နေကြပြီး နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးကိစ္စတွေမှာ ဒုက္ခရောက်နေကြရပါတယ်။ ဒါ့အပြင် တိုက်ပွဲ တွေဖြစ်ပွားနေတာကြောင့်လည်း အသက်အန္တရာယ်ထိခိုက်မှာကို စိုးရိမ်နေကြရပါတယ်။

“ ထွက်ပြေးလာတဲ့သူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ မွေးဖွားစကလေးတွေ၊ ကလေးငယ်တွေ အမျိုးသမီး ငယ်တွေအများကြီးပါတယ်။ အခုချိန်ထိ လေကြောင်းလိုင်းတွေ လက်နက်ကြီးတွေနဲ့ပစ်နေတော့ စစ်ရှောင်တွေ စိုးရိမ် ပူပန်မှုတွေ ကြောက်စိတ်တွေ အချိန်တိုင်းရှိနေတယ်” လို့ ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) ဗဟိုကော်မတီအဖွဲ့ဝင် နော်ဆဲဆဲက ဆိုပါတယ်။

ဒါ့အပြင် ရာသီဥတုကြောင့်လည်း တောထဲမှာ တိမ်းရှောင်နေတဲ့ ကိုယ်ဝန်သည်အမျိုးသမီးတွေ၊ မွေးကင်းစ ကလေးငယ် တွေအတွက် စိုးရိမ်နေရကြောင်းလည်း နော်ဆဲဆဲက ပြောပါတယ်။

စစ်ဘေးရှောင်တွေထဲ နေ့စေ့လစေ့ ကိုယ်ဝန်သည်တွေလည်းပါနေတဲ့အခါ စစ်ပွဲတွေကြားမှာ ကလေးတွေ မွေးဖွားနေ ကြရပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ စစ်ဘေးရှောင်ရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး တောထဲမှာ ကလေးမွေးဖွားခဲ့ရ ကြောင်းနဲ့ မွေးဖွားရာမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုမရရှိတဲ့အတွက် စိုးရိမ်နေရတယ်လို့ KWO က ဆိုပါတယ်။

“ လက်ရှိအချိန်ထိ တောထဲမှာကလေးမွေးဖွားမှုက ပြဿနာမဖြစ်သေးပေမယ့် ရေရှည်ကျရင်တော့မပြောတတ်ဘူး။ လက် သည်တွေနဲ့ပဲမွေးခဲ့ရတယ်။ ဖြစ်သလိုနဲ့မွေးနေရတဲ့သဘောပါပဲ” လို့ နော်ဆဲဆဲက စစ်ပွဲကြားကလေးမွေးဖွားခဲ့ရတဲ့အ ကြောင်းကို ပြောပြပါတယ်။

ပြေးရင်းလွှားရင်း တောထဲမှာ ဆေးကုသမယ့်သူ၊ ကလေးမွေးဖွားပေးမယ့်သူမရှိပါက ကိုယ့်ဘာသာကိုယ် မွေးဖွားရမှာ ဖြစ်ပြီး ကိုယ်ဝန်သည်တွေအတွက် အသက်အန္တရာယ် စိုးရိမ်ပူပန်နေကြောင်း နော်ဆဲဆဲက ဆက်ပြောပါတယ်။

ကရင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ နော်လင်းလင်းကလည်း မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်တလျောက် အကြမ်းဖက် စစ်ကောင်စီနဲ့ KNU တို့ ယနေ့ထိတိုင် တိုက်ပွဲတွေပြင်းထန်နေသေးတာကြောင့် ကိုယ်ဝန်သည်တွေ၊ အမျိုးသမီးငယ်တွေနဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေး စိုးရိမ်နေရတယ်လို့ စိတ်မကောင်းစွာဖြင့် ပြောပါတယ်။

“ စစ်ရှောင်ရတာတောင် ဒုက္ခကမနည်းတဲ့ချိန် ကိုယ်ဝန်သည်တွေ မွေးဖွားစမိခင်တွေ ကလေးတွေပါလာရင် အရမ်းစိတ် ထိခိုက်တယ်။ ကိုယ်ဝန်သည်တွေဆိုရင် ဘာမှမရှိတဲ့ကြား ပြေးရင်းလွှားရင်းမွေးရာကိုမြင်တော့မခံစားနိုင်ဘူး” လို့ နော်လင်း လင်းက ဆိုပါတယ်။

ကိုယ်ဝန်ဆောင်တွေရဲ့ ဒုက္ခတွေအပြင် လတ်တလောမှာတော့ တောတောင်ထဲ ပုန်းခိုနေတဲ့ စစ်ရှောင်ကလေးငယ်တွေ မှာလည်း ယားနာနဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါတွေဖြစ်နေကြပြီး ကျန်းမာရေးစောင့်ရှောက်မှုရဖို့နဲ့ ဆေးပစ္စည်းတွေ ပို့ပေး ရန်လည်း မလွယ်ကူကြောင်း နော်လင်းလင်းက ပြောပါတယ်။

“ ထိုင်းဘက်ကနေ စားနပ်ရိက္ခာတွေ၊ ဆေးဝါးပို့ဖို့အတွက် အကန့်အသတ်တွေဖြစ်နေတာ။ ပို့ရခက်နေတယ်” လို့ သူက ပြောပါတယ်။

နောက်ပြီး သန့်ရှင်းတဲ့ရေရရှိဖို့လည်း အခက်ကြုံနေရပြီး ကြီးလေးတဲ့ ပြသနာတစ်ခုဖြစ်နေပါတယ်။ စားနပ်ရိက္ခာတွေ ဆေးဝါးတွေလည်း ပြတ်လပ်ခါနီးဖြစ်နေတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။

စစ်ဘေးရှောင် လေးသောင်းကျော်အတွက် စားနပ်ရိက္ခာ၊ဆေးဝါး အထောက်အပံ့တွေ အရေးပေါ်လိုအပ်နေသလို ရိက္ခာ ပို့ဆောင်ရန်လည်း ထိုင်းဘက်က ကန့်သတ်မှုတွေများနေတဲ့အတွက် အချိန်မီရရှိဖို့ ခက်ခဲနေကြပါတယ်။

“ စားသောက်ဖို့ ဆန်၊ဆီတွေ ဆေးတွေက နောက်လဆိုရင် ဘယ်လိုဆက်ဖြစ်မှာလဲမသိဘူး။ ပစ္စည်းရိက္ခာတွေကလည်း ပို့မရတော့ နိုင်ငံတကာအထောက်အပံ့တွေကလည်းမရှိဘူး။ ဒါကြောင့် ရှေ့ဆက်အတွက် စားနပ်ရိက္ခာ အရမ်းလိုအပ် နေတယ်” လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN)အဖွဲ့က နော်ကညောဖောက ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်မှ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေပို့နိုင်အောင် အတတ်နိုင်ဆုံး နည်းလမ်းရှာဖွေနေကြောင်းနဲ့ စားနပ်ရိက္ခာ မပို့နိုင်ပါက စစ်ရှောင်တွေအတွက် ကြီးမားတဲ့ ပြဿနာဖြစ်လာနိုင်တယ်လို့ ကရင်လူမှုအဖွဲ့အစည်းများက ပြောပါတယ်။

လူသားစာနာထောက်ထားမှု အကူအညီတွေ ပေးပို့လှူဒါန်းတဲ့အပေါ် ကန့်သတ်ပိတ်ပင်မှုတွေကိုလည်း ထိုင်းအာဏာပိုင် အနေနဲ့ ပြန်လည်သုံးသပ်ပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

ဒါ့အပြင် နေရေးထိုင်ရေးမှာလည်း စစ်ဘေးရှောင်တွေအတွက် စစ်ရှောင်စခန်း သီးသန့်မရှိကြောင်းနဲ့ တောထဲက ကျောက် ဆောင်တွေထဲမှာသာ ပုန်းခိုနေထိုင်ရပါတယ်။ ပုန်းခိုနေရင်းလည်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်တွေ သေဆုံးတာတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိနေပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းလိုင်းပစ်ခတ်မှု လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မူတြော်ခရိုင် KNU တပ်မဟာ (၅) ခရိုင်ဌာနချုပ်မှာ အရပ်သား ၁၉ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူများစွာရှိနေကာ ထိုထဲတွင် အမျိုးသမီးအများစုလည်း ပါပါတယ်။

“ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေသလို မြေပြင်သတင်းအချက်အလက် အတိအကျကို ကျွန်မတို့မသိရသေးဘူး။ အမျိုး သမီးတွေ အများဆုံးဖြစ်တယ်ဆိုတာပဲ သိရသေးတယ်။ အချက်အလက်ရဖို့ခက်ခဲတယ်” လို့ နော်ဆဲဆဲက ရှင်းပြပါတယ်။

ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီးလေးဦးနဲ့ အမျိုးသားသုံးဦး ထိုင်းဘက်ခြမ်းကို သွားရောက်ဆေးကုသခွင့်ရရှိခဲ့ပါတယ်။

“ အဲ့နေ့ညက ဆက်တိုက်ပဲ ဗုံးလာကြဲချသွားတယ်။ အရမ်းပဲကြောက်လန့်ခဲ့ရတယ်။ ဘယ်လိုထိမှန်သွားမှန်းတောင် မသိ တော့ဘူး။ ကြောက်လည်းကြောက်နေရတယ်” လို့ ထိုင်းဘက်ခြမ်းကို ဆေးလာကုသခွင့်ရတဲ့ အမျိုးသမီးတစ်ဦးက ထိုင်း မီဒီယာတစ်ခုမှာ ပြောကြားထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ယနေ့ချိန်ထိ ကရင်ပြည်နယ်အတွင်းလေကြောင်းနဲ့ ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ အတွက် စစ်ဘေးရှောင်တွေဟာ နေထိုင်စားသောက်ရေး ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရသလို အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ထိတ်လန့်နေရကာ စိုးရိမ်သောကတွေနဲ့ နေထိုင်နေကြရဆဲပါ။

Related Articles