အိမ်ဦးခင် စီစဉ်သည်။
၈ လေးလုံးအရေးတော်ပုံမှ ယနေ့ခေတ်ထိ ကျောင်းသားထုလှုပ်ရှားမှုမှာ အမျိုးသမီးတွေ ဘာကြောင့် ပါဝင်လာခဲ့လဲ၊ ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတွေ မှာ ဘာတွေ ကွာခြားခဲ့လဲ၊ ကျောင်းသားထုရဲ့ တိုက်ပွဲ ဘယ်လောက် ခရီးရောက်နေပြီလဲဆိုတာကို ၈ လေးလုံးလှုပ်ရှားမှု၊ ၁၉၉၆ လှုပ်ရှားမှုနှင့် ယနေ့ ဒေါင်းမျိုးဆက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့သော ပါဝင်နေသော မနီလာသိန်း (၈၈ ကျောင်းသူ) ၊ မနီမိုလှိုင် (၈၈ကျောင်းသူ)၊ မလေးလေးမွန် (၁၉၉၆ ကျောင်းသူ) နှင့် မစုရည်လင်း (ဒေါင်းမျိုးဆက် ကျောင်းသူ) တို့နှင့် ဆွေးနွေးထားပါသည်။
ကျောင်းသားလှုပ်ရှားမှုထဲ ဘယ်အချိန်က ပါဝင်ခဲ့တာလဲ။ ပါဝင်လာရတဲ့အကြောင်းအရင်းကို ပြောပြပေးပါ။
မနီလာသိန်း– ကျမကျောင်းသားလှုပ်ရှားမှုမှာ ၁၉၈၇ ခုနှစ်မှာ ငွေစက္ကူတွေ (၂၅)ကျပ်တန်တွေ (၇၅) ကျပ် တန်သိမ်းတဲ့အချိန်ကနေ စပြီးတော့ ကျမတို့တွေက ဒါမတရားမှုဆိုတဲ့အရာအပေါ်မှာ မခံချင်စိတ်နဲ့ ကျမတို့ စတင်လှုပ်ရှားခဲ့ပါတယ်။
မနီမိုလှိုင် – တခွန်းတည်းပြောရရင်တော့ မတရားဘူးဆိုတာ သေချာလို့ ဝင်ပါရတာပဲ။ မှားနေတာကို သိလို့ အမှန်ဘက်ကပါရတာပဲ။ အဲဒီခေတ်အခါက စစ်တပ် (တကယ့်အခေါ်အဝေါ်တပ်မတော်) ကို ကိုယ်တို့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေကိုယ်တိုင်က အထင်ကြီးလေးစားထားတဲ့အချိန်ပဲ။ ဒါပေမဲ့ အဲ ဒီတုန်းကတည်းက အစ်မတို့ နားလည်ထားတာက အစိုးရဆိုတာ တိုင်းပြည်ကို စီမံခန့်ခွဲပြီး “တပ်” ဆိုတာ တိုင်းပြည်ကို ကာကွယ်ရတဲ့၊ တိုင်းပြည်သူတိုင်းပြည်သားတွေရဲ့ အန္တရာယ်ကို အသက်နဲ့လဲပြီး ကာကွယ်ကြ တဲ့စွန့်လွှတ်စွန့်စားသူများပဲ။ ဒီလိုပဲနားလည်လက်ခံထားခဲ့တယ်။ ယုံလည်း ယုံကြည်ခဲ့တယ်။ အဲဒီ “တပ်”ကို အစိုးရက အာဏာပေးနိုင်တယ်၊ တပ်ဟာ သူ့ထက်ပိုပြီးပါဝါကြီးတဲ့၊ တနည်းအားဖြင့် ပြည်သူလူထုတရပ် လုံးရဲ့ ကိစ္စအ၀၀ကို စီမံခန့်ခွဲနေသူ အစိုးရ၊ သမ္မတရဲ့အမိန့်ကို နာခံရတယ်။ ဒီလိုပဲ နားလည်ခဲ့တယ်။ ဒါပေမဲ့ ၈၈ အရေးအခင်း (၈ လေးလုံး) ပေါ့။ မတိုင်ခင် မတ်လ၊ ဇွန်လ အရေးအခင်းမတိုင်မီ တက္ကသိုလ် ပရဝုဏ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေမှာတော့ အစိုးရလား၊ တပ်လား၊ မသဲကွဲတဲ့ အုပ်စုတွေရဲ့ ဖြေရှင်းပုံမှာ အများကြီး ယုံကြည် လေးစားထားတဲ့သူ အစုအဖွဲ့ကြီးက ရင်ထဲက ဆန္ဒကို ထုတ်ဖော်ပြတဲ့စကားနဲ့ အစုအဖွဲ့နဲ့ လက်နက်တစုံ တရာ၊ ရမ်းကားမှု တစုံတရာမပါပဲ စုဝေးကြတဲ့ သူတို့ရဲ့ သားသမီး၊ အနာဂတ်ရဲ့ ခေါင်းဆောင်တို့၊ ရတနာတို့ သူတို့ပဲပြောကြတဲ့ ဒီကျောင်းသားတွေကို လူမသိ၊ သူမသိ ဖြိုခွင်းတာ၊ နှိပ်စက်သတ်ဖြတ်တာ၊ အစုလိုက် အပြုံလိုက် အုံနဲ့ ကျင်းနဲ့ အနိုင်ကျင့်တာ၊ အဲဒီလို တုံ့ပြန်တာကို မြင်ရကြားရပြီး အလွန်စိတ်ဆိုးတယ်။ ဒေါသ ထွက်တယ်။ အဲဒီမှာစပြီး တပ်ဆိုတာကိုရော အာဏာရှင်အစိုးရကိုရော အထင်သေးတာပဲ။ ပြီးတော့ အဲဒီ လုပ်ရပ်တွေကို မုန်းတယ်၊ လက်မခံနိုင်ဘူး။ အဲဒီတော့ ဘာဆက်ဖြစ်လဲဆိုတော့ ရှက်လာတယ်။ ငါတို့ တိုင်းပြည် “အစိုးရ” ဆိုတဲ့သူတွေ၊ ငါတို့ တသက်လုံး ယုံကြည်လေးစားခဲ့ရတဲ့သူတွေက ငါတို့ကို လိမ်နေ ညာနေခဲ့တာပါလား၊ ငါတို့ရဲ့ ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားတွေကို လိမ်ညာယူနေခဲ့ကြတာပါလားလို့ သိ လာတဲ့အခါ ဒီလို အစိုးရ အဲဒီလိုစစ်တပ်မျိုးကိုတော့ ရတဲ့နည်းနဲ့ ဖယ်ရှားရမှပဲ။ ဖယ်ရှားပစ်မယ်ဆိုတဲ့စိတ်နဲ့ ၈ လေးလုံး အရေးတော်ပုံမှာ ဆက်လက်ပါဝင်ခဲ့တာပါပဲ။ ဟိုးအရင်ကတည်းက ငယ်စဉ်ဘဝကတည်းက နိုင်ငံရေးသမားစိတ် ကိန်းအောင်းနေသလားတော့ မပြောတတ်ဘူးပေါ့။
မလေးလေးမွန် – ၈၈တုန်းကတော့ ငါးတန်းကျောင်းသူအနေနဲ့ အ.လ.က(၁) တာမွေကျောင်းကနေ စတင် ပါဝင်ဖြတ်သန်းခဲ့ဖူးပါတယ်။ ၁၉၉၆ မှာတော့ ဒဂုံတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုမှာ ပထမနှစ် ကျောင်းသူ အနေနဲ့ဦးဆောင်ပါဝင်ခဲ့ဖူးပါတယ်။ အဓိက ပါဝင်ခဲ့တဲ့အချက်ကတော့ ဖမ်းဆီးကျောင်းသား လွှတ်ပေးရေး ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးဆိုတဲ့အချက်နဲ့ ပါဝင်ခဲ့တာပါ။ နောက်တော့ ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂမှာ စည်းရုံးရေးမှူးအဖြစ် တာဝန်ယူခဲ့တယ် ၁၉၉၆ ကျောင်းသားဆန္ဒပြလှုပ်ရှားမှု သမဂ္ဂဖွဲ့စည်းမှု သမဂ္ဂကြေညာချက်ဖြန့်ဝေမှုတွေနဲ့ အရေးပေါ် ပုဒ်မ ၅(ည) ပုံနှိပ်အက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ ၁၉၉၇ မှာ ထောင်(၁၀)နှစ်ကျခဲ့တယ်။ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုတွဲကျောင်းသားတွေနဲ့အတူ (၁၄) ယောက်ထောင်ကျခဲ့ကြတယ်။ ပြောချင်တာကတော့ ကျောင်းသားအရေးပေါ့။ ကျောင်းသားဆိုတာ ဖိရင်ကြွ တယ်၊ ထိရင်ချမယ် ဆိုတဲ့စိတ်နဲ့ပါဝင်ခဲ့တဲ့အဓိကအချက်ပေါ့။
မစုရည်လင်း – ကျောင်းသားလှုပ်ရှားမှုထဲပါဝင်ခဲ့တဲ့အချိန်ကတော့ ၂၀၁၃ ထဲကနေစပြီးတော့မှဒေါင်းတို့ မျိုးဆက်သံချပ်အသင်းမှာစပြီးယနေ့အချိန်ထိပါဝင်ခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂမှာလည်း ပါဝင်လှုပ်ရှား ခဲ့ပါတယ်။ ပါဝင်လာရတဲ့အကြောင်းအရင်းကတော့ ကိုယ်တိုင်လည်း စိတ်ဝင်စားတယ်။ ပြီးတော့ အဒေါ်ကလည်း အဖွဲ့အစည်းနဲ့အတူတူလုပ်ကိုင်ဆောင်ရွက်ရတဲ့ အတွေ့အကြုံကိုရစေချင်တဲ့အတွက် ကြောင့် သြင်္ကန်သံချပ်မှာသာမကပဲ နောက်ပိုင်းကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေလည်းပါဝင်ဖြစ်ခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးလှုပ်ရှားမှာ အမျိုးသမီးတွေက အားနည်းခဲ့လား။ ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု ဘယ်လောက်အရေးပါလဲ။ ကိုယ်တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံနဲ့ အမြင်ကို ဖလှယ်ပေးပါ။
မနီလာသိန်း – ကျမတို့ ဒီနိုင်ငံရေးလောကထဲမှာ အမျိုးသမီးပါဝင်မှုနဲ့ ပတ်သက်ပြီးတော့ ကျမစလုပ်ခဲ့တဲ့ အချိန်ကနေစပြီးတော့ ကျမတို့ကိုယ်တိုင် စပြီးတော့ ၈၇ ပေါ့နော်။ ဒီငွေစက္ကူတွေသိမ်းတဲ့အချိန်ကနေစပြီး စတင်လှုပ်ရှားခဲ့တဲ့အချိန်မှာတော့ ကျမတို့ အမျိုးသမီး၊ အမျိုးသား ကွာဟမှုဆိုတဲ့ဟာက ကြီးကြီးမားမား ကျမတို့ မတွေ့ကြုံခဲ့ရပါဘူး။ ကျမကိုယ်၌ကလည်း အမျိုးသမီးမို့လို့ဆိုတဲ့ စိတ်မဟုတ်ပဲနဲ့ ကိုယ်ရောက်တဲ့ နေရာမှာ လုပ်ရမယ့်အလုပ်အပေါ်မှာ အားလုံးတက်ညီလက်ညီ အတူတကွ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအ ပေါ်မှာ ကျမအနေနဲ့ Comment (မှတ်ချက်) အနေနဲ့ ကွာဟမှုတွေ အများကြီးရှိတယ်လို့ မခံစားရပါဘူး။
မနီမိုလှိုင် – နိုင်ငံရေးမှာ ကျောင်းသားဘဝကတည်းက အခြေအနေကိုသုံးသပ်ရရင် အမျိုးသမီး၊ ကျောင်းသူ ပဲ ဆိုကြပါစို့။ ကျောင်းသားဦးရေနဲ့စာရင် ကျောင်းသူဦးရေက မဆိုစလောက်တော့ နည်းတယ်ပေါ့။ ဒါပေမဲ့ အရေးပါမှုကတော့ တန်းတူပဲ။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားတွေကိုယ်တိုင်ကပဲ ကျောင်းသူတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ လှုပ်ရှားမှု၊ သပ်ရပ်သေချာမှုတွေဟာ ညံ့တယ်လို့တောင် မတွေးမိအောင် တန်းတူ အတူတကွ လှုပ်ရှားခဲ့ကြတာ သက်သေပဲ။ ပိုပြီး အသိအမှတ်ပြုခံနိုင်တာတွေတောင်ရှိတယ်။ ဒါလည်း ရဲဘော်ရဲဘက် ကျောင်းသူတွေကိုယ်တိုင် အသိအမှတ်ပြုကြတာတွေပါ။ ဥပမာ – အတူတူဖမ်းခံရလို့၊ ထိပ်တိုက်ရင်ဆိုင်ကြရလို့ စစ်ကြောရေးမှာသော်လည်းကောင်း၊ ရင်ဆိုင်ပြောကြတဲ့အခါမှာလည်းကောင်း၊ မိန်းကလေးတွေဟာ ပိုတည်ငြိမ် ပိုသွေးအေးကြတယ်။ ကျဉ်းထဲကြပ်ထဲရောက်တဲ့အခါ မိန်းကလေးတွေက ပိုပြီး ဖြတ်ထိုးဉာဏ်အတိုင်း ဖောက်ထွက်ဖြစ်ခဲ့တယ်။ ကြိုတင်စဉ်းစားထားမှုတွေ၊ ပြင်ဆင်ထားမှုတွေလည်း ရှိခဲ့တယ်။ ဒါကြောင့် လှုပ်ရှားမှုတခုခုမှာဆို ကိုယ့်အဖွဲ့ထဲက မိန်းကလေးပါနေရင် အဲဒီမိန်းကလေးရဲ့ အကြံ ဉာဏ်ကို သတိတရ တောင်းခံလေ့ရှိကြတယ်။ ဒါက ကိုယ်တိုင်မှာရှိခဲ့တဲ့ အတွေ့အကြုံမှာပေါ့။ အဲဒီထဲမှာမှ ပြင်ပစာပေ၊ ဗဟုသုတလေ့လာလိုက်စားထားတဲ့ ကျောင်းသူတွေဟာ ပိုပြီး အားကောင်းမှုမျိုး၊ ပိုပြီး အား ကောင်းတဲ့ တန်းတူပါဝင်မှုမျိုး ရှိတယ်လို့ ယူဆတယ်။ ၈၈ နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွေမှာ တချို့ ကာလတွေမှာ အစ်မက ထောင်ထဲရောက်နေတာမျိုးမို့ မသိခဲ့တာတွေရှိပေမယ့် ၂၀၀၇ မျိုးဆက်မှာ ကြည့်လိုက်။ မဖြိုးဖြိုးအောင်ရဲ့ ပါဝင်မှုဟာ သိပ်ထင်ရှားနေတာကို တွေ့ရတယ်။ သူနဲ့အစ်မ ၂၀၀၈ ထောင် ထဲမှာဆုံတဲ့အခါကျ သူ့ရဲ့ စာပေ၊ ဗဟုသုတလေ့လာထားမှုနဲ့ မူလစိတ်အခံကိုက အဲဒီကာလ ကျောင်းသား အစုအဖွဲ့ထဲမှာ သူ့ရဲ့ အရေးပါမှုဟာ တကယ်ထိုက်တန်ပါလားလို့ သိရတယ်။ ထောင်က ထွက်သွားတဲ့ အခါမှာ ပိုတောင် ထင်ရှားလာသေးတ်။ တကယ်ပြန်တွက်ကြည့်တော့ ဖြိုးဖြိုးအောင်ဟာ ၁၉၈၈ သြဂုတ်လ အရေးအခင်းကြီးထဲမှာ မွေးတဲ့ကလေးတစ်ယောက်ဖြစ်နေတယ်။ သူ့အဖေ ကိုနေဝင်းကတော့ တကယ့် ကျောင်းသားနိုင်ငံရေးသမား၊ ထောင်ထဲအကြာကြီးနေခဲ့ရတာ။ ဖြိုးဖြိုးအောင် လသားအရွယ်ကစပြီး ထောင် ကျသွားတာ။ ဖြိုးဖြိုးအောင် အသက် ၁၆ နှစ်ကျော်မှ ပြန်လွှတ်လာတဲ့ အဖေပေါ့။ ဒီမှာ ပြောချင်တာက ဦးရေအားဖြင့် နည်းကောင်းနည်းမယ်။ ဒါပေမဲ့ အရမ်းမကွာတဲ့ အရေအတွက်ဖြစ်တယ်။ အရေးပါမှုကတော့ အင်မတန်ကြီးမားတယ်။ အစ်မနဲ့ အသက်အရွယ်သိပ်မကွာတဲ့ မျိုးဆက်တွေထဲမှာဆိုလည်း အဖွဲ့တခုလုံးရဲ့ လှုပ်ရှားမှုကို ထောက်လှမ်းရေးအဖွဲ့က စစ်ကြောရေးဝင်တဲ့အခါ အနာခံရတာရှိချင်ရှိမယ်၊ မရှိချင်မရှိဘူး။ ဒါပေမဲ့ လုံး၀ ဆက်လက် လျှို့ဝှက်ထားပေးနိုင်ရုံမက နောက်လူတွေ တသီတန်းကြီး အမှုတွဲအဖြစ် ဆက်ပါ မလာအောင် စစ်ကြောရေးမှာ ပြတ်အောင် ဖြတ်နိုင်တာ မိန်းကလေးအများစုပဲဖြစ်တယ်။ ဥပမာ- AAPP မှာရှိနေတဲ့ အစ်မသန်းသန်းဌေးတို့၊ NLD က အရင် မကွေးတိုင်း တိုင်း/စည်းဥက္ကဌ ဒေါ်သန်းသန်းဌေးတို့ (နှစ်ယောက်လုံးက ဒေါ်သန်းသန်းဌေး)။ အစ်မကိုယ်တိုင်လည်း ၂၀၀၇ ကိစ္စအတွက် ၂၀၀၈ ထောင်ထဲ စစ်ကြောရေးဖြတ်တဲ့အခါ နောက်လူတွေ မပါအောင် မှင်သေသေနဲ့ ကိုယ်အနာခံပြီး ဇာတ်လမ်းကို စနစ် တကျ ကိုယ့်ဘာသာ ခေါင်းထဲထည့်ပြီး ဖြတ်ပစ်ခဲ့ရတာရှိတယ်။ နောက်ထပ် ထောင်ထဲဆက်ဝင်လာ တာ တွေက သူတို့ရဲ့ အခြားအကြောင်းတွေကြောင့်သာဖြစ်တယ်။ ၂၀၀၇/၂၀၀၈ ကိစ္စမှာ ကျောင်းသား/နိုင်ငံရေး လှုပ်ရှားမှုအတွက်ပေါ့။ အစ်မတို့ အပြတ်ဖြတ်ပြီး ကျန်ထားခဲ့နိုင်သူတွေကြောင့် (အဲဒီ ကျန်ခဲ့တဲ့သူတွေက ဝရမ်းပြေးအဖြစ် ကြေငြာထားခံရပေမယ့်) ၂၀၀၈/၂၀၀၉/ ၂၀၁၀ နိုင်ငံရေးပုံသဏ္ဍန်တွေကို အများကြီး ဆက်လက်ပုံဖော်နိုင်ခဲ့ကြတယ်။
မလေးလေးမွန် – မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုမှာ အမျိုးသမီးအခန်းကဏ္ဍဆိုတာ တအားကျယ်ပြောပါတယ် ကျမက ကျောင်းသူဘဝကလာတာကြောင့် ကျောင်းသားလှုပ်ရှားမှုတိုင်းမှာ အမျိုးသမီးတွေ စိတ်အားထက် သန်မှုအမျိုးမျိုးနဲ့ လှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့တာတော့ အများကြီးတွေ့ဖူးတယ်။ ပွင့်လင်းလာတဲ့နောက်မှာ အမျိုးသမီးတွေပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်မှုအခန်းကဏ္ဍမှာတော့ Figure နဲ့ Leader ကွာသွား တာတော့တွေ့ရပါတယ်။ နိုင်ငံရေးရှေ့တန်းမျက်နှာစာမှာ နိုင်ငံရေးအရ နာမည်ကြီး လူကြိုက်များတာတွေ ရှိတယ်။ ဒါပေမယ့် သူက Leaderတော့မဟုတ်ဘူး။ အဲဒါ Figureပဲ သူ့မှာ ခေါင်းဆောင်မှုအရည်အသွေး ဦးဆောင်စီမံခန့်ခွဲနိုင်မှု နိုင်ငံရေးဆုံဖြတ်ချက်တွေ ပေးနိုင်သူဖြစ်ချင်မှတော့ဖြစ်လိမ့်မယ်။ Figure နဲ့ Leader တထပ်တည်းကျတဲ့ သူကတော့ မြန်မာနိုင်ငံမှာ ရှားရှားပါးပါးပေါ်ထွက်လာခဲ့တာ ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိပါသေးတယ်။ ဒါကျမတယောက်တည်းအမြင်ဖြစ်ချင်လည်းဖြစ်မယ်။ လက်မခံလည်းရပါတယ်။ ကိုယ်တွေ့ အရတော့ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုမဖြစ်ခင် ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ နိုင်ငံရေးဟောပြောပွဲ တွေစတင်ချိန် အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဘဘဦးတင်ဦး၊ ဘဘဦးကြည်မောင်တို့က နိုင်ငံရေး အသိ အမြင်၊ ဗဟုသုတ၊ အတွေးအခေါ်၊ ရဲရဲတောက်တွေ စပြောချိန်ပေါ့။ ကျမက ပထမနှစ်တက်ဖို့ ကျောင်းဖွင့် ချိန်စောင့်နေသူပါ။ တရက်မှာ ဒေါ်အောင်ဆန်းစုကြည်က စကားတခွန်းပြောတယ်။ အဲဒီစကားတခုနဲ့တင် ကျမဘဝအတွေးအခေါ် စတင်ပြောင်းလဲသွားခဲ့တာပဲ ဒါကဘာလဲဆိုတော့ (မြန်မာနိုင်ငံမှာ မကြောက်တရား တွေ ပေါ်ထွန်းလာဖို့ ကျမမှာတာဝန်ရှိတယ်တဲ့။ မကြောက်တရားနော် အကြောက်တရားမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ မကြောက်တရားတွေပေါ်ပေါက်ဖို့ ကျမမှာ တာဝန်ရှိသလို မျိုးဆက်တိုင်းမှာလည်းတာဝန်ရှိ တယ်)ဆိုတဲ့ စကားတခုနဲ့ ကျမ I do for other ဆိုတဲ့ အရာကို ဦးစားပေးလုပ်ခဲ့တယ်။ အဓိက နိုင်ငံရေး အရ အာခံမှုပေါ့။ ထောင်ကျခဲ့လို့ အကျိုးယုတ်ခဲ့တာတွေရှိသလို ပိုပြီးသန်မာလာတဲ့အရာတွေ စိတ်အင်အား ပိုကြီးလာတဲ့အချက်တွေလည်းရှိတယ်။ အမျိုးသမီးတွေက လောကဓံကို အမျိုးသားတွေထက် ပိုခံနိုင်ရည်ရှိ တယ်ဆိုတာ ကျမ အသက်(၁၈)နှစ် ပထမနှစ်ကျောင်းသူထောင်ထဲဝင်ခဲ့တဲ့ဘဝက စခဲ့တာပဲ။ ၁၉၉၇-၂၀၀၅ အထိ ကျောင်းသားလှုပ်ရှားမှုနဲ့ ထောင်ထဲ(၈)နှစ်နေခဲ့ရတယ်။ ၂၀၀၇-၂၀၁၁ အထိ ဒုတိယနှစ်ကျောင်းသူ ဘဝနဲ့ ထောင်ထဲ(၄)နှစ် ထပ်နေခဲ့ရတယ်။ ဒီအပိုင်းက ၈၈မျိုးဆက်ကျောင်းသားများဆိုတဲ့ မင်းကိုနိုင်ခေါင်း ဆောင်တဲ့ ၈၈ ကျောင်းသားတွေနဲ့ နောက်တကြိမ် နိုင်ငံရေးလှုပ်ရှားမှုသသက်သက် ပါဝင်လာခဲ့တာပါ။ ဒီအပိုင်းကိုထည့်ပြောရတာက စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးအရ အမျိုးသမီးတွေက စာသင်ခန်းထဲက နေ ကျောင်းသားနဲ့နိုင်ငံရေးဆိုတာ ဘယ်လောက်အရေးပါခဲ့တယ်ဆိုတာပြောချင်တာပါ။ အမျိုးသမီးတွေ ဟာ အမျိုးသားတွေနဲ့တန်းတူ နိုင်ငံရေးအရ အာခံရဲတယ်။ စနစ်ဆိုးကိုမိမိပါဝင်လို့ရတဲ့ အနေအထားကနေ ပြန်ခံချခဲ့ကြတယ်။
မစုရည်လင်း – မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း အမျိုးသမီးတွေပါဝင်လှုပ်ရှားမှုက အားနည်းနေပါသေး တယ်။ အရင်တုန်းကရောလက်ရှိအခြေအနေတွေမှာပါ အမျိုးသမီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ ကြပေမယ့်လည်း အားနည်းသေးတာကိုပဲတွေ့ရပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေမှာဆိုရင်လည်း အမျိုး သမီးတွေရဲ့ပါဝင်မှုက တဝက်တဝက်လောက်ပဲအရေးပါတယ်လို့မြင်နေသေးတယ်။ ကိုယ်တိုင်ကလည်း ငါသာ ဒီနေရာမှာ ပါဝင်နေပေမယ့် အပြောင်းအလဲတခုကို ဦးဆောင်သွားနိုင်ပါ့မလား ကိုယ့်ရဲ့လုပ်ကိုင်နိုင် စွမ်းတွေကိုရော အသိအမှတ်ပြုသင့်သလောက်ပြုကြပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေတော့ရှိနေသေးတယ်။ ပြီးတော့တချို့သူတွေရဲ့အမြင်မှာလည်း အလကားပါအရေးမပါတာတွေ လျှောက်လုပ်နေတာဆိုတဲ့ စကား တွေ၊ အပြုအမူတွေ ရှိနေသေးသရွေ့ အမျိုးသမီးတွေရဲ့အရေးပါမှုက နည်းနေသေးမယ်လို့ထင်တယ်။
၁၉၈၈ ခုနှစ် လှုပ်ရှားမှုနဲ့ ဒီနေ့ခေတ် လှုပ်ရှားမှုတွေထဲ ဘာတွေကွာခြားချက်ရှိလဲ။ တူညီမှုတွေကဘာတွေလဲ။
မနီလာသိန်း – ၁၉၈၈ နဲ့ ယနေ့ခေတ်လှုပ်ရှားမှု ကွာခြားချက်အများကြီးရှိတယ်။ အထူးသဖြင့် သတင်းနည်း ပညာအပြောင်းအလဲကြောင့်လို့ ပြောနိုင်တယ်။ ၁၉၈၈ မှာ ရေဒီယိုသတင်းတခု ပို့ဖို့မလွယ်ဘူး။ ဘီဘီစီမှာ သတင်းပါဖို့ မသေချာဘူး။ အာဏာရှင်က အကုန်ထိန်းချုပ်ထားတယ်။ အခုခေတ်က လူတိုင်းမိုဘိုင်းဖုန်းနဲ့ တကမ္ဘာလုံးကို သတင်းပေးလို့ရတယ်။ အသင်းအဖွဲ့တွေ လွတ်လပ်လာတယ်။ မြေအောက်လုပ်စရာ မလို ဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အလွယ်တကူ ချိတ်ဆက်လှုပ်ရှားနိုင်တယ်။
မနီမိုလှိုင် – ၁၉၈၈ နဲ့ အခုလှုပ်ရှားမှု ပြောရတာ အားနာပေမဲ့ ပြောရမှာပဲ။ တော်တော်များများကွာခြားတယ်။ (၁) အခြေအနေ (၂) စိတ်ဓာတ်။ တူညီနေတာကတော့ “နိုင်ငံရေးမှန်ရင် ပြည်သူမပါပဲနဲ့ ဘာမှမရဘူး၊ ပြည် သူကို (သို့မဟုတ်) သမိုင်းစဉ်ကို စော်ကားရင် မှားတယ်၊ နိုင်ငံရေးမှာ အခြေခံစိတ်နဲ့ အိုင်ဒီယော်ဂျီ (အတွေး အခေါ်၊ အယူဝါဒ) လွဲရင် ပြည်သူက မသိသေးလို့ ချစ်ရင်၊ လက်ခံရင်တောင် ခဏပဲရမယ်။ ရေရှည်မှာ ကျဆုံးပြီပဲ”ဆိုတဲ့အမြင်၊ ကွာခြားတဲ့အချက်ဖြစ်တဲ့ အခြေအနေနဲ့ စိတ်ဓာတ်တွေအကြောင်း ပြောရရင်တော့ အရမ်းကိုရှည်နေလိမ့်မယ်။ ဥပမာ ဥပမေယျတွေနဲ့ ယှဉ်ပြောရရင် အခံရခက်သူတွေလည်းများမယ်။ ထင် ရှားတဲ့ ရလာဒ်လောက်ပဲ ထုတ်ပြောချင်တယ်။ နိုင်ငံရေးဆိုတာ နိုင်ငံတခုလုံး၊ ပြည်သူတရပ်လုံးရဲ့ ရှေ့ရေး/ နောက်ရေးတွေသာမက နောင်တချိန် ကိုယ့်နိုင်ငံထဲ လူဖြစ်လာမယ့် သူတွေရဲ့အရေးတွေကိုပါ ထည့်စဉ်း စားပြီး ဆောင်ရွက်တာက အကျိုးများမှာမို့။ အဲဒီလို စဉ်းစားတာမဟုတ်ပဲ လက်တလော မိမိကြုံနေရတဲ့ အခြေအနေ၊ အချိန်အခါလောက်ကိုပဲ ကြည့်တယ်၊ မိမိနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းအပေါ်ပဲ လေ့လာတာမျိုး ဆိုရင် နိုင်ငံအတွင်းမှာ ဆေးမဖြစ်ပဲ ဘေးဖြစ်စေတာက ပိုများမယ်။ အဲဒါမျိုးတွေကြောင့် ၁၉၈၈ တုန်းက လှုပ်ရှားတဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ပြည်သူတရပ်လုံးကို ရှေ့ရှုတယ်။ ပြည်သူတရပ်လုံးသာမက နိုင်ငံ သမိုင်းရဲ့ ရှေ့ဆက်နောက်ဆက် အခြေအနေတွေကိုပါ ထည့်စဉ်းစားပြီး ပုဂ္ဂိုလ်ရေး အာဏာထူထောင်လိုမှု၊ ကျော်ကြားလိုမှု၊ ဝါဒမှိုင်းစတာတွေကနေ လွတ်လွတ်ကျွတ်ကျွတ်ရုန်းပြီး တာထွက်ခဲ့ကြရုံမက တာထွက်သူ အားလုံး တစုတရုံးတည်း စုစည်းမိကြတယ်။ လှုပ်ရှားပုံ၊ အခြေအနေတချို့ ကွာချင်ကွာမယ်၊ မူလ အရင်းခံ စိတ်ဓာတ်တွေတူတယ်။ အတ္တကင်းတယ်။ ပေးဆပ်ရခြင်းသက်သက်သာရှိတယ်။ အခုအခြေအနေကျတော့ ဝါဒမှိုင်းလို့ ထင်မထားတဲ့ ဝါဒမှိုင်းတွေများတယ်။ ပုဂ္ဂိုလ်ရေး အာသီသတွေများလာတယ်။ အတိုင်းအတာ တခုထိ လွတ်လပ်စွာ လေ့လာခွင့်၊ ပုံဖော်ခွင့်တွေ ရလာတယ်။ တစုတဖွဲ့၊ ပုဂ္ဂိုလ်တဦးတယောက်ဆီအတွက် အကျိုးအမြတ်ရလိုမှုတွေ၊ ငွေကြေးဖြစ်စေ၊ သြဇာဖြစ်စေ၊ ထင်ပေါ်ကျော်ကြားလိုမှုဖြစ်စေ၊ ဒါတွေ ရောပါလာ တယ်။ အဲဒါကြောင့် လှုပ်ရှားမှုတွေကလည်း ထွေထွေပြားပြား ဖြစ်လာတယ်။ ဘုံရန်သူစစ်စစ်ကို မမြင်တော့ ဘူး။ ကိုယ့်အကျိုးစီးပွားကို ဆန့်ကျင်သူ (အကျိုးစီးပွားလို့ပြောရင် ငွေကြေးတခုတည်း မဟုတ်တော့ဘူး နော်) ဆိုရင် ပြင်းပြင်းသော်လည်းကောင်း၊ ပျော့ပျော့သော်လည်းကောင်း တိုက်ခိုက်ကြတော့တာပဲ။ အဲဒီမှာ ရန်သူအစစ်ဟာ ပုံစံမျိုးစုံနဲ့ ခေါင်းပြန်ထောင်လာတော့တာပဲ။ မတူညီတော့တဲ့အထဲမှာ ၁၉၀၀ ကတည်းက တိုက်ခိုက်ခဲ့ရတဲ့ ရန်သူကလည်း မူလပုံစံအပြင် အခြားပုံစံတွေကိုပါ ထပ်ဖန်တီးလာနိုင်တာပဲ။
မလေးလေးမွန် – ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနဲ့ ဒီနေ့ခေတ်လှုပ်ရှားမှု ပခုံးချင်းယှဉ်တန်းညှိလို့ ရကောင်း တဲ့အရာတော့မဟုတ်ဘူးပြောရမယ်။ ဒါပေမယ့် ကျမလေးစားတဲ့ ဘက်ကပြောရမယ်ဆိုရင် ၁၉၈၈ က အာ ဏာဟာ သေနတ်ပြောင်းဝက လာတယ်ဆိုတဲ့ခေတ်၊ သွေးတွေထဲကနေ ကျောင်းသားခေါင်းဆောင်တွေ တဖွဲဖွဲပေါ်ပေါက်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ အတွေးအခေါ် အားကောင်းတဲ့ ၈၈ မျိုးဆက်ကျောင်းသား တွေဆိုတာ ကျမတို့နောက်ပိုင်းမျိုးဆက်တွေ သမိုင်းအရ ကျော်လို့မရတဲ့ အင်အားကြီးတဲ့မျိုးဆက်၊ ဒုက္ခ တောထဲက ပေါ်ထွက်လာခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသူကျောင်းသားတွေကို ကျမသိပ်လေးစားတယ်။ ကျမ တို့ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုမှာတော့ policy တိုက်ပွဲ မူဝါဒတိုက်ပွဲ ကျမတို့ရှေ့မှာ ဒေါ်အောင်ဆန်းစု ကြည်ဆိုတဲ့ ခေါင်းဆောင်ရှိနေပြီလေ ၈၈ လို သေနတ်တချက်မဖောက်ဘဲ သွေးမြေမကျဘဲ ဖြတ်ခဲ့ရတဲ့ မူဝါဒတိုက်ပွဲလို့မြင်ပါတယ်။ တူညီတာတခုက ကျောင်းသားဆိုတာ ကျောင်းထဲကလာတာ မြောင်းထဲက လာတာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ။
မစုရည်လင်း – ၁၉၈၈ ခုနှစ် လှုပ်ရှားမှုတွေနဲ့ ဒီနေ့ခေတ်လှုပ်ရှားမှုတွေထဲက ကွာခြားချက်ဆိုရင်တော့ ခေတ် အခြေအနေတွေရယ်၊ ပွင့်လင်းမြင်သာမှုရှိတယ်၊ သတင်းမီဒီယာနဲ့လူထုရဲ့ပါဝင်လှုပ်ရှားမှုတွေ တူညီချက် တွေကတော့ ကျောင်းသားနဲ့ပြည်သူတွေရဲ့ ပါဝင်လှုပ်ရှားမှု၊ ပြဿနာတခုကို ဖြေရှင်းတဲ့အခါမှာ အကြမ်း ဖက်မှုတွေ၊ ကျောင်းသားတွေဟာ သူတို့ရဲ့ ရန်သူအဖြစ်သတ်မှတ်ခံထားရဆဲပါ။ လူငယ်တွေရဲ့ အတွေးအ ခေါ်တွေ၊ လုပ်ကိုင်နိုင်စွမ်းတွေကို ဖိနှိပ်ထားဆဲပါပဲ။
၁၉၈၈ စစ်အာဏာရှင်စနစ်ကတည်းကနေ ကျောင်းသားလူငယ်တွေ တောင်းဆိုချက်တွေ ယနေ့အချိန်ထိ ဘယ်လောက်ပြည့်ခဲ့ပြီလဲ၊ ဘာတွေ လိုအပ်နေသေးလဲ။
မနီမိုလှိုင် – ၁၉၈၈ ကတည်းက တောင်းဆိုခဲ့ရတာတွေထဲမှာ သေသေချာချာတော့ ဘယ်ဟာမှ မရသေးဘူး လို့ ပြောရမှာပဲ။ ဒါပေမဲ့ ရောင်နီတော့ သန်းလာပြီပေါ့။ ဒီမှာ ပြောရရင် တကယ်က ၁၉၈၈ ကတည်းက တောင်းကြတယ်လို့သာ ပြောရတယ်။ အစ်မတို့တောင်းခဲ့တဲ့အရာဟာ တကယ်က ဘယ်သူ့ဆီမှာမှ ရှိနေ တာ မဟုတ်ဘူး။ ဘယ်သူကမှ ပေးရမှာမဟုတ်ဘူး။ တကယ်အခြေခံကျတဲ့ စကားလုံးကို ပြောရရင် အဲဒီ တုန်းက အစ်မတို့ရဲ့ လက်လှမ်းမီရာ ဗဟုသုတနဲ့ အသက်အရွယ်ကြောင့် သေချာတောင် “ဒီမိုကရေစီ” လို့သာ ပြောရပေမယ့် ဘာဆိုတာ သေချာမဖော်ပြနိုင်ခဲ့ဘူး။ အခုမှ ပြန်ပြောရရင် အဲဒီတုန်းကတည်းက လိုအပ်တာဟာ လူသားတို့ရဲ့ မူလရပိုင်ခွင့်၊ လူ့အခွင့်အရေးပဲ။ လူ့အခွင့်အရေးအခြေခံတွေဖြစ်တဲ့ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် (နိုင်ငံအစိုးရ၊ နိုင်ငံရေးစနစ်) တွေဆီအထိ သွားတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဒါတွေပဲပေါ့။ အဲဒါတွေဟာ မူလကတည်းက တိုင်းပြည်မှာ ကျင့်သုံးပြီးသား ဖြစ်နေရမှာ။ ဖြစ်မနေဘူး။ တပါတီအာဏာရှင်စနစ်နဲ့ တိုင်းသူပြည်သားတွေရဲ့ တဦးချင်း ဘဝစာမျက်နှာ တွေကို အာဏာရှင်ကချည်း အာဏာတွေ အကြောက်တရားတွေနဲ့ ကန့်သတ်ပိတ်ပင်ထားခဲ့တယ်။ တကယ် က အစ်မတို့ ပြည်သူပြည်သားတဦးစီရဲ့ အခွင့်အရေးဟာ သူတို့ပေးမှ ရရမှာ မဟုတ်ဘူး။ မူလကတည်းက ရှိပြီးသား။ လူရယ်လို့ ဖြစ်လာကတည်းက ရပြီးသားဖြစ်နေရမှာကို။ အာဏာရှင်အစိုးရက ပိတ်ပင်ကန့်သတ် ထားတာ။ ဒီကန့်သတ်ရတဲ့ အကြောင်းအရင်းကလည်း (၁) သူတို့ကိုယ်တိုင် နားလည်မနေလို့၊ သူတို့ကိုယ် တိုင် မသိလို့၊ တည့်တည့်ပြောရရင် နိုင်ငံတကာ လူရာမဝင်လို့၊ ပညာမတတ်လို့။ (၂) သူကိုယ်တိုင်က နားလည်မနေ လူရာမဝင်တဲ့အခါ သူ့ရဲ့မူလစိတ္တဇက သူ့ထက်ပိုပြီးသာမယ့်သူ ဘယ်သူ့ကိုမှ မမြင်ချင်လို့။ (၃) မသိမှုတွေသာများတာ၊ နောက်လိုက်နောက်ပါကလည်း အားကောင်းပြီး လက်နက်က ပိုင်ထားသေး တော့ မျောက်တွေကို စောင့်ခိုင်းတဲ့ ဥယျာဉ်လို ထင်ရာမြင်ရာ အကောင်းဆုံးဆိုပြီး လုပ်ချင်ရာ လုပ်ကြရင်း မျောက်တို့ ပိုပြီး စည်ပင်လာတာ။ ဒါကြောင့် မေးခွန်းထဲက ဘယ်လောက်ပြည့်ခဲ့ပြီလဲ၊ ဘာတွေလိုအပ် သေးလဲ ဆိုတာကိုဖြေရရင် ဥယျာဉ်ထဲ နေရာအနှံ့ပြန့်နေတဲ့ မျောက်တွေ၊ မျောက်ကျင့်မျောက်ကြံ၊ မျောက် စရိုက်နဲ့ မျောက်အမွေဆိုးတွေ… ဥယျာဉ်အစောင့်ကျတဲ့ မျောက်ကို မြင်သာအောင် ဥပမာပေးရရင် မျောက် ဆိုတာ သစ်ပင်မှ မစိုက်တတ်တာ၊ စိုက်ဖို့က သူ့သဘာဝမဟုတ်ဘူး။ ရှိနေပြီးသား သစ်ပင်ပေါ်မှာ နည်းမျိုးစုံ ဆော့ကစားပြီး အဲဒီအပင်က သစ်သီးသစ်ဥကို ခူးစားဖို့သာ သူ့သဘာဝဖြစ်တယ်။ ဒီသဘာဝနဲ့ ရှိနေတဲ့ မျောက်ကို ဥယျာဉ်စောင့်ခိုင်းတဲ့အခါ ဥယျာဉ်တော့ စောင့်ရှောက်ရဦးမယ့်တာဝန်အရ အနည်းဆုံးတော့ သစ်ပင်ရေလောင်းပေးချင်တဲ့ အဲဒီမျောက်ဟာ ဘယ်သစ်ပင်ကို ရေဘယ်လိုလောင်းရမယ်၊ ဘယ်လောက် လောင်းရမယ်မသိတော့ သူ့မှာ ဗဟုသုတ အနည်းငယ်တော့ရှိတယ်။ ဥယျာဉ်စောင့်ရင်း “ဒါ” ငါလုပ်ရမယ့် အလုပ်မို့ လုပ်မယ်ဆိုတဲ့ စိတ်ကြီးကလည်း ဝင်သေးတော့ သူများစောင့်ခိုင်းလို့ ခဏစောင့်ရတဲ့ဘဝကို မေ့ပြီး ရေလောင်းရေးကြိုးပမ်းတော့တာ။ အဲဒီတော့ ရေဘယ်လိုလောင်းမယ်၊ ဘယ်လောက်လောင်းမယ် ဆိုချင်တော့ ဥယျာဉ်ထဲက အပင်ရဲ့အမြစ်ကို ကြည့်မှ သိတော့မယ်ဆိုတဲ့ အတွေးနဲ့ သစ်ပင်တပင်ချင်းရဲ့ အမြစ်ကို မျောက်ထုကြီးအင်အားနဲ့ နှုတ်ကြည့်တော့တာပဲပေါ့လေ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရေ လောင်းဖို့။ ဒါပေမဲ့ သူတို့သဘာဝက မျောက်။ သူတို့ရဲ့စရိုက်က မျောက်စရိုက်။ သစ်ပင်သာနှုတ်ကြည့်တာ၊ ရေဘယ်ကရမလဲ၊ ဘယ်လိုလောင်းရမလဲ မစဉ်းစားသေးခင် မျောက်သဘာဝနဲ့ မျောက်စရိုက်အရ ကစား ရင်း သစ်ပင်တွေနဲ့ ဆော့ရင်း ကစားရင်း…. ဒီဥယျာဉ် ဘာဆက်ဖြစ်မလဲပေါ့။ ဆက်စဉ်းစားရင်း ဘာတွေ လိုအပ်နေသေးလဲဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်ပဲ ဆက်ထုတ်ကြစေချင်ပါတယ်။ အဖြေတွေ့တဲ့အထိပေါ့။
မလေးလေးမွန် – ၁၉၈၈ ကနေ ဒီနေ့အထိ နိုင်ငံရေးတောင်းဆိုမှုတွေ တိတိကျကျ ဘာတွေရတယ် ဘာတွေ မရသေးဘူးဆိုတာတော့ပြောဖို့ အချက်အလက်တွေမပါဘဲ ရှုထောင့်တွေမပါဘဲ ပြောဖို့ခက်ပါတယ် ဒါပေ မယ့် ၂၀၁၂ ကြားဖြတ်မှာ သောင်ပြိုကမ်းပြိုနိုင်တယ်။ ၂၀၁၅ မှာ တချိန်က အတိုက်အခံပါတီ အနိုင်ရပြီး အစိုးရဖြစ်လာတယ် ဒီလောက်ယေဘုယျပဲပြောချင်တယ်။
မစုရည်လင်း – ၁၉၈၈ စစ်အာဏာရှင်စနစ်ကတည်းကနေ တောင်းဆိုခဲ့တဲ့အချက်တွေဟာ ယနေ့အချိန်ထိ တောင်းဆိုနေရဆဲပါ။ ပြည့်ခဲ့တဲ့အချက်တွေထက် ပိုပြီးလိုအပ်လာတဲ့ အခြေအနေတွေ လိုချင်နေတဲ့ အနေ အထားတခုအထိတော့ မရောက်သေးပါဘူး။ ချွေးသိပ်ခဲ့တဲ့နည်းလမ်းတွေ၊ သွေးခွဲခဲ့တဲ့အချက်တွေကပဲ ပိုပြီးတိုးတက်လာတယ်။ ယနေ့အချိန်အထိလည်း တောင်းဆိုနေကြဆဲပါပဲ။ ပညာရေးလိုအပ်ချက်တွေ၊ စီးပွားရေးလိုအပ်ချက်တွေ၊ အတွေးအခေါ်လိုအပ်ချက်တွေ၊ လုပ်ရဲရင်ခံရဲရမယ့်ဆိုတဲ့တာဝန်ယူမှု၊ တာဝန်ခံမှု တွေ၊ တောင်းဆိုခဲ့ကြတဲ့ ခေတ်အဆက်ဆက်က မျိူးဆက်တွေရဲ့ တာဝန်ကို လက်ဆင့်ကမ်းခဲ့ကြတာ ယနေ့အချိန်ထိတော့ မျက်ကွယ်ပြုထားတဲ့ အရာတွေနဲ့ပဲ ကြုံလာခဲ့တာပါပဲ။ ဆက်ပြီးတော့လည်း တောင်းဆို နေကြအုံးမှာပါပဲ။ ဒီလောက်ရရင်ပြီးရောမဟုတ်လားဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့မဟုတ်ပဲ ကိုယ့်မျိုးဆက်တွေ၊ ကိုယ်ကိုယ်တိုင်အတွက် အခွင့်အရေးအပြည့်မရမချင်း တောင်းဆိုနေကြရမှာပါပဲ၊ ကျောင်းသားလှုပ်ရှားမှု တွေပိုပြီးလုပ်ကြရုံပါပဲ။
နောက် မျိုးဆက် လူငယ်တွေကို ဘယ်လိုသတင်းစကားမျိုးပြောချင်လဲ။
မနီမိုလှိုင် – နောက်မျိုးဆက်သစ်တွေကို ပေးချင်တဲ့သတင်းစကားကတော့ “အားလုံးတော်အောင်၊ တတ်အောင် သင်ယူလို့ လွယ်လာတဲ့ ခေတ်ကြီးမှာ ဘာမဆို တော်အောင်တတ်အောင် ထက်မြက်အောင် သင်ယူကြဖို့ လွယ်ပါတယ်။ သို့သော် မိမိရဲ့စိတ်၊ မိမိရဲ့ဆန္ဒ၊ မိမိရဲ့ အပြုအမူတွေအပေါ်မှာ မိမိကိုယ်တိုင် မြင် အောင်ပြန်ကြည့်၊ မှန်အောင်၊ ကောင်းအောင်ပြန်သုံးသပ်ပြီး ပိုကောင်းသထက်ကောင်းတဲ့ မိမိသမိုင်း၊ တိုင်း ပြည်သမိုင်းကို ရေးပေးကြပါလို့ နှောင်းလူတစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်လို့ ပြောချင်ပါတယ်။ နောင်တ ခေတ်ရဲ့ ခေါင်းဆောင်ဆိုတာ နိုင်ငံရေးသမားချည်းပဲ မဟုတ်ဘူး။ နေရာအသီးသီး ထောင့်အသီးသီးက စိတ်ကောင်းစေတနာနဲ့ ကောင်းသထက်ကောင်းအောင် ရှင်သန်နေကြသူတွေချည်းပါပဲ။ အဲဒီပုံစံ အသီးသီး နဲ့ ခေါင်းဆောင်ဖြစ်လာကြမယ့် လူငယ်များဟာ SKA လို့ခေါ်တဲ့ စကား ၃ လုံးကို အမြဲ သတိရစေချင်ပါ တယ်။ S- Skill (စွမ်းရည်)၊ K-Knowledge (ဗဟုသုတ၊ ပညာ)၊ A-Attitude (စိတ်နေသဘောထား) ပါ။ S နဲ့ K ဆိုတဲ့ စွမ်းရည်နဲ့ ပညာဗဟုသုတက သင်ယူလို့ ရပေမယ့် A ဆိုတဲ့ စိတ်နေသဘောထားကတော့ မိမိကိုယ်တိုင် လေ့ကျင့်ယူရတာပါ။ စွမ်းရည်နဲ့ ဗဟုသုတကို သူများဆီက ဖြည့်ဆည်းလို့ရပေမယ့် စိတ်နေ သဘောထားကတော့ သူများက လာသင်လို့ ဖြည့်ဆည်းလို့ မရပါဘူး။ မိမိဘာသာ ကောင်းသထက် ကောင်းအောင် လုပ်ယူရမှာပါ။ Attitude မကောင်းရင် စိတ်နေသဘောထားမကောင်းရင် ရှေ့က စွမ်းရည်နဲ့ ဗဟုသုတ ဘယ်လောက်ကောင်းကောင်း ဘာမှ လုပ်လို့မရပါဘူး။ စောစောက မျောက်တွေနဲ့ ဥယျာဉ်ပဲ ဖြစ်နေတော့မှာပါ။ နောက်တခု ပြောပါရစေ။ လူငယ်တွေတင်မက လူကြီးလူလတ် အကုန်ပေါ့။ ခေါင်း ဆောင်ဖြစ်သူများဟာ လူအများကို ထိတွေ့ဆက်ဆံပြီး အဲဒီလူအများရဲ့ အဖြစ်သနစ် ဘ၀ စိတ်နေ သဘော တွေကို နားလည်အောင် ကြိုးစားရမယ့် သူများဟာ မိမိကိုယ်ထဲမှာရှိပြီး မိမိနဲ့ အချိန်ပြည့်ရှိနေတဲ့ မိမိရဲ့ စိတ်ကို နားလည်အောင် အမြဲလေ့လာကြည့်ရှုသုံးသပ်ပြီး အကောင်းဘက်ကို ဦးတည်အောင် အမြဲ ထိန်း ချုပ် မောင်းနှင်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် မိမိစိတ်ကိုလည်း မိမိ အမြဲတမ်း လေ့လာသုံးသပ် မြင်အောင် ကြည့်ပြီး ပြုမူထိန်းသိမ်းနိုင်ကြပါစေလို့။
မလေးလေးမွန် – နောက်မျိုးဆက်ကိုပြောချင်တာကတော့ ကျမတို့မှာ မျိုးဆက် ၃ခုရှိတယ် X မျိုးဆက် Y မျိုးဆက် Z မျိုးဆက်ဆိုတာပဲ ကျမတို့ Z ဆိုတဲ့ Zero Generation ထဲမှာဖြတ်သန်းနေရတယ် ဆိုလိုတာက ချာတူးလန်တွေပဲဆက်မွေးဖွားလာလို့မရဘူး။ နည်းပညာမြင့်လာရင် အရှေ့က နည်းပညာမရှိခဲ့တဲ့ ဗိုလ်ချုပ် တို့ထက် ပိုတော်တဲ့ ပိုဉာဏ်ရည်မြင့်သူတွေပဲ ပိုများလာဖို့ပဲ တိုင်းပြည်ကို အဆင့်မြင့်မြင့်သွားနိုင်ဖို့ပဲ တိုက်ပွဲ ခေါ်သံတွေ ထိပ်တိုင်ရင်ဆိုင်တဲ့ confrontation တွေထက်၊ စေ့စပ်ဆွေးနွေးတတ်တဲ့ အလေ့အကျင့် compromise ဆိုတာတွေကို အားသန်တတ်မြောက်စေချင်တယ်။ ဒါက ပိုပြီးနက်နဲသိမ်မွေ့ပါတယ်။ စစ် အာဏာရှင် အာဏာသိမ်းခေတ် စစ်အစိုးရခေတ်က နိုင်ငံရေးပုံတူကူးမှုတွေ တိုက်ပွဲပုံတူကူးတာတွေ မလုပ် ဘဲနဲ့ ကိုယ့်မျိုးဆက်မှာ သိမ်မွေ့တဲ့လမ်းကိုပဲ ဖောက်စေချင်တယ် ကျမတို့နိုင်ငံဟာ အရိုင်းအစိုင်းမျိုးဆက် တွေထက် ပိုပိုယဉ်ကျေးလာတဲ့တိုင်းပြည်ဖြစ်စေချင်တာပါ။ ဒါက စာသင်ခန်းထဲကပဲစရတာမို့ ကျောင်းသား တွေက ကျောင်းထဲကလာတာပါ၊ မြောင်းထဲကလာတာမဟုတ်တာကြောင့် အဆင့်မြင့်လူငယ်တွေ ပေါ်ထွက် လာစေချင်ပါတယ်
မစုရည်လင်း – တယောက်ထဲရုန်းကန်နေရုံ၊ ကြိုးစားနေရုံနဲ့ မလုံလောက်တော့ပါဘူး။ ကိုယ့်အကျိုးအတွက် ကိုယ်မကြည့်ပဲ၊ ကိုယ်တယောက်ထဲ ကောင်းစားရုံဆိုတဲ့ စိတ်တွေကို ဖယ်သင့်ပါပြီ။ ဦးနှောက်တွေ အသတ်ခံရတဲ့ မျိုးဆက်အဖြစ်မခံပါနဲ့။ ကိုယ့်ကိုကိုယ်အမြဲယုံကြည်ချက်ထားပါ။ နောက်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ် တွေကို နောက်ကြောင်းပြန်မသွားတော့ပဲနဲ့ ရှေ့ဆက်ပြီး ရှင်သန်ရမယ့်၊ ရှင်သန်လာမယ့် သူတွေအတွက် ပိုပြီး လုံခြုံစိတ်ချရတဲ့ အသိုက်အဝန်းတခုဖြစ်အောင် ဖန်တီးကြပါ၊ ကြိုးစားကြပါလို့ပြောချင်ပါတယ်။