Home ဆောင်းပါးသတင်းဆောင်းပါး လိင်စိတ်ခံယူမှုကွဲပြားသူများ အလုပ်အကိုင်ရှားပါးဆဲ

လိင်စိတ်ခံယူမှုကွဲပြားသူများ အလုပ်အကိုင်ရှားပါးဆဲ

ကောကော်

῝လုပ်ငန်းရှင်တွေက LGBT ဆိုတာ ပြဿနာကောင်တွေ၊ ယောကျ်ားတွေ၊ မိန်းမတွေ လုပ်ရတဲ့အလုပ်တွေကို သူတို့မလုပ်နိုင်ဘူးလို့ မြင်ကြပြီး LGBT တွေကို နေရာမပေးတာ῎

အချို့လုပ်ငန်းရှင်များသည် LGBT ခေါ် လိင်စိတ်ခံယူမှု ကွဲပြားသူများကို အလုပ်ပေးရန် ယုံကြည်မှုမရှိသ ဖြင့် LGBT များအတွက် လုပ်သားဈေးကွက် မရှိသေးခြင်းဖြစ်သည်ဟု LGBT အခွင့်အရေးတက်ကြွလှုပ်ရှား သူ “ရှင်းသန့်”က ပြောသည်။

LGBT ကို “လိင်စိတ်ခံယူမှုကွဲပြားသူများ” ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပြီး  လိင်တူချစ်သူများဟုလည်း ယခု နောက်ပိုင်းသုံးနှုန်းခေါ်ဝေါ်ကာ Lesbian (မိန်းမချင်းစုံမက်သူများ)၊ Gay (ယောက်ျားချင်းစုံမက်သူများ)၊ Bisexual (ကျားမနှစ်မျိုးစလုံးစုံမက်သူများ)၊ Transgender (ဆန့်ကျင်ဖက်လိင်လိုဝတ်စားဆင်ယင်သူများ) စသည့် စကားလုံးများမှ LGBT ဟု အတိုကောက်ထုတ်ယူထားခြင်းဖြစ်သည်။

လုပ်ငန်းရှင်များသည် LGBT များကို အလုပ်မခန့်ကြခြင်းမှာ ယနေ့ကာလတွင် အလုပ်အကိုင်ခေါ်ယူပါက အမျိုးသမီးအလုပ်သမားကို ဦးစားခေါ်ယူခြင်း၊ အမျိုးသမီးများထဲတွင်မှ အိမ်ထောင်မရှိသူများကို ပိုမိုဦးစား ပေးခေါ်ယူခြင်း စသည့်စဉ်းစားမှုများနှင့်လည်း သက်ဆိုင်နေသည်ဟု “ရှင်းသန့်” က ပြောသည်။

LGBT များကို လက်ခံသော လုပ်ငန်းတချို့ရှိသော်လည်း ရာခိုင်နှုန်းနည်းပါးပြီး ထိုသို့ဖြစ်ရခြင်းမှာ LGBT တို့ ၏စွမ်းဆောင်ရည်ကို မသိသေးသောကြောင့် ဖြစ်နိုင်သည်ဟု ရန်ကုန်ရှိ နိုင်ငံတကာဆေးရုံတခုတွင် သူနာ ပြုအလုပ်လုပ်ကိုင်နေသည့်  Gay (ယောက်ျားချင်းစုံမက်သူ) တဦးဖြစ်သူ “အချစ်ညွန့်”က ပြောသည်။

“သူတို့ရဲ့လုပ်ရည်ကိုင်ရည်ကို သိလာပြီဆိုရင် လုပ်ငန်းရှင်တွေက လက်မခံနိုင်စရာအကြောင်းမရှိဘူး။ အခု လုပ်နေတဲ့ဆေးရုံမှာတော့ LGBT တွေက ရာထူးမြင့်မြင့်မှာရောက်နေသူတွေရှိတယ်”

“အချစ်ညွန့်”သည် နယ်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး အလုပ်အကိုင်ခက်ခဲမှုကြောင့် သူနာပြု အလုပ်ကို ဝင်လုပ်လိုက်ရသော်လည်း ဝါသနာနှင့်အလုပ်မှာ ထပ်တူမကျသဖြင့် ကျေနပ်ခြင်းမရှိဟု ဆိုသည်။

῝အမှန်တကယ်က မိတ်ကပ်ကိုပဲ ဝါသနာပါတာပါ၊ အခြေအနေမပေးလို့ ဒီအလုပ်ကို လုပ်ရတာ။ ငွေကြေး အဆင်ပြေပြီဆိုရင်တော့ မိတ်ကပ်ပညာရှင်ပဲလုပ်မှာပါ။ အခုငွေစုနေတယ် အဆင်ပြေပြီဆိုရင် မိတ်ကပ် လိုင်း ပြန်ပြောင်းမှာ..῎

လုပ်ငန်းခွင်များတွင် နေရာမရသောကြောင့် အများစုမှာ ရွေးချယ်စရာမရှိပဲ တခုတည်းသောလုပ်သားဈေး ကွက်ဖြစ်သည့် ဆံပင်၊ မိတ်ကပ်လောကသို့သာ တွန်းပို့ခံနေရသည်ဟု “ရှင်းသန့်”ကဆက်ပြောသည်။

῝တကယ်တမ်း မိတ်ကပ်လောကမှာ အောင်မြင်နေတဲ့သူတွေကိုမေးကြည့်၊ ဝါသနာနဲ့ဖြစ်ချင်တာတွေ တထပ် တည်းကျသလားဆိုတော့ တချို့က ကျပေမယ့် တချို့ကျတော့ မကျဘူး၊ ရွေးချယ်စရာမရှိလို့ လုပ်နေရတာ တွေရှိတယ်῎

အမျိုးသမီးကဲ့သို့ဝတ်စားဆင်ယင်သူများ (Transwomen) များအတွက် မိတ်ကပ်အလှပြင်လုပ်ငန်းတွင် ဈေး ကွက်ရှိသော်လည်း တကယ်တမ်းအောင်မြင်သူများမှာ (၁၀) ယောက်တွင် (၂) ဦးလောက်သာရှိသည်။ အမျိုးသားကဲ့သို့ဝတ်စားဆင်ယင်သူများ (transmen) များအတွက် ပိုမို၍ အလုပ်အခွင့်အလမ်းရှားပါးသည် ဟု ရှင်းသန့်က ဆိုသည်။

လုပ်ငန်းခွင်တခုသို့ LGBT များဝင်ရောက်လာလျှင် များသောအားဖြင့် လှောင်ပြောင်လိုသောသဘောသဘာ ဝများနှင့်ရင်ဆိုင်ရပြီး အလုပ်ဝင်သောအချိန်တွင်လည်း ယောကျ်ားများကို ယောကျာ်းပုံစံသာဝတ်စားနေထိုင် စေလိုကြပြီး အဆံပင်အရှည်ထားခြင်းမျိုးကိုလည်း သဘောမကျသလို အမျိုးသမီးများကိုလည်း မိန်းမပုံစံသာ ဝတ်စားနေထိုင်ရန် လိုလားကြသည်ဟု “အချစ်ညွှန့်”က သူ၏အတွေအကြုံကို ပြောပြသည်။

“အလုပ်လျှောက်ရင် ပုံစံက အမျိုးသားလိုနေမှ လက်ခံမဲ့သဘောမျိုးတော့ရှိတယ်။ အခုလက်ရှိအလုပ်မှာ အစပိုင်းတုန်းကတော့ ကိုယ့်ဝတ်စားပုံနဲ့ အဆင်မပြေဘူး၊ နောက်ပိုင်းတော့ လက်ခံပေးလာတယ်။ ဘာလို့ လဲဆိုတော့ ကိုယ်က အခြားသူ၊ ယောကျ်ား၊ မိန်းမတွေထက် အလုပ်ပိုပြီးကြိုးစားလုပ်တယ်။ ဖြတ်ထိုး ဉာဏ်ရှိတယ်လို့လည်း ကိုယ့်ကိုယ်ကိုထင်တယ်။ ဒါကြောင့် တခြားသူတွေထက် ပိုပြီးဦးစားပေးလာတဲ့ အခြေအနေမှာတော့ရှိတယ်”

ယောကျ်ားများကဲ့သို့ဝတ်စားနေထိုင်သူ Transmen များနှင့်ပါတ်သက်၍လည်း သူက ယခုကဲ့သို့ဆက်ပြော သည်။

“အဓိကက သူတို့တွေက အမျိုးသမီးတွေလို ဝတ်စားရင် အလုပ်ရမယ်ဆိုပေမယ့် သူတို့စိတ်နဲ့ ဖြစ်တည်မှုက အမျိုးသမီးလို မနေချင်တဲ့အတွက် သူတို့ကို အလုပ်ပေးချင်ပေမယ့် မရပြန်ဘူး။ ဒါကြောင့် သူတို့နဲ့  ကိုက်ညီ တဲ့ ယောကျ်ားလေးလုပ်တဲ့အလုပ်တွေ၊ ရွေးချယ်ကြရပြန်တယ်။ အလုပ်ကြမ်းမဟုတ်ရင်လည်း စားပွဲထိုးလို အလုပ်မျိုးတွေ..”

အလုပ်အကိုင်ရှားပါးခြင်းမှာ အဓိကအကြောင်းရင်းနှစ်ချက်ဖြစ်သည့် လုပ်သားဈေးကွက် မရှိခြင်းနှင့် LGBT များကိုယ်တိုင် စွမ်းရည်မပြည့်ဝသေးခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု “ရှင်းသန့်”က ဆက်ပြောသည်။

“လုပ်ငန်းရှင်တွေက အလုပ်ပေးချင်တယ်၊ LGBT များကိုယ်တိုင် ဈေးကွက်နဲ့ကိုက်ညီတဲ့ အရည်အချင်း မရှိ သေးလို့၊ သူတို့ကိုယ်တိုင် မလေ့လာ၊ မသင်ယူထားလို့ ဖြစ်ကောင်းဖြစ်မယ်။ တဖက်မှာလည်း အလုပ်ဆို တာ ဝတ်စားဆင်ယင်မှုနဲ့ လုပ်တာမဟုတ်ပဲ အရည်အချင်းနဲ့လုပ်ရမှာဖြစ်လို့ အလုပ်ရှင်တွေက အဝတ် အစားကိုပဲ ခွဲခြားဆုံးဖြတ်ပြီး ရွေးချယ်နေရင် မှားမယ်လို့ထင်တယ်”

လိင်စိတ်ခံယူမှုကွဲပြားသူများသည် မိမိတာဝန်ယူလုပ်ဆောင်ရမည့်အလုပ်နှင့်ဆိုင်သော လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် တာဝန်ကျေပြွန်မှုရှိရန်သာ အဓိကလိုအပ်ပြီး သူတို့၏ကိုယ်ပိုင်အခွင့်အရေးဖြစ်သော လိင် စိတ်ခံယူမှုအပေါ် အခြေခံပြီး မရွေးချယ်သင့်ကြောင်း ခရီးသွားဝန်ဆောင်မှုနှင့် ကြော်ငြာလုပ်ငန်းရှင် အုပ်ချုပ် မှုဒါရိုက်တာ ဦးဝဏ္ဏဖြိုးက ပြောသည်။

“ကျနော်က သူတို့ကို အလုပ်ခန့်ပြီး အလုပ်စဝင်ဝင်ချင်း အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ခွဲခြားတတ်ဖို့ ပြော ထားတယ်။ Gender နဲ့ လိင်စိတ်က အဓိကမဟုတ်ဘူး။ တချို့က သူတို့ပိုကြိုးစားတာ မြင်ရတယ်။ စိတ်ပေါ် မှာတော့ မူတည်တာပေါ့။ ကျနော့်ဆီမှာ လိင်စိတ်ခံယူမှု ကွဲပြားသူနှစ်ယောက်ရှိတယ်။ တယောက်က တော် တော်ကြိုး စားတယ်၊ တယောက်ကတော့ တွန်းပေးနေရတာရှိတယ်။ ကျန်တာတွေတော့ မထိခိုက်ပါဘူး”

လုပ်ငန်းရှင်များမှ နားလည်မှုပေးခြင်းဖြင့် လုပ်ငန်းတွင်ကျယ်လာပြီး ဝန်ထမ်းများလည်း ပေါ့ပေါ့ပါးပါးနှင့် စိတ်ပျော်ရွှင်စွာ အလုပ်လုပ်နိုင်သည်ဟု သူ၏လုပ်ငန်းခွင်တိုးတက်မှုကို ပြောပြသည်။ လုပ်ငန်းခွင်၏ သတ် မှတ်ချက်ဖြစ်သော ယူနီဖောင်းဝတ်စုံကို အားလုံးဝတ်ရမည်ဖြစ်ပြီး  တပါတ်တွင် စနေနေ့တရက်ကိုတော့ ဝန်ထမ်းများ စိတ်ကြိုက်ဝတ်ဆင်ခွင့်ပေးထားသည်ဟု ဦးဝဏ္ဏဖြိုးက ပြောသည်။

“ရုံးအုပ် HR (ဝန်ထမ်းအရင်းအမြစ်ရေးရာ) ကိုတော့ နားလည်အောင်ကြိုပြောထားရတာပေါ့၊ ဥပမာ စနေ နေ့လိုမျိုးဆို ကြိုက်တဲ့ဝတ်စုံဝတ်လာပေါ့၊ ကျနော့်အလုပ်ထဲမှာ Tom boy တယောက်ဆိုရင် ယူနီဖောင်း ဝတ်ခိုင်းတယ်၊ အပေါ်ကရှပ်ထပ်ဝတ်တယ်။ စစချင်းတော့ အဆင်မပြေဘူးပြောပေမယ့် သူ့ကိုနားလည် အောင် ပြောပြတော့ အဆင်ပြေသွားတာပဲ”

လိင်စိတ်ခံယူမှု ကွဲပြားသူများနှင့်ပါတ်သက်ပြီး လုပ်ငန်းခွင်အခြေအနေ၊ လုပ်သားလက်ခံမှုတို့တွင် နားလည် နိုင်မည့်လုပ်ငန်းရှင်များ နည်းပါးနေသေးသော်လည်း သူတို့ကိုလက်ခံနားလည်ပေးမည်ဆိုပါက လုပ်ငန်းခွင် ထဲတွင် အပြန်အလှန်လေးစားမှုများကို ပိုမိုတည်ဆောက်နိုင်ပြီး အောင်မြင်မှုရရှိစေနိုင်သည်ဟု ဦးဝဏ္ဏဖြိုး က ဆိုပါသည်။

Author:

Related Articles