(ငြိမ်းချမ်းရေးတည်ဆောက်သူ အမျိုးသမီးများအား အခွင့်အရေး ပေးရန် ပျက်ကွက်မှုပေါ် အမြင်)
ဒေါ်နယ်လ်စတိုင်းဘတ်ဂ်။ ဧပြီ (၂၅) ၂၀၀၇
ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ဆိုမားလီးယားက ယိုယွင်းပျက်စီးနေတဲ့ နောက်ခံ အခြေအနေတွေကို ဆန့်ကျင်ပြီး ၁၉၉၄ နွေရာသီမှာ အာဖရိကတိုက်ရဲ့ ဖြစ်ထွန်းတိုးတက်မှုတွေထဲက မျှော်လင့်စရာတခုဟာ ဇမ်ဘီယာနိုင်ငံ လူဆာကာမြို့မှာ ဖြစ်ပေါ်ခဲ့တယ်။ အဲဒီမြို့မှာ အင်ဂိုလာနိုင်ငံက အစိုးရဖက်နဲ့ UNITA လှုပ်ရှားမှုလို့ခေါ်တဲ့ သူပုန်ဖက်ကလူတွေ၊ နိုင်ငံတကာက စေ့စပ်ဖြန်ဖြေသူတွေ ပေါင်းစုပြီး လူ (၅) သိန်းလောက် သေဆုံးခဲ့တဲ့ နှစ် (၂၀) ကျော်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျနော်ဟာ သမတ ကလင်တန်ရဲ့ အာဖရိကရေးရာဆိုင်ရာ အထူးလက်ထောက်အဖြစ်နဲ့ စေ့စပ်ဆွေးနွေးမှုကို ပံ့ပိုးကူညီဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဒီဆွေးနွေးပွဲရဲ့ အောင်မြင်မှုအဖြစ်နဲ့ ၁၉၉၄ ခုနှစ်၊ နိုင်ဝင်ဘာမှာ လူဆာကာ နောက်ဆက်တွဲ စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။
ဒီကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးစာချုပ်က စစ်ပွဲကို အဆုံးသတ်ပြီး အမျိုးသား ပြန်လည် သွေးစည်းညီညွှတ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ခေတ်သစ်ကို တည်ဆောက်ဖို့ အာမ ခံခဲ့ပါတယ်။
၁၉၉၄ ခုနှောင်းပိုင်း လူဆာကာ စာချုပ်ဖြစ်ပေါ်ရေးမှာ အာဖရိကရေးရာ ကျွမ်းကျင်သူအဖြစ်နဲ့ ပါဝင်ခဲ့တဲ့ ကျနော့်ကို စေ့စပ်ဆွေးနွေးမှုနဲ့ အကောင်အထည်ဖော်မှုအပိုင်းမှာ အမျိုးသမီးတွေ ပါဝင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ကြတယ်။ ကျနော်က ဒီသဘောတူညီချက်ဟာ အမျိုးသမီးတွေအပေါ် ခွဲခြားထားတဲ့ ပြဌာန်းချက် တခုမှ မပါဘူး၊ ‘ဒီ သဘောတူညီချက်က ကျားနဲ့ မ အကြားမှာ မျှတမှုရှိတယ်’ လို့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဖြေခဲ့တယ်။
သမတ ကလင်တန်က ကျနော့်ကို အင်ဂိုလာနိုင်ငံ သံအမတ်နဲ့ လောင်ဒါမှာ အခြေစိုက်တဲ့ ငြိမ်းချမ်းရေးစာချုပ် အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့တယ်။ လောင်ဒါကို ကျနော်ရောက်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ ‘ဒီငြိမ်းချမ်းရေး သဘောတူစာချုပ်ရဲ့ ကျားနဲ့ မ တန်းတူမှုဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုမှု အဖြစ်သာရှိနေပြီး အမျိုးသမီးတွေအပေါ် ခွဲခြားထားမှုတွေကို ကျော်လွှား အောင်မြင်နိုင်ဖို့ လမ်းသိပ်မရှိဘူး’ ဆိုတာကို သဘောပေါက်ခဲ့တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီး တွေကို ချန်လှပ်ထားတာနဲ့ gender အရေးကို ထည့်မစဉ်းစားတာဟာ လူဆာကာ သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဖို့အတွက် ခက်ခဲစေတဲ့ အဓိက အကြောင်းအရင်း ဖြစ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် ၁၉၉၈ မှာ အင်ဂိုလာ စစ်ပွဲတွေ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်ခဲ့တာတွေကို ပြန်ဆန်းစစ်ကြည့်ရင် ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်မှာ ကတည်းက အမျုးိသမီးတွေ ပါဝင်ဖို့ ပျက်ကွက်ခဲ့တာ ဖြစ်တယ်လို့ အများက ပြောခဲ့ကြတယ်။ သူတို့ရဲ့ အစည်းအဝေးတိုင်းမှာ အမျိုးသား (40) ဟာ စားပွဲမှာ ဝိုင်းထိုင်ဆွေးနွေးခဲ့ကြတယ်။ အစိုးရဖက်ကော၊ UNITA အဖွဲ့ကကော၊ ကုလသမဂ္ဂကကော၊ ပေါ်တူဂီ၊ ရုရှနဲ့ အမေရိကန်ကကော သူတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့မှာ အမျိုးသမီးတယောက်မှ မပါဝင်ခဲ့ဘူး။ ဒါကြောင့် စစ်နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ရှုပ်ထွေးခက်ခဲတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ အမြင်ကို တင်ပြခွင့် မရခဲ့တဲ့အပြင် ပြည်တွင်း အိုးအိမ်မဲ့ဖြစ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အစိုးရနဲ့ သူပုန်တပ်ဖွဲ့တွေရဲ့ ဖိနှိပ်ညှင်းပန်းမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ပြုစု ပျိုးထောင်ရေး၊ မိန်းကလေးတွေ အတွက် ပညာရေး စတဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုံး၀ အလေးမထားခဲ့ကြပါဘူး။ ပူးပေါင်းဆောင် ရွက်ရေး ကော်မရှင်မှာ gender အကြောင်းကို ဆွေးနွေး အဆိုပြုလာသူရှိရင်လည်း တခြားအခက်အခဲတွေ ဖြေရှင်းဖို့ ပိုအရေးကြီးနေတဲ့အကြောင်းတွေ ပြောဆိုပြီး အဲဒီအဆိုကို ချေဖျက်ခဲ့ကြတယ်။
ဒီငြိမ်းချမ်းရေး သဘောတူညီချက်မှာ သီးခြားစီ ဖြစ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် (၁၃) မျိုးပါဝင်ပြီး အဲဒီအထဲမှာ စစ်ပွဲကာလတုန်းက ကျူးလွန်ခဲ့တဲ့ ရက်စက်မှုေျွှွအပေါ် တရားစွဲဆိုတာကိုလည်း ခြွင်းချန်ထားပါတယ်။ နောက် လွတ်ငြိမ်းချမ်းသာခွင့်တခုက လာမယ့် (၆) လအတွင်း ဖြစ်လာနိုင်တဲ့ အပြစ်ပေးအရေးယူမှုတွေကို ခွင့်ပြုထားပါတယ်။ မုဒိန်းကျင့်မှုကို စစ်လက်နက်တခုအဖြစ် သုံးခဲ့တာ အပါအဝင် စစ်ပွဲကာလအတွင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အခြား ကျူးလွန်မှုတွေကို လွတ်ငြိမ်းခွင့်ပေးထားတာဟာ လက်နက်ကိုင်ထားတဲ့ ယောက်ျားတယောက်က အခြား လက်နက်ကိုင်ထားတဲ့ ယောက်ျားတယောက်ကို အမျိုးသမီးတွေအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ခွင့်လွှတ်လိုက်တာပဲ ဖြစ်နေပါတယ်။ ဒီအားနည်းချက်က တရား ဥပဒေ ပြန်လည်စိုးမိုးမှု ပြန်လည်တည်ဆောက်ရေးနဲ့ တာဝန်ခံမှုတွေကြားမှာ ကွဲလွဲမှုတွေ ဖြစ်ပေါ်စေပြီး တရားမျှတမှုနဲ့ လုံခြုံရေးကို ပြန်လည်ပြုပြင် တည်ဆောက်နေတာတွေအပေါ် အဆိုးမြင်မှုတွေ ဖြစ်စေခဲ့ပါတယ်။
အလားတူပဲ၊ ကျနော်တို့က ရဲဘော်ဟောင်းတွေကို လက်နက်ဖျက်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နှုတ်ထွက်ခွင့်ပြု ရေးနဲ့ ပြန်လည်စုစည်းညီညွှတ်ရေး အစီစဉ်တွေ အကောင်အထည်ဖော်တဲ့အခါ စာချုပ်ပါ သဘောတူညီချက်မှာ ပါတဲ့ ရဲဘော်ဟောင်းဆိုတဲ့ အဓိပ္ပါယ်ဟာ စစ်ဘက်ရေးရာ ခေါင်းဆောင်တွေကိုသာ ရည်ညွှန်းထားတာကို တွေ့ရတယ်။ အမျိုးသမီး ထောင်ပါင်းများစွာကို သူပုန်အဖွဲ့တွေထဲကို ပြန်ပေးဆွဲပြီး ဝင်ခိုင်းတာ ဒါမှမဟုတ် အများစုကို အတင်းအကြပ် ဝင်ခိုင်းခဲ့တာတွေကို ခေါင်းဆောင်တွေက ချန်လှပ်ထားခဲ့တယ်။ အဲဒီအမျိုးသမီး တွေဟာ ထမင်းချက်တွေ၊ ဆက်သားတွေ၊ အထမ်းသမားတွေအပြင် လိင်ကျွန်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ကျနော်တို့က အဲဒီလို ခံစားခဲ့ရသူတွေကို တစုံတရာ ထောက်ပံ့ပေးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
အမျိုးသား ရဲဘော်ဟောင်းတွေကတော့ ငွေအနည်းငယ်နဲ့ စစ်မှုထမ်းအဖြစ်က နှုတ်ထွက်လာတဲ့အတွက် သီးနှံ မျိုးစေ့တွေနဲ့ လယ်ယာသုံး ပစ္စည်းတွေပဲ ရကြပါတယ်။ သူတို့တွေဟာ စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မရှိတာကြောင့် လူ့အဖွဲ့အစည်းထဲမှာ ဘယ်အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ရမယ်ဆိုတာ ရှင်းရှင်းလင်း လင်း မရှိပဲ ပြန်သွားကြရတယ်။ လူ့ဘောင်အဖွဲ့အစည်းကလည်း ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်ခဲ့တဲ့ စစ်ပွဲအတွင်းမှာ သူတို့ မရှိဘဲ နေထိုင်တာ ကျင့်သားရနေပြီ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ ကမ္ဘာကြီးရဲ့ အခြားဒေသတွေမှာ လို အရက်စွဲသူ၊ မူးယစ်ဆေးသုံးစွဲသူ၊ လင်မယားကွာရှင်းမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှု တွေဟာ သိသိသာသာ တိုးမြှင့်လာတယ်။ စစ်ပွဲကာလတုန်းက အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ယန္တယားလည်း ကျိုးပျက်သွားခဲ့ တယ်။ အဲဒီနည်းနဲ့ ပြည်တွင်းစစ်အပြီးမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဟာ ပိုမို တိုးပွားလာခဲ့တယ်။
အရေးပါတဲ့ လမ်းတွေကို မြေမြှုပ်မိုင်းတွေရှင်းလင်းပြီး ဒုက္ခသည်နဲ့ ပြည်တွင်း အိုးမဲ့အိမ်မဲ့ (၂) သန်းလောက်ကို အိမ်ပြန်နိုင်အောင် ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ကြိုးပမ်းခဲ့တဲ့ ဆောင်ရွက်မှုတွေကလည်း အမျိုးသမီးတွေ အပေါ် ဆန့်ကျင်ဖက် အကျိုးရလာဒ်တွေ ဖြစ်စေခဲ့တယ်။ အင်ဂိုလာနိုင်ငံက တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ လက်နက်ကိုင် အဖွဲ့ပေါင်း (၁၂) ဖွဲ့ လောက်က မြေမြှုပ်မိုင်း (၁) သန်းလောက် ထောင်ထားခဲ့တယ်။ လယ်ကွင်း တွေ၊ ရေတွင်းတွေနဲ့ သစ်တောတွေအတွင်း မိုင်းရှင်းလင်းမှုထက် လမ်းမတွေပေါ် မိုင်းရှင်းလင်းမှုက အရင် ဆုံးဖြတ်ချက် ကျခဲ့တာကြောင့် ဒေသသစ်တွေမှာ အခြေချတဲ့ အမျိုးသမီးတွေဟာ စိုက်ပျိုးဖို့ လယ်ကွင်းတွေဆီ သွားတဲ့အခါ၊ ရေခပ်တဲ့အခါနဲ့ ထင်းခွေထွက်ကြတဲ့အခါမှာ မြေမြှုပ်မိုင်းတွေ ထိခဲ့ကြရတာပါပဲ။
လူဆာကာ သဘောတူစာချုပ်က လူကုန်ကူးမှု၊ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ အိတ်ချ်အိုင်ဗွီ- အေအိုင်ဒီအက်စ် ရောဂါ ပြန့်ပွားနှုန်းတိုးမြှင့်လာနေမှု၊ အရပ်သားများထံမှာ လက်နက်ငယ်နှင့် အပေါ့စားသေနတ်တွေ များပြားလာနေမှု၊ မုဒိန်းကျင့်ခံရသူနှင့် အခြားလိင်ပိုင်းဆိုင်ရာ စော်ကားခံရသူများကို စိတ်ပိုင်းဆိုင်ရာ အကူအညီ ပေးမှု စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖို့ မထည့်သွင်းခဲ့ဘူး။ ဒါမှမဟုတ် ဒါတွေကို ကိုင်တွယ်ဖို့အတွက် လုံလောက်တဲ့ အာမခံမှု နည်းစနစ်တွေ မပါဝင်ခဲ့ပါဘူး။
ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် Aliouene Blondin Beye က ဒီလို စိန်ခေါ်အကဲစမ်းမှုတွေကို မဆုတ်မနစ် ရင်ဆိုင်ရင်း gender အရေးအတွက် အကြံပေးတယောက်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အရာရှိတယောက်ကို ကျနော်တို့ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် လမ်းညွှန်ဖို့ ခေါ်ယူပေးခဲ့ပါတယ်။ သူကတော့ အင်ဂိုလာ ငြိမ်းချမ်းရေးကို ဆောင်ရွက်ရင်း သေဆုံးခဲ့ရပါတယ်။ ကျနော်တို့ သံရုံးက မိခင်များအတွက် ကျန်းမာရေး၊ မိန်းကလေးများအတွက် ပညာရေး၊ လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှု၊ အသေးစား စီးပွားရေးလုပ်ငန်းနဲ့ အစိုးရအဖွဲ့ မဟုတ်တဲ့ အမျိုးသမီးအသင်းတွေကို ထောက်ပံ့ရေးအစီစဉ်တွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ကျနော်တို့ရဲ့ လူသားချင်းကူညီမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအစဉ်တွေမှာ အမျိုးသမီးတွေကို စီမံကိန်း ချမှတ်သူ၊ အကောင်အထည်ဖော်သူ၊ အကျိုးခံစားခွင့်ရှိသူတွေ ဖြစ်လာအောင် ‘ငါတို့ မလုပ်ရင် ငါတို့အတွက် ဘာမှ မဖြစ်လာနိုင်ဘူး’ ဆိုတဲ့ လမ်းညွှန်ချက်နဲ့အတူ ဆောင်ရွက်ခဲ့ပါတယ်။
ဒီလို ကြိုးပမ်းမှုတွေကို ဒုက္ခသည် အမျိုးသမီးများနှင့် ကလေးများဆိုင်ရာ ကော်မရှင်က Widtech နဲ့ အထူး ကိုယ်စားလှယ် Paul Hare တို့ရဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်ခဲ့တာပါ။ ဒါပေမယ့် ဒါဟာ သိပ်နည်းပါးလွန်းပြီး သိပ်နောက်ကျခဲ့ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကလည်း သာမန်ပြည်သူတွေထက် စစ်ပွဲမှာ ပါဝင်တိုက် ခိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေကိုပဲ အကျိုးဖြစ်ထွန်းစေတယ်လို့ ရှုမြင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၉၉၈ ခုနှစ်လယ် လောက်မှာ အစိုးရနဲ့ UNITA ခေါင်းဆောင် Jonas Savimbi တို့က အပြည့်အ၀ တာဝန်ယူဆောင်ရွက်မှုတွေ မရှိတာကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အဖုအထစ်တွေ ဖြစ်လာခဲ့တယ်။ နောက်တကြိမ်စစ်ပွဲတွေ ထပ်မဖြစ်အောင် ခေါင်းဆောင်တွေအပေါ် ဖိအားပေးနိုင်တဲ့ လူမှုအဖွဲ့အစည်းတွေလည်း လုံလုံလောက်လောက် မရှိခဲ့ပါဘူး။
ကျနော်ဟာ ဒီအဖြစ်အပျက်တွေကို အချက်အလက် စုဆောင်းဖို့ သုတေသီတယောက်ဆီကို အပ်နှံခဲ့ပါတယ်။ ဒါပေမယ့် အင်ဂိုလာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူဦးရေတဝက်လောက်မပါဝင်ခဲ့တာ၊ အစိုးရအဖွဲ့အစည်း တွေနဲ့ ပုံမှန်စီးပွားရေး လုပ်ငန်းတွေ မပြည့်စုံတာတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခိုင်မာစေဖို့နဲ့ တိုင်းပြည် ပြန်လည်တည်ဆောက်ဖို့ လုံလောက်မှု မရှိခဲ့ဘူး။ ဒါကြောင့် နောက်ထပ် သုံးနှစ်ကြာ စစ်ပွဲထပ်ဖြစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ Savimbi သေဆုံးတဲ့အခါမှ စစ်ပွဲတွေ ရပ်ဆိုင်းခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅)က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်ရေးနဲ့ ပတ်သက်ပြီး စနစ်တကျ ချဉ်းကပ်ဆောင်ရွက်ဖို့ အာမခံထား ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အလှမ်းကွာနေဆဲ ဖြစ်ပါတယ်။ ဉာဏ်ပညာနဲ့ စွမ်းရည်သတ္တိပြည့်စုံတဲ့ အမျိုးသမီးတွေက ကမ္ဘာအနှံ့အပြားက ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီဆောင်ရွက် နေကြပေမယ့် ဥပဒေအကြောင်းအရ၊ ရိုးရာယဉ်ကျေးမှုနဲ့ အစဉ်အလာတွေအရ ခွဲခြားဆက်ဆံခံနေရဆဲဖြစ်ပါ တယ်။ သြဇာအာဏာရှိတဲ့ အဖွဲ့အစည်းအတွင်းမှာ ပါဝင်နေတဲ့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေဟာ အမည်းစက် အဖြစ်တည်ရှိနေဆဲ ဖြစ်ပြီး ဒီလို စွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတွေကလည်း ရှေ့ကို တက်လှမ်းဖို့ နှစ်ခါပြန် စဉ်းစားနေကြရပါတယ်။ လိုင်ဘေးရီးယား၊ ရဝမ်ဒါ၊ နီပေါလ်၊ ယူဂန်ဒါ စတဲ့ နိုင်ငံတွေက ငြိမ်းချမ်းရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေဟာ ဒီလို ဖြစ်ပျက်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။
ဒီလို ဖြစ်ပျက်မှုတွေနဲ့ ပတ်သက်ပြီး စံနှုန်းသတ်မှတ်ချက်တွေ အများကြီး လုပ်ကြရအုံးမှာ ဖြစ်ပါတယ်။ အပြန်အလှန် ဆက်နွယ်မှုပြုနေတဲ့ ကမ္ဘာ့မိသားစုဝင်တွေအတွင်းမှာ အမျိုးသမီး ငြိမ်းချမ်းရေး တည်ဆောက်သူ တွေရဲ့ ပုဂ္ဂလိက လုံခြုံမှုကို ကာကွယ်ပေးပြီး သင်တန်းတွေ လုပ်ဖို့ကို အားပေးကြရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ ပြန်လည်တည်ဆောက်ရေး ဆိုင်ရာ ညီလာခံတွေနဲ့ အစိုးရ ယန္တယားတွေမှာ အမျိုးသမီးတွေကို (၂၀) ကနေ (၃၀) ရာခိုင်နှုန်း စတင်ပါဝင်ခွင့် ပြုရမယ်ဆိုတဲ့ ခက်ခဲတဲ့ အပိုင်းကနေ အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးနဲ့ မိန်ကလေးငယ်များရဲ့ ပညာရေး စတဲ့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အလေးထားတဲ့ လူမှုရေး အဆောက်အအုံကို ပြန်လည်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ အမျိုးသမီးများ အပေါ် အကြမ်းဖက်ဆက်ဆံနေမှုတွေကို အရေးမယူပဲ မျက်ကွယ်ပြုထားတဲ့ ရိုးရာအစဉ်အလာတွေကို အဆုံး သတ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ပွဲတွေ ရပ်တန့်သွားတဲ့ တိုင်းပြည်တွေက လုံခြုံရေး တပ်ဖွဲ့တွေ အတွင်းကို အမျိုးသမီးတွေ ပိုမို ပါဝင်ခွင့်ပေးရပါမယ်။
ကုလသမဂ္ဂအတွင်းမှာလည်း အများကြီးပြုပြင်ရမှာ ဖြစ်ပါတယ်။ လိုင်ဘေးရီးယား သမတအဖြစ် Ellen Johnson Sirleaf ကို ရွေးချယ်ခံရစဉ်က ကမ္ဘာကြီးက သြဘာပေးခဲ့ကြပြီး ၂၀၀၆ ခုနှစ် စက်တင်ဘာလမှာ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်က စံသတ်မှတ်ချက်တွေကို ထောက်ပြပြီး ကုလသမဂ္ဂတပ်ဖွဲ့တွေ ရုတ်သိမ်းဖို့ အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်တယ်။ စံသတ်မှတ်ချက် (၃၉) ချက်မှာ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးလာရေးတို့ ပါဝင်ပေမယ့် အမျိုးသမီး (သို့မဟုတ်) gender အရေးနဲ့ ပတ်သက်လို့ တစုံတရာ ဖော်ပြထားခြင်း မရှိပါဘူး။ အခြေခံ လူမှု အဆောက်အအုံ တည်ဆောက်မှုနဲ့ အခြေခံဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ ကျင့်သုံးနေတဲ့ စံသတ်မှတ်ချက် (၇) ချက်ရဲ့ နောက်ဆုံးတချက်မှာတော့ မိန်းကလေးတွေ ကျောင်းဝင်ခွင့်နဲ့ ပတ်သက်တဲ့ လိုအပ်ချက်ကို ဖော်ပြထားပါ တယ်။
ဒီအခြေအနေတွေက အင်မတန် အန္တရာယ်များပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အမျိုးသမီးတွေ ပါဝင်ခွင့် ဆိုတာ တန်းတူညီမျှမှုအတွက် မေးခွန်းထုတ်ရုံ သက်သက် မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး သဘောတူညီချက်၊ စစ်ပွဲလွန်ကာလ အုပ်ချုပ်မှုနဲ့ ပြန်လည်ထူထောင်မှု လုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်မယ်၊ နောက် gender အရေးကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် လုပ်ငန်းဆောင်ရွက်မှုတွေ ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။
အင်ဂိုလာနိုင်ငံက အဖြစ်အပျက်ဟာ နောက်ပိုင်းကာလမှာ တိုးတက်ဖြစ်ပေါ်လာမယ့် ကမ္ဘာ့ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေအတွက် ကျနော်တို့ အလေးထားရမယ့် အရာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
(Peace Women E-News မှ Donald Steinberg ဒေါ်နယ်လ်စတိုင်းဘတ် ရေးသားသော “Failing to Empower Women Peacebuilders: A Cautionary Tale from Angola” ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။)
ဒေါ်နယ်လ်စတိုင်းဘတ်သည် ကမ္ဘာ့အရေးကိစ္စများ ဖြေရှင်းရေးဌာန၏ ဒုတိယ ဥက္ကဌနှင့် နယူးယောက် အခြေစိုက် နိုင်ငံတကာ အကြပ်အတည်းများဆိုင်ရာအဖွဲ့၏ အကြီးအကဲဖြစ်သည်။ ထို့ပြင် ယခင်က အင်ဂိုလာ နိုင်ငံ၏ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ နိုင်ငံတော် လုံခြုံရေးကောင်စီ၏ အာဖရိကရေးရာ ဆိုင်ရာ အကြီးတန်း ညွှန်မှူးတယောက်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လူသားများ အရေးနှင့် ပတ်သက်သော သမတ၏ အထူးကိုယ်စားလှယ်လည်းဖြစ်ပါသည်။
(မြန်မာ့အမျိုးသမီးသမဂ္ဂမှ စီစဉ်ထုတ်ဝေသော ချိုးလင်းပြာအမျိုးသမီးစာစောင် အမှတ် ၄/၂၀၀၇ ခုနှစ် မေလထုတ်တွင် ပါဝင်သော ဘာသာပြန်ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်)
ဇော်မိုးလူ ဘာသာပြန်သည်
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021