Home ဆောင်းပါးသတင်းဆောင်းပါး ဒုစရိုက်မျိုးစုံတဲ့ မူဆယ် စီးပွားမြို့က အမျိုးသမီးများ

ဒုစရိုက်မျိုးစုံတဲ့ မူဆယ် စီးပွားမြို့က အမျိုးသမီးများ

“ကယ်ကြပါဦး.. ကယ်ကြပါဦး”

ထိုအသံကို ကြားရသည့်အချိန်မှာ ည(၁၀)နာရီဝန်းကျင်ရှိပြီဖြစ်သည်။

အသံလာရာကို ထွက်ကြည့်ကြသည့်အခါ အလုပ်မှပြန်လာသည့် အမျိုးသမီးငယ်တဦး၏ ဆိုင်ကယ်ကို လူငယ်(၁) ဦးက လုယူသွားခြင်းဖြစ်ကြောင်းသိရသည်။

“ ကျမအိမ်ထဲဝင်ဖို့ ခြံတံခါးဖွင့်နေတဲ့အချိန် ကောင်လေး(၁)ယောက်က ကျမနောက်ကနေ (၁၂)လက်မ လောက် ရှိတဲ့ ဓားရှည်နဲ့ ကျမကိုရွယ်ပြီး ဆိုင်ကယ်သော့တောင်းတယ်။ ကျမလည်း ဓားကိုမြင်တော့ ကြောက်ကြောက်နဲ့ ပေးလိုက်တယ်” ဟု မအေးလီက တုန်တုန်ရီရီဖြင့် အဖြစ်အပျက်ကို ပြန်ပြောပြသည်။

မအေးလီသည် တရုတ်မြန်မာနယ်စပ်၊ မူဆယ်မြို့၊ တောင်ရပ်ကွက်တွင် နေထိုင်သည့် အသက်(၃၀)ကျော် အမျိုး သမီးတဦးဖြစ်သည်။

သူမက ဆိုင်ကယ်သော့ပေးလိုက်သည့်အခါ ဓားပြတိုက်သည့်လူငယ်အမျိုးသားက  သူ့လက်ထဲမှ ဓားရှည်ကို အိမ် တံခါးရှေ့တွင် ပစ်ချကာ ဆိုင်ကယ်ကို အရှိန်ဖြင့် တဟုန်ထိုးမောင်းထွက်သွားသည်။

“ ကျမဓားရှည်ကိုမြင်တော့ တော်တော်လန့်သွားတယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ ဆိုင်ကယ်သော့တောင်း တော့ ချက်ချင်းပေးလိုက်ရတယ်။ မပေးခဲ့ရင် ကျမဘာဆက်ဖြစ်မယ်ဆိုတာ တွေးလို့ကို မရဘူး” ဟု မအေးလီက ဆိုသည်။

မူဆယ်မြို့တွင် ညမှောင်ရီပျိုးချိန်ရောက်လာပါက အမျိုးသမီးများအတွက် လမ်းပေါ်သို့သွားလာမှုများမှာ လုံခြုံမှု မရှိတော့ကြောင်း မူဆယ်မြို့နေ အမျိုးသမီးများက ပြောဆိုသည်။

တရုတ်ငွေလဲသည့်အလုပ်ကို လုပ်ကိုင်သည့် နန်းမိုကလည်း ညနေ(၆)နာရီအချိန် အိမ်အပြန်လမ်းတွင် လုယက်မှု နှင့်ကြုံတွေ့ခဲ့ပြီး၊ ထိုအချိန်က မိမိကိုယ်ကို ကာကွယ်နိုင်ခဲ့သဖြင့် ငွေအိတ်မပါသွားခဲ့သော်လည်း လက်နှင့် မျက်နှာ တွင် ဒဏ်ရာအနည်းငယ်ရခဲ့ကြောင်း  ပြန်ပြောပြသည်။

“ ကျမအလုပ်ကအပြန် လမ်းမှာ ကောင်လေး(၂)ယောက်က ဆိုင်ကယ်ကို ယှဉ်မောင်းလာပြီး အိတ်ကိုလှမ်းဆွဲ တယ်။ အရှိန်နဲ့ဆိုတော့ ဆိုင်ကယ်လဲသွားတယ်။ ကျမကလည်း အော်ပစ်လိုက်တယ်။ ဘာမှတော့ မပါသွားဘူး။ ဒဏ်ရာတော့ရခဲ့တယ်” ဟု နန်းမိုက ဆိုသည်။

မူဆယ်မြို့တွင် တရုတ်ငွေလဲသည့် အမျိုးသမီးများ(၉၀)ရာခိုင်နှုန်းခန့်ရှိသည့်အတွက် လုယက်သူများသည် ငွေလဲ သည့် အမျိုးသမီးများကို ဦးတည်နေကြသည်ဟု မူဆယ်မြို့မှ ငွေလဲသည့်အမျိုးသမီးများက ပြောဆိုကြသည်။

“ ကိုယ့်လုံခြုံရေး ကိုယ်ယူနေရတယ်။ ဖြစ်လာရင်လည်း ဘာမှမထူးဘူး။ ကြောက်လို့အလုပ်ထွက်မလုပ်ရင်လည်း မရ။ ကြောက်နေလို့လည်း မထူးဘူး” ဟု နန်းမိုက ပြောသည်။

လုယက်မှုများနေရာတိုင်းတွင် ဖြစ်နေသဖြင့် အမျိုးသမီးများသည် အိမ်အပြင်သို့ထွက်ပါက နောက်ကျောမလုံသည့် အဖြစ်နှင့် ကြုံတွေ့ရင်ဆိုင်နေရသည့်ဟု ဒေသခံများက ပြောဆိုသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်ဒေသဖြစ်သည့်အလျောက် လူမျိုးပေါင်းစုံလာရောက် အလုပ်လုပ်ကိုင်ကြသလို မူး ယစ်ဆေးဝါး၊ လောင်းကစားများလည်း ပေါများသဖြင့် လုယက်မှု၊ ခိုးမှုများ တစစ များပြားလာသည်ဟုလည်း ဒေသ ခံများက မှတ်ချက်ပြုကြသည်။

“ ခိုးမှုတွေ၊ လုယက်မှုတွေ၊ ဓားမြတိုက်မှုတွေက မူးယစ်ဆေးဝါး၊ လောင်းကစားတွေနဲ့ ဆက်စပ်နေတယ်လို့ ပြော ရမယ်။ ဒီဒေသက ညမပြောနဲ့၊ နေ့ခင်းလည်း လူပြတ်တဲ့နေရာဆို ဆိုင်ကယ်ဖြတ်မမောင်းရဲဘူး။ ကိုယ့်ဘေးနား ဆိုင်ကယ်ဖြတ်မောင်းသွားရင်လည်း ကြောက်နေရတယ်” ဟု မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်နေ နန်းဟိန်းက ပြော သည်။

လုယက်မှုသည် နေရာမရွေး၊ အချိန်မရွေးဖြစ်နေသည့်အတွက် မိမိတို့မိသားစုဝင်များ နေအိမ်မှထွက်သွားလျှင် ပြန် မရောက်မချင်း စိတ်ပူနေရပြီး အထူးသဖြင့် သမီးမိန်းကလေးများအတွက် အမြဲတမ်းစိတ်ပူနေရကြောင်းလည်း နန်းဟိန်းက ဆိုသည်။

“ ဘယ်နေရာမှာကတော့ လုယက်မှုဖြစ်သွားပြီ၊ ဘယ်ဆိုင်ကယ်ကတော့ ခိုးခံရပြီဆိုတဲ့သတင်းတွေက နေ့တိုင်း လိုလိုပါပဲ။ ကျမတို့အလှည့်လည်း ဘယ်နေ့ဆိုတာ မသိတော့ဘူး။ သတိနဲ့တော့ သွားလာနေရတယ်” ဟု သူမက ဆိုသည်။

လွန်ခဲ့သည့် (၁)နှစ်ကျော်တွင်  ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သည့် မူဆယ်၊ ဟိုနားရပ်ကွက်နေ  အမျိုးသမီးတဦးနောက် သို့ လူ(၃)ဦးက နေ့ခင်းအချိန်တွင် လိုက်လာကာ ပစ္စည်းလုယူရန် ကြိုးစားခဲ့ဖူးသည်။

“ ကျမ နေ့ခင်း(၂)နာရီမှာ လမ်းထိပ်ကိုခဏသွားပြီး အိမ်ပြန်မလို့ လုပ်နေချိန်မှာ လူ(၃)ယောက်က ကျမနောက်ကို တကောက်ကောက်လိုက်လာတယ်။ ပုံမှန်မဟုတ်တော့ ကျမလည်း နီးစပ်ရာအိမ်ကို ဝင်ပြီးခိုခဲ့ရတယ်” ဟု လွန်ခဲ့ သည့်  (၁)နှစ်ကျော်က အဖြစ်အပျက်ကို မဝေနှင်းက ပြောပြသည်။

မူဆယ်မြို့တွင် လုယက်မှုများ၊ ဖောက်ထွင်းမှုများ၊ ဓားမြတိုက်မှုများ တနှစ်ထက်တနှစ် ပိုများလာကာ သက်ဆိုင်ရာ မှလည်း စနစ်တကျ ဖြေရှင်းပေးနိုင်ခြင်းမရှိကြောင်း  မူဆယ်ဒေသခံများက ပြောဆိုကြသည်။

“ တခါတလေကျရင်  လုယက်ဖို့၊ ခိုးဖို့အတွက် တမင်များ လွှတ်ထားလား ထင်ရတယ်။ သက်ဆိုင်ရာတွေအနေနဲ့ လုံခြုံရေးကို ပိုယူပေးစေချင်တယ်” ဟုလည်း မဝေနှင်းက ဆက်ပြောသည်။

ခိုးမှု၊ လုယက်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူပြီး ပြည်သူရှေ့မှာ အပြစ်ပေးသင့်ကြောင်း၊ လက်ရှိမှာ ကျူး လွန်သူကို သက်ဆိုင်ရာမှ ဖမ်းဆီးသွားလျှင်လည်း မည်ကဲ့သို့ အရေးယူနေသည်ကို မသိရှိရသဖြင့် စိုးရိမ်ပူပန်နေ ရကြောင်း မဝေနှင်းက ဆိုသည်။

မူဆယ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများလာသည့်အတွက် မရရသည့်နည်းဖြင့် ငွေကိုရှာဖွေလာကြသဖြင့် အမျိုး သမီးများအတွက် စိုးရိမ်စရာအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း  မူဆယ်ဂရုဏာ လူမှုကူညီရေးအဖွဲ့မှ ဦး သောင်းထွန်းက ပြောသည်။

လုယက်မှုများစုသည် အမျိုးသမီးများနှင့် ငယ်ရွယ်သည့်ကလေးများကိုလည်း ပစ်မှတ်ထားနေသည်ဟုဆိုသည်။

မူဆယ်မြို့တွင် မူးယစ်ဆေးဝါး၊ ယာမခေါ် စိတ်ကြွဆေးပြားများကို အလွယ်တကူဝယ်ယူနိုင်သလို လောင်းကစားရုံ စုစုပေါင်း (၃၀၀) ကျော်ရှိသည်ဟုလည်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

“ လမ်းလျှောက်ပြီး ဖုန်းပြောရင်တောင် ဖုန်းကိုလုတာ။ နောက်ဆိုင်ကယ်မောင်းရင်လည်း ဘေးကပ်မောင်းပြီး ပစ္စည်းလုတယ်။ ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်လုတာတွေလည်း ရှိတယ်” ဟု ဦးသောင်းထွန်းက ပြောသည်။

မူဆယ်မြို့တွင် လုံခြုံရေးအင်အားနည်းပါးနေသဖြင့် သက်ဆိုင်ရာမှ အင်အားတိုးမြင့်ပေးရန် လိုအပ်ကြောင်း၊ နယ် စပ်ဒေသတွင် လက်နက်များပေါများခြင်းကြောင့် လုံခြုံရေးကို မိမိတို့ကိုယ်တိုင်ယူရန်မဖြစ်နိုင်သဖြင့် သက်ဆိုင်ရာမှ တင်းကြပ်စွာ ကိုင်တွယ်သင့်သည်ဟုလည်း ဦးသောင်းထွန်းက ဆိုသည်။

“ မူဆယ်မြို့လုံခြုံရေးက လမ်းသွားရင် နောက်ကျောမလုံတဲ့ဘဝဖြစ်နေပြီ။ တရားဥပဒေ စိုးမိုးရေးမရှိတဲ့ဒေသ တခု ပါပဲ” ဟု ဦးသောင်းထွန်းက မှတ်ချက်ပြုသည်။

“ ကျနော်တို့ရပ်ကွက်အနေနဲ့တော့ မီးသတ်အဖွဲ့တွေက (၂၄)နာရီကင်းစောင့်ပါတယ်။ မသင်္ကာတဲ့သူဆိုရင် ကျနော် တို့စစ်ဆေးတယ်။ နောက်လုယက်မှုတွေ၊ ခိုးမှုတွေ၊ တွေ့ရင်လည်း ရဲစခန်းကိုအပ်ပါတယ်” ဟု မူဆယ်မြို့ တောင်ရပ်ကွက်မှ မီးသတ်တပ်ဖွဲ့ဝင်တဦးဖြစ်သည့် စိုင်းအိုက်က ပြောသည်။

မူဆယ်မြို့၊ ရပ်ကွက်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့တို့ပူးပေါင်းကာ မူဆယ်မြို့လုံခြုံရေးအတွက် ပူး ပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်းလည်း စိုင်းအိုက်က ဆက်ပြောသည်။

“ ကျနော်တို့ လုယက်မှုတရားခံတွေ၊ မသင်္ကာတဲ့သူတွေ ဖမ်းမိရင်တော့ ရဲလက်အပ်တယ်။ ဒါပေမယ့် ကျူးလွန် သူတွေက မလျော့သွားတဲ့အပြင် ပိုများလာတယ်။ အဓိကတော့ လောင်းကစားရုံတွေ မူးယစ်ဆေးတွေ ရှိနေသရွေ့ ကတော့ လုယက်မှုက ဆက်များနေဦးမှာပါ” ဟု စိုင်းအိုက်က ထပ်လောင်းပြောသည်။

လုယက်မှု၊ ခိုးမှုကျူးလွန်သူများသည် ဂိုဏ်းဖွဲ့ပြီး ကျူးလွန်နေကြကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရ သည်။

မူဆယ်မြို့သည် နယ်စပ်ဒေသဖြစ်သလို လူမျိုးပေါင်းစုံ၊ လက်နက်ကိုင်ပေါင်းစုံနေထိုင်သည့် ဒေသဖြစ်သဖြင့် လု ယက်မှု၊ ဓားမြတိုက်မှုများဖြစ်ပွားလျှင် ဖမ်းဆီးရန်ခက်ခဲကြောင်း မူဆယ်မြို့ရဲစခန်းမှ တာဝန်ကျရဲတဦးက ပြော သည်။

လုယက်မှုများ ဖောက်ထွင်းမှုများ လျော့ပါးစေရန်အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းနှင့် လောင်းကစားရုံ များ ဖျက်သိမ်းခြင်းကို ဦးစားပေးလုပ်ဆောင်သွားသင့်သည်ဟုလည်း မူဆယ်ဒေသခံများက တိုက်တွန်းပြောဆိုပါ သည်။

“ မူးယစ်ဆေးတွေ၊ လောင်းကစားရုံတွေ ရှိနေသရွေ့တော့ လုယက်မှုတွေ ရှိနေမှာပဲ။ ဒါတွေ ရှိနေသေးရင် အမျိုး သမီးတွေရဲ့ ဘဝလုံခြုံမှုက ပိုပြီးစိုးရိမ်စရာဖြစ်နေမှာပဲ။ အိမ်ပြင်ထွက်ရင် လုံခြုံစိတ်ချမှု မရှိလို့ တွေးပူနေရဦးမှာပဲ” ဟု ဆိုင်ကယ်ဓားမြတိုက်ခံရသည် မအေးလီက ထပ်လောင်းပြောဆိုသည်။

နန်းဆိုင်နွမ်

Author:

Related Articles