Home ဆောင်းပါးအတွေးအမြင် အစစ်အမှန်လား၊ ရွှေရည်စိမ်လား (သို့မဟုတ်) သူများယောင်လို့ယောင်ရတယ်၊ အမောင်တောင်မှန်းမြောက်မှန်းမသိ

အစစ်အမှန်လား၊ ရွှေရည်စိမ်လား (သို့မဟုတ်) သူများယောင်လို့ယောင်ရတယ်၊ အမောင်တောင်မှန်းမြောက်မှန်းမသိ

LGBT ဆိုတဲ့ အတိုကောက်စကားလုံးလေးကို လွန်ခဲ့တဲ့ နှစ်(၂၀)လောက်က  မြန်မာပြည်က လူတွေကို မေး ကြည့်မယ်ဆိုရင် ဖြေဆိုနိုင်မဲ့သူတွေ မရှိသလောက်နည်းပါးပါလိမ့်မယ်။ ဒါပေမဲ့ L ဆိုတာ Lesbian (အမျိုးသမီးချင်းစုံမက်သူ)၊ G ဆိုတာ Gay (အမျိုးသားချင်းစုံမက်သူ)၊ B ဆိုတာ Bisexual (ကျားမနှစ်မျိုး စလုံးကို စုံမက်သူ)၊ T ဆိုတာ Transgender (ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယင်နေထိုင်သူ) တွေကို ဆိုလိုတယ်လို့ ရှင်းပြလိုက်ရင် သိလာပါလိမ့်မယ်။ ဒီစကားလုံးရဲ့အဓိပ္ပါယ်ကို သိသွားပြီးတဲ့နောက် ဒီလူတွေကို LGBT လို့မခေါ်ဘဲ မြန်မာလို ဘယ်လိုခေါ်ကြသလဲဆိုတဲ့ မေးခွန်းကို ဆက်မေးကြည့်လိုက်ပါ။ မြန်မာလိုခေါ်တဲ့ ဗန်းစကားအသုံးအနှုန်းတွေကို ဒလစပ်ပြောပြပါလိမ့်မယ်။ “အခြောက်၊ ဂန်ဒူး၊ မိန်းမလျာ၊ နှစ်ပိုင်းတပိုင်း၊ ဘော ပြား၊ နှစ်ဖက်ချွန်”ဆိုတဲ့ စကားလုံးတွေ ထွက်ကျလာပါ့လိမ့်မယ်။

LGBT တွေအပေါ် သုံးစွဲခေါ်ဝေါ်လေ့ရှိတဲ့စကားလုံးတွေသာ ကွဲရင်ကွဲသွားလိမ့်မယ်။ အသုံးအနှုန်း အခေါ် အဝေါ်တိုင်းမှာ နိမ့်ချချင်တဲ့စိတ်၊ ပြောင်လှောင်ချင်တဲ့စိတ်၊ လူတယောက်လို သဘောမထား၊ မနှစ်သက်တဲ့ ရည်ရွယ်ချက်တွေပါနေတာကို တွေ့နိုင်ပါတယ်။ LGBT ဖြစ်တဲ့သူတွေဟာ ဒီလိုအသုံးအနှုန်းမျိုးတွေနဲ့ အခေါ်ခံ လိုက်ရတိုင်း ရှက်ရွံ့စိတ်၊ အားငယ်စိတ်တွေဖြစ်လာမှာသေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစကားလုံး အသုံးအနှုန်းတိုင်းဟာ အထင်သေးစော်ကားလိုတဲ့ အဆိုးဖက်အဓိပ္ပါယ်တွေပါဝင်နေလို့ဘဲဖြစ်ပါတယ်။ မယုံရင် အမျိုးသားတယောက်ကို “မိန်းမကျနေတာဘဲ”ဆိုတဲ့စကားနဲ့ “အခြောက်ကျနေတာဘဲ”ဆိုတဲ့ စကားနှစ်ခွန်းကို ပြောကြည့်ပါ။ ဘယ်လိုပြောတဲ့စကားမျိုးအပေါ် ပိုပြီးနာသလဲမေးကြည့်ရင် “အခြောက်”လို့ အပြောခံရတဲ့အပေါ် ပိုပြီးဒေါသထွက်တာကို တွေ့ရပါမယ်။

အဲဒီလူကိုဘဲ ဒီလိုလူတွေကို ဘယ်လိုလုပ်ငန်းတွေမှာ မြင်သလဲဆိုတဲ့မေးခွန်း ထပ်မေးကြည့်စေလိုပါတယ်။ လွန်ခဲ့တဲ့နှစ် (၂၀) လောက်မှာ ဒီမေးခွန်းကိုမေးရင် နတ်ကတော်၊ မိတ်ကပ်၊ အလှပြင်ပန်းပြင်နဲ့ ရှောက်သီး ဆေးပြားရောင်းတဲ့အလုပ်မျိုးတွေမှာ တွေ့ရတယ်လို့ မဆိုင်းမတွပြန်ဖြေပါလိမ့်မယ်။ ဒါတွေကတော့ လွန်ခဲ့တဲ့နှစ် (၂၀) လောက်က LGBT တွေကို သဘောထားတဲ့ ပုံရိပ်အမြင်တွေဘဲ ဖြစ်ပါတယ်။ ဒီလိုခွဲခြားဖိနှိပ်တဲ့ အသုံး အနှုန်းတွေ၊ အမြင်တွေ၊ သဘောထားတွေကြောင့် LGBT အတော်များများဟာ အဲဒီအချိန်တုန်းက ကိုယ့်ရဲ့ လိင်စိတ်သဘောထားခံယူမှုကို လျှို့ဝှက်ထားခဲ့ရတာများပါတယ်။ ကိုယ်ယုံကြည်ရတဲ့အသိုင်းအဝိုင်းလောက်မှာ ဘဲ လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်းနေထိုင်လေ့ရှိကြပါတယ်။ လူအများရှေ့နဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ ဝင်ကစွပ်ကောင်လို အငှားခန္ဓာမြှောင်ရတဲ့ ဘဝမျိုးတွေနဲ့ ပုန်းခဲ့ရသူတွေ အများကြီးရှိခဲ့ပါတယ်။

အခုနှစ်တွေပိုင်းတော့ LGBT ဆိုတဲ့စကားကို လူတွေနားလည်လာတာ များလာပြီလို့ ပြောလာပါတယ်။ ဒီလို လိင်စိတ်ကွဲပြားသူတွေဟာ အရင်ကထက်ပွင့်လာပြီး အရင်တုံးက ဖွင့်ဟမပြောရဲခဲ့တဲ့ အခြေအနေမျိုးကနေ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရဲလာတာတွေ့ရတယ်။ အနုပညာရှင်တွေ၊ ထင်ရှားတဲ့သူတွေထဲမှာလည်း LGBT ဖြစ်ကြောင်း ရဲရဲရင့်ရင့်ကြေညာထုတ်ဖော်ပြောဆိုလာတာရှိခဲ့ပါတယ်။ ကိုယ်တိုင် LGBT မဟုတ်တောင် LGBT supporter ဆိုပြီး ကြေညာလုပ်ကိုင်လာတာတွေ ရှိလာပါတယ်။ လူငယ်အကြောင်းဆွေးနွေးပွဲတွေ၊ အမျိုးသမီးအကြောင်းဆွေးနွေးပွဲတွေ၊ လူ့အခွင့်အရေးအကြောင်းဆွေးနွေးပွဲတွေမှာ LGBT များအကြောင်းကို ထည့်သွင်းဆွေးနွေးတာတွေရှိလာတာကို တွေ့ရပါတယ်။ LGBT အရေးလုပ်ဆောင်တဲ့အဖွဲ့အစည်းတွေ၊ ကွန် ယက်တွေ၊ အွန်လိုင်းဂရုဖ်တွေ၊ စာစောင်တွေတောင် ထွက်ပေါ်လာတာ တွေ့ရပါတယ်။ LGBT တွေကို ရှေးရိုး ပုံစံခွက်တွေမျိုးသာမက လူမှုအသိုင်းအဝိုင်းရဲ့ ကဏ္ဍတိုင်းနီးပါးမှာ တွေ့မြင်လာနိုင်ခဲ့တယ်။ ပွင့်လင်းမြင်သာမှု ရေစီးကြောင်းမှာ LGBT  တွေနဲ့ သူတို့ရဲ့ကြိုးပမ်းမှုတွေက မျောလိုက်ပါရင်း အမြင်၊ အသိ၊ လက်ခံနိုင်မှု၊ အသိ အမှတ်ပြုမှုတွေ ပြောင်းလဲလာပါတယ်။

အခုလို လက်ခံမှု၊ အသိအမှတ်ပြုမှု၊ လူကိုလူလိုမြင်မှုတွေ ပြောင်းလဲလာပြီး LGBT တွေကို အသိအမှတ် ပြုလာတယ်ဆိုတာ ကြိုဆိုစရာကောင်းတဲ့အရာတခုပါ။ LGBT တွေဟာ လူသားတွေဖြစ်တဲ့အတွက် LGBT အသိုင်းအဝိုင်းနဲ့သီးသန့်နေလို့မရနိုင်ပါဘူး။ LGBT မဟုတ်သူများရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်ဆံ၊ လုပ် ကိုင်ရတာတွေ မလွဲမသွေရှိလာမှာဖြစ်ပါတယ်။ ဒီလိုလူ့အသိုင်းအဝိုင်းတွေထဲမှာ LGBT ဖြစ်လို့ အထင်သေးမှု၊ ရွံရှာမှုတွေ၊ အကြမ်းဖက်မှုတွေ မရှိတော့ရင် LGBT များကိုယ်တိုင် ယုံကြည်မှုတွေ တိုးပွားလာပြီး လူမှုအသိုင်း အဝိုင်းကောင်းကျိုးအတွက် စွမ်းဆောင်လိုတဲ့ ခွန်အားတွေနဲ့အတူ လောကကောင်းကျိုးကို အများနည်းတူ ထမ်း ဆောင်လာနိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ LGBT တွေကို အမှန်တကယ်လက်ခံလာတဲ့ စစ်မှန်တဲ့ပြောင်းလဲမှုလား။ ဒါမှမဟုတ်ရင် ဖက်ရှင်လိုမျိုး ထင်မြင်ပြီး ဘာမသိညာမသိ ထောက်ခံနေတာလားဆိုတာကတော့ ဝေခွဲမရဖြစ်နေဆဲပါ။

ဥပမာပြောရရင်တော့ အဖွဲ့အစည်းတွေမှာ လိင်စိတ်ကွဲပြားမှုကို အသိအမှတ်ပြုဖို့၊ LGBT တွေအပေါ် ခွဲခြား ဆက်ဆံတာတွေ မလုပ်ဖို့ ပေါ်လစီ၊ စည်းကမ်းတွေ ချလာကြပေမဲ့ အဖွဲ့အစည်းမှာရှိတဲ့ ဝန်ထမ်းတွေကြားမှာ LGBT တွေအပေါ် ပြောင်လှောင်နှိမ့်ချအထင်သေးမှုတွေက ရှိနေတတ်ဆဲပါ။ မကြာမီက လုပ်ငန်းအတွင်း လိင်စိတ်ခံယူမှုကို အတင်းအကြပ်ဖွင့်ဟဝန်ခံခိုင်းပြီး အွန်လိုင်းမှာ ဝိုင်းဝန်းပြောင်လှောင်မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ ရန်ကုန်မြို့ Myanmar Imperial University  က စာကြည့်တိုက်မှူး ကိုကျော်ဇင်ဝင်းအမှု ဆိုရင် ဒီလိုအဖြစ်မျိုးတွေကို တွေ့နေရပါတယ်။ ရန်ကုန်မှာဖွင့်ထားတဲ့ကျောင်းမှာရော ဒီကျောင်းနဲ့ချိတ်ဆက် ထားတဲ့ အင်္ဂလန်က တက္ကသိုလ်မှာပါ LGBT ဖြစ်မှုအပါအဝင် တခြားဘယ်အကြောင်းကြောင်းကြောင့် ခွဲခြား ဆက်ဆံခြင်းမပြုရဆိုတဲ့ ကျင့်ဝတ်တွေ ပေါ်လစီတွေရှိပြီးသားပါ။ ဒါပေမဲ့ ဒီပေါ်လစီတွေဟာ စာအုပ်မှတ်တမ်း တွေမှာဘဲရှိပြီး လက်တွေ့ဘဝကို လွှမ်းမိုးနိုင်ခြင်းမရှိတဲ့အတွက်ကြောင့် အခုလို အဖြစ်ဆိုးဖြစ်ပွားခဲ့ရတာပါ။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း သေဆုံးသွားတဲ့သူဟာ LGBT ဖြစ်တာကြောင့် သေဆုံးသင့် ကြောင်း၊ စောစောဝဋ်ကျွတ်သွားတဲ့အတွက် ဝမ်းသာကြောင်း၊ ရေးသားတဲ့ ပို့စ်တွေတွေ့ရပါတယ်။ အံ့သြစရာ ကောင်းတာက ဒီလိုအဆိုးမြင်ရေးသားတဲ့သူတွေထဲမှာ LGBT တွေကို အားပေးပါတယ်ဆိုတဲ့ပိုစ့်တွေ တင်ထား ဖူးတဲ့သူတွေ၊ သက်တန့်ရောင်သင်္ကေတအလံကို နောက်ခံထားပရိုဖိုင်းဓာတ်ပုံတင်ထားတဲ့သူတွေလည်း ပါဝင် နေတာကို အံ့သြဖွယ်ရာတွေ့ရှိလိုက်ရတာပါ။

ရုပ်ရှင်ဗီဒီယိုဘက်မှာဆိုလည်း LGBT  တွေကို ဟာသဇာတ်ကောင်အဖြစ် ထည့်သွင်းရိုက်ကူးတာ၊ မင်းသားတွေ အားလုံးနီးပါး ပက်ပက်စက်စက်ပွင့်ပြီး သဘာဝလွန်ဇာတ်ကောင်တွေနဲ့ သရုပ်ဖော်ထားတဲ့ရုပ်ရှင်ကားတွေ ဒုနဲ့ဒေးပါ။ အခုနောက်ပိုင်းမှာ LGBT အရေး ပြောဆိုသံတွေများလာတော့ အရင်လို ဟာသကားသက်သက် ရိုက်တာမျိုးမဟုတ်ဘဲ ဘဝဇာတ်လမ်းသရုပ်ဖော်ရိုက်လာပြန်တော့လဲ ပြင်ပမှာရှိတဲ့ LGBT တွေ ဘယ်လိုနေထိုင် တာကို မလေ့လာဘဲ ဇာတ်ရုပ်နဲ့လွဲတဲ့ ဝတ်စားဆင်ယင်မှု သရုပ်ဆောင်မှုတွေကို ရိုက်ကူးသရုပ်ဆောင်နေတဲ့ မင်းသား၊ မင်းသမီးတွေ၊ ဒါရိုက်တာတွေ၊ တချို့ဆိုရင် LGBT တွေကို ချစ်ပါတယ်လို့ အင်တာဗျူးတွေ ဖြေကြား ခဲ့တဲ့သူတွေ ပါဝင်နေတာတွေ့ရပါတယ်။

LGBT အရေးတက်ကြွလှုပ်ရှားသူတွေဟာ အရင်ကထက် မီဒီယာတွေမှာ အလေးထားနေရာပေး၊ အင်တာဗျူး တွေလုပ်ကြတာတွေကို သတိထားမိပါတယ်။ အင်တာဗျူးတခုမှာ အမျိုးသားကနေ အမျိုးသမီးအဖြစ် ဝတ်စား ဆင်ယင်နေထိုင်သူတဦးက “လွှတ်တော်မှာ LGBT ကိုယ်စားလှယ်တယောက်ဖြစ်ချင်တယ်”လို့ ဖြေကြားမိတဲ့ အပေါ် ပြောင်လှောင်ကဲ့ရဲ့ကြတဲ့သူတွေထဲမှာလည်း အထိမ်းအမှတ်နေ့တွေမှာ သက်တန့်ရောင်အလံကို နောက်ခံထားပြီး ပြုံးပြုံးကြီးရိုက်ထားတဲ့ဓာတ်ပုံကို ဆိုရှယ်မီဒီယာတင်ထားဖူးတဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင် နေတာကို မယုံနိုင်စရာ သတိပြုမိပါတယ်။

LGBT တွေအပေါ် ဖိနှိပ်တဲ့ဥပဒေတွေ ပယ်ဖျက်ပေးဖို့၊ ကာကွယ်ပေးတဲ့ ဥပဒေလုပ်ငန်းစဉ်တွေနဲ့ အစားထိုးဖို့ အတွက် လွှတ်တော်အပါအဝင် အစိုးရဌာနတွေကို ချဉ်းကပ်စည်းရုံးတဲ့အခါမှာလည်း ““ဒီလိုလူတွေကို စာနာမိပါ တယ်။ ဒါပေမဲ့ သူတို့အရေးကို တောင်းဆိုပေးရင် ကိုယ့်ကိုပါ LGBT လို့ ထင်သွားမှာစိုးတယ်“လို့ ပြောကြား တဲ့သူတွေကိုလည်း ကြုံရပါသေးတယ်။ တဖက်ကလဲ LGBT တွေကိုနားလည်ပါတယ်လို့ ဆိုသေးတယ်၊ တခြား တဖက်ကျတော့ LGBT လို့ အထင်ခံရမှာ ကြောက်တယ်ဆိုတော့ ဘယ်လိုမျိုး နားလည်ပေးရမှန်းတောင် မသိတော့ပါဘူး။

မြန်မာနိုင်ငံရဲ့ ဥပဒေတွေထဲမှာ LGBT အခွင့်အရေးနဲ့ပတ်သက်ပြီး ကာကွယ်ပေးထားတဲ့ဥပဒေဆိုတာ မရှိသေး ပါဘူး။ ကာကွယ်ပေးတဲ့ဥပဒေတွေမရှိသေးပေမဲ့ LGBT များနဲ့ပတ်သက်ပြီး ပါလာတဲ့ ပေါ်လစီတခုကတော့ လူငယ်ရေးရာမူဝါဒ (Youth Policy) ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်ပေါ်လစီဖြစ်ပါတယ်။ ကြိုးပမ်းခဲ့သူတွေရဲ့ လုံ့လကြောင့် ကောင်းမွန်တဲ့ပေါ်လစီတခုလို့ ပြောလို့ရပါတယ်။ အခုခေတ်စားနေတဲ့ All Inclusiveness ကို
တော်တော်လေး အလေးပေးထားတာတွေ့ရတယ်။ အမျိုးသမီးငယ်တွေ၊ တိုင်းရင်းသားလူငယ်တွေအပြင် LGBT လူငယ်တွေ မသန်စွမ်းလူငယ်တွေအတွက်ပါ ထည့်သွင်းရေးဆွဲထားတာတွေ့ရပါတယ်။ လူတွေမေးလာလို့ ပြော ရတိုင်း လူငယ်ပေါ်လစီကို အကောင်းဖက်က ကိုးကားပြီး ပြောနိုင်တဲ့ပေါ်လစီတခုပါ။

ဒီလိုပေါ်လစီတွေကို အကောင်အထည်ဖော်ဖို့အတွက် ကြိုးစားနေပါတယ်ဆိုတဲ့သူတွေကြားမှာတောင် တနေ့က သတင်းတခုကြားလိုက်ပါတယ်။ လူငယ်များနေ့ကျင်းပတဲ့အခမ်းအနားတခုမှာ ပါဝင်တဲ့ LGBT တေးသံရှင် တယောက်ကို ခွဲခြားဆက်ဆံတယ်ဆိုတာပါ။ တခြားတေးသံရှင်တွေကို သီးသန့်ထားပြီး သူ့ကိုတော့ နေရာမပေး တာ၊ အစီအစဉ်တွေကို တမျိုးပြီးတမျိုးပြောင်းပြီး အလှည့်တွေကို နောက်ဆုတ်ပစ်တာ၊ ဂုဏ်ပြုလက်မှတ် တောင်မှ တခြားသူတွေလို မှန်ဘောင်နဲ့မရတာ စတာတွေကြားရပါတယ်။

ဒီအချက်လေးတွေက LGBT တွေကို ထောက်ခံမှုရှိလာတယ်လို့ ပြောနေပေမယ့် တကယ်တမ်းနှလုံးသားထဲ ဦး နှောက်ထဲက အမှန်တကယ်လက်ခံဖို့ ခက်နေတယ်ဆိုတဲ့ ဥပမာတွေဘဲဖြစ်ပါတယ်။ တကယ်လက်ခံလို့ ထောက်ခံနားလည်သူတွေကို ဝမ်းသာစွာနဲ့ ကြိုဆိုချင်ပေမယ့် ဖက်ရှင်တခု၊ ခေတ်စားနေတဲ့ လမ်းကြောင်း တခုလို့ မှတ်ယူပြီး ပေါ်ပင်လုပ်ဆောင်တယ်ဆိုရင်တော့ မှားယွင်းတဲ့ လုပ်ဆောင်မှုလို့ ပြောပါရစေ။ သူများ ယောင်လို့ ယောင်ရတယ်၊ အမောင်တောင်မှန်းမြောက်မှန်း မသိဆိုတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်နေတာမျိုးတွေဟာ ရွှေရည်စိမ်ထောက်ခံမှုမျိုးသာဖြစ်တယ်ဆိုတာ သတိချပ်ကြစေလိုပါတယ်။

အောင်မျိုးမင်း

Author:

Related Articles