Home ဘာသာပြန် တန်းတူညီမျှသော သစ္စာတရားဖွေရှာခွင့်

တန်းတူညီမျှသော သစ္စာတရားဖွေရှာခွင့်

မိုးဇော်ဘာသာပြန်သည်

လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်ကစပြီး ကြီးကျယ်မြင့်မြတ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေပေမယ့် “အရှင်ဂျန်ပါးဆီဒရိုအန်” ဟာ ရင်းနှီးဖော်ရွေတဲ့ အပြုမူတွေကို ထိန်းသိမ်းထားပြီး ပျက်ဝပ်နှိမ့်ချမှုဟာ သူမရဲ့ ထင်ရှားတဲ့ လက္ခဏာဖြစ်ပါတယ်။

သူမရဲ့ ပင်ကိုယ်လှိုက်လှဲဖော်ရွေမှုဟာ ပြတ်သားခိုင်မာတဲ့ သံန္နိဌာန်စိတ်နဲ့အတူ ရောယှက်တည်ရှိနေတယ်။ တကယ်တော့ ဒီအရည်အသွေးနှစ်မျိုးကို ဟန်ချက်ညီညီ ထိန်းညှိထားနိုင်တာဟာ သူမ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို အထောက်အကူပြုစေပါတယ်။ သူမရဲ့ လုပ်ငန်းက ကမ္ဘာတဝှမ်းမှာရှိတဲ့ အမျိုးသမီးတွေကို ဘိက္ခူနီ (ဗုဒ္ဓဘာသာ အမျိုးသမီးရဟန်း) အဖြစ်နဲ့ မဂ်ဖိုလ်တရား ရရှိစေဖို့ လှုပ်ရှားဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ရတာ သိပ်တော့ မလွယ်လှပါဘူး။ သူမမှာ အိပ်ချိန်နည်းနည်းပဲ ရတယ်လို့ ဂျာမန်နွယ်ဖွား ဘိက္ခူနီက ပြုံးရယ်ပြီး မှတ်ချက်ပေးပါတယ်။

တကယ်တော့ သူမဆောင်ရွက်နေတဲ့ အငြင်းပွားဖွယ်ရာ အကြောင်းအရာဖြစ်တဲ့ အမျိုးသမီးတွေကို ရဟန်းပြုခွင့်ပေးဖို့ တောင်းဆိုတာကို ဘုန်းတော်ကြီးအများစုက လက်မခံပါဘူး။ တချိန်တည်းမှာ အရေးပါတဲ့ အမျိုးသမီးအဖွဲ့တွေက ဒီတောင်းဆိုမှုကို ပယ်ချလိုက်မှာ (ဒါမှမဟုတ်) အမျိုးသားတွေနဲ့အတူ ရပ်တည်သွားမှာကို စိုးရိမ်နေရပါတယ်။ ဒါကြောင့် “ရှင်ဂျန်ပါးဆီဒရိုအန်”ဟာ သူမလုပ်ငန်းကို သတိကြီးကြီးထားပြီး ဆောင်ရွက်နေရပါတယ်။

ဒီအရေးကိစ္စဟာ နိုင်ငံရေး ဒါမှမဟုတ် တခြားလူမှုရေးကိစ္စတွေကို ဆောင်ရွက်ရတာနဲ့ မတူပါဘူး။ အခွင့်အရေး (ဒါမှမဟုတ်) တိုက်ပွဲဆိုတဲ့ စကားလုံးတွေ သုံးမယ်ဆိုရင် အန္တရာယ်တွေကို ဖိတ်ခေါ်ဖို့ အစပျိုးလိုက်သလိုဖြစ်ပြီး လှုပ်ရှားမှုအပေါ်မှာ ယုံကြည်မှု မဲ့သွားနိုင်ပါတယ်။ “ဂျန်ပါးဆီဒရိုအန်” ဟာ သူ့လုပ်ငန်းဆောင်ရွက်မှုတွေကို ဆန့်ကျင်ဖက်အဖွဲ့တွေက အစွန်းရောက်တဲ့ အမျိုးသမီးရေးလှုပ်ရှားမှုအဖြစ်နဲ့ ပယ်ချလိုက်တာမျိုး မဖြစ်အောင် ဆောင်ရွက်နေပါတယ်။

“ဘယ်သူမဆို ဗုဒ္ဓတရားတော်အတိုင်း ကျင့်ကြံနေထိုင်သွားမယ်ဆိုရင် အခြားသူတွေနဲ့ သဟဇာတဖြစ်ပြီး ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားနိုင်ပါလိမ့်မယ်။ ကျမတို့ဟာ စိတ်ကို ငြိမ်းအေးစေလိုတယ်။ ဒါကြောင့် ဗုဒ္ဓတရားတော်အရ တိုက်ပွဲဝင်တယ်ဆိုတဲ့ စကားလုံးက သိပ်မအပ်စပ်လှပါဘူး” လို့ ဘိက္ခူနီက ရှင်းပြပါတယ်။

“ကျမဟာ ကိုယ့်အခွင့်အရေးအတွက် ဆန်းစစ်ဝေဖန်ပြီး တိုက်ပွဲဝင်ဖို့ လေ့ကျင့်ပေးခဲ့တဲ့ ပတ်ဝန်းကျင်က လာခဲ့တာပါ။ ဒါပေမဲ့ ကျမ သတိထားမိတာက အခွင့်အရေးဆိုတဲ့စကားကို တိဗက်စကားနဲ့ ဘာသာပြန်လိုက်ရင် “တော့ဘ်တန်း” လို့ခေါ်ပြီး ဒီအဓိပ္ပာယ်က သိပ်မကောင်းလှပါဘူး။ ကျမတို့ဆရာက ကျမအနေနဲ့ “ဂိုကဘ်” လို့ ပြောတာ ပိုကောင်းတယ်လို့ သင်ကြားပါတယ်။ ဒီစကားလုံးက အခွင့်အလမ်းလို့ အဓိပ္ပာယ်ရပါတယ်။ ကျမဟာ နိုင်ငံရေးအရ တက်ကြွသူဖြစ်ပြီး တိဗက်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် လှုပ်ရှားဆောင်ရွက်ခဲ့ ပါတယ်။ ဒါကြောင့် ကျမဟာ တိုက်ပွဲဝင်ရမယ်ဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးနေတယ်။ ဒါကြောင့် လိုအပ်လာလို့ တိုက်ပွဲဝင်ရမယ်ဆိုလဲ ကျမအတွက် ကိစ္စမရှိပါဘူး”

“၁၉၈၇ ခုနှစ်က ဗုဒ္ဓဂါယာမှာ ကျင်းပတဲ့ နိုင်ငံတကာ ဗုဒ္ဓဘာသာ အမျိုးသမီးများ ညီလာခံမှာ ဘုန်းတော်ကြီး ဒလိုင်းလားမားက အမျိုးသမီးတွေအနေနဲ့ ဘိက္ခူနီ ဝတ်ခွင့်ရဖို့အတွက် တိုက်ပွဲဝင်ရမယ်။ ဘုန်းတော်ကြီးတွေက ဆောင်ရွက်ပေးလိမ့်မယ်ဆိုတာ မျှော်လင့်နေလို့ မရဘူးလို့ ပြောခဲ့တာကို ကျမ အမှတ်ရနေမိတယ်”

ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကို ကူညီတဲ့နေရာမှာ ဝေါဟာရအဓိပ္ပာယ်အရ အတိမ်းအစောင်းမခံမှုဆိုတာ စိန်ခေါ်မှုရဲ့ သေးငယ်တဲံ အစိတ်အပိုင်းလေးတခုပါ။ ဒီထက် ပိုပြီး ကြီးမားတာကတော့ နှစ်ထောင်ပေါင်းများစွာ လွှမ်းမိုးထားတဲ့ အမျိုးသားများ ကြီးစိုးရေးဝါဒပါ။ ဒီဝါဒက ဘာသာရေးနယ်ပယ်ကိုလည်း ချန်လှပ်မထားခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓဘုရားရှင်က မိထွေးတော် မဟာပဇာပတိ ဂေါတမီခေါင်းဆောင်တဲ့ အမျိုးသမီးအဖွဲ့ကို ပထမဆုံးအကြိမ် ဘိက္ခူနီအဖြစ် ရဟန်းပြုခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းက အခုအခါမှာ ဘာကြောင့် အမျိုးသမီးတွေကို ရဟန်းပြုခွင့် မရတာလဲ ဆိုတာအပေါ် ပြန်လည်ဆန်းစစ်စရာ ဖြစ်လာပါတယ်။

အမျိုးသမီးတွေကို ရဟန်းပြုခွင့်ပေးတာကို ဆန့်ကျင်သူတွေက မဟာပဇာပတီ ဂေါတမီကို ဘိက္ခူနီပြုဖို့ တောင်းဆိုတာကို ဗုဒ္ဓက အစပိုင်းမှာ ငြင်းပယ်ခဲ့တာနဲ့ အရှင်အာနန္ဒာက အမျိုးသမီးတွေဟာ အမျိုးသားတွေလို သစ္စာတရားကို သိမြင်နိုင်တာကြောင့် ရဟန်းပြုခွင့်ပေးဖို့ တောင်းပန်လျှောက်ထားတာကလို သဘောတူပြီးတဲ့နောက်မှာ “ဂုရုဓမ္မ” လို့ခေါ်တဲ့ စည်းမျဉ်း (၈) ချက် ထုတ်ပြန်ပြီး သာသနာရေးနယ်ပယ်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို လျှော့ချခဲ့တာကို ထောက်ပြကြပါတယ်။

နောက် ဗုဒ္ဓပရိနိဗ္ဗာန်ပြုခါနီးမှာ သာသနာတော်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ သာသနာ သက်တမ်းတဝက် လောက်ပဲ တည်မြဲမယ်လို့ မိန့်ကြားခဲ့တာနဲ့၊ နောက် အမျိုးသမီးတွေကို ဘိက္ခူနီပြုခွင့်ပေးပြီးတဲ့နောက် ရာစုနှစ် အနည်းငယ်အတွင်းမှာ အိန္ဒယနဲ့ သီရိလင်္ကာမှာ ဘိက္ခူနီအဖွဲ့အစည်းတွေ မရှိတော့တာကြောင့် ဘိက္ခူနီ သာသနာ အဆက်ပြတ်သွားတယ်။ ဒါကြောင့် ယနေ့အချိန်ထိ ဘိက္ခူနီ သာသနာ မတည်မြဲတာဖြစ်တယ်လို့ ဝေဖန်ထောက်ပြကြပါတယ်။

ဒီလို ဆန့်ကျင်မှုတွေအပေါ် “အရှင်ဂျန်ပါးဆီဒရိုအန်”ရဲ့ ချဉ်းကပ်မှုက နူးညံ့သိမ်မွေ့ပြီး သူမက ဗုဒ္ဓတရားတော်ရဲ့ မူရင်း အနှစ်သာရဆီ ပြန်သွားဖို့ မေတ္တာရပ်ခံထားပါတယ်။

စိတ်ခံစားမှုအရ မေတ္တာရပ်ခံတာမျိုးထက် သူမနဲ့ သူမကို ထောက်ခံသူတွေဟာ အမျိုးသမီးတွေကို နေရာပေး လာဖို့အတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဝိနည်းလေ့လာမှု၊ အမျှော်အမြင်ရှိမှုနဲ့ ဂရုဏာတရားတွေက တဆင့် ဆောင်ရွက်နေကြပါတယ်။ “ဂျန်ပါးဆီဒရိုအန်”ဟာ အရှင်အာနန္ဒာအမေးကို ဖြေကြားတဲ့ ဗုဒ္ဓရဲ့ အဆိုကို ကိုးကားလေ့ ရှိပါတယ်။ အဲဒီမှာဆိုထားတာက အမျိုးသမီးဖြစ်သော်လည်း သံယောဇဉ် အနှောင်အဖွဲ့က ကင်းလွတ်ပြီး တရားကျင့်ကြံဖို့ ဆုံးဖြတ်မယ်ဆိုရင် သံသရာ (မွေးဖွားခြင်း၊ ဒုက္ခဆင်းရဲ့ တွေ့ကြုံခြင်း၊ သေခြင်းနဲ့ တဖန် ပဋိသန္ဓေနေရခြင်း) ကနေ လွတ်ကင်းမယ်။ နောက်ပြီး ဒီလိုကျင့်ကြံတဲ့ အမျိုးသမီးတွေဟာ သံသရာက လွတ်မြောက်တဲ့ တရားကို သိမြင်လာလိမ့်မယ်လို့ ဟောခဲ့ပါတယ်။

၂၀၀၇ ခုနှစ်က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးမှာ စံပြ ဗုဒ္ဓဘာသာ အမျိုးသမီးဆု အပ်နှင်းစဉ်က ပြောကြားခဲ့ တဲ့ “ဂျန်ပါးဆီဒရိုအန်”ရဲ့ မိန့်ခွန်းမှာ ဒီအချက်ကို ပြန်လည်ဖော်ပြခဲ့ပါတယ်။ ဆုရရှိသူ အမျိုးသမီး အယောက် (၂၀) ထဲမှာ ဗုဒ္ဓဘာသာ ရဟန်းမတပါးလည်း ပါဝင်ခဲ့ပါတယ်။

“ဒီနေ့ခေတ်မှာဆို ဗုဒ္ဓက ဘာတွေ မိန့်ကြားမလဲ။ ဗုဒ္ဓဘာသာနဲ့ လူ့အခွင့်အရေးကို ခွဲခြားမယ် ထင်ပါသလား” လို့ ဆုနှင်းအပ်ပွဲ တက်ရောက်လာသူတွေကို “ဂျန်ပါးဆီဒရိုအန်”က မေးခဲ့ပါတယ်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀က ဗုဒ္ဓလက်ထက်မှာ ဘိက္ခူနီ ပြုခွင့်ပေးခဲ့ပါတယ်။ ကနေ့ခေတ် ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာချုပ်နဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အာမခံချက်အရ လူတိုင်းက ကျားမတန်းတူညီမျှရေးကို ပြောနေချိန်မှာ ဘိက္ခူနီပြုခွင့်ဆိုတာ မရှိတော့ပါဘူး။” “ဘိက္ခူနီသာသနာကို ပြန်လည်ရှင်သန်ဖို့ ကြိုးပမ်းတာဟာ ဗုဒ္ဓဘာသာကို ပြောင်းလဲဖို့ မဟုတ်ပါဘူး။ လောကီရေးရာ လိုအပ်ချက်အရ ထိန်းညှိဖို့ သက်သက်ပဲ ဖြစ်ပါတယ်။ ဘိက္ခူနီ သာသနာကို ပြန်လည်ရှင်သန်စေခြင်းဟာ အခြေခံအရင်းအမြစ်ဆီကို ပြန်သွားပြီး ဗုဒ္ဓတရားတော်ကို လက်ခံလိုက်နာခြင်းအတွက် ဖြစ်ပါတယ်။”

တကယ်တော့ “အရှင် ဂျန်ပါးဆီဒရိုအန်”ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ အနောက်တိုင်း ဗုဒ္ဓဘာသာ သီလရှင်များ ကော်မတီက ဆောင်ရွက်နေတဲ့ ကမ္ဘာမှာ ဗုဒ္ဓဘာသာ ပြန်လည်ပွင့်လန်းလာစေရေး လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။

တောင်ကိုးရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်မှာ ကျင့်သုံးနေတဲ့ မဟာယာန ဗုဒ္ဓဘာသာဆိုင်ရာ ထုံးတမ်းစဉ်လာအရ အမျိုးသမီးတွေဟာ ရဟန်းပြုခွင့် ရကြပါတယ်။ အဲဒီနိုင်ငံတွေမှာ “ဂျန်ပါးဆီဒရိုအန်” အပါအဝင် အနောက်တိုင်းက အမျိုးသမီးတွေဟာ ဘိက္ခူနီအဖြစ် ရဟန်းခံခွင့်ရဖို့ ကြိုးစားခဲ့ကြပါတယ်။ (တိဗက်ရဲ့ မဟာယာန အစဉ်အလာအရ အမျိုးသမီးတွေဟာ သာမဏေအဆင့်မှာရော ဘိက္ခူနီအဖြစ်ကိုပါ ရဟန်းပြုခွင့် မရပါဘူး။) ဒါကြောင့် သူတို့တွေဟာ အနောက်တိုင်းက အမျိုးသမီးတွေနဲ့အတူ ဘိက္ခူနီပြုခွင့်ရရေးကို ကြိုးပမ်းနေတာဖြစ်ပါတယ်။ တိဗက် ဗုဒ္ဓဘာသာရဲ့ ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ဘိက္ခူနီသာသနာ ဖြစ်ပေါ်ရေးကို အပြည့်အဝထောက်ခံပြီး အနောက်တိုင်း ဗုဒ္ဓဘာသာ သီလရှင်များကော်မတီရဲ့ လှုပ်ရှားမှုအတွက် ဆွစ်ဇာလန် ဖရန့်ငွေ ၅၀၀၀၀ (ဘတ်ငွေ ၁.၃၆ သန်း) ထောက်ပံ့ခဲ့တယ်လို့ “ဂျန်ပါးဆီဒရိုအန်” က ပြောပါတယ်။

ဒါပေမယ့် အဝေးရောက် တိဗက်ဘာသာရေးခေါင်းဆောင်က ဒီအရေးကိစ္စကို သူတပါးတည်း ဆောင်ရွက်လို့ မရကြောင်းကို ဝန်ခံခဲ့ပါတယ်။ အခြား ဗုဒ္ဓဘာသာဝင်နိုင်ငံတွေက ဆရာတော်ကြီးတွေ၊ အမျိုးသားများနဲ့ အမျိုးသမီးတွေပါဝင်ပြီး ဒီအရေးကို ဆွေးနွေးဆုံးဖြတ်ဖို့ လိုအပ်နေပါတယ်လို့ သူက ပြောဆိုပါတယ်။ ဒါကြောင့် ဘိက္ခူနီ ဝိနည်းနဲ့ ဘိက္ခူနီ သာသနာ ပေါ်ထွန်းရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံကို လာမယ့် ဇူလိုင်လမှာ ဂျာမနီနိုင်ငံ ဟမ်းဘ်ဂ်မြို့မှာ ကျင်းပကြတော့မှာ ဖြစ်ပါတယ်။

ဒီညီလာခံအတွက် အဓိက စည်းရုံးဆောင်ရွက်နေသူ “ဂျန်ပါးဆီဒရိုအန်”ဟာ ဝါဒမတူညီတဲ့ သံဃာတော်တွေနဲ့ သီလရှင်ခေါင်းဆောင်တွေ၊ ဗုဒ္ဓဘာသာဝင် ဒါယိကာ ဒါယိကာမတွေနဲ့ ဝိနည်းနဲ့ ဗုဒ္ဓဘာသာ သမိုင်းကြောင်း ဆိုင်ရာ ကျွမ်းကျင်သူ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ပညာရှင်တွေကို ဆက်သွယ်ဆောင်ရွက်နေပါတယ်။

“ဘုန်းတော်ကြီး ဒလိုင်းလားမားက ထေရဝါဒ ဘုန်းတော်ကြီးတွေဟာ ဝိနည်းကို အလေးထားတာကြောင့် သူတို့ရဲ့ အမြင်ကို သိပ်စိတ်ဝင်စားပါတယ်။ ဒလိုင်းလားမားက ဝိနည်းအရ ဘိက္ခူနီ သာသနာ ဘယ်လို ပြန်လည်ရှင်သန်အောင် လုပ်နိုင်မလဲဆိုတာကို (ထေရဝါဒဘုန်းတော်ကြီးတွေကို) ပြသလိုတဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့် ကျမတို့ဟာ ဝိနည်းကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ထေရဝါဒကို ကိုးကွယ်တဲ့ နိုင်ငံတွေက ဆရာတော်ကြီးတွေကို ဟမ်းဘတ်ဂ်မှာ တွေ့ဆုံကြဖို့ ဖိတ်ကြားပြီး တိဗက် ဗုဒ္ဓဘာသာကို ဆွေးနွေးဖို့ ကြိုးစားနေပါတယ်။”

“ဒလိုင်းလားမားက ဗုဒ္ဓဘာသာဝင်နိုင်ငံတွေအားလုံးမှာရှိတဲ့ အမျိုးသမီးတွေရဲ့ လူမှုရေးအဆင့်အတန်းကို မြှင့်တင်ဖို့ ကူညီဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ကျမတို့ကတော့ နိုင်ငံတွေအားလုံးက လက်ခံတဲ့ အခြေခံ သဘောတူညီချက်တွေရပြီး ဘိက္ခူနီသာသနာ ပြန်လည်ပွင့်လန်းလာရေးအတွက် ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေဆီက ထောက်ခံမှုတွေ ရမယ်ဆိုရင် သိပ်ကောင်းမယ်လို့ ထင်ပါတယ်။”

ဘိက္ခူနီသာသနာ ပြန်လည်ထွန်းကားလာပါက သာသနာရေးဆိုင်ရာ နယ်ပယ်အတွက်သာ အကျိုးရစေမှာ မဟုတ်ပါဘူး။ ဘန်ကောက်က ကုလသမဂ္ဂရုံးမှာ ပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာ အမျိုးသမီးတွေကို လူမှုရေးအရ နှိမ့်ချထားမှုဟာ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု ပြစ်ပယ်ပြီး သူတို့ကို ဆက်လက်ဖိနှိပ်မှုတွေ ဖြစ်စေပါတယ်လို့ “ဂျန်ပါးဆီဒရိုအန်”က ဆွေးနွေးခဲ့ပါတယ်။

“ဒီအမျိုးသမီးများ ဘိက္ခူနီပြုခွင့်ရရေးကို တင်ပြနေသူတွေက ထိုင်း ဗုဒ္ဓဘာသာနယ်ပယ်က အမျိုးသမီးတွေရဲ့ အဆင့်နိမ့်ကျင်မှုဟာ ထိုင်းလူမှုအဖွဲ့အစည်းအတွင်း အမျိုးသမီးများ လူမှုရေး အဆင့်နိမ့်ကျမှုနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာအတွက် လူကုန် ကူးမှုတွေအပြင် အိတ်ချ်အိုင်ဗွီ ကူးစက်မှုတွေ မြင့်တက်စေပြီး အမျိုးသမီးတွေအပေါ် အန္တရာယ်ဖြစ်စေတဲ့ အခြေအနေ တွေ့ကြုံနေရပါတယ်။”

အပြန်အလှန်အားဖြင့် ထိုင်ဝမ်နဲ့ တောင်ကိုးရီးယားမှာရှီတဲ့ ဘာသာရေးဆိုင်ရာနယ်ပယ်က အမျိုးသမီးတွေ ဆိုရင် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ဦးဆောင်တဲ့ အခန်းက ပါဝင်ခွင့်ရကြတယ်လို့ “ဂျန်ပါးဆီဒရို အန်” က ထောက်ပြပါတယ်။ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းအတွင်းမှာ ကောင်းမွန်တဲ့ ပညာရေးကို ရကြတာ ကြောင့် သူတို့တွေဟာ လူထုအတွက် အဖိုးတန်တဲ့သူတွေ ဖြစ်ကြတယ်။ သူတို့တွေဟာ သူတို့ တတ်ကျွမ်းတဲ့ ပညာအရ ဆေးရုံတွေကစပြီး ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်မြင်သံကြားဌာန၊ မူကြိုကျောင်းနဲ့ တက္ကသိုလ်တွေအထိ နည်းလမ်းပေါင်းစုံနဲ့ လူထုအကျိုးကို ထမ်းဆောင်ပေးနိုင်တယ်။

အသက် (၅၀) နားကို ချဉ်းကပ်လာပြီဖြစ်တဲ့ “ဂျန်ပါးဆီဒရိုအန်” ဟာ ဟမ်းဘတ်ဂ်မြို့မှာရှိတဲ့ တိဗက်လူမျိုး ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေသလို အမျိုးသမီးရေးအတွက် လှုပ်ရှားဆောင်ရွက်နေပြီး စာသင်ကြားပြသတာကိုလည်း လုပ်ဆောင်ပေးနေပါတယ်။ ဒါ့အပြင် ဟမ်းဘတ်ဂ် တက္ကသိုလ်ကနေ ပါရဂူဘွဲ့ယူဖို့ စာတမ်းတစောင်ကိုလည်း ရေးသားခဲ့ပါတယ်။ အနောက်အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ တိဗက်သီလရှင်ကျောင်းမှာ သင်တန်းပေးတာကိုလည်း ၁၉၈၈ ကတည်းက စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ က သီလရှင်ငယ်လေးတွေက ဘာသာရေးအပေါ် ကောင်းကောင်းလေ့လာလိုက်စားကြတဲ့အကြောင်းနဲ့ သူတို့ထဲက နှစ်ယောက်ဟာ ထိုင်ဝမ်ဘုန်းတော်ကြီးကျောင်းမှာ အဘိဓမ္မာဆက်လက်သင်ကြားဖို့ ဖိတ်ကြားခံရကြောင်း ပြောပြနေတဲ့ သူမရဲ့ အသံမှာ ဂုဏ်ယူမှုတွေ တစွန်းတစပါဝင်နေပါတယ်။

သူမရဲ့ ကျင့်ကြံအားထုတ်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ “ဘိက္ခူနီ ဂျန်ပါးဆီဒရိုအန်”ဟာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ပြောပါတယ်။ ဗောဓိသတ္တကို ဆည်းကပ်သူတယောက်အဖြစ်နဲ့ လူ့ဘောင်အဖွဲ့အစည်းရဲ့ အကျိုးကို ဆောင်ရွက်တာဟာ မိမိတကိုယ်တော် ကျင့်ကြံမှုထက် ပိုမိုအရေးပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူမရဲ့ တရားကျင့်ကြံမှုဟာ အကောင်းဆုံး မဖြစ်သေးကြောင်း သူမက ယူဆပါတယ်။

“ကျမရဲ့ ကျင့်ကြံအားထုတ်မှုဟာ လုံလောက်မှု မရှိသေးပါဘူး။ ကျမဟာ ကုသိုလ်ကောင်းမှုတွေ ပြုနိုင်ပြီး ပညာဉာဏ် နည်းနည်းပါးပါး တိုးတက်လာတယ်။ ဒါပေမယ့် ကျမ တရားအားထုတ်တာဟာ မလုံလောက် သေးပါဘူး။”

“အခုတော့ ကျမဟာ အသက်ကြီးလာပါပြီ။ ဆံပင်တွေလည်း ဖြူလာပြီ။ မျက်စိတွေလည်း မှုန်လာပြီ။ နောက် မှတ်ဉာဏ်တွေလည်း သိပ်မကောင်းတော့ဘူး။ ဒါကြောင့်….” ရယ်မောပြောဆိုရင်း ခေတ္တရပ်နားလိုက်ပြီး “ကျမ တရားအားထုတ်တာကို ကောင်းကောင်း မလုပ်နိုင်ခင်မှာ ကွယ်လွန်ရမှာတော့ စိုးရိမ်တယ်” လို့ လေးလေးနက်နက် ဆက်ပြောပါတယ်။

“ဖြစ်လာတဲ့ အခြေအနေ တခုချင်းဆီအပေါ်မှာ မူတည်ပြီး ကျမတို့ ဆောင်ရွက်ကြမယ်။ ဒါကြောင့် ကျမကတော့ ငယ်ရွယ်တဲ့ တိဗက်သီလရှင်လေးတွေအပေါ်မှာ အများကြီးမျှော်လင့်ချက် ထားရှိပါတယ်။”

(မြန်မာ့အမျိုးသမီးသမဂ္ဂမှ စီစဉ်ထုတ်ဝေသည့် အမှတ် ၄/၂၀၀၇ ခုနှစ် မေလထုတ် ချိုးလင်းပြာ အမျိုးသမီးစာစောင်တွင် ဖော်ပြခဲ့သော မိုးဇော်ဘာသာပြန်ထားသည့် ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ ဆောင်းပါးသည် ၂၀၀၇ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်မှ Vasana Chinvarakorn ရေးသားသော An equal chance at enlightenment ကို ဘာသာပြန်ဆိုပါသည်။)

(ဘိက္ခူနီ ဂျန်ပါးဆီဒရိုအန်သည် အသက် (၂၂) နှစ်အရွယ်တွင် တိဗက် ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာအရ သာမဏေပြုခဲ့ပြီး ၂၆ နှစ်အရွယ်တွင် ထိုင်ဝမ်သို့ သွားရောက်ကာ ဘိက္ခူနီအဖြစ် ရဟန်းခံခဲ့သည်။ သူမသည် သူနာပြုဆရာမအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မောင်နှမဝမ်းကွဲတစ်ယောက် ကင်ဆာရောဂါဖြင့် ကွယ်လွန် သွားခြင်းနှင့် သူမရည်းစား၏ မိခင် ကိုယ့်ကိုယ်ကို သတ်သေသွားသည်ကို တွေ့ကြုံခဲ့ရသည့်နောက်တွင် ရုပ်ဝတ္ထုပစ္စည်းများသည် လူသားတို့၏ စိတ်နှလုံးကို မငြိမ်းအေးနိုင်ကြောင်း သဘောပေါက်ကာ သာသနာ့ ဘောင်ထဲသို့ ဝင်ရောက်ခဲ့သည်။)

Related Articles