Home ဘာသာပြန် ဂုဏ်သိက္ခာအတွက် စတေးခံရသူများ

ဂုဏ်သိက္ခာအတွက် စတေးခံရသူများ

ဇော်မိုးလူ ဘာသာပြန်သည်။
(အမှတ် ၂/၂၀၀၈ ခုနှစ်၊ မတ်လ။ Volume 40, March 2008)

“လွန်ခဲ့တဲ့နှစ်က သူ့ရဲ့အမနှစ်ယောက်အနက်ကတယောက်ဟာ ခင်ပွန်းဖြစ်သူကို အိမ် ထောင်ကွာရှင်းဖို့တောင်းဆိုခဲ့ပြီး မကြာခင်မှာ သူမဟာ သေနတ်နဲ့ ပစ်သတ်ခံရ တယ် လို့ ပြောပါတယ်။ အဲဒီအတွက် သူမရဲ့ခင်ပွန်းဟာ ၁၅ ရက် အထိမ်းသိမ်းခံရပြီး တဲ့နောက် ပြန်လွတ်လာခဲ့ပါတယ်။”

အသက် ၁၈ နှစ်အရွယ်သူမဟာ လက်ထပ်မထားပေမယ့် ကိုယ်ဝန် ၈ လ ရှိနေပါပြီ။ ဗိုက်ထဲကကလေးက လှုပ်ရှား ပြီးကန်ကျောက်တာကို သူမမကြိုက်ပါဘူး။ “ကျမကလေးကိုတော့ မမုန်းပါဘူး။ ဒါပေမယ့် ဒီလှုပ်ရှားမှုက ကျမရဲ့ အတိတ်ကအဖြစ်တွေကို ပြန်အမှတ်ရစေတယ်” လို့ ပြောပါတယ်။

သူမဟာမိသားစုဂုဏ်သိက္ခာအတွက် ကလေးကိုလျှို့ဝှက်မွေးဖွားပြီးရင် စွန့်ပစ်လိုက်မှာဖြစ်ပါတယ်။ ပြီးရင် အီရန် နိုင်ငံအနောက်မြောက်ပိုင်း ကာဒစ်ရှ်ဒေသကသူမနေအိမ်ရှိရာကိုပြန်ပြီး ဒီအဖြစ်တွေကိုဘာမှမသိသေးတဲ့ သူမ ယောင်္ကျားကို လိုက်လံရှာဖွေပါလိမ့်မယ်။

ဒီလိုကလေးတယောက်ကို လျှို့ဝှက်မွေးဖွားခြင်းသူတို့လောကမှာမရှိမဖြစ် လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်မပြုဘဲကလေးမွေးတယ်ဆိုရင် ဂုဏ်သိက္ခာအတွက် သက်ဖြတ်မှုဖြစ်လာနိုင်တာကြောင့်ပါ။ မိသားစု ဂုဏ်ကိုကာကွယ်ဖို့အတွက် ဆွေမျိုးတယောက်ယောက် သူမကိုသတ်နိုင်ပါတယ်။ ဒါကြောင့်သူမဟာ ဘန်နစ်ဇ် ဆိုတဲ့နာမည်ဝှက်နဲ့ တမြို့တရွာမှာနေထိုင်နေရပါတယ်။

တာဇာလို့နာမည်ပြောင်းထားတဲ့ အသက် ၂၂ နှစ်အရွယ်အမျိုးသမီးကတော့ ဆိုဖာပေါ်မှာထိုင်ပြီး ကျားသစ်ကွက် အဆင်မျက်နှာဖုံးဇာပုဝါနဲ့ နှာခေါင်းကိုသုတ်ရင်း ငိုကြွေးနေပါတယ်။ ၂၀၀၃ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ စစ်တပ်တွေ ဆာဒမ်ဟူစိန်ကိုဖယ်ရှားလိုက်ပြီးလအနည်းငယ်အကြာမှာ သူမဟာ လက်မထပ်ဘဲကလေး တယောက်ကို ဖွားမြင်ခဲ့ပါတယ်။ အမျိုးသားတွေလွှမ်းမိုးတဲ့သူ့ဆွေမျိုးတွေက သူတို့ဂုဏ်သိက္ခာကျစေတဲ့အတွက် သူမကိုသတ်ဖြတ်ပစ်ချင်နေကြတယ်လို့ ဆိုပါတယ်။

အီရတ်နိုင်ငံက ကာ့ဒ်လူမျိုးတာဇာဟာ အမြဲတမ်းခြိမ်းခြောက်ခံနေရပါတယ်။ သူမဟာအမျိုးသမီးစောင့်ရှောက်ရေး ဌာနရဲ့အကူအညီနဲ့ တဦးတည်းနေထိုင်နေသလို အဲဒီအဖွဲ့ကပဲ သူမကလေးကို ဆွီဒင်မှာရှိတဲ့ အီရန်လူမျိုး မိသားစု က မွေးစားစေဖို့ စီစဉ်ပေးခဲ့ပါတယ်။ “ကလေးကိုကျမ မတွေ့ချင်ဘူး” လို့ တင်းမာတဲ့မျက်နှာထားနဲ့ တာဇာက ပြောပါတယ်။

ရှေးဟောင်းရိုးရာအစဉ်အလာတွေနဲ့ဆက်စပ်နေပြီး မိသားစုဂုဏ်သိက္ခာအတွက်ဆိုတဲ့ အမြင်ကြောင့်ဖြစ်ပေါ်လာ တဲ့ ဒီလိုသတ်ဖြတ်မှုတွေဟာ အီရတ်၊ အီရန်နဲ့ တူရကီက ကာ့ဒ်တွေနေထိုင်တဲ့ဒေသသာမက ပါကစ္စတန်နိုင်ငံနဲ့ အချို့အာရတ်လူမှုအဖွဲ့အစည်းတွေမှာ ဖြစ်ပွားနေပါတယ်။ ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံကိုအမေရိကန်က ကျူး ကျော်သိမ်းပိုက်ခဲ့တာကြောင့် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာချိန်မှာ စစ်မက်ဖြစ်ပွားမှုကနေ ငြိမ်းချမ်းနေတဲ့ ကာဒစ်ရှ်ဒေသကလူ့အဖွဲ့အစည်းမှာတော့ ဒီလို ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ အခုအခါမှာ အစိုးရက ကာလကြာမြင့်စွာ လှစ်လျူရှုထားတဲ့ ဒီမိသားစုဂုဏ်သိက္ခာဆိုတဲ့ သတ်ဖြတ်မှုကိစ္စကို ရပ်တန့်စေဖို့ ကြိုးစားနေကြပါပြီ။

အဲဒီထုံးတမ်းစဉ်လာတွေကို ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေက ပြစ်တင်ဝေဖန်မှုပြုလာတာကို လူမှုအသင်းအဖွဲ့တွေ က ကြိုဆိုလိုက်ပြီး ဒီလိုပြင်းထန်တဲ့အရေးယူမှုတွေရပ်တန့်စေဖို့ သတိပေးတားမြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒါတွေရပ်တန့်သွားဖို့က ပညာပေးမှုတွေအများကြီးလိုအပ်နေသလို ဉပဒေပြဌာန်းတားဆီးဖို့လည်း လိုနေပါသေး တယ်။ ဗြိတိန်အစိုးရက ဒီနှစ်မှာ အီရတ်က ကာ့ဒ်လူမျိုးကိုယ်စားလှယ်အဖွဲ့ကို ပါကစ္စတန်ကိုသွားရောက်နိုင်ဖို့ စီစဉ်ထားပါတယ်။ ဒါဟာ ဒီလိုရက်စက်တဲ့အစဉ်အလာကို ဆန့်ကျင်တိုက်ဖျက်နေတဲ့ ပါကစ္စတန်အစိုးရ အရာရှိ တွေရဲ့ အတွေ့အကြုံတွေကို လေ့လာစေဖို့ဖြစ်ပါတယ်။ အချို့အစီရင်ခံစာတွေက လူ ၄ သန်းကျော်နေထိုင်တဲ့ အီရတ်နိုင်ငံ ကာဒစ္စတန်မှာ ဒီလို ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှု ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု တွေဟာ တနှစ်ကိုရာနဲ့ချီရှိနေတယ်လို့ ထောက်ပြပါတယ်။

ကိုယ့်ကိုယ်ကိုမီးရှို့သတ်သေတဲ့အမျိုးသမီးအရေအတွက်ဟာ ၂၀၀၅ ခုနှစ်မှာ ၃၆ မှု ရှိရာကနေ ၂၀၀၆ ခုနှစ်မှာ ၁၃၃ မှုထိ တိုးမြှင့်လာခဲ့ပြီး တချိန်တည်းမှာ အမျိုးသမီးတွေကို သတ်ဖြတ်မှုဟာ ၄ မှုကနေ ၁၇ မှုထိ မြင့်တက် ခဲ့ပါတယ်လို့ ကာဒစ္စတန်လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှ ဖော်ပြထားပါတယ်။

၂၀၀၂ ခုနှစ်မှာ ကာဒစ္စတန်ပါလီမန်က ဂုဏ်သိက္ခာအတွက်အကြောင်းပြပြီး သတ်ဖြတ်တဲ့တရားခံကို အပြစ်က ကင်းလွတ်စေတဲ့ ဒါမှမဟုတ် သက်ညှာပေးတဲ့ အီရတ်ဉပဒေကိုပယ်ဖျက်ခဲ့ပါတယ်။ ဒီ ဉပဒေတွေကို ဆာဒမ် ဟူစိန်က သူ့ကို ရိုးရာအစဉ်အလာကိုထိမ်းသိမ်းသူတယောက်အဖြစ်မြင်လာအောင် ဖန်တီးထားတာပဲဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ “ဂုဏ်သိက္ခာကိုကာကွယ်ဖို့အကြောင်းပြပြီး သတ်ဖြတ်တာဟာ လူသတ်မှုပဲဖြစ်တယ်”လို့ အဲဒီ ဒေသရဲ့ဝန်ကြီးချုပ်ဖြစ်သူ နီချီဗန်ဘာနာဇီက ဇူလိုင်လတုန်းကပြောကြားခဲ့ပါတယ်။

ဒီလိုအပြောင်းအလဲတွေဖြစ်ပေါ်စေတဲ့ အကြောင်းအချက်တခုကတော့ အနောက်နိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှု ကြောင့်ပါ။ အီရတ်နိုင်ငံအတွင်းက ကာ့ဒ်လူမျိုးတွေရဲ့ သမိုင်းဝင်နယ်မြေကနေ တူရကီနိုင်ငံအရှေ့ပိုင်းနဲ့ အီရန် နိုင်ငံအနောက်ပိုင်းနယ်မြေတွေအတွင်းမှာ ဒီအစဉ်အလာဟာအမြစ်တွယ်နေခဲ့ပြီး ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ အပြီးမှာ ဒီနယ်မြေတွေကို အနောက်နိုင်ငံတွေက ထိမ်းသိမ်းခဲ့ပါတယ်။ “ဒီဒေသမှာကြီးထွားလာနေတဲ့ အနောက် တိုင်းယဉ်ကျေးမှုဟာ တစုံတရာကို အလေးအမြတ်ထားတဲ့ ရှေးရိုးအယူအဆတွေနဲ့ ထိပ်တိုက်တွေ့လာခဲ့တယ်”လို့ ရီဝမ်အမျိုးသမီးဌာနရဲ့အကြီးအကဲ ရူးနစ်ခ်ဖာရတ်ချ်က ပြောပါတယ်။ သူမရဲ့ဌာနဟာ အီရတ်နိုင်ငံက ကာ့ဒ် လူမျိုး တွေရဲ့ အဓိကမြို့ကြီးနှစ်မြို့အနက် တခုဖြစ်တဲ့ ဆူလိုင်မနီယာမြို့မှာ အခြေစိုက်ထားပါတယ်။

သူမက လူငယ်တွေရဲ့ စံ၊ တန်ဖိုးသတ်မှတ်ချက်တွေဟာ အစဉ်အလာဟောင်းတွေနဲ့ ပဋိပက္ခဖြစ်နေတယ်။ အဲဒီ လူငယ်တွေလက်မခံတဲ့ ရှေးရိုးအစဉ်အလာတွေမှာ လက်မထပ်မီကိုယ်ဝန်ရတာ၊ အိမ်ထောင်ရေးဖောက်ပြန် တာကြောင့် အမျိုးသမီးတယောက်ကိုသတ်ဖြတ်နိုင်တာ သို့မဟုတ် ကိုယ့်ကိုယ်ကိုသတ်သေအောင် ဖိအားပေးတာ ဆိုတဲ့အချက်တွေ ပါဝင်တယ်လို့ပြောပါတယ်။ အဲဒီဒေသမှာ လူကြီးမိဘတွေကသဘောမတူရင် ဆယ်ကျော်သက် အရွယ်တွေဟာ အချစ်ရေးကိစ္စကြောင့် အသက်သေဆုံးနိုင်တယ်လို့ဆိုပါတယ်။

အီရန်က ကာ့ဒ်လူမျိုးတွေဟာ အီရတ်က ကာ့ဒ်တွေထက်ပိုမိုလွတ်လပ်ဟန်ရှိပြီး အုပ်ထိမ်းသူမပါဘဲ သူတို့ရည်းစား တွေနဲ့ အပြင်ထွက်နိုင်ကြပါတယ်။ ဒါကြောင့် အီရတ်နိုင်ငံက တာဇာထက်ဘန်းနစ်ဇ်က သူ့ရည်းစားနဲ့ အလွယ် တကူလည်ပတ်ဖို့ အချိန်ပိုရခဲ့တာဖြစ်ပါတယ်။ ဘန်းနစ်ဇ်ဟာ အီရန်နိုင်ငံမှာ သူ့ရည်းစားကပါတီတခုကို ဖိတ်ကြား ခဲ့ပြီးနောက် ကိုယ်ဝန်ရခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ညီအမ ၄ ယောက်ထဲက တယောက်ကို လွန်ခဲ့တဲ့ ၅ လက ပြောခဲ့ ပါတယ်။ သူတို့ကဆရာဝန်ကို ဘန်းနစ်ဇ်ရဲ့ကိုယ်ဝန်ကို ဖျက်ချပေးဖို့အတွက် ပန်ကြားခဲ့ပေမယ့် ဆရာဝန်က လက် မခံခဲ့ပါဘူး။ ဘန်းနစ်ဇ်ဟာသူမကြောင့် ဖြစ်ရတဲ့အမဲစက်ဟာ အိမ်ထောင်သည်အမနှစ်ယောက်ကိုထိခိုက်စေပြီး အိမ်ထောင်မကျသေးတဲ့ ညီအစ်မတွေအတွက်လည်း ခင်ပွန်းရှာဖို့ ခက်ခဲမယ်ဆိုတာကိုသိပါတယ်။

ဒါကြောင့်သူမဟာ အိမ်အပေါ်ဆုံးထပ်ကနေခုန်ချပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်လိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူ့အမတယောက်က ခွင့်မပြုခဲ့ပါဘူး။ သူမဟာဆေးတွေအလွန်အကျွံသောက်ခဲ့ပေမယ့် ပြန် အန်ထုတ်ပစ်ခဲ့ပါ တယ်။ နောက်တကိုယ်လုံး ဓါတ်ဆီလောင်းပြီးမီးရှို့သတ်သေဖို့လည်း စဉ်းစားခဲ့ပါသေးတယ်။ ရီဝမ်အမျိုးသမီး ဗဟိုဌာနမှာ တွေ့ဆုံမေးမြန်းတော့ “မီးရှို့သတ်သေဖို့တော့နောက်မှစဉ်းစားတာပါ။ ကိုယ့်ကိုယ်ကို မီးရှို့ရမှာကို ကျမ တအားကြောက်ခဲ့ပါတယ်”လို့ ဘန်းနစ်ဇ်က ပြောပြပါတယ်။ သူမဟာစကားကို တိုးတိုးပြောနေပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူတဦးပါ။ နောက်စကားကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ပြောဆိုတတ် ပါတယ်။ သူမရဲ့အဖြစ်ကို ဖခင်ဖြစ်သူ သိသွားတဲ့အခါ သူမကိုကျောင်းတက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အီရတ်က ကာ့ဒ်လူမျိုးတွေရဲ့ဒေသကို ပို့လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဆူလိုင်မနီယာမြို့က သူမကိုကြည့်ရှုပေးတဲ့ ဆရာ ဝန်က ကိုယ်ဝန်ဖျက်ချပေးဖို့ကို ငြင်းဆိုခဲ့ပါတယ်။ နောက် သူမဟာ ဖာရတ်ရှ်အမျိုးသမီးစောင့်ရှောက်ရေးဌာနမှာ ခိုလှုံခဲ့ပါတယ်။ အဲဒီဌာနက သူမရဲ့ကလေးကိုမွေးစားမယ့် မိသားစုကို ရှာမှာဖြစ်ပါတယ်။

ဘန်းနစ်ဇ်ရဲ့မိသားစုက သူမထံကို တလမှာနှစ်ခါဖုန်းဆက်ပါတယ်။

အဲဒီဒေသမှာအမျိုးသမီးတော်တော်များများဟာ ဆေးရုံကိုပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေနဲ့ ရောက်လာခဲ့ကြပါ တယ်။ ဒါဟာမိသားစုဂုဏ်သိက္ခာအတွက် ကိုယ့်ကိုယ်ကိုမီးရှို့တာနဲ့ ဆက်စပ်နေပြီး ဆွေမျိုးအသိုင်းအဝိုင်းမှာရှိတဲ့ အမျိုးသားတွေက သူတို့ကို မသတ်ချင်လို့ နောက် လူသတ်မှုနဲ့ တရားစွဲမခံချင်လို့ အတင်းအကြပ်ဖိအားပေးတာ ကြောင့်ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက သံသယဖြစ်နေကြပါတယ်။

“သူတို့ဆေးရုံကိုမရောက်လာခင်မှာ ထမင်းချက်နေတုန်း၊ ရေချိုးနေတုန်း ဒီလိုဖြစ်တာလို့ပြောဖို့ ဇာတ်တိုက်ထား ကြတယ်”လို့ ချီကာဂိုမှာအခြေစိုက်တဲ့ လူ့အခွင့်အရေးအဖွဲ့ရဲ့ ကျန်းမာရေး ဒါရိုက်တာ ဒေါက်တာအာမက်အေမင် က ပြောပါတယ်။ ဒီလိုအဖြစ်အပျက်တွေမှာ မိုဘိုင်းဖုန်းတွေလည်း ပြဿနာရဲ့အစိတ်အပိုင်းတခုဖြစ်ပါတယ်။ အချို့အမျိုးသားတွေဟာ အမျိုးသမီးတယောက်ယောက်နဲ့မတွေ့မချင်း ဖုန်းခေါ်နေပြီး တွေ့ပြီဆိုရင် သူတို့ဆီကို မကြာခဏဖုန်းခေါ်တတ်သလို ဖုန်းကနေတဆင့် စာတွေပို့တတ်ကြတယ်လို့ ကာဒစ္စတန်မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဆိုမာဒိုင်ဂျက် သတင်းစာကဖော်ပြပါတယ်။ ဒီလိုဆက်သွယ်တာမျိုးကို မိသားစုဝင်အမျိုးသားတွေ တွေ့တယ်ဆိုရင် ဒါဟာသူတို့ရည်းစားတွေဆီကလို့ ယုံကြည်ကြတာကြောင့် အမျိုးသမီးတွေအတွက် အန္တရာယ် ဖြစ်စေတယ်လို့ သတင်းစာမှာရေးသားထားပါတယ်။

အီရတ်က တာဇာက ဒီလိုဂုဏ်သိက္ခာအတွက်သတ်ဖြတ်မှုနဲ့ပတ်သတ်ပြီး မကြာမကြာ ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။

လွန်ခဲ့တဲ့နှစ်ကသူမရဲ့အမနှစ်ယောက်အနက်ကတယောက်ဟာ ခင်ပွန်းဖြစ်သူကို အိမ်ထောင်ကွာရှင်းဖို့တောင်းဆို ခဲ့ပြီး မကြာခင်မှာ သူမဟာ သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ပြောပါတယ်။ ဒီအတွက် သူမရဲ့ခင်ပွန်းဟာ ၁၅ ရက် အထိမ်းသိမ်းခံရပြီးနောက် ပြန်လွတ်လာခဲ့ပါတယ်။

တာဇာဟာကျန်တဲ့အမနဲ့ အဆက်အသွယ်မရှိပါဘူး။ ဒီအမဖြစ်သူကလည်း သူမရည်းစားထားတာနဲ့ ကိုယ်ဝန်ရခဲ့ တာကြောင့်အသတ်ခံရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့အကူအညီ နဲ့သူမဟာ အခြားလူတယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။

တာဇာရဲ့ဖခင်ဟာ သူမ ၃ လ သမီးအရွယ်မှာ မြေမြှပ်မိုင်းနင်းမိတာကြောင့် သေဆုံးခဲ့ပါတယ်။ သူမမိခင်က နောက်အိမ်ထောင်ပြုခဲ့ပြီး တာဇာအတွက် မိခင်နဲ့တွေ့ဖို့ဆိုတာကလည်း သိပ်အန္တရာယ်ကြီးပါတယ်။ “တကယ်လို့ ကျမတို့သားအမိတွေ့တာကို တယောက်ယောက်ကသိမယ်ဆိုရင် ကျမတို့နှစ်ယောက်စလုံး အသတ်ခံရနိုင်တယ် လို့”သူမက ပြောပါတယ်။

အေပီ။
၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာပါ Pregnancy can be a death sentence ကို ပြန်ဆိုသည်။

Related Articles