မင်္ဂလာနံနက်ခင်းပါလို့ မခံစားရလေအောင် အိပ်ရာကနိုးတာနဲ့ ပထမဆုံးကြားသိရတဲ့သတင်းတွေထဲမှာ “မုဒိမ်းမှု”ဆိုတာမပါတဲ့မနက်ခင်း မရှိသလောက်ဖြစ်နေတဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းဟာ မုဒိမ်းမှုကို ယဉ်ပါး လာပြီလို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံ၊ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ပြစ်မှုဆိုင်ရာကိန်းဂဏန်းကိုကြည့်ရင် ၂၀၁၇ ခုနှစ်မှာ မုဒိမ်းမှု ပေါင်း (၁၄၀၅)မှုရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ (၁၅၈၃) မှုအထိ တိုးမြှင့်လာခဲ့ပါတယ်။ ဒါဟာ ရဲစခန်းအထိ မရောက်ရှိခဲ့တဲ့အဖြစ်အပျက်တွေ မပါဝင်သေးဘူးလို့ဆိုရမှာပါ။
ပြီးခဲ့တဲ့ မေလလယ်မှာ နေပြည်တော်က Wisdom Hill မူကြိုကျောင်းမှာဖြစ်ပွားခဲ့တဲ့ အသက် (၃) နှစ် မပြည့်သေးတဲ့ သမီးငယ်ဗစ်တိုးရီယား မုဒိမ်းမှုကျူးလွန်ခံရမှုအပြီး ဇွန်လလယ်လောက်မှာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံက အသက်(၁)နှစ်(၈)လအရွယ် သမီးငယ် Grace ရဲ့အမှုထပ်ဖြစ်ခဲ့ ပါတယ်။ တခါ အခုဇူလိုင်လ ပထမပတ်မှာပဲ ဧရာဝတီတိုင်းမှာ အသက် (၁၄)နှစ်အရွယ် မိန်းကလေးကို ပထွေးနဲ့ ခဲအိုက ကျူးလွန်တဲ့မုဒိမ်းမှုနဲ့ မအူပင်မြို့က အသက်(၅)နှစ်အရွယ် KG ကျောင်းသူ သမီးငယ် လေးကို ကျူးလွန်တဲ့ မုဒိမ်းမှုတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။
ဒီလို သက်ငယ်မုဒိမ်းမှုတွေ ခပ်စိပ်စိပ်တိုးပွားဖြစ်ပေါ်လာချိန်မှာ လျော့ရဲနေတဲ့မြန်မာနိုင်ငံရဲ့ တရားရေး စနစ်ကို မေးခွန်းထုတ်မှုတွေ ပိုမိုမြင့်မားလာတာနဲ့အတူ ထပ်ကြပ်မကွာလိုက်လာတဲ့ မရိုးနိုင်တဲ့ ကောက် ချက်ဟောင်းကြီးကတော့ မုဒိမ်းမှုဆိုတာ “အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှု” ကြောင့်ဖြစ်ရတယ် ဆိုတဲ့ ကောက်ချက်ပါပဲ။
ဒီကောက်ချက်ဟာ လူတန်းစားအလွှာအသီးသီးမှာရှိတဲ့ အမျိုးသား(ယောက်ျားများ)အများစုဆီက မုဒိမ်းမှု တခုဖြစ်ပေါ်လာတိုင်း မရိုးနိုင်အောင် အဖန်တလဲလဲ ထွက်ပေါ်လာတဲ့ လွဲမှားတဲ့ကောက်ချက်ဟောင်းကြီး ဖြစ်ပါတယ်။
“အဖော်ချွတ်မယ်တွေကြောင့်ပေါ့… တော်တော်များများ အဖော်ချွတ်တွေပြကြတော့ ယောက်ျားလေးတွေ က ထ,လာကြတာပေါ့လေ..စိတ်။ ကျွန်တော်ကတော့ မကျွေးပဲနဲ့ မပြပါနဲ့လို့ ပြောချင်ပါတယ်။ တခြား ပြဿနာတွေ ဖြစ်ကုန်မယ်”
ဒါကတော့ ဇူလိုင်လ (၉)ရက်နေ့က Myanmar Celebrity TV ရဲ့ အင်တာဗျူးတခုမှာ သရုပ်ဆောင် အမျိုးသားတစ်ဦးက မုဒိမ်းမှုဖြစ်ရတာနဲ့ပါတ်သက်ပြီး ဖြေကြားခဲ့တာဖြစ်ပါတယ်။ သူ့ဘေးနားမှာ ရပ်နေတဲ့ အခြားအမျိုးသားနှစ်ဦးကလည်း ဒီအဖြေအပေါ် တော်တော်လေး သဘောကျဟန်နဲ့ ရယ်(ရီ)နေခဲ့ကြပါ တယ်။
“အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် မုဒိမ်းမှုပိုများလာတာ” ဆိုတဲ့ ကောက်ချက်ဆွဲမှုကို ဒီ သရုပ်ဆောင်တဦးတည်းက လုပ်နေတာတော့ မဟုတ်ပါဘူး။ မြန်မာ့လူ့အသိုင်းအဝိုင်းရဲ့ လူတန်းစားအလွှာ အသီးသီးမှာ ဒီယုံကြည်မှုတွေ စိမ့်ဝင်အမြစ်တွယ်နေတယ်လို့ပြောရပါမယ်။
ဒီကောက်ချက်ဆွဲမှုကို လူ့ကျင့်ဝတ်စည်းမျဉ်းအရ အထပ်ထပ်အခါခါ ပြန်လည်သုံးသပ်ရမှာဖြစ်ပြီး ဒီကောက်ချက်ဟာ တဖက်မှာ မုဒိမ်းမှုတွေဖြစ်ပေါ်လာအောင် အားပေးနေတဲ့ အန္တရာယ်အကြီးဆုံးနဲ့ သက်ရောက်မှုအကြီးဆုံးသော အဓိကအထောက်အကူဖြစ်နေတယ်ဆိုတာ သတိပြုဖို့လိုအပ်လာပါတယ်။
ဒီကောက်ချက်ဟာ ယောက်ျားတစ်ယောက် စိတ်ထ,လာတဲ့အခါ ဘာကြောင့်ပဲ စိတ်ထ,ထ၊ ဘယ်အချိန်ပဲ စိတ်ထ,ထ၊ ဘယ်သူ့ကိုမဆို၊ ဘယ်အရွယ်ကိုမဆို အသိတရားမဲ့ ကျူးလွန်ခွင့်ရှိတယ်၊ ဒါမှမဟုတ် ဒီလို ကျူးလွန်တာဟာ “သူတို့အမှားမဟုတ်ဘူး”လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပါ။
ဒီသဘောတရားက မုဒိမ်းတရားခံဟာ ကျူးလွန်သူမဟုတ်ဘဲ လျှပ်ပေါ်လော်လီဝတ်စားတဲ့ အမျိုးသမီးတွေသာ တရားခံဖြစ်တယ်လို့ ဆိုလိုတာပါ။ တနည်းအားဖြင့် မုဒိမ်းသမားတွေဘက်ကနေ လုံးလုံးအကာအကွယ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ဒီအတွေး ဒီအမြင်ဟာ မုဒိမ်းသမားတွေကို ရွံ့မုန်းစရာ တရားခံဘဝကနေ ဒီလိုကျူးလွန်မိအောင် တွန်းပို့ခံ လိုက်ရတဲ့ သနားစရာသားကောင်တွေအဖြစ် အသွင်ပြောင်းပေးတဲ့ အတွေးအမြင်သာဖြစ်ပါတယ်။
ဒီအတွေးအမြင်ဟာ သားယောက်ျားလေး မွေးဖွားစဉ်ကတည်းက “ယောက်ျားပဲ ဒီလောက်တော့ရှိမှာပေါ့” “ယောက်ျားကတော့ စားမှာပေါ့” ဆိုတဲ့အားပေးမှုတွေ၊ “ဂန်ဒူးတော့မဖြစ်စေရဘူး၊ နှာဘူးပဲ အဖြစ်ခံလိုက် မယ်” ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ခံစားမှုနဲ့ပတ်သက်ပြီး ယောကျ်ားတွေကို အတားအဆီးမဲ့၊ တာဝန်မဲ့၊ လွတ် လပ်ခွင့် ပေးထားတဲ့ လူမှုအသိုင်းအဝိုင်းကြောင့်လို့ လက်ညှိုးထိုးရပါတော့မယ်။
လူမှန်းသိတတ်စအရွယ်ကတည်းက သမီးမိန်းကလေးတွေကို သူတို့မျိုးပွားအင်္ဂါနဲ့ပတ်သက်ပြီး ဘယ်လိုနေ၊ ဘယ်လိုထိုင်ဆိုပြီး လိင်ကိစ္စကို ဘာဆိုဘာမှန်းမသိတတ်သေးတဲ့ လူမမယ်အရွယ်မှာတင် ဘောင်းဘီတွေ၊ စကတ်တွေကို လုံအောင်ဖုံးခိုင်း၊ တာဝန်ယူခိုင်းနေတဲ့အချိန်မှာ သားယောက်ျားလေးတွေကိုတော့ လူမမယ် အရွယ်ကတည်းက ကိုယ့်အင်္ဂါကိုယ်ကိုင်ပြီး ဂုဏ်ယူစရာပစ္စည်း၊ အနိုင်ယူစရာပစ္စည်း တခုအနေနဲ့ ထုတ်ပြ စရာ လုပ်ခဲ့ကြတယ်။
အရွယ်ရောက်လာတာနဲ့အမျှ လိင်ကိစ္စနဲ့ပတ်သက်ရင် သူတို့တာဝန် သူတို့ယူတတ်ဖို့ နားလည်အောင် လုပ်ရမယ့်အစား “ယောက်ျားလေးပဲ ဒီလောက်တော့ရှိမှာပေါ့” ဆိုတဲ့ ကင်းလွတ်ခွင့်တွေကို အမျိုးသမီးတွေ အပါအဝင် လူ့အဝိုင်းအဝိုင်းကြီးတခုလုံးက သားယောက်ျားလေးတွေကို ပေးအပ်ခဲ့တဲ့ ဆုလာဒ်တွေကနေ နောက်ဆုံးမှာတော့ မုဒိမ်းသမားတွေကို အကာအကွယ်ပေးတဲ့ အတွေးအမြင်တွေ အခုလို ပေါက်ဖွားလာ တာပဲဖြစ်ပါတယ်။
အမျိုးသားတယောက်ဟာ ဘယ်အရာကိုပဲမြင်မြင်၊ ဘာကြောင့်ပဲ လိင်စိတ်ထထ၊ ဘယ်သူ့ကိုမှ ကိုယ်ထိ လက်ရောက် ကျူးလွန်ဖို့၊ မုဒိမ်းကျင့်ပြီး အာသာဖြေဖို့ အခွင့်မရှိပါဘူး။ ဒါဟာ စံချိန်စံညွှန်းပြည့်လူ့ကျင့် ဝတ်ဖြစ်ပါတယ်။ သူ့ရဲ့လိင်ကိစ္စဟာ သူ့တာဝန်သာဖြစ်ပါတယ်။ သူ့ကျူးလွန်မှုတွေအတွက် သူတာဝန်ခံရ ပါမယ်။ ဒီအချက်ကိုလည်း လူ့ကျင့်ဝတ်ကို စောင့်ထိန်းတဲ့ လူမှုအသိုင်းအဝိုင်းက လက်ခံရပါမယ်။
“မကျွေးရင် မပြပါနဲ့” ဆိုတဲ့စကားအပေါ် ထောက်ပြရမယ်ဆိုရင် အနည်းဆုံးတော့ “ပြတယ်ဆိုတာ ကြည့် ဖို့” ပါပဲ။ ပြတာကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခွင့်ပေးတယ်လို့ တွေးထင်ရင် ဒါဟာ ကိုယ်လိုရာဆွဲတွေးတဲ့ မုဒိမ်းအတွေးအခေါ်ပါ။ ပြလိုက်တာနဲ့ စားလို့ရမယ် (သို့မဟုတ်) ကျူးလွန်မယ်၊ ဒါဟာ ပြစ်ဒဏ်က ကင်း လွှတ်ခွင့်ရှိတယ်ဆိုတဲ့ မုဒိမ်းကျင့်ခွင့်လိုင်စင်ရတာမဟုတ်ပါဘူး။
တကယ်က (အချို့) အမျိုးသားတွေအတွက် လိင်စိတ်ထကြွရတဲ့အကြောင်းက အဖော်အချွတ်၊ မလုံ့တလုံ တွေက အဓိကကျသလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ထဘီဝတ်ထားပြီး အတွင်းခံဘောင်းဘီ အရာပေါ် ရင်တောင် (သို့မဟုတ်) ရင်အုံကြီးရင် (သို့မဟုတ်) တင်ကြီးရင် (သို့မဟုတ်) ဘာပဲပေါ်ပေါ်၊ ဘာပဲဖုံး ထားဖုံးထား၊ အသားလှုပ်လည်းတမျိုး၊ ပြားချပ်ရင်လည်းတမျိုး၊ ဖောင်းကြွရင်တမျိုး၊ ဖောင်းဖောင်းပိန်ပိန်၊ ဖော်ဖော်ဖုံးဖုံး အကြောင်းအရာမျိုးစုံနဲ့ မမြင်ရင်လည်း မြင်အောင်ကြည့်ပြီး လိင်ပိုင်းဆိုင်ရာ နှုတ်အာသာ ဖြေစရာ၊ မျက်စိအာသာဖြေစရာ၊ စိတ်အာသာဖြေစရာ ဖြစ်နေရတာပါ။
ဒီနေရာမှာ ယောကျ်ားချင်း မုဒိမ်းကျင့်တဲ့အမှုတွေ၊ ယောကျ်ားလေးငယ်လေးတွေကို မုဒိမ်းကျင့်တဲ့ ဖြစ် ရပ်တွေ ထည့်မပြောသေးပါဘူး။
ဒါကြောင့် မုဒိမ်းမှုဖြစ်ခြင်းမှာ သူတပါးရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဆွဲဆောင်မှုထက် ကျူးလွန်သူရဲ့ အကျင့် စာရိတ္တ၊ ကျူးလွန်သူရဲ့ စောင့်စည်းမှု၊ ကျူးလွန်သူရဲ့ သူ့ကိုယ်သူတာဝန်ယူမှု ဆိုးရွားစွာပျက်ယွင်းခြင်းသာ အဓိကပါပဲ။
ဒီနေရာမှာ ထောက်ပြချင်တာက မုဒိမ်းမှုဖြစ်တာဟာ “ဝတ်စားဆင်ယင်မှု” ကြောင့်ပါလို့ မုဒိမ်းသမားတွေကို အကာအကွယ်ပေးတဲ့ အတွေးအမြင်မျိုး ရှိနေသရွေ့ ဒီလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေအတွက်၊ ကလေးငယ်တွေအတွက်၊ မိသားစုတွေအတွက် လုံခြုံတဲ့ လူမှုအသိုင်းအဝိုင်းကို မဖန်တီးနိုင်ဘူးဆိုတာကိုပါ။
ဒီအတွေးအခေါ်ဆိုးကြီး ရှိနေသရွေ့ သေချာပါတယ်၊ မုဒိမ်းမှုအတွက် တရားမျှတရေးကို တနိုင်ငံလုံး တောင်းဆိုလို့ အကောင်းဆုံးတရားဥပဒေကြီး ပေါ်လာပါစေဦး။ မုဒိမ်းကောင်ကို အကာအကွယ်ပေးတဲ့ လူမှု အသိုင်းအဝိုင်းကြီးရှိနေဦးမှာဖြစ်ပြီး အဲဒီတရားမျှတရေးကို တောင်းဆိုတဲ့ လူ့အသိုင်းအဝိုင်းကြီးထဲကပဲ မုဒိမ်း သမားတွေကို ထပ်တလဲလဲ မွေးထုတ်နေဦးမှာဖြစ်ပါတယ်။
ဗစ်တိုးရီးယားမဟုတ်တဲ့ နောက်ထပ်ကလေးငယ်လေးတွေလည်း အမည်ဝှက်အမျိုးမျိုးနဲ့ မုဒိမ်းသမားတွေရဲ့ သားကောင်တွေအဖြစ် ထပ်ပြီး ပေါ်လာဦးမှာဖြစ်ပါတယ်။
တရားမျှတရေးဖော်ဆောင်ဖို့ ကြန့်ကြာနေတဲ့၊ လွဲမှားနေတဲ့ တရားရေးစနစ်ဟာ မြန်မာတနိုင်ငံလုံးကို မုဒိမ်း ကျင့်နေတယ်လို့ ရှုမြင်ရင် မုဒိမ်းသမားတွေကို အကာအကွယ်ပေးနေတဲ့ “မကျွေးရင်မပြနဲ့”ဆိုတဲ့ အယူ အဆဟာလည်း မုဒိမ်းသမားတွေကို မွေးထုတ်ပေးနေတယ်ဆိုတာ လက်ခံရပါမယ်။
ဒီနေရာမှာ သက်ငယ်မုဒိမ်းအတွက် တရားမျှတမှုရရှိဖို့ တရားဥပဒေမှာ တာဝန်ရှိတယ်ဆိုတာကို လက်ခံရင် ကျူးလွန်သူကို မျက်နှာသာပေးနေတဲ့ အမြင်အစွဲတွေ၊ ကျားမရေးရာ မညီမျှမှု၊ ကျားဦးစားပေး အတွေးအခါ် ဆုတ်ကိုင်ထားမှုတွေ ကြီးစိုးနေတဲ့ ဒီလူ့အသိုက်အဝန်းကြီးမှာလည်း မလျော့တဲ့ တာဝန်တွေရှိနေတယ်ဆို တာ လက်ခံဖို့လိုအပ်ပါတယ်။
တရားမျှတတဲ့ တရားဥပဒေတရပ်ပေါ်လာဖို့ လူမှုအသိုင်းအဝိုင်းကြီးက ပြောင်းလဲလို့ရပါတယ်။ ဒါပေမယ့် ဒီ လူမှုအသိုင်းအဝိုင်းမှာ အသံတိတ်အသက်ဝင်နေတဲ့ မုဒိမ်းကျင့်ခွင့်အယူအဆတွေကို ပြောင်းလဲဖို့ကတော့ လူတဦးချင်းစီက တာဝန်ယူမှရမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့သမီးတွေ၊ သားတွေ၊ ကိုယ့်ရဲ့မိသားစုတွေနဲ့ ကိုယ်ကျင်လည်တဲ့ ပတ်ဝန်းကျင်မှာ မုဒိမ်းမှုကြောင့် အလုပ်မဖြစ်သေးတဲ့ တရားရေးစနစ်ကို လက်ညှိုးထိုးနေကြသလို မုဒိမ်းမှုကို အားပေးနေတဲ့ လွဲမှားတဲ့ အယူအဆ၊ အတွေးအခေါ်တွေ လက်ဆင့်ကမ်းဆွဲကိုင်လာကြသူတွေထဲမှာ ကိုယ်တိုင်ပါနေမလားဆိုတာ ကိုလည်း ပြန်လည်စစ်ဆေးလို့ အမြန်ဆုံး ပြုပြင်ပြောင်းလဲခြင်းခြင်းဟာ မုဒိမ်းမှုပပျောက်ရေးလမ်းစဖြစ် ကြောင်း တင်ပြလိုက်ရပါတယ်
မယ်လွန်း
- စစ်ပဋိပက္ခတွင်း အုပ်စုလိုက် လိင်အကြမ်းဖက်ခံရသူတဦးရဲ့ ဒုက္ခ - 27/07/2020
- ရဲရဲတောက် သံမဏိနှလုံးသားပိုင်ရှင် ဒေါ်ဝင်းမြမြ - 25/07/2020
- အမျိုးသမီးရေးလှုပ်ရှားသူတွေ ညံ့သေးတယ် - 11/06/2020