Home ဆောင်းပါး လွမ်းရေးထက် ဝမ်းရေးခက်နေတဲ့ ရှမ်းပြည်က ဆိုင်ကယ်စီးဈေးသည်များ

လွမ်းရေးထက် ဝမ်းရေးခက်နေတဲ့ ရှမ်းပြည်က ဆိုင်ကယ်စီးဈေးသည်များ

သူတို့သည် နံနက် (၂) နာရီအချိန်တွင် အမှောင်ထုကို အံတုရန် ဖယောင်းတိုင်၊ ဆီမီးခွက်၊ တရုတ်နိုင်ငံထုတ်ဓာတ်မီး စသဖြင့် ကိုယ်စီကိုယ်ငှမီးထွန်းပြီး နေအိမ်အသီးသီးတွင် အလုပ်ရှုပ်နေကြပြီဖြစ်သည်။

လူအများအိမ်မောကျနေသည့် ထိုအချိန်မျိုးတွင် ကြောက်စိတ်ကိုဘေးဖယ်လျက်  အသီးအနှံ၊ ဟင်းသီးဟင်းရွက် နှင့် အခြားကုန်စိမ်းများကို ဆိုင်ကယ်ဖြင့် မြို့ပတ်ရောင်းနိုင်ရေးအတွက် ဈေးသို့သွားရျ် အပြိုင်အဆိုင်၊ အလုအ ယက်ရောင်းဝယ်ကြရပြန်သည်။

သူတို့ကတော့ ကျောက်မဲမြို့မဈေးမှ မြို့ပတ်ဈေးသည်အမျိုးသမီးများဖြစ်ပြီး မြို့အနီးတဝိုက်သို့ ဆိုင်ကယ်ဖြင့် ဈေး ပတ်ရောင်းရန်အတွက် နံနက်စောစောတွင် ပြင်ဆင်နေကြခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် စားသောက်ကုန်စိမ်းများကို ဈေးပတ်လိုက်ရောင်းသူ(၉၀)ရာခိုင်နှုန်းမှာ အ မျိုးသမီးများဖြစ်နေသည်ကို ထိုဈေးနံနက်ခင်းမြင်ကွင်းက သက်သေပြနေသည်။

“ ကျမဆို မနက်(၂)နာရီခွဲဆို အိမ်ကစထွက်ပြီ၊ ဈေးပတ်ရောင်းဖို့ ပစ္စည်းတွေလိုက်ဝယ်တယ်။ မိုးလင်းရင်တော့ ရွာတွေထွက်ရောင်းပြီ” ဟု ကျောက်မဲမြို့နယ်အတွင်း (၁၀)နှစ်ကျော်ဆိုင်ကယ်ဖြင့် လှည့်လည်ဈေးရောင်းသည့် အလုပ်လုပ်သော နန်းသိန်းကပြောသည်။

မနက်မိုးမလင်းမီ အမှောင်ထဲ၌ ဈေးသွားရသည်ကို  သူတို့အကြောက်ဆုံးဖြစ်သော်လည်း စားဝတ်နေရေးကြောင့် ကြောက်စိတ်ကို ဘေးဖယ်ပြီး အရဲစွန့်သွားလာနေရသည်ဟုဆိုကြသည်။

“ မနက်မိုးမလင်းသေးချိန် ဆိုင်ကယ်မောင်းရမှာ ကြောက်တယ်။ လမ်းမှာ ဘယ်သူတားတား မရပ်ပေးဘူး။ ကျမ ကတော့ အရှိန်နဲ့မောင်းလိုက်တာပဲ။ ကြောက်လည်းသွားရမှာပဲလေ” ဟု နန်းသိန်းက ဆိုသည်။

ကျောက်မဲမြို့အနီး ကျေးရွာများတွင် ဆိုင်ကယ်ဖြင့် စားသောက်ကုန်များ လိုက်ရောင်းရာတွင် အခက်အခဲများစွာ ရှိ သော်လည်း ဝမ်းရေးအတွက်  ထိုအလုပ်ကို မစွန့်လွှတ်ရဲကြောင်း နန်းသိန်းက ပြောပြသည်။

“ တရွာဝင် တရွာထွက်၊ ကိုယ့်ရပ်ကွက်အလိုက် ကိုယ်သွားရောင်းရတယ်။ ဈေးသည်တွေက များလာတော့ ကိုယ် က ဦးအောင်သွားရောင်းမှရတယ်။ တနေ့တနေ့ ဈေးရောင်းဖို့ အမျိုးစုံ စိတ်ပူနေရပါတယ်။ အကြောက်ဆုံးက လမ်း မှာ ဆိုင်ကယ်ပျက်မှာပါပဲ ” ဟု နန်းသိန်းက ဆိုသည်။

တချို့ရက်များတွင်  ရောင်းမကုန်ဘဲ ပစ္စည်းများကျန်လာတတ်ပြီး တချို့ရက်များမှာတော့ အရှုံးဖြင့်သာ အိမ်သို့ပြန် လာရသည်ဟု  နန်းသိန်းက စိတ်မောသည့်ပုံဖြင့် ဆက်ပြောပြသည်။

“ ရောင်းမကုန်ရင်လည်းပြန်သယ်လာပေါ့။ အခုက အရင်ကလို ရောင်းမကောင်းတော့ဘူး။ ဈေးဝယ်သူ အကြွေးယူ ရင်လည်း  ပေးရတယ်။ အပြိုင်အဆိုင်ရောင်းနေရတာဆိုတော့ မပေးရင် ကိုယ်မရောင်းရတော့ဘူးလေ” ဟုလည်း သူမက  ပြောပြသည်။

ကျောက်မဲမြို့နှင့်အနည်းငယ်ဝေးလံသည့်နေရာများသို့ ဈေးသွားရောင်းပါကလည်း မိမိလုံခြုံရေးကို မိမိသာ တာဝန် ယူရသဖြင့် စိတ်ပင်ပန်းသည်ဟု ကျောက်မဲမြို့မှ အမျိုးသမီးဈေးသည်တဦးဖြစ်သည့် ပါ့မြအေးက ပြောသည်။

“ သွားတာလာတာတော့ သတိရှိရတာပေါ့။ ကိုယ့်လုံခြုံရေး ကိုယ်ပဲတာဝန်ယူရတယ်လေ။ သတင်းတွေလည်း အမြဲ နားထောင်ပြီးမှ သွားရတယ်” ဟု ပါ့မြအေးက ဆိုသည်။

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်များအတွင်း တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များအချင်းချင်း  မကြာခဏတိုက်ပွဲငယ်များ ရှိနေသဖြင့် ဈေးသည်အမျိုးသမီးများကလည်း သူတို့၏လုံခြုံရေးကို ပိုပြီးစိုးရိမ်လာရသည်ဟု ပါ့မြအေးက ဆက်ပြောပါသည်။

“ တိုင်းပြည်မအေးချမ်းတော့လည်း သတိထားရတယ်။ သတင်းနားထောင်ပြီးတော့ သွားနေရတာ။ အားလုံးက ကြောက်ကြတယ်။ မနက်မိုးမလင်းခင်တော့ ဈေးသွားရင် ရပ်ကွက်အလိုက် လူစုသွားကြတယ်။ ဘာမှမဖြစ်ရင် တော့ ကောင်းတာပေါ့ ” ဟု ပါ့မြအေးက ဆိုပြန်သည်။

“ ကြောက်နေရင် ထမင်းအိုးကွဲမှာပဲ။ ကြောက်လို့လည်းမရ၊ အိပ်လို့လည်း မဝဘူး။ တနေ့တနေ့ငွေပဲ။ ငွေက ပိုရှာရ ခက်လာတယ်” ဟု အမှောင်ထဲတွင် ဖယောင်းတိုင်ထွန်းပြီး ဈေးရောင်းနေသော မသီတာက ပြောသည်။

မြန်မာ့လူ့ဘောင်တွင် အမျိုးသားများကို အိမ်ထောင်ဦးစီးအဖြစ် အသိအမှတ်ပြုကြပြီး၊ ခက်ခဲကြမ်းတမ်းသည့် အ လုပ်၊ အန္တရာယ်ရှိသည့်အလုပ်များကို အမျိုးသားများသာ မိသားစုအတွက် လုပ်ဆောင်ကြရသည်ဟု ယူဆထား သော်လည်း လက်ရှိမှာတော့ အမျိုးသမီးတွေက မိသားစုစီးပွားရေးအတွက် ထွက်ရှာနေရကာ အိမ်ထောင်ဦးစီး ဖြစ်နေရသည်ဟု ကျောက်မဲမြို့မှ ဈေးသည်အမျိုးသမီးများက ပြောဆိုကြသည်။

 “ အမျိုးသမီးတွေက အခုနောက်ပိုင်း အလုပ်ပိုလုပ်လာရတယ်။ အခုပြောရရင် အမျိုးသမီးတွေက အိမ်ထောင်ဦးစီး လိုဖြစ်လာပြီ။ အမျိုးသားတွေက ပျက်စီးကြတာများတယ်။ အမျိုးသမီးတွေက ကလေးတွေလည်းပြုစု၊ ငွေလည်း ရှာ၊ အမျိုးသမီးတွေ ဦးမဆောင်ရင် မိသားစုက အဆင်မပြေတော့ဘူး” ဟု ပါ့မြအေးက ပြောသည်။

ဈေးပတ်ရောင်းသည့်အမျိုးသမီးဈေးသည်များသည် လူမျိုးစုံရှိပြီး ရှမ်းပြည်မြောက်ပိုင်းတွင်  တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေသဖြင့် ဒေသခံများ စစ်ဘေးရှောင်လာပြီး နေရပ်ကို မပြန်တော့ဘဲ ဈေးရောင်းနေကြသူ အမျိုးသမီးများ လည်း များပြားလာသည်ဟုဆိုကြသည်။

“ ပလောင်(တအာင်း)အမျိုးသမီးတွေဆိုရင် စရောက်လာတုန်းက ဆိုင်ကယ်မမောင်းတတ်ဘူး။ အခုဆို ဆိုင်ကယ်နဲ့ ဈေးသည်လုပ်နေကြပြီ” ဟု အိုမ်တမောဝ်လူမှုကူညီရေးအသင်းမှ မနွယ်နီက ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းတွင် စစ်ဘေးရှောင်အများစုသည် နေရပ်မပြန်ကြတော့ဘဲ ကျောက်မဲမြို့ပေါ်တွင် အိမ်ခန်း ငှားကာ ဈေးရောင်းစားသောက်နေကြသည်ဟု မနွယ်နီက ဆိုသည်။

“ ကျမတို့ရှမ်းပြည်က သူများနဲ့မတူဘူး။ ပညာရေးလည်း နိမ့်တယ်လေ။ အစစအရာရာ နိမ့်ပါးတယ်။ ကျမတို့က တော့ သားသမီးတွေကို ကျမတို့လို မခက်ခဲစေချင်ဘူး” ဟု နန်းသိန်းက သူမမျှော်လင့်ချက်ကိုပြောပြသည်။

ရှမ်းပြည်မှ အမျိုးသမီးများသည် ကြောက်စိတ်ထက် ဝမ်းရေးပြဿနာက ပိုလွှမ်းမိုးနေသဖြင့် မည်သို့ပင် အခက်အခဲ ရှိပါစေ၊ ရုန်းကန်ရှာဖွေစားသောက်နေကြရသည်ဟု ဈေးသည်အမျိုးသမီးများက ဆိုကြပါသည်။

တိုက်ပွဲများရပ်တန့်ပြီး တိုင်းပြည်အေးချမ်းကာ ပြည်သူအများ စီးပွားရေးကောင်းမွန်မှသာ ဈေးသည်အမျိုးသမီးများ ၏ဘဝသည်လည်း လုံခြုံစိတ်ချစွာ ဈေးရောင်းနိုင်မည်ဟု ကျောက်မဲမြို့မှ ဆိုင်ကယ်စီးဈေးသည်များက မျှော်လင့် နေကြသည်ဟုလည်း ပါမြအေးကပြောသည်။

Author:

Related Articles