မော်လူမာသည် ဖရူဆိုမြို့နယ်၊ ဒေါလော့ခူရွာတွင် နေထိုင်ပြီး မြေအသိမ်းခံရသည့်အထဲတွင် သူမ၏မြေ(၉) ဧကလည်း ပါသွားခဲ့သည်။ အသိမ်းခံရသည့် မြေယာသည် မြေဆီလွှာကောင်းခြင်းကြောင့် အသီးအနှံများ အောင်မြင်သည့်မြေလည်းဖြစ်သည်။
῝အရင်တုန်းကဆို တောင်ယာသွားရင် တယောက်ထဲသွားလည်းရတယ်။ အခုတော့ အဖော်တွေနဲ့အတူတူ သွားရတယ်။ တခါတလေဆို စစ်သားတွေက တောင်ယာထဲက ကျမတို့ကို ကြည့်သွားပြီး အဝတ်အစားတွေ ချွတ်ပြတယ်၊ အဖွဲ့လိုက်ရှိနေတာတောင် ဒီလိုလုပ်သွားတာဆိုတော့ တယောက်ထဲဆိုရင်တော့ တွေးကြည့် ရင် အရမ်းကြောက်တာပဲ῎
မော်လူမြာက အဖော်မပါဘဲ တောင်ယာထဲမသွားရဲသည့် လက်ရှိအခြေအနေကိုလည်း ဆက်ပြောပြသည်။
῝လမ်းပေါ်လျှောက်သွားရင်လဲ သေနတ်တွေနဲ့၊ စစ်လေ့ကျင့်ရေးလုပ်ပြီဆိုရင် သေနတ်သံတွေကြားရတော့ ရင်တုန်တယ်။ သူတို့က စကားပြောရင်လည်း အော်ကြီးဟစ်ကျယ်နဲ့လေ။ ကျမတို့ဒေသမှာ အဲဒီလိုစကား အကျယ်ကြီး အော်မပြောကြဘူး။ အဲဒီလိုအသံတွေကြားရင် ရင်ထဲမကောင်းတော့ဘူး῎
ဖရူဆိုမြို့နယ်သည် ကယားပြည်နယ်၊ လွိုင်ကော် – ဘောလခဲကားလမ်းပေါ်တွင် တည်ရှိသည်။ ဒေသခံပြည် သူများမှာ ဘိုးဘွားပိုင်လယ်ယာမြေများတွင် အေးချမ်းစွာ လုပ်ကိုင်စားသောက်နေထိုင်ခဲ့ကြပြီး အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် စပါး၊ မြေပဲ၊ ပြောင်းကောက်တို့ စိုက်ပျိုးကြသည်။
၂၀၁၀ ခုနှစ်တွင် ဒေသခံပြည်သူများကို အသိပေးခြင်းမရှိပဲ မြေစာရင်းဌာနမှ တာဝန်ရှိသူများနှင့် ဖရူဆိုမြို့၊ ဒေသခံတပ်ရင်းများဖြစ်သော အမှတ် (၅၃၁)နှင့် (၄၂၈)တို့မှ ရဲဘော်များသည် ဒေသခံတို့စိုက်ပျိုးလုပ်ကိုင် နေသော မြေပြင်များကို တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ နှစ်ကုန်ပြီးချိန်မှ မြေစာရင်းဌာနမှ လူထု အချို့နှင့် တွေ့ဆုံကာ စစ်တပ်မှ မြေသိမ်းမည့်အကြောင်းကို အသိပေးခဲ့သည်။
ဖရူဆိုမြို့နယ်ရှိ လော့ဂျာကျေးရွာအပြင် အနီးအနားရှိရွာများသည် ရေအလွန်ရှားပါးသဖြင့် ယခုလို ကြီးမား သော စစ်လေ့ကျင့်ရေးကျောင်းတခု လာရောက်တည်ဆောက်လိမ့်မည်ဟု မထင်မှတ်ထားကြပဲ နယ်မြေလုံ ခြုံရေးအရ တပ်ရင်းတရင်း လာရောက်အခြေချသည်ဟုသာ ဒေသခံများက ထင်မှတ်ခဲ့ကြသည်။
၂၀၁၁ ခုနှစ်မှ စစ်တပ်က လာရောက်အခြေချခဲ့ပြီး မြေယာသိမ်းယူမည့် ဧရိယာအကျယ်အဝန်းကိုတော့ ကြိုတင်ပြောဆိုခြင်းမပြုဘဲ လျှို့ဝှက်ကိစ္စဟုသာဆိုခဲ့သည်။
မြေယာအသိမ်းခံရသည့် ရွာသူရွာသားများ စုစည်းကာ တာဝန်ရှိဌာနဆိုင်ရာအဆင့်ဆင့်ကို တင်ပြခဲ့သော် လည်း ခြိမ်းခြောက်မှုများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။
ပိုင်ဆိုင်မှုအထောက်အထားမရှိသော်လည်း ထိုမြေယာသည် ဒေသခံများက နှစ်ပေါင်းများစွာ ဘိုးဘွားဘီ ဘင် အစဉ်အဆက် လုပ်ကိုင်စားသောက်လာခဲ့သော မြေယာများဖြစ်သည်။
မည်သို့ပင် ကြိုးစားသော်လည်း ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ပုံစံ(၇)၊ (၁၀၅)နှင့် မြေယာလုပ် ကိုင်ရာတွင် အခွန်ဆောင်ရမည့် ပြေစာ စသည်တို့နှင့်သာ ဒေသခံများကို ပြန်လည်ခြိမ်းခြောက်ခဲ့ကြသည်။
ထိုအချိန်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အစိုးရမှ အပစ်အခတ်ရပ်စဲရေး မလုပ် ဆောင်သေးသဖြင့် လျော်ကြေးမယူလျှင် ဒေသခံများကို နိုင်ငံရေးအရ အထင်မှားမည်ကို စိုးရိမ်ပြီး စစ်တပ်မှ သိမ်းယူခဲ့သော မြေဧကပေါင်း(၃၀၀၀)ကျော်အနက် (၈၆၀) ဧကကိုသာ လျော်ကြေးပေးခဲ့ရာတွင် တဧကကို (၅)သောင်းကျပ်နှုန်းဖြင့် လက်မခံချင်ပဲ လက်ခံခဲ့ကြသည်ဟုဆိုသည်။
၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် စစ်လေ့ကျင့်ရေးလုပ်ငန်းများ ချဲ့ထွင်လာခြင်းကြောင့် စစ်လေ့ကျင့်ရေးကျောင်း အဆောက်အဦးဆောက်လုပ်ရန် ဒေသခံမဟုတ်သည့် အလုပ်သမားများ ရောက်ရှိလာပြီးနောက်ပိုင်း ဖရူဆို မြို့ပေါ်ရှိ (၁၁)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အလုပ်သမားတဦးက အဓမ္မပြုကျင့်ခဲ့သည်။
ထိုအချိန်ကတည်းက ဒေသခံပြည်သူလုထု၏လုံခြုံရေးကို စတင်ခြိမ်းခြောက်လာသည်ကို သတိပြုမိကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးသဲရယ်က ပြောသည်။
῝ဒါက သက်ငယ်မိန်းကလေးတွေသာမက တိုင်းပြည်အခြေအနေ မငြိမ်သက်ခဲ့ရင် အနီးအနားဒေသခံတွေ အသက်အန္တရာယ်ပါ စိုးရိမ်စရာဖြစ်လာတယ်။ စစ်လေ့ကျင့်မှုတွေ လုပ်လာခြင်းနဲ့ တောင်ယာတွေထဲမှာ အမျိုးသမီးတွေကို နှစ်ကြိမ်တိုင်တိုင် မဖွယ်မရာပြုလုပ်တာတွေ၊ မြူဆွယ်တာတွေ စတဲ့လိင်ပိုင်းဆိုင်ရာ စော် ကားမှုတွေကို လုပ်လာကြတယ်῎
စစ်တပ်အင်အားထောင်ချီရှိသည့်အတွက် ကြက်၊ ဝက်စသည့် အိမ်မွေးတိရိစ္ဆာန်များ ပျောက်ဆုံးမှု၊ အမျိုးသ မီးများအတွက် မလုံခြုံမှုများအပြင် စစ်လေ့ကျင့်သည့်အချိန်တွင် ပစ်ခတ်လိုက်သည့် လက်နက်ကျည်များ မပေါက်ကွဲပဲ ကျန်နေသော ဗုံးသီးများသည်လည်း ကလေးငယ်များကို ထိခိုက်ခဲ့သည့်အတွက် ဒေသခံများ ၏ စိုးရိမ်ပူပန်မှု တိုးမြှင့်လာခဲ့သည်ဟု ဦးသဲရယ်က ပြောသည်။
῝ကလေးနှစ်ယောက်က မပေါက်ကွဲတဲ့ဗုံးသီးကို သွားဆော့တော့ ပေါက်ကွဲပြီး ထိခိုက်သွားတယ်၊ ကံကောင်း လို့ အသက်မသေပေမယ့် တယောက်က လက်ချောင်းတွေကို ဖြတ်လိုက်ရတယ်။ ကျွန်တော်တို့ အစိုးရိမ် ဆုံးကတော့ ပြည်တွင်းစစ်သာ ပြန်ဖြစ်ရင် ခံရမှာက ကျွန်တော်တို့ ဒေသခံ ပြည်သူတွေပါပဲ῎
အစိုးရထံတင်ပြမှုများ၊ လူထုဆန္ဒခံယူပွဲများ၊ ဆန္ဒပြပွဲများကို ဒေသခံများမှ ပြုလုပ်ခဲ့ကြသော်လည်း စစ်တပ် ဖက်မှ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်းမရှိသည့်အပြင် အနည်းဆုံး တစ်နှစ်တစ်ကြိမ် စစ်ရေးလေ့ ကျင့်မှုများ ပုံမှန်ရှိနေသည်။
ထိုသို့ စစ်သင်တန်းကျောင်း တည်ရှိခြင်းသည် အမျိုးသမီးများ ဘဝလုံခြုံမှု မရှိခြင်းသာမက တောင်ယာဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသည့် တောင်သူများလည်း လုပ်ကိုင်စရာ မြေနေရာများ ရှားပါးလာပြီး အခက်အခဲများနှင့် ရင်ဆိုင်လာရသည်။
လော့ဂျာကျေးရွာမှ ဒေါ်ရှားမြာသည်လည်း စစ်လေ့ကျင့်ရေး နယ်မြေသိမ်းသည့်အထဲတွင် မြေ(၁၀) ဧက ကျော်ပါသွားခဲ့သူဖြစ်သည်။ (၁၀)ဧကသည် သူမတို့မိသားစုအတွက် ယခင်က ဖူလုံခဲ့သော်လည်း မြေသိမ်း ခံရပြီးနောက်ပိုင်းတွင် ကျောက်ပေါများသောမြေများမှာ ချဲ့ထွင်လုပ်ကိုင်ရခြင်းကြောင့် မိသားစု စားဝတ်နေ ရေး ခက်ခဲလာသည်။
အိမ်မှတောင်ယာသွားရာတွင် ယခင်ကလို တစ်ဦးတည်းသွား၍မရပဲ အဖော်စောင့်နေရခြင်းကြောင့် အလုပ် မှာလည်း ထင်သလောက် မတွင်ကျယ်ပဲ နှောင့်နှေးလာသည်ဟု သူမက ပြောပြသည်။
῝တောထဲမှာ နွားကျောင်းသွားရင်လဲ မလုံခြုံဘူး၊ ပြီးတော့ နွားစားကျက်တွေလည်း မရှိတော့ဘူး။ တခါတ လေဆို တောင်ယာခုတ်နေရင်းနဲ့ စစ်သားတွေ ရောက်လာပြီး ကျမတို့ကို အိမ်အတင်းပြန်ခိုင်းတာရှိတယ်။ စစ်စခန်းနဲ့ ရွာနဲ့က အရမ်းနီးကပ်တော့ သူတို့စစ်လေ့ကျင့်တဲ့အခါမှာ ပစ်တဲ့သေနတ်သံတွေကိုလည်း ကြောက်တယ်῎
ဆက်လက်ပြီး ဒေါ်ရှားမြာက ῝စစ်လေ့ကျင့်ေရးစခန်းကို ပြန်ဆုတ်ခိုင်းစေချင်တယ်῎ ဟု သူမ၏ဆန္ဒကို ပြော သည်။
အပစ်အခတ်ရပ်စဲရေးကာလမတိုင်မီ ဖရူဆိုမြို့နယ်ရှိ လော့ဂျာကျေးရွာအပါအဝင် အနီးအနားရှိ ရွာများ သည် တိုက်ပွဲများ မကြာခဏဖြစ်ခဲ့ပြီး စစ်ဒဏ်သင့်ခဲ့သည်။ သို့သော် ထိုအချိန်ကပင် ကောင်းမွန်သော စိုက် ပျိုးမြေများကို ပိုင်ဆိုင်ထားပြီး လုပ်ကိုင်စားသောက်နိုင်ခဲ့ကြသော ဒေသခံလူထုမှာ ယခုလို အပစ်အခတ် ရပ်စဲသည့်ကာလမှ စစ်တပ်၏ မြေယာသိမ်းဆည်းမှုများ၊ အမှတ်(၁၄)စစ်လေ့ကျင့်ရေးကျောင်း တည် ဆောက်ခြင်းနှင့် စစ်ရေးလေ့ကျင့်မှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်လာရခြင်းဖြစ်သည်။
သိမ်းဆည်းခဲ့သည့် မြေယာဧက(၃၀၀၀)ကို ကျေးရွာပေါင်း(၆)ရွာမှ ပိုင်ဆိုင်ထားပြီး ထိုကျေးရွာများမှာ လော့ ဂျာ၊ ဒေါလော့ခူ၊ ဒေါတထော၊ မာခရော်ရှေး၊ လောခိုခူနှင့် ခိုလာခူရွာတို့ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် စစ်တပ်မှ မာခရော်ရှေး၊ ခိုလာခူ၊ ဒေါတထောမှ ဧကပေါင်း (၁၉၉.၈၆) နှင့် လောဂျာရွာမှ (၁၇)ဧကတို့ကို ပြန်လည်စွန့်လွှတ်ပေးခဲ့သည်။ လုံးဝမစွန့်လွှတ်သည့် ယာမြေသည် လျော်ကြေးပေးခဲ့သည့် ယာမြေများဖြစ်သည်။
῝အပစ်အခတ်ရပ်စဲရေးကာလမတိုင်ခင် စစ်အာဏာရှင်လက်ထက်က ကြောက်ရတယ်ဆိုလို့ လက်နက်၊ ကျည်ဆံနဲ့ ထမင်းထုပ် ထုတ်ပေးရတာမျိုးလောက်ပဲ။ ခုချိန်မှာတော့ ထမင်းထုပ်မကျွေးရတော့ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အပြင် ရွာသူတွေအတွက် လုံခြုံမှုမရှိတော့တဲ့ အခြေအနေတခု တိုးလာခဲ့တယ် ῎ဟု လော့ဂျာရွာရှိ ရပ်မိရပ်ဖဖြစ်သူ ဦးထားရုက ပြောသည်။
စစ်လေ့ကျင့်ရေးပြုလုပ်သည့်အချိန်တွင် လူအင်အား (၃၀၀၀) ထက်မနည်းရှိပြီး ထိုအချိန်သည် ဒေသခံများ စိုးရိမ်သောကများနှင့် စိတ်မငြိမ်မသက်ဖြစ်ကြသည့်အချိန်လည်း ဖြစ်သည်ဟု ဦးထားရုကဆိုသည်။
တချို့သင်တန်းသားများက စစ်လေ့ကျင့်ရေးကျောင်းမှ ထွက်ပြေးလာပြီး ဒေသခံအမျိုးသမီးငယ်များကို ဆွဲလားရမ်းလားလုပ်ခြင်း၊ ဆိုင်ကယ်များခိုးယူခြင်း၊ ကျောင်းဆရာမများ နေထိုင်ရာအိမ်တို့တွင် အဝတ်အစား များနှင့် လက်ကိုင်ဖုန်းများကို ဝင်ရောက်ခိုးယူခြင်းများ ကျူးလွန်ကြသည်ဟုလည်း သူကဆက်လက်ပြော ဆိုပါသည်။
ကောကော်