Home ဆောင်းပါး ခွဲခြားမှုမရှိသည့်ပညာရေးဆီသို့

ခွဲခြားမှုမရှိသည့်ပညာရေးဆီသို့

သန့်ရှင်းထွန်း။ ။

“ညီမက ကမ္ဘာသစ်တခုကို ရောက်သွားသလို ခံစားရတယ်။ တက္ကသိုလ်ဆိုတာက လူငယ်တိုင်းရဲ့ ရည်မှန်းချက် ဖြစ်တယ်”ဟု စစ်တွေတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ရိုဟင်ဂျာကျောင်းသူ မခင်သရဖူ ကပြောသည်။

စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာတွင် နေထိုင်လျက်ရှိသော မခင်သရဖူမှာ ငယ်စဉ်ကပင် စစ်တွေတက္ကသိုလ် လမ်းရှေ့က ဖြတ်သွားဖြတ်လာ သွားနေခဲ့သည့်အတွက် ၎င်းအနေဖြင့် တခြားရန်ကုန်မြို့ရှိ တက္ကသိုလ်များတွင် ကျောင်းမတက်ချင်ဘဲ ကိုယ့်ရခိုင်ပြည်တွင်ရှိသော စစ်တွေတက္ကသိုလ်၌သာ တက်ခွင့်ရချင်ခဲ့သည်ဟု ဆိုသည်။

သို့သော် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်တွင်ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခကြောင့် ရိုဟင်ဂျာ ကျောင်းသား/သူများကို တက္ကသိုလ်တက်ခွင့် ပိတ်ပင်ထားခဲ့သည်။ ထိုပိတ်ပင်ချက်က မခင်သရဖူအတွက် ဆယ်တန်းစာမေးပွဲကို ဝင်ဖြေချင်စိတ် မရှိအောင်ပင် ဖြစ်ခဲ့ရသည်ဟုဆိုသည်။

“အမှန်ဆို ညီမက ဆယ်တန်းကို ၂၀၁၇-၁၈ ခုနှစ်ကပင် အောင်မှာ။ ဒါပေမယ့် တက္ကသိုလ်တက်ခွင့်မရှိတဲ့အခါ ဆယ်တန်းလည်း မအောင်ချင်တော့ဘူး။ ဆယ်တန်းအောင်လို့ ဘာလုပ်ရမှာလဲဆိုပြီး ဆယ်တန်းစာမေးပွဲကို မဖြေဘဲ နေခဲ့တယ်”ဟု မခင်သရဖူက ပြောသည်။

ထိုသို့ စစ်တွေတက္ကသိုလ်တက်ခွင့်မရသော်လည်း မခင်သရဖူ၏ မိဘများက ဆယ်တန်းကို အောင်မြင်အောင် ဖြေဆိုရန် တိုက်တွန်းခဲ့ပြီး ဆယ်တန်းအောင်မြင်သည့်အခါ ရန်ကုန်မြို့တွင် ကျောင်းထားပေးမည်ဆိုသည့်အတွက် မခင်သရဖူမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သက္ကယ်ပြင် အထက်တန်းကျောင်းတွင် စစ်ဆေးသည့် ဆယ်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်ခဲ့သည်။

စစ်တွေတက္ကသိုလ်ကျောင်းသား/သူများ၊ ဓာတ်ပုံ-ASU

မခင်သရဖူ ဆယ်တန်းအောင်မြင်သည့်အချိန် သူတက်ချင်သော စစ်တွေတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိရန် အခွင့်အလမ်းပေါ်ပေါက်လာခဲ့ပြီး ယခုပညာသင်နှစ်တွင် စစ်တွေတက္ကသိုလ်တက်ရောက်မည့် ရိုဟင်ဂျာ ကျောင်းသား/သူများကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရိုဟင်ဂျာကျောင်းသားအဖွဲ့က ဦးဆောင်၍ ကျောင်းတက်ခွင့်ရရှိရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်ရှိ ရိုဟင်ဂျာ ကျောင်းသား/သူများ တက္ကသိုလ်တက်ခွင့်ကို လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ကစ၍ အစိုးရက ကန့်သတ်ထားခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာ ၂၀၂၂ ခုနှစ်မှ ပြန်လည်တက်ရောက်ခွင့် ရရှိလာခြင်းဖြစ်သည်။

“အကုန်လုံးက တက္ကသိုလ်တက်ချင်လို့ ဆယ်တန်းကို အောင်မြင်အောင် ဖြေကြတာလေ။ စစ်တွေတက္ကသိုလ်ကို တက်ချင်တဲ့စိတ် ပြင်းပြနေချိန်မှာ ကျောင်းတက်ခွင့် ရလိုက်တော့ ခံစားချက်တွေကို ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူးဖြစ်သွားတယ်။ အရမ်းပျော်တယ်။”ဟု မခင်သရဖူက ပြောသည်။

စစ်တွေက္ကသိုလ်သို့ ကျောင်းတက်သွားသည့် ပထမဆုံးနေ့တွင် မခင်သရဖူမှာ ခြေလက်တွေ တုန်နေခဲ့ပြီး အခန်းထဲသို့ မည်ကဲ့သို့ဝင်ရမည်ကိုပင် မသိဖြစ်နေခဲ့သည်ဟု ပထမဆုံးကျောင်းတက်ရက် အတွေ့အကြုံကို ပြောပြသည်။

လက်ရှိ ၂၀၂၂ ခု ပညာသင်နှစ်တွင် စစ်တွေတက္ကသိုလ်၌ ရိုဟင်ဂျာကျောင်းသား/သူပေါင်း နှစ်ရာကျော် ကျောင်းတက်ခွင့်ရရှိနေပြီး ကျောင်းသားအသိုင်းအဝိုင်းနှင့် ဆရာ/မ အသိုင်းအဝိုင်းကြားတွင် နားလည်မှုကိုယ်စီဖြင့် အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားခွင့်ရရှိနေသည်ဟု စစ်တွေတက္ကသိုလ်တွင် စိတ်ပညာအထူးပြုဘာသာရပ်ဖြင့် ကျောင်းတက်နေသည့် ရိုဟင်ဂျာကျောင်းသား ကိုခန့်စည်သူအောင်က ပြောသည်။

“တက္ကသိုလ်တက်ခွင့်မရလို့ နိုင်ငံခြားကို ထွက်သွားကြတဲ့ ကျောင်းသား/သူတွေ အများကြီးပါ။ တချို့ဆိုလို့ရှိရင် တက္ကသိုလ်တက်ခွင့်ကို မရတာကြောင့် အခြေခံပညာကို မသင်ကြတော့ဘူး။ ဆယ်တန်းအောင်လည်း ဘာမှမထူးဘူး ဆိုပြီးတော့။ အဲလိုနဲ့ ရိုဟင်ဂျာကျောင်းသား/သူတွေက အနာဂတ်ကို လမ်းတပိုင်းက ဖြတ်လိုက်ကြရတယ်။”ဟု ပြောပြသည်။

စစ်တွေတက္ကသိုလ်တွင် ကျောင်းတက်နေကြသည့် ကျောင်းသား/သူများ၊ ဓာတ်ပုံ-TST

သို့သော် ရိုဟင်ဂျာ ကျောင်းသား/သူများမှာ တက္ကသိုလ် ပြန်လည်တက်ရောက်ခွင့်ရရန် ကြိုးစားနေခဲ့ကြသည်ဟုဆိုသည်။ ထိုသို့ ကြိုးစားမှုမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတော်အကြီးအကဲများကို တောင်းဆိုခြင်းတို့ဖြစ်ကြောင်း ကိုခန့်စည်သူအောင်က ပြောသည်။

“ပညာသင်ခွင့်ဆိုတာ ပိတ်ပင်ထားလို့မရဘူး။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်။ ပညာသင်ခွင့်က လူမျိုးရေး၊ ဘာသာရေးနှင့် ဘာမှမဆိုင်ဘူး။ အဲဒီအခွင့်အရေးက ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးဖြစ်တယ်။”ဟု ၎င်းကဆိုသည်။

ထိုအချိန်တွင် ပညာရေးဝန်ကြီးဌာနက ရိုဟင်ဂျာကျောင်းသား/သူများအတွက် အဝေးသင်စင်တာနှစ်ခုကို စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာနှင့် မောင်တောခရိုင်တို့တွင် ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာစာ၊ သမိုင်း၊ ပထဝီ အထူးပြုဘာသာရပ်များကို ခွင့်ပြုပေးခဲ့သည်ဟု ရိုဟင်ဂျာကျောင်းသား/သူများ ကျောင်းတက်ခွင့်ရရှိရေးအတွက် ဦးဆောင်ခဲ့သူ ကိုဇော်မင်းထွန်း ကပြောသည်။

“သူတို့လုပ်ပေးတဲ့ အဝေးသင်ပညာရေးက ကိုယ်စိတ်ကြိုက် မေဂျာယူလို့မရဘူး။ မေဂျာသုံးခုကို ချပေးတယ်။ အဲဒီမေဂျာကိုပဲ ယူပြီးတော့ သင်ရတယ်။ အဲဒါကြောင့် ကျနော်တို့ ကျောင်းသား/သူတွေ တက္ကသိုလ်တက်ခွင့်ရဖို့ ကြိုးစားခဲ့တယ်”ဟု ကိုဇော်မင်းထွန်းကဆိုသည်။

အဆိုပါ ကြိုးစားမှုက ၂၀၂၂ ခု ပညာသင်နှစ်တွင် လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပြီး နောက်ဆက်တွဲ မျိုးဆက် သစ်များ တက္ကသိုလ်ဆက်လက် တက်ရောက်ခွင့်ရဖို့ ကြိုးစားသွားမည်ဟု ၎င်းကပြောသည်။

ရိုဟင်ဂျာ ကျောင်းသား/သူများ စစ်တွေတက္ကသိုလ်သို့ ကျောင်းတက်ခွင့်ရရှိရေးအတွက် ဆောင်ရွက်ရာတွင် ကျောင်းအာဏာပိုင်များနှင့် လူတချို့၏ ဝေဖန်မှုများကို ကြုံတွေ့ခဲ့ရကြောင်း ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေးက ပြောသည်။

“စိန်ခေါ်မှုတွေက ကျောင်းအာဏာပိုင်နဲ့ ထိပ်တိုက်တွေ့ရတယ်။ ကျောင်းအာဏာပိုင်တွေက ရိုဟင်ဂျာကျောင်းသား/သူတွေသွားရင် မလုပ်ပေးဘူး။ အဲဒီအချိန်မှာ ကျနော်တို့ကိုယ်တိုင်သွားပြီးတော့ ကျောင်းအပ်ခွင့်ရဖို့ ဆောင်ရွက်ပေးတယ်။ ကျနော်တို့ပါသွားရင် သူတို့လည်းမညစ်ကြတော့ဘူး။ တချို့ဝန်ထမ်းတွေက လူမျိုးရေးအမုန်းတရားတွေ ရှိနေသေးတယ်။ စကားပြောတာကအစ နှိမ်တာတွေရှိတယ်။ ကျနော်တို့ကိုလည်း ငွေရလို့လုပ်နေတယ်ထင်ကြတယ်”ဟု ပြောပြသည်။

စစ်တွေတက္ကသိုလ်တွင် ကျောင်းတက်နေကြသည့် ကျောင်းသား/သူများ၊ ဓာတ်ပုံ-TST

သို့သော် အဆိုပါ စိန်ခေါ်မှုများနှင့် ပတ်သက်၍ လက်ရှိအနေအထားတွင် ရခိုင်တစုတည်းသွားလို့ မရတော့ဘဲ ရခိုင်ပြည်ရှိ လူမျိုးပေါင်းစုံကို တစ်ဦးနှင့်တစ်ဦး ကူညီဖေးမမှုဖြင့် သွားရမည်ကို လူအများနားလည်အောင် ရှင်းပြခြင်းဖြင့် ဖြတ်ကျော်ခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်တွင် နေထိုင်လျက်ရှိသော လူမျိုးပေါင်းစုံတို့အနက် အစိုးရအဆက်ဆက်သည် ရခိုင်နှင့် ရိုဟင်ဂျာအသိုင်း အဝိုင်းနှစ်ခုကြားတွင် ဝါဒမိုင်းတိုက်ခဲ့မှုများရှိခဲ့ပြီး အဆိုပါ ဝါဒမိုင်းကြောင့် ဖြစ်ပျက်ခဲ့ရသည့် ထိခိုက်နစ်နာမှုများကို လူမျိုးစုနှစ်ခုကြား ကောင်းစွာ နားလည်သဘောပေါက်ခဲ့ပြီဖြစ်သည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ်၏ မူဝါဒလမ်းစဉ်အတိုင်း တစ်ဦးနှင့်တစ်ဦး နားလည်သဘော ပေါက်ကာ ယုံကြည်မှုကို ပိုမိုတည်ဆောက်လာနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“လက်ရှိကျောင်းတက်ရတဲ့အခြေအနေမှာ အေးအေးဆေးဆေးပါပဲ။ ဆရာ/မတွေလည်း ချစ်ချစ်ခင်ခင်ပြပေးတယ်၊ ရခိုင်နှင့် ရိုဟင်ဂျာကျောင်းသားတွေကြားမှာလည်း အဆင်ပြေကြတယ်၊ အချင်းချင်း နားလည်မှုတွေရှိလာတယ်လို့ ခံစားရတယ်။”ဟု မခင်သရဖူက ပြောသည်။

ဆယ်စုနှစ်တစ်ခုကြာအောင် အဆင့်မြင့်ပညာတက္ကသိုလ်သို့ တက်ရောက်ခွင့် ပိတ်ပင်ထားခြင်း ခံခဲ့ရပြီးနောက် ပြန်လည်တက်ရောက်ခွင့် ရရှိချိန်တွင် ကျောင်းသား/သူအချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် အစဉ်အလာကို ဆက်လက် ထိန်းသိမ်းသွားရမည်ဟု ကိုဇော်မင်းထွန်းက ပြောသည်။

လူသားတိုင်းအတွက် ခွင့်ပြုပေးထားသည့် ပညာသင်ကြားခွင့်ကို ပဋိပက္ခတခုကို အကြောင်းပြုကာ အကြောင်းပြ ချက်များစွာဖြင့် ပိတ်ပင်ထားခဲ့သော်လည်း တနေ့နေ့တချိန်ချိန်တွင် အဆိုပါ အခွင့်အရေးကို ပြန်လည်ရရှိလာမည်ဟု ယုံကြည်ခဲ့ကြောင်း ကိုခန့်စည်သူအောင်က ပြောသည်။

“ပညာရေးဆိုတာ လူမျိုးရေး၊ ဘာသာရေးနဲ့ မဆိုင်ဘူး။ လူတိုင်းရသင့်ရထိုက်တဲ့ အခွင့်အရေး တခုဖြစ်တယ်။ နောက်အနာဂတ်မှာ တက်လာမယ့် ကျောင်းသား/သူတွေလည်း ကောင်းကောင်းမွန်မွန် သင်လို့ရအောင် လက်ရှိ တက္ကသိုလ်တက်နေတဲ့ ရိုဟင်ဂျာ ကျောင်းသား/သူတွေက စံပြလုပ်ပြရမယ်” ကိုခန့်စည်သူအောင်က ပြောသည်။

နောက်အနာဂတ်မှာ တက်လာမယ့် ကျောင်းသား/သူတွေလည်း ကောင်းကောင်းမွန်မွန် သင်လို့ရအောင် လက်ရှိ တက္ကသိုလ်တက်နေတဲ့ ရိုဟင်ဂျာ ကျောင်းသား/သူတွေက စံပြလုပ်ပြရမယ်” ကိုခန့်စည်သူအောင်က ပြောသည်။

Author:

Related Articles