ကောကော်။ ။
ကယားပြည်နယ်၊ ဒီမောဆိုဈေးသည် တပတ်ကို (၃)ရက်ဖွင့်လှစ်ထားပြီး ကျေးရွာအသီးသီးမှ ရွာသူ ရွာသားများက ထိုဈေးကို အားထားပြီး ဒေသထွက်ကုန်အသီးအနှံများ လာရောက်ရောင်းချ လှဲလှယ် ကြသည်။ ဈေး၏ အပြင်ဘက်တန်းတွင် အမျိုးသမီးများ တန်းစီပြီး ဆီပုံးအဝါ (သို့မဟုတ်) စဉ့်အိုးများ ချထားကာ ထိုင်နေကြသည်။ မတ်ခွက်ထဲသို့ စဉ့်အိုးထဲမှ ခေါင်ရည်များကို လောင်းထည့်ကာ ဖြတ်လျှောက် လာသမျှ ဧည့်သည်များနှင့် ဈေးသူဈေးသားများကို အမြည်းသဘောဖြင့် တိုက်ကြသည်။
ဈေးဝယ်မည့်သူများက ရောင်းချနေသည့်ခေါင်ရည်သည်များ၏ ခေါင်ရည်များကို တဆိုင်ပြီးတဆိုင် အမြည်း သဘော သောက်သုံးကြပြီး သူတို့သဘောကျသည့်အရသာရှိသည့် ခေါင်ရည်ကို ရွေးဝယ်သွားတတ်ကြ သည်။ မတ်ခွက်တခွက်ကို ကျပ်ငွေ (၅၀၀) ရေသန့်တလီတာဗူးကို (၁၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကာ ခေါင်ကျရည်ကိုတော့ မတ်ခွက်ဖြင့် (၈၀၀)ကျပ်၊ ရေသန့်တလီတာကို (၁၅၀၀) ကျပ်ဖြင့် ရောင်းချကြသည်။
ငွေတောင်ပြည်ရှိ ကရင်နီအမျိုးသမီးတိုင်းလိုလိုသည် ခေါင်ရည်ချက်သည့်ပညာကို တတ်ကျွမ်းကြကာ မိ သားစုစားဝတ်နေရေးအတွက်နှင့် တဖက်တလမ်းမှ ဝင်ငွေရရှိရေးတို့အတွက် ခေါင်ရည်ချက်ကာ ရောင်းချ ကြသည်။ ဒီမောဆိုဈေးထဲတွင် တပတ်တွင် သုံးရက် လာရောက်ရောင်းချလျက်ရှိသလို အော်ဒါများကို လည်းလက်ခံကြသည်။ အမြဲတမ်းလိုလို အကုန်ရောင်းရသည်မဟုတ်ပဲ ဈေးသိမ်းချိန် (၅)ဂါလံပုံးများကို အိမ်သို့ ပြန်သယ်သွားရသည်များလည်း ရှိတတ်သည်။
ခေါင်ရည်ချက်သည့်ပညာကို အမျိုးသမီးတိုင်းလိုလိုက သင်ယူလေ့ရှိကြပြီး လာရောက်လည်ပတ်သည့် ဧည့်သည်များကို ကိုယ်တိုင်တိုက်ကျွေးသလို မိသားစုမီးဖိုချောင်အသုံးစရိတ်အတွက် ရောင်းချကြသည်။ တချို့မှာ သားသမီးများ၏ ပညာရေးစရိတ်အတွက် ခေါင်ရည်ရောင်းရသည့်ငွေဖြင့် အသုံးပြုကြရသည်။
ခေါင်ရည်သည် ရိုးရာပွဲတော်များဖြစ်ကြသည့် တံခွန်တိုင်ပွဲ၊ ကောက်ညှင်းထုတ်ပွဲ၊ တောလိုက်ပွဲတော် တို့တွင် လည်း မပါမဖြစ် ဖြစ်ပြီး ပွဲတော်ရက်မတိုင်မီ အမျိုးသမီးများက ကြိုတင်ချက်ထားကြရသည်။ အချိန်ယူပြီး ချက်ရသလို ပါဝင်ရမည့်ပစ္စည်းနှင့် လိုအပ်သည့် ကုန်ကျမှုများအတွက် ရောင်းချရသည့် ခေါင်ရည်ဖိုးများမှ ပြန်ရဖို့နည်းပါးသည်ဟု ဒေသခံအမျိုးသမီးများက ပြောကြသည်။ ခေါင်ရည်ကို ပြောင်းကောက်ဖြင့် ချက်ကြ သလို စပါးနှင့်လည်း ချက်ကြကာ ထိုသို့ချက်ပြီးသား ခေါင်ဖတ်များကို ဝက်စာအဖြစ်လည်း အသုံးပြုကြ သည်။
ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်ရှိ ကျေးရွာအများစုသည် ရေရှားပါးသည့်ဒဏ်ကို ခံရသည့် နေရာများ လည်း ဖြစ်သည်။