Home ဆောင်းပါး အိမ်မှာ … အလုပ်မှာ … အကြမ်းဖက်မှုများ မလိုပါ

အိမ်မှာ … အလုပ်မှာ … အကြမ်းဖက်မှုများ မလိုပါ

ချင်းမိုင်တွင် ကျင်းပသည့် နိုင်ငံတကာ အမျိုးသမီးများနေ့(2019)/ဓါတ်ပုံ – နန်းဆိုင်နွမ် (HI)

နန်းဆိုင်နွမ်။     ။

“ တို့အိမ်မှာ၊ တို့အလုပ်မှာ၊ အကြမ်းဖက်မှုတွေ မလိုပါ” “In Our Home, In our Work, We don’t need to Violence ” ဆိုသည့် ဆောင်ပုဒ်များကိုင်ဆောင်ကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အမျိုးသမီးများ ချီတက်ကြွေး ကြော်ခဲ့ကြသည်။

မတ်လ(၈)ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အမျိုးသမီးများနှင့် အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူများက ထိုသို့ချီတက်ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမများအတွက် မည်သည့်နေရာမဆို အကြမ်းဖက်မှုများ မပြုလုပ်ရန်နှင့် အမျိုးသမီးများ ဘေး ကင်းလုံခြုံစွာ အလုပ်လုပ်နိုင်ရန် ယခုနှစ် မတ်လ(၈)ရက်နေ့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမများက တောင်းဆို သည်။

“ အမျိုးသမီးတွေက အိမ်မှာနေရင်လည်း အိမ်တွင်းအကြမ်းဖက်မှုတွေ ခံစားရတယ်။ တချို့က မသိသာပေမယ့် တချို့ဆိုရင် သိသိသာသာခံရတယ်။ ဖွင့်မပြောရဲကြဘူး။ နောက်ပြီး အလုပ်မှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရ သလို  လုပ်အားခလည်း မညီမျှဘူး” ဟု မြန်မာရွှေ့ပြောင်း အလုပ်သမတဦးဖြစ်သည့် နန်းစံက ပြောသည်။

ရွှေ့ပြောင်းအလုပ်သမများအနေဖြင့် အိမ်တွင်းအကြမ်းဖက်မှု ခံရပါက ရင်ဖွင့်တိုင်ကြားနိုင်ရန် လိုအပ်ကြောင်း၊ ရွှေ့ ပြောင်းအမျိုးသမီးများသည် တိုင်းတပါးတွင် နေထိုင်ကြရသဖြင့် တိုင်ကြားမည်ဆိုပါကလည်း နောက်ဆက်တွဲ ပြဿနာများကြောင့် မိသားစုအခက်အခဲများဖြစ်လာမည် စိုးရိမ်ကြကြောင်း နန်းစံက ဆိုသည်။

“ ကျမသိတဲ့ အမျိုးသမီးတယောက်ဆိုရင် ယောကျ်ားက နေ့တိုင်းနီးပါး ရိုက်နှက်နှိပ်စက်နေတယ်။ ကိုယ့်အမျိုးသ မီးတွေက ဒါသဘာဝပဲဆိုပြီး ငြိမ်ခံတယ်။ နောက်ပြီး သူများနိုင်ငံမှာနေရတော့ အားကိုးစရာမရှိဘူး။ တိုင်ကြား လိုက်ရင်  တခုခုဖြစ်မှာလည်း ကြောက်ကြတယ်” ဟု နန်းစံက ပြောပြသည်။

တိုင်ကြားခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို မရင်ဆိုင်ရဲသဖြင့် အမျိုးသမီးများက အိမ်တွင်းအကြမ်းဖက်မှု များကို ကျိတ်မှိတ်ခံနေကြကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ စောင့်ရှောက်နေသည့် စိုင်းထူးကလည်း ပြောသည်။

“ ယောကျ်ားက မိန်းမကိုရိုက်တာ၊ နောက် ရန်ဖြစ်ကြတာတွေကို သာမန်လို ထင်နေကြတယ်။ ဒါက အမျိုးသမီးတွေ ရဲ့စိတ်ပိုင်းဆိုင်ရာကို အများကြီးထိခိုက်နေတယ်ဆိုတာ သူတို့မသိကြဘူး။ အမျိုးသမီးတွေကလည်း အိမ်တွင်း ပြဿနာတွေဖြစ် အိမ်ထောင်ကွဲကြရင် ရှေ့ဆက်မရပ်တည်နိုင်တော့မှာ ကြောက်ကြတယ်” ဟု စိုင်းထူးက ဆို သည်။

ထိုနေ့တွင် လိင်ဖြေဖျော်ရေးလုပ်ငန်း (ပြည့်တန်ဆာ) လုပ်ငန်းကို လုပ်ကိုင်နေကြသည့် အမျိုးသမီးများကိုလည်း တန်းတူရည်တူ ဆက်ဆံရန်၊ ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရန်  လိင်ဖြေဖျော်ရေး လုပ်ဆောင်နေသည့် ရှမ်းအမျိုး သမီးငယ်တဦးက ပြောသည်။

“ ကျမတို့က လိင်ဖြေဖျော်ရေး လုပ်ပေမယ့် သူများနည်းတူ သားသမီးတွေ၊ မိဘတွေကို လုပ်ကျွေးနေကြတာပါ။ ကျမတို့လည်း ခန္ဓာကိုယ်နဲ့ အလုပ်လုပ်ပြီး ငွေရှာနေတာပါ။ ကျမတို့ကို ခွဲခြားဆက်ဆံတာမျိုး မပြုလုပ်စေချင်ပါဘူး”  ဟု မတ်လ(၈) ရက်နေ့က သူမက ပြောဆိုလိုက်သည်။

လက်ရှိ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးများသည် အမျိုးသားများနည်းတူ လုပ်အားခ တန်း တူမရရှိခြင်း၊ အလုပ်ရုံ၊ စက်ရုံများတွင် အလုပ်လုပ်သည့် အမျိုးသမီးများသည် ကိုယ်ဝန်ရှိလာပါက အလုပ်မှ ရပ် ဆိုင်းခံရခြင်းများ ရှိနေသည်ဟု ရွှေ့ပြောင်းအလုပ်သမများက ပြောသည်။

အမျိုးသမီးအလုပ်သမများအတွက် အဓိကအားဖြင့် အလုပ်အကိုင်ရေရှည်အာမခံမှု မရှိခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ အကြမ်းဖက်ခံရခြင်းနှင့် လုပ်အားခတန်းတူညီမျှမှု မရရှိခြင်းတို့ကို အများဆုံး ရင်ဆိုင်နေရသည်ဟုလည်း အမျိုးသမီးအလုပ်သမားသမဂ္ဂမှ ဒေါ်မိုးဝေက ပြောသည်။

“  အလုပ်ရှင်တွေ ဥပဒေချိုးဖောက်မှုကို သက်ဆိုင်ရာအစိုးရအနေနဲ့ ထိရောက်စွာ မဖြေရှင်းပေးနိုင်ဘူး။ နောက် တခုက ပြဌာန်းထားတဲ့ ဥပဒေက အားနည်းနေတယ်။ အလုပ်သမားရေးရာ မူဝါဒတွေ ခိုင်မာမှု မရှိတဲ့အတွက် အလုပ်သမတွေ ဖိနှိပ်ခံနေရဦးမှာပဲ” ဟု ဒေါ်မိုးဝေကဆိုသည်။

ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမများသည် အမျိုးသားများနည်းတူ အလုပ် လုပ်ကြရသော်လည်း လုပ်ခလစာ ရပိုင်ခွင့်မှာ မတူညီကြသည်ကို တွေ့ရှိရကြောင်းကို ရွှေ့ပြောင်းအလုပ်သမားများ အရေး လုပ်ဆောင်နေသည့် MAP ဖောင်ဒေးရှင်းမှ ယိင်းဟွမ်က မတ်လ(၈)ရက်နေ့တွင် အတည်ပြု ပြောဆို လိုက်သည်။

“ တချို့အမျိုးသမီးတွေက အမျိုးသားတွေနဲ့  လုပ်ငန်းချင်းတူတူ၊ လုပ်ရတာချင်းလည်းတူတူ၊ ဒါပေမယ့် အမျိုး သားတွေက (၃၀၀)ဘတ်ရပြီးတော့ သူတို့က တရက်ကို  (၁၅၀)ဘတ်ပဲ ရတာတွေရှိတယ်” ဟု ယိင်းဟွမ်က ဆို သည်။

ချင်းမိုင်တွင် ကျင်းပသည့် နိုင်ငံတကာ အမျိုးသမီးများနေ့(2019) /ဓါတ်ပုံ- နန်းဆိုင်နွမ် (HI)

ရွှေ့ပြောင်းအလုပ်သမားများအတွက် တရက်လျှင် လုပ်အားခ(၃၀၀)ဘတ် သတ်မှတ်ထားကြသော်လည်း တချို့ အမျိုးသမီးများမှာ  ဘတ်(၁၅၀)သာ ရရှိနေသေးသဖြင့် အမျိုးသမီးများ လုပ်အားခ တန်းတူရရှိစေရေး တောင်းဆို သွားမည်ဟုလည်း ယိင်းဟွမ်က ပြောသည်။

ဆက်လက်ပြီး ယိင်းဟွမ်က “ အမျိုးသမီးတွေအတွက် လူမှုဖူလုံရေးနဲ့  ကျန်းမာရေးခံစားခွင့်တွေ၊ လျော်ကြေးရန်ပုံ ငွေတွေအတွက်လည်း ခက်ခဲနေဆဲပါ” ဟု ထပ်လောင်းပြောသည်။

ရွှေ့ပြောင်းအမျိုးသမီးများအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းစင်ပြီး၊ အကြမ်းဖက်မှုများမှ ကင်းဝေးသည့် အနေအထားရောက်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)မှ ယခုနှစ်ဇွန်လတွင် ပြဌာန်းချက်တခု ထုတ်သွားမည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂ (ILO) – မြန်မာနိုင်ငံမှ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံချက်များ၏ နည်းပညာအကြံပေးအရာရှိချုပ် Ms Jacqueline Pollock ကပြောသည်။

“ ကျမတို့ ILO မှ အမျိုးသမီးတွေအတွက် လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုရှိပြီး၊ အကြမ်းဖက်မှုကင်းအောင် ပြဌာန်း ချက်တခုတင်မယ်။ ပြဌာန်းချက်ကို  အလုပ်ရှင်၊ အလုပ်သမား၊  အစိုးရကိုယ်စားလှယ်တွေအနေနဲ့ သဘောတူညီ မယ်လို့မျှော်လင့်တယ်” ဟု သူမက ဆိုသည်။

ထို့ပြဌာန်းချက်ကို ထိုင်းအစိုးရနှင့်  မြန်မာအစိုးရအနေဖြင့် လက်မှတ်ရေးထိုးပြီး မိမိနိုင်ငံ၏ အမျိုးသားဥပဒေများ တွင် ပြန်လည်ရေးဆွဲပြဌာန်းကာ အမျိုးသမီးအလုပ်သမားများကို ကာကွယ်စောင့်ရှောက်ပေးရန် မျှော်လင့်ထား ကြောင်းလည်း သူမက ပြောသည်။

နှစ်စဉ် မတ်လ(၈)ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရောက်တိုင်း နယ်ပယ်အသီးသီးမှ အမျိုးသမီး များက မိမိတို့အနာဂတ်ဘဝကို ကိုယ်တိုင်ဖန်တီးခွင့်ရရေးတောင်းဆိုကြသည်။

ထိုနေ့တွင် ကမ္ဘာ့စံနှုန်းအရ အမျိုးသမီးများအတွက် (၈)သုံးလုံးလုပ်ငန်းခွင်စနစ်ဖြစ်သည့် တနေ့လျှင် (၈)နာရီအ လုပ်လုပ်ခွင့်၊ (၈)နာရီ အသိပညာရှာဖွေခွင့်နှင့် (၈)နာရီ အနားယူခွင့်ရှိသည့်စနစ် ဖြစ်ပေါ်လာအောင် ကြိုးပမ်း တိုက်ပွဲဝင်ခဲ့ကြသူ အာဇာနည်အမျိုးသမီးများကို အောက်မေ့ဂုဏ်ပြုကြသည်။

အိမ်ထောင်ရှင်အမျိုးသမီးများသည်လည်း နေ့တဓူဝအိမ်မှုကိစ္စနှင့် ကလေးထိန်းကျောင်းသည့်အလုပ်များကို အလုပ် ချိန် (၈)နာရီထက် ပိုမိုကြာမြင့်စွာ လုပ်ဆောင်နေရသလို အနားယူချိန်နှင့် အသိပညာရှာဖွေချိန်လည်း မရှိကြပေ။ ထိုအလုပ်များကို အမျိုးသမီးများ၏ မွေးရာပါဝတ္တရားအဖြစ်  ပုံစံချသတ်မှတ်ထားကြသည်။

အမျိုးသမီးများသည် လုပ်ငန်းခွင်များ၌ လုပ်အားစိုက်ထုတ်နိုင်သည့် အင်အားစုများဖြစ်သော်လည်း တချို့လုပ်ငန်း များတွင် တနေ့ကို အလုပ်ချိန် (၁၅)နာရီထက် ကျော်လွန်၍ လုပ်ဆောင်ကြရကာ လုပ်အားခမှာလည်း အမျိုး သားများနှင့် တန်းတူမရရှိကြပေ။

၁၉၁၀ ပြည့်နှစ်က ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင် အမျိုးသမီးများညီလာခံ ကျင်းပခဲ့ရာ ဂျာမနီနိုင်ငံ  Social Democratic Party မှ Mrs. Clara Zetkin ၏ ဦးဆောင်မှုဖြင့် မတ်လ (၈) ရက် နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟု သတ်မှတ်ခဲ့ကြသည်။

၂၀၀၀ ပြည့်နှစ်မှ စတင်ကာ နိုင်ငံပေါင်း (၂၈)နိုင်ငံက မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အဖြစ် အစိုးရရုံးပိတ်ရက် သတ်မှတ်ပေးခဲ့ကြသည်။

ယခုနှစ်တွင် ထိုင်းအစိုးရအနေဖြင့် အလုပ်သမားဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသည့် အလုပ်ရှင်များကို ထိရောက်စွာ အရေးယူပြီး အမျိုးသမီးများနှင့် အမျိုးသားများ လုပ်အားခတန်းတူညီမျှမှုရှိစေရေး ဥပေဒပြဌာန်း ပေးရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် အမျိုးသမီးအဖွဲ့များက တောင်းဆိုလိုက်သည်။

Author:

Related Articles