မယ်လွန်း။ ။
“မိန်းမဖြစ်မယ်ဆိုရင်လည်း တန်ဖိုးရှိတဲ့ မိန်းမဖြစ်ချင်တယ်”
ဒီလိုဆုံးဖြတ်ချက်နဲ့ စိတ်အားထက်သန်မှုဟာ သီလရှင်ဒေါ်ကေတုမာလာကို သာသနာ့ဘောင်ထဲရောက် လာအောင် တွန်းအားပေးခဲ့ပါတယ်။
အခုအချိန်မှာ သက်တော်(၃၈)နှစ်၊ သီလရှင်ဝါအနှစ်(၂၀)ရှိပြီဖြစ်တဲ့ ဆရာလေးဒေါ်ကေတုမာလာဟာ ဆယ်ကျော်သက်အရွယ်ကတည်းက လူတယောက်ဖြစ်ခြင်းတန်ဖိုးနဲ့ အဓိပ္ပါယ်ကို ရှာဖွေခဲ့ရင်း အသက်(၁၈) နှစ်အရွယ်မှာ ဆရာကြီးဦးသုခရဲ့ “အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ”ဆိုတဲ့ စာအုပ်ကို ဖတ်မိပြီး မကြာ ခင်မှာပဲ သာသနာ့ဘောင်ဝင်ဖို့ ယတိပြတ်ဆုံးဖြတ်ခဲ့တာပါ။
“ဒီမိန်းမတွေ သွားတဲ့လမ်းမျိုးကို သွားချင်တယ်၊ ဒီမိန်းမတွေ စွန့်ခဲ့သလိုမျိုးပဲ စွန့်ကြည့်ချင်တယ်၊ ဒီမိန်းမ တွေ ဖြတ်ပစ်သလိုမျိုးလည်း ဖြတ်ပစ်ကြည့်ချင်တယ်ပေါ့၊ အဲဒီမိန်းမတွေကို အားကျတဲ့စိတ်ပေါ့” လို့ ဆရာ လေးက မိန့်ပါတယ်။
ဒါပေမယ့် သီလရှင်တွေကို တန်ဖိုးထားမှုအားနည်းတဲ့ မြန်မာ့လူမှုအဝိုင်းအဝိုင်းမှာ သာသနာ့နယ်ပယ်ထဲ ခြေချခဲ့တဲ့ ဆရာလေးရဲ့ ခရီးလမ်းက မချောမွေ့ခဲ့ပါဘူး။
သီလရှင်ဝတ်ဖို့ “မိန်းမတို့ဘုန်း၊ ဆံထုံး” ရယ်လို့ တချိန်ကလူတိုင်းအားကျတပ်မက်ကြပြီး သူမကိုယ်တိုင် တန်ဖိုးထားခဲ့တဲ့ လှပရှည်လျားတဲ့ဆံပင်ကို ပထမဆုံးစွှန့်လွှတ်ခဲ့သလို မိဘတွေရဲ့ ကြီးမားတဲ့မျှော်လင့်ချက် တခုဖြစ်တဲ့ မကြာခင်တက်ရောက်ရတော့မယ့် ကွန်ပြူတာတက္ကသိုလ်တက်ရောက်ခွင့်ကိုပါ ဥပေက္ခာပြုခဲ့သူ ပါ။ ဒီအခြေအနေတွေကြောင့်ပဲ မိဘတွေရဲ့ အချိန်အတော်ကြာကြာ အဆက်အသွယ်ဖြတ်တောက်ခြင်းကိုပါ ခံခဲ့ရပါတယ်။
ဒါဟာ သားတွေရဟန်းခံတာကို ဝမ်းမြောက်ဂုဏ်ယူကြပြီး သမီးတွေသီလရှင်ဝတ်တာကို အားမပေးတတ်တဲ့ လူမှုအဝိုင်းအဝန်းထဲက သီလရှင် “ဒေါ်ကေတုမာလာ”ဖြစ်လာမယ့် သူမရဲ့ သာသနာပြုရာ ခရီးလမ်းအစ ဖြစ်ပါတယ်။
မော်လမြိုင်မြို့၊ ဖားအောက်တောရကျောင်းမှာ (၉)ဝါလောက်အထိ သီတင်းသုံးခဲ့ပြီး အသိမိတ်ဆွေ ရဟန်း အချို့ရဲ့ ချိတ်ဆက်ပေးမှုနဲ့ သီရီလင်္ကာနိုင်ငံ၊ ဗုဒ္ဓဘာသာနဲ့ ပါဠိတက္ကသိုလ်မှာ BA ဘွဲ့နဲ့ မာစတာဘွဲ့အထိ သွားရောက် ပညာသင်ကြားခဲ့ချိန်မှာတော့ ရဟန်းနဲ့ သီလရှင်တွေကြား မတူညီတဲ့ အခြေအနေတွေကို စပြီး တွေ့မြင်ခဲ့ပါတော့တယ်။
ပညာသင်ကြားနေတဲ့ မြန်မာရဟန်းတော်ပေါင်း (၃၀၀) ကျော်ရှိပေမယ့် သီလရှင်ကတော့ ဆရာလေး ဒေါ် ကေတုမာလာအပါအဝင် (၃)ပါးတည်းသာ နိုင်ငံခြားပညာသင်ကြားနိုင်တဲ့အခြေအနေက ဆရာလေး အတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
တဖန် သိရိလင်္ကာရောက် မြန်မာကျောင်းသားများသမဂ္ဂက ပထမဆုံးထုတ်ဝေတဲ့ ကျောင်းသားမဂ္ဂဇင်းမှာ ဆောင်းပါး၊ ကဗျာတွေ ရေးခဲ့ကြသူတွေအနက် ဆရာလေးဒေါ်ကေတုမာလာနဲ့ တခြားဆရာလေးတဦး တို့လည်း ဆောင်းပါးနဲ့ ကဗျာတွေရေးပြီး အားဖြည့်ခဲ့ကြပါတယ်။ ဒါပေမယ့် စာအုပ်ရဲ့ ကျေးဇူးတင်စကားမှာ “သီရီလင်္ကာရောက် မြန်မာရဟန်းတော်များ၏ ကြိုးစားအားထုတ်မှု” ဆိုတဲ့ သီလရှင်တွေ ပါဝင်မှုကို ဖယ်ချန် ထားတဲ့ ဖော်ပြချက်အပေါ် ဆရာလေးက မေးခွန်းထုတ်ခဲ့သလို သီလရှင်တွေရဲ့ ပါဝင်မှုကို အသိအမှတ်မပြု သရွေ့ ဆက်လက်ပါဝင်ခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“ကိုယ့်ကို အသိအမှတ်မပြုတာကို အသိအမှတ်မပြုတဲ့အကြောင်းတော့ ပြောရမယ်”လို့ ဒေါ်ကေတုမာလာ က အတွေ့အကြုံကို ပြန်မိန့်ကြားခဲ့ပါတယ်။
ဗုဒ္ဓသာသနာမှာ ဘိက္ခူနီလို့ခေါ်တဲ့ ရဟန်းမ သာသနာ ပပျောက်ပြီးနောက်ပိုင်း သီလရှင်သာသနာ ပေါ် ပေါက်ခဲ့တာ နှစ်ပေါင်းမကြာသေးဘူးလို့ ဆိုရပါမယ်။
ဘုန်းကြီးကျောင်းတွေမှာ ဝေယျာဝစ္စလုပ်တဲ့ အနေအထေားလောက်ရှိတဲ့ သီလရှင်သာသနာမှာ သစ္စဝါဒီ ဋီကာကျမ်းပြု သီလရှင်ကြီး ဒေါ်ဓမ္မစာရီ၊ ကမ္ဘာ့စံပြသီလရှင်ကြီး ဒေါ်ဉာဏစာရီဏီ စတဲ့ လက်ချိုးရေတွက် လို့ရတဲ့ သီလရှင်ကြီးအချို့ရဲ့ အလေးအမြတ်ပြုစရာ သာသနာပြုမှုတွေကို ရှေးခေတ်မြန်မာ့သမိုင်းမှာ ကမ္ဗည်းတင်မှု ရှိခဲ့သလို သီလရှင်စာသင်တိုက်တွေ နောက်ပိုင်းမှာ ပေါများလာပေမယ့် အများစုကတော့ ဘုန်းကြီးစာသင်တိုက်တွေရဲ့ လောင်းရိပ်အောက်ရှိနေဆဲပါလို့ အချို့က သုံးသပ်ကြပါတယ်။
တဖန် လူမှုအသိုင်းအဝိုင်းရဲ့ သာသနာ့အနွယ်ဝင်အဖြစ် လေးစားအသိအမှတ်ပြုမှု အားနည်းသလို တဖက် မှာလည်း သီလရှင်တွေကိုယ်တိုင်က သူတို့အဝန်းအဝိုင်းထက် ကျော်လွန်ပြီး လူမှုပတ်ဝန်းကျင်အတွင်း သာသနာပြန့်ပွားရေးလုပ်ဆောင်မှုတွေကို ဦးဆောင်မှု မရှိသလောက် ရှားခဲ့ပါတယ်။
“သီလရှင်သာသနာသမိုင်းအစမှာကိုက သီလရှင်ဆိုတာ သာသနာရဲ့ ကိုးကွယ်ခံထဲပါတဲ့ အနေအထား ရှိ မနေဘူး။ သားသေလင်ဆုံး၊ ကြွေးပူဘာညာပေါ့၊ လူ့လောကမှာ ဒုက္ခရောက်လို့ သီလရှင်သွားဝတ်တဲ့ သဘောမျိုးပေါ့။ သီလရှင်တွေကို နှိမ်ထားတာမျိုးရှိတယ်” လို့ ဂျာမဏီအခြေစိုက် အရှင်ကုသလသာမိက မိန့်ကြားပါတယ်။
ဒီလိုအခြေအနေတွေကြားထဲကနေ ဒေါ်ကေတုမာလာဟာ သာသနာအကျိုးပြု၊ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်နေရသလဲဆိုတာ အလွန်စိတ်ဝင်စားစရာကောင်းနေပါတယ်။
သူမဟာ သီရိလင်္ကာနိုင်ငံမှာ ပညာသင်ယူနေစဉ် သိရိလင်္ကာနိုင်ငံရဲ့ Sunday School (တနင်္ဂနွေဓမ္မ ကျောင်း)မှာ လာတက်ရောက်ကြတဲ့ ကလေးငယ်တွေရဲ့ ယဉ်ကျေးလိမ်မာမှုတွေကို တွေ့မြင်ခဲ့ရပါတယ်။ ဒီ အခြေအနေကိုကြည့်ပြီး မြန်မာနိုင်ငံက မျိုးဆက်သစ်လူငယ်တွေလည်း ဗုဒ္ဓဝါဒကို ပညာရပ်တခုအဖြစ် သင် ကြားပြီး နေ့စဉ်လူမှုဘဝမှာ လက်တွေ့ကျကျ အသုံးချနိုင်ဖို့ ရည်ရွယ်တဲ့ ဗုဒ္ဓပညာရေးစနစ်တခု မြန်မာ နိုင်ငံမှာ အကောင်အထည်ဖော်ဖို့ စတင်ကြိုးစားခဲ့ပါတယ်။
“ဗုဒ္ဓဘာသာကို ဝတ်ပြုဆုတောင်းရုံသက်သက်ထက် လက်တွေ့ကျင့်သုံးရမယ့် ကိုယ်ကျင့်ပညာရေးတခုလို မြင်စေချင်တယ်” လို့ ဒေါ်ကေတုမာလာက ယုံကြည်မှုအပြည့်နဲ့ မိန့်ကြားခဲ့ပါတယ်။
မာစတာဘွဲ့ရပြီး မြန်မာနိုင်ငံပြန်ရောက်ချိန် ၂၀၁၁ ခုနှစ် ပတ်ဝန်းကျင်မှာတော့ ခင်မင်ရင်းနှီးတဲ့ ရဟန်း တွေကတဆင့် သက်ဆိုင်ရာ ဆရာတော်ကြီးတွေကို ချဉ်းကပ်ခဲ့သလို သီလရှင်အဝန်းအဝိုင်းကိုလည်း ပါဝင် ကူညီကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ဒါပေမယ့်လည်း သီလရှင်တွေရဲ့အခန်းကဏ္ဍ မှေးမှိန်နေတဲ့မြန်မာနိုင်ငံမှာ အလှူရှင်ဒယိကာတွေမရှိ၊ သြဇာ လွှမ်းမိုးနိုင်မှုမရှိ၊ ငွေကြေးအင်အားမရှိတဲ့ မာစတာဘွဲ့ရ သာမန်သီလရှင်ငယ်တပါးအနေနဲ့ ဘာသာရေးနယ် ပယ်မှာ စီမံကိန်းကြီးတခုလုပ်ဖို့ဆိုတာ မျှော်လင့်ထားတာထက် ပိုပြီး ခက်ခဲကြမ်းတမ်းနေပါတယ်။
“သီလရှင်တပါးက လုပ်တာဆိုလို့ လက်မခံတဲ့သူတွေလည်း အများကြီးပဲ”လို့ သူမဆိုပါတယ်။ သူမရဲ့ ဆွေး နွေးချက်ဟာ ကောင်းမွန်ပေမယ့် မြန်မာနိုင်ငံအခြေအနေနဲ့ မဖြစ်နိုင်ဘူးဆိုပြီး ကူညီမယ့် ရဟန်းသံဃာတွေ နည်းပါးခဲ့သလို သီလရှင်တွေကိုယ်တိုင်က ပူးပေါင်းပါဝင်မှု မရှိသလောက် ရှားပါးခဲ့ပါတယ်။ ဒါပေမယ့် ဒေါ် ကေတုမာလာကတော့ ယုံကြည်ချက်အတွက် လွယ်လွယ်နဲ့ အရှုံးပေးတတ်သူ မဟုတ်ခဲ့ပါဘူး။
“အလုပ်လုပ်မယ်ဆိုရင် ပြတ်ပြတ်သားသား လုပ်တတ်တဲ့အကျင့်ရှိတယ်။ ဒီအလုပ်ကလွဲရင် စိတ်ထဲမှာ ရာထူးတွေ၊ အာဏာတွေ၊ အသက်အရွယ်တွေ၊ နယ်ပယ်တွေ ဘာအတားအဆီးမှ မရှိတော့ဘူး” လို့ သူမနဲ့အတူ ဓမ္မစကူးလ်ပေါ်ပေါက်ရေးစတင်လုပ်ဆောင်စဉ်ကတည်းက ပါဝင်ကူညီပေးခဲ့တဲ့ ဘုန်းကြီးတပါး ဖြစ်သူ အရှင်ကုသလသာမက မှတ်ချက်ပေးပါတယ်။
သူမရဲ့ ဇွဲမလျော့မှု၊ စိတ်အားထက်သန်မှုတွေကြောင့် နောက်ဆုံးမှာ စိန်ရတနာဆရာတော်ရဲ့ ဦးဆောင်ပေး မှုနဲ့ ဓမ္မစကူးဖောင်ဒေးရှင်းကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ရာထူး၊ အာဏာထက် ယုံကြည်မှုကိုသာ အဓိကထားတဲ့ ဆရာလေးကတော့ ကော်မတီရဲ့ တွဲဘက်အတွင်းရေးမှူးတာဝန်နဲ့ လုပ်ငန်းစဉ်တွေကို အဓိကဦးဆောင်ပြီး အကောင်ထည်ဖော်ပေးခဲ့ပါတယ်။ ကော်မတီအဖွဲ့ဝင်ထဲမှာ သူမအပြင် ဘဏ္ဍာရေးမှူးအဖြစ် ကူညီပေးတဲ့ နောက်ထပ်ဆရာလေးတပါးကလွဲပြီး အားလုံးဟာ ဆရာတော် ရဟန်းသံဃာတွေပဲဖြစ်ကြပါတယ်။
“သူဖောက်တဲ့လမ်းက တော်ရုံတန်ရုံ မလွယ်ဘူးပေါ့။ ဓမ္မစကူးလ်နဲ့ပတ်သက်ပြီးတော့ ပြောရရင် သူလမ်း သစ်ကို ဖောက်ခဲ့တာပဲ” လို့ စိန်မမ ဓမ္မစကူးလ်သင်တန်းမှူး အရှင်ဥတ္တမက မိန့်ကြားပါတယ်။
သူမဖြစ်ချင်တဲ့ လမ်းကြောင်းရောက်ဖို့အတွက် အရှိန်အဝါကြီးမားတဲ့ ဆရာတော်ရဟန်းသံဃာတွေနဲ့ အတိုက်အခံဦးဆောင်ဆွေးနွေးရတဲ့ အခြေအနေတွေလည်းရှိခဲ့လို့ သူမကို အချို့က ဆန်းသစ်တဲ့ အတွေး အခေါ်ရှိသူ၊ သတ္တိရှိသူ၊ ပြတ်သားသူလို့ ချီးကျူးကြသလို အချို့ကလည်း လူကြီးသူမတွေကို လေးစားမှုမရှိပဲ ဖြစ်ချင်ရာကို ဇွတ်လုပ်တတ်သူအဖြစ် အဆိုးမြင်တာတွေလည်း ရှိတယ်လို့ လုပ်ဖော်ကိုင်ဖက် သံဃာတော် အချို့က ဆိုပါတယ်။
သူမကြိုးစားဦးဆောင်ခဲ့တဲ့ ဓမ္မကျောင်းရဲ့လုပ်ငန်းတွေ မြေစမ်းခရမ်းပျိုးချိန်မှာ ကူညီသူနည်းပါးခဲ့ပေမယ့် တဖြည်းဖြည်းရုပ်လုံးပေါ်လာချိန်မှာတော့ ထုံးစံအတိုင်း အတိုက်အခံတွေ ပေါများလာပါတော့တယ်။ သူမ ပုံဖော်ကြိုးစားခဲ့တဲ့ လမ်းကြောင်းကို ရောက်ဖို့အတွက် သီလရှင်တပါးအနေနဲ့ အတိုက်အခံဆွေးနွေးဖို့ အခွင့် အလမ်း နည်းပါးခဲ့တဲ့အတွက် ၂၀၁၃ ခုနှစ်မှာ သူမရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။
“ကိုယ်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ အလုပ်က ခရီးမတွင်ဘူး၊ သီလရှင်ဖြစ်ခြင်းကြောင့် လုပ်ရကိုင်ရ တာ ပြောရဆိုရတာ ခက်ခဲမှုတွေ အများကြီးကြုံခဲ့ရတယ်၊ သီလရှင်တွေဆို နှိမ်ချင်တဲ့ အသိအမှတ်မပြုချင် ကြတဲ့ သူတွေနဲ့လည်း ဆုံခဲ့ရတယ်” လို့ ဆရာလေးက မိန့်ပါတယ်။
အစပထမစီမံကိန်းစတင်ချိန်မှာ သီလရှင်တပါးရဲ့ စိတ်ကူးဆိုပြီး မပူးပေါင်းချင်ကြတဲ့သူတွေနဲ့ ကြုံခဲ့ရသလို နောက်ပိုင်း စီမံကိန်းအကောင်အထည်ပေါ်လာချိန်မှာလည်း ဒီဓမ္မကျောင်းစီမံကိန်းကြီးကို သီလရှင်တပါးရဲ့ စိတ်ကူးစိတ်သန်းနဲ့ အစပျိုးပုံဖော်ခဲ့တယ်ဆိုတာကို ဂုဏ်ပြုဖို့ နေနေသာသာနှုတ်ကနေ ထုတ်ဖော်ပြောရမှာ တောင် အင်မတန်မှ ဝန်လေးကြတဲ့သူတွေလည်း ရှိကြတယ်လို့ ဆရာလေး ဒေါ်ကေတုမာလာက ဆိုပါ တယ်။
ဒေါ်ကေတုမာလာဟာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းလုပ်ငန်းကော်မတီကနေ နှုတ်ထွက်ခဲ့ပေမယ့်လည်း သာ သနာ ပြန့်ပွားရေးအတွက် သီလရှင်တပါးအဖြစ် တထောင့်တနေရာကနေ စိတ်အားထက်သန်စွာနဲ့ ပါဝင် လှုပ်ရှားနေတဲ့ အရှိန်ကို မရပ်ခဲ့ပါဘူး။
အမှန်တရားဆိုတာ အမြဲတမ်းမှန်နေရမယ်၊ နေရာတိုင်းမှာ မှန်နေရမယ်လို့ ယုံကြည်တဲ့ဆရာလေးဟာ လူမှု အသိုင်းအဝိုင်းကြား ဘာသာရေးနဲ့ဆက်နွယ်ပြီး လွဲမှားစွာယုံကြည်နေကြတဲ့ ယောက်ျား၊ မိန်းမ ပညတ် ချက်တွေအပေါ်မှာလည်း မှန်ကန်တဲ့ အမြင်တွေရလာဖို့အတွက် ဆောင်းပါးတွေ ရေးသားပြီး အသိပညာ ပေးမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေပါတယ်။
မြန်မာအမျိုးသမီးတွေဟာ သဒ္ဓါတရားအားကောင်းပြီး ဗုဒ္ဓဘာသာကို အထောက်အပံ့ပေးတဲ့နေရာမှာ လည်း အမျိုးသားတွေနဲ့မတူအောင် အားကောင်းပေမယ့် သာသနာတော်ထဲက သီလရှင်(အမျိုးသမီး)တွေ ရဲ့ အခန်းကဏ္ဍကတော့ တော်တော်အားနည်းနေပါသေးတယ်။
ဒါကြောင့် သီလရှင်တွေရဲ့ ပညာသင်မှုအခန်းကဏ္ဍတွေ မြှင့်တင်ပေးဖို့လိုအပ်သလို သီလရှင်အဝန်းအဝိုင်းရဲ့ အပြင်ဘက်ဖြစ်တဲ့ ရပ်ရွာလူ့အဖွဲ့အစည်း သာသနာရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ လမ်းကြောင်းတွေ လုပ်ပေးဖို့လိုတယ်လို့ ဒေါ်ကေတုမာလာက ဆိုပါတယ်။
အပြင်လောကထက် ဖိုဝါဒအစွဲ ပိုအားကောင်းတဲ့ သာသနာနယ်ပယ်မှာ ဖြစ်ရိုးဖြစ်စဉ်ကို ကျော်လွန်ပြီး ဦး ဆောင်ကြိုးပမ်းခဲ့တဲ့ ဆရာလေးရဲ့ ယုံကြည်မှုနဲ့ လုပ်ဆောင်ချက်ဟာ တခြားသီလရှင်တွေ အတုယူနိုင်တဲ့ စံပြဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
ဆရာလေးရဲ့ ကြိုးစားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒါရိုက်တာ ကြယ်ရီလင်းစစ် ရိုက်ကူးထားတဲ့ ဆရာလေးရဲ့ အကြောင်း ပါဝင်တဲ့ “SHE (သို့) သုံးရောင်စဉ်” မှတ်တမ်းရုပ်ရှင်ကိုလည်း ပြီးခဲ့တဲ့နှစ်အထိ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသခဲ့ပါတယ်။
“သီလရှင်တပါးအနေနဲ့ အခက်အခဲက သာမန်အမျိုးသမီးတယောက်ရဲ့အခက်အခဲထက် ပိုပြီး ကြမ်းတမ်း တယ်။ ဒါပေမယ့် သူဟာ အရမ်း strong ဖြစ်တယ်” လို့ Socio-Economic and Gender Resource Institute ရဲ့ ဒါရိုက်တာဖြစ်သူ ဒေါ်စန္ဒာသန့်က ပြောပါတယ်။
အခုချိန်မှာတော့ PHD (ပါရဂူ) ဘွဲ့ရဖို့အတွက် ကြိုးပမ်းနေပြီး တချိန်တည်းမှာ သာသနာ့နယ်ပယ်မှာ ရဟန်းတွေနဲ့ သီလရှင်တွေအကြား အမြင်သဘောထားပြောင်းလဲဖို့နဲ့ သီလရှင်တွေရဲ့ စွမ်းရည်မြှင့်တင်ရေးအတွက် လုပ် ဆောင်နေသလို ဥရောပရောက် ဗုဒ္ဓဘာသာ မြန်မာလူငယ်တွေအတွက် လူငယ်သင်တန်းတွေကိုလည်း အခြားရဟန်းတွေနဲ့အတူ ဦးဆောင်နေပါတယ်။
သာသနာ့နယ်ပယ်မှာ သီလရှင်တပါးအနေနဲ့ သူဖောက်ခဲ့တဲ့လမ်းဟာ ဘယ်လောက်အထိ ခရီးရောက်နေပြီ လဲဆိုတာ အခုချိန်မှာ ပြောရခက်နေသေးပေမယ့် လူမှုအဝန်းအဝိုင်းအတွင်း သာသနာရေးလုပ်ဆောင်မှု တွေမှာ မှေးမှိန်ပျောက်ကွယ်နေတဲ့ သီလရှင်တွေပါဝင်မှုအခန်းကဏ္ဍကို ရှေ့ဆောင်လမ်းပြအဖြစ် တဆင့် မြှင့်တင်ပေးနိုင်ခဲ့သူ၊ ဘုန်းကြီးကျောင်းဝေယျာဝစတွေသာလုပ်ဆောင်နေရတဲ့ သီလရှင်သာသနာကို မြှင့် တင်ပေးမယ့်သူအဖြစ် ဆရာလေးကေတုမာလာဟာ မျှော်လင့်ခြင်းမီးအိမ်တလုံး ဖြစ်နေတယ်ဆိုတာ သေချာနေပါတော့တယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021